အခန်း ၁၈၀
Vol. 11 Ch. 180
အခန်း ၁၈၀ - ကျန်းမန်က သခင်မလေးကို သဘောကျသွားရင် ဘယ်လိုလုပ်မလဲ
မိသားစုက ထိမ်းမြားလက်ထပ်ဖို့ သဘောတူလိုက်သဖြင့် ချင်းတိုက်သည် စိတ်လှုပ်ရှားသွားရတော့၏။
ဒါက အရေးကြီးဆုံး ခြေလှမ်းတစ်ခု ဖြစ်ပေသည်။
ပုံမှန်ဆိုလျှင် ဤဆုံးဖြတ်ချက်မှာ နောက်ထပ် နှစ်နှစ် သုံးနှစ်ကြာမှသာ အကောင်အထည် ပေါ်လာသင့်ပေ၏။
သို့သော် မျိုးဆက်သစ် ပါရမီရှင်သည် ဤကျန်းမန်ကို မြှင့်တင်ပေးရန်အတွက် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို ဤမျှ မြန်ဆန်စွာ ထုတ်ဝေလိုက်ပေသည်။
ဒါက ဂိုဏ်းအတွင်း၌ ဧရာမ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေတော့၏။
ရှုံးနိမ့်သွားခဲ့လျှင်ပင် အပြောင်းအလဲ၏ စတင်ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ကျန်းမန်သည် အင်မော်တယ်ဂိုဏ်း အုပ်ချုပ်မှု၏ သမိုင်းတွင် အမည်တွင်ကျန်ရစ်တော့မည်မှာ သေချာလှပေ၏။
အနာဂတ်တွင် သူသည် အဝေးသို့ ရောက်ရှိနိုင်မည် မဟုတ်လျင်ပင် မည်သို့မျှ နစ်နာမည် မဟုတ်ပေ။
ထို့ပြင် မိသားစု၏ ကူညီထောက်ပံ့မှု ရှိနေသဖြင့် အခြားသူက အိမ်ပါသမက် ဝင်ရန် သဘောတူသမျှ ကာလပတ်လုံး အရင်းအမြစ်များမှာ သေချာပေါက် လုံလောက်ပေလိမ့်မည်။
သို့သော် စစ်မှန်သော သန်မာသူများသည် အရင်းအမြစ်များ ပုံအောပေးရုံဖြင့် ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
သခင်မလေးကို ထားဘိဦး ချင်းတိုက် ကိုယ်တိုင်ပင်လျှင် အရင်းအမြစ်များဖြင့် ပုံအော၍ မရနိုင်ပေ။
မုန့်ချဲ့ဝေက မိမိကိုယ်တိုင်အတွက် ရေနွေးတစ်ခွက် ငှဲ့လိုက်ပြီး မေးလိုက်၏။
"ဒါဆို လူစတင် ရွေးချယ်နေပြီလား"
ချင်းတိုက်က ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်သည်။
"ဟုတ်တယ် ဒီနှစ်ထဲမှာ လူရွေးချယ်မှု ထွက်လာနိုင်တယ် လက်ရှိမှာ ဘယ်သူ့ကို ရွေးရမလဲ ဆွေးနွေးနေတုန်းပဲ"
မုန့်ချဲ့ဝေက မေးလိုက်၏။
"နောက်ဆုံး နောက်နှစ်မှ ထွက်ခွာမှာလား"
ချင်းတိုက်က ခေါင်းငြိမ့်လျက် ပြန်ပြောလိုက်၏။
"ဟုတ်လောက်တယ် ထိမ်းမြား လက်ထပ်မယ်ဆိုမှတော့ မြန်နိုင်သမျှ မြန်မြန် လုပ်ရမှာပေါ့ တွန့်ဆုတ်နေတုန်း စိတ်ကြိုက် တွန့်ဆုတ်လို့ ရပေမဲ့ ဆုံးဖြတ်ပြီးရင်တော့ အရှိန်မြှင့်ရမယ် အစီအစဉ် ထွက်လာတာနဲ့ လူစတင် ရွေးချယ်တော့မယ် ဒါဆို သခင်မလေး ဘာလုပ်ဖို့ စဉ်းစားထားလဲ"
သခင်မလေး ရှေ့တွင် လမ်းကြောင်း နှစ်ခု ရှိပေ၏။ ပထမတစ်ချက်မှာ မိမိကိုယ်တိုင် ပါဝင်ရန်ဖြစ်ပြီး ဒုတိယတစ်ချက်မှာ လူကို မေ့လဲအောင် ရိုက်ကာ ထိုသူ၏ နေရာတွင် အစားထိုးရန် ဖြစ်ပေသည်။
ပုံမှန်ဆိုလျှင် ဒုတိယတစ်ချက်မှာ အကောင်းဆုံး ဖြစ်ပေ၏။
ဘာပဲဖြစ်ဖြစ် ပထမတစ်ချက်က အကြီးအကဲ အားလုံးကို ထိုင်မရ ထမရ ဖြစ်စေပေလိမ့်မည်။
သက်ရောက်မှု အလွန် ကြီးမားလှပေ၏။
မုန့်ချဲ့ဝေက ပြောလိုက်၏။
"ကြီးမားတဲ့ ကိစ္စ မဟုတ်ပါဘူး မထင်မရှား တစ်ယောက်ယောက်ရဲ့ အထောက်အထားတစ်ခု ရှာပြီး ဝင်ပါလိုက်ရုံပဲ"
ချင်းတိုက်က ခေါင်းငြိမ့်လိုက်၏။ ဒါကလည်း အလွန် လွယ်ကူပေသည်။
ချင်းတိုက်က မေးလိုက်၏။
"ဒါဆို သခင်မလေးက စွမ်းအား ကိုယ်ပွား သုံးမှာလား"
မုန့်ချဲ့ဝေက ခေါင်းငြိမ့်ပြလိုက်သည်။
သူမ၏ ပင်မခန္ဓာကိုယ်မှာ သွားရောက်၍ မရနိုင်ပေ။ စွမ်းအားဖြင့် ကိုယ်ပွားကို စုစည်းကာ စိတ်အာရုံကို ထိုအထဲ၌ ကိန်းဝပ်စေရုံသာ ရနိုင်ပေ၏။
သူမ၏ ပင်မခန္ဓာကိုယ်မှာမူ ဤနေရာ၌ ကျန်ရစ်ခဲ့ပြီး အိပ်စက်နေရမည် ဖြစ်ပေသည်။
ချင်းတိုက်က မေးလိုက်၏။
"ဒါဆို ကျမက ပင်မခန္ဓာကိုယ်နဲ့ သွားရမှာလား ဒါမှမဟုတ် ကိုယ်ပွားနဲ့ သွားရမှာလား"
မုန့်ချဲ့ဝေက ပြောလိုက်၏။
"ငါနဲ့ အတူတူပဲ"
ချင်းတိုက် အနည်းငယ် နှမြောသွားရပေ၏။ ဤသို့ဆိုလျှင် သူမ လက်တုံ့ပြန် တိုက်ခိုက်၍ မရနိုင်တော့ပေ။
အန္တရာယ်နှင့် ကြုံတွေ့ပါက ရင်ဆိုင်ရန် မလွယ်ကူပေ။
အထူးသဖြင့် မိမိ သေဆုံးပြီး ပြန်ရောက်လာချိန်တွင် သခင်မလေးက သက်ရှိထင်ရှား ရှိနေသေးပါက—
ဒါဆိုလျှင်...
သူမ ဘေးနားတွင် မရှိဘဲ သခင်မလေးက သခင်လေးထံ သွားရှာပါက မိမိအနေဖြင့် သခင်လေး မည်သူမည်ဝါဖြစ်ကြောင်း သိရှိခွင့် ရတော့မည် မဟုတ်ပါလော။
ချင်းတိုက်၏ စိတ်ကူးများမှာ အထပ်ထပ် ဖြစ်ပေါ်လာခဲ့ပြီး နောက်ဆုံးတွင် လက်တွေ့ကျသော မေးခွန်းတစ်ခုကို မေးလိုက်၏။
"သခင်မလေး ဝူယွင်ဂိုဏ်း အထိ လိုက်သွားမှာလား ဒါမှမဟုတ် လမ်းတစ်ဝက်မှာတင် ထွက်သွားမှာလား"
မုန့်ချဲ့ဝေက လက်ဖက်ရည်ခွက်ကို မကာ မေးလိုက်၏။
"ဘာ ကွာခြားလို့လဲ"
ချင်းတိုက်က မေးလိုက်၏။
"တကယ်လို့ ဝူယွင်ဂိုဏ်း အထိ လိုက်သွားရင် အဲဒီ ကျန်းမန်နဲ့ ထိတွေ့ရနိုင်တယ် သခင်မလေးရဲ့ ပြိုင်ဘက်ကင်း အလှအပနဲ့ဆိုရင် မတော်လို့ သူက သခင်မလေးဆီ အိမ်ပါသမက် ဝင်ချင်သွားရင် ဘယ်လိုလုပ်မလဲ"
မုန့်ချဲ့ဝေက ချင်းတိုက်အား နက်နက်နဲနဲ တစ်ချက် ကြည့်လိုက်ပြီးနောက် မေးလိုက်၏။
"အင်မော်တယ်ဂိုဏ်းဘက်က တုံ့ပြန်မှု ရှိပြီလား"
ချင်းတိုက်က ခေါင်းယမ်းလျက် စဉ်းစားကာ ပြန်ပြောလိုက်၏။
"မရှိသေးပါဘူး မိသားစုရဲ့ အစီအစဉ်အတိုင်း အရာရာ အဆင်ပြေရင် အင်မော်တယ်ဂိုဏ်းကို တစ်ခေါက် သွားရမှာလား"
မုန့်ချဲ့ဝေက ပြောလိုက်၏။
"အဲဒီအခါကျရင် နင် တစ်ခေါက် သွားလိုက်"
အင်မော်တယ်ဂိုဏ်းက ငြင်းဆန်မည်ကို စိုးရိမ်ပုံ မရပေ။
ကိစ္စများ ဤသို့ ဖြစ်လာခဲ့သဖြင့် ချင်းတိုက်လည်း အလွန်အမင်း မစဉ်းစားတော့ပေ။
အပြင်ထွက်ပြီး သခင်လေးကို သွားရောက် ဗဟုသုတ ယူသည်ဟုပဲ သဘောထားလိုက်တော့မည်။
ဒါကလည်း ကောင်းသော ကိစ္စ ဖြစ်ပေ၏။
ရက်ပေါင်း နှစ်ဆယ်ကျော် အချိန်အတွင်း ကျန်းမန်သည် ရွှေအမြုတေ အဆင့် သင်ကြားမှုများကို အသားကျအောင် ပြုလုပ်နေခဲ့ပေသည်။
ထို့ပြင် ဆရာမယန်ကလည်း သူ့အား သက်ဆိုင်ရာ အချက်အလက် အမြောက်အမြား ပေးအပ်ခဲ့၏။
သူ့အား ရွေးချယ်ခွင့်လည်း ပေးခဲ့ပေသည်။
အတွင်းဂိုဏ်းသို့ ဝင်ရောက်မည်လော သို့မဟုတ် အပြင်ဂိုဏ်းတွင် ဆက်လက် နေထိုင်မည်လော။
အတွင်းဂိုဏ်းသို့ ဝင်ရောက်ပါက ခြံဝင်းငယ်ကို လွတ်လပ်စွာ ရွေးချယ်နိုင်ပေ၏။
တိုးတက်မှု အမြန်အနှေးကိုလည်း ရွေးချယ်နိုင်ပေသည်။
အဆင့်ကျော်လွန်မှု မြန်ဆန်လွန်းသဖြင့် မှီအောင် မလိုက်နိုင်မည်ကို စိုးရိမ်စရာ မလိုပေ။
အသားကျသွားပါက ထပ်မံ ပြင်ဆင်ညှိနှိုင်း၍ပင် ရနိုင်သေး၏။
အပြင်ဂိုဏ်းတွင် ဆက်လက် နေထိုင်ပါက အပြင်ဂိုဏ်း အသိပညာများကို ဆက်လက် သင်ယူနိုင်သည့်အပြင် ရွှေအမြုတေ အဆင့်၏ သင်ကြားမှု အစိတ်အပိုင်းအချို့ကိုပါ သင်ယူရမည် ဖြစ်ပေသည်။
အချိန်ဖြုန်းခြင်း မဖြစ်စေသည့်အပြင် ရွှေအမြုတေ အခြေခံ ကျင့်စဉ်နှင့် သိုင်းပညာရပ်များကိုလည်း ထုတ်ယူနိုင်ပေ၏။
တစ်ခုတည်းသော ကွဲပြားချက်မှာမူ အပြင်ဂိုဏ်းတွင် နေထိုင်ပါက အတွင်းဂိုဏ်း ပြိုင်ပွဲကြီးတွင် ပါဝင်ခွင့် မရှိခြင်း ဖြစ်ပေသည်။
အတွင်းဂိုဏ်း၏ ကွာခြားချက်မှာ ကြီးမားသဖြင့် ပြိုင်ပွဲကြီးများတွင် ငါးနှစ်တစ်ကြိမ် ပြိုင်ပွဲနှင့် ဆယ်နှစ်တစ်ကြိမ် ပြိုင်ပွဲဟု ခွဲခြားထားပေ၏။
နှစ်စဉ် ပြိုင်ပွဲကြီးများမှာမူ နယ်ပယ်အသေးစား ပြိုင်ပွဲများ ဖြစ်ကြပေသည်။
ဤနှစ်စဉ် ပြိုင်ပွဲကြီး သုံးမျိုးစလုံးကို ကျန်းမန် အပြင်ဂိုဏ်းတွင် ဆက်လက် နေထိုင်ပါက ပါဝင်ခွင့် ရရှိမည် မဟုတ်ပေ။
ဒါက အပြင်ဂိုဏ်းတွင် နေထိုင်ခြင်း၏ ပေးဆပ်မှု ဖြစ်ပေသည်။
"အပြင်ဂိုဏ်းမှာ နေတာ ဘာအကျိုးကျေးဇူးမှ မရှိဘူး တစ်ခုတည်းသော အကျိုးကျေးဇူးကတော့ သန်မာလာဖို့အတွက် လုံလောက်တဲ့ အချိန် ပေးနိုင်တာပဲ"
ကျန်းမန်က သက်ပြင်းချလျက် ပြောလိုက်၏။
သို့သော် သူ့ထံ၌ ခရမ်းရောင်တိမ်တိုက် အလင်းတန်း ရှိပြီး အဆင့်မြင့်အဆင့် ရွှေအမြုတေ ကျင့်စဉ် ရှိပေ၏။
ယာယီအားဖြင့် အတွင်းဂိုဏ်းသို့ ဝင်ရောက်ရန် မလိုအပ်သေးပေ။
ဤကျင့်စဉ် နှစ်ခုကို အပြည့်အဝ ကျင့်ကြံပြီးမှ အတွင်းဂိုဏ်းသို့ ဝင်ရောက်မည် ဖြစ်ပေသည်။
ထိုအခါကျမှ သူတို့က မိမိ၏ ရန်ကို ရှောင်ရှားကြရတော့မည် ဖြစ်၏။
"ပြိုင်ဘက်ကင်း ပါရမီရှင်က အခက်အခဲတွေကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလား"
နွားဝါကြီးက မေးလိုက်၏။
"ပြိုင်ဘက်ကင်း ပါရမီရှင်က ဒုက္ခ မဟုတ်တာကို မလိုအပ်ဘဲ ဒုက္ခမရှာဘူး"
ကျန်းမန်က ပြန်ပြောလိုက်၏။
"ဆင်းရဲတာပါပဲ"
နွားဝါကြီးက ပြောလိုက်သည်။
ကျန်းမန်က အလွန်အမင်း ဂရုမစိုက်ပေ။
သူသည် ကျင့်ကြံခြင်း၌သာ စိတ်ရောကိုယ်ပါ မြှုပ်နှံထားသဖြင့် ဝိညာဉ်ကျောက်တုံး လိုအပ်ချက် အနည်းငယ် ရှိနေမည်မှာ သေချာလှပေ၏။
ဝိညာဉ်ကျောက်တုံး ရှာဖွေရန် မခက်ခဲပေ။
အချိန်အနည်းငယ် ပေးလိုက်ရုံဖြင့် အောင်မြင်မှု ရရှိနိုင်ပေသည်။
သို့သော် မလိုအပ်ပေ။
အကြောင်းမှာ ကျင့်ကြံမှုအဆင့် မြင့်မားသွားပါက ဝိညာဉ်ကျောက်တုံး ရှာဖွေသည့် နည်းလမ်းမှာ လက်ရှိ ရှိသမျှထက် များစွာ ပိုမို လွယ်ကူသွားမည် ဖြစ်သောကြောင့် ဖြစ်ပေ၏။
ဥပမာအားဖြင့် နှစ်စဉ် ပြိုင်ပွဲကြီးမှ ရရှိသည့် အကျိုးအမြတ် ဖြစ်ပေသည်။
ဝိညာဉ်သားရဲ ဥ သုံးဥတည်းနှင့်ပင် တန်ဖိုး မနည်းလှပေ။
ကျင့်ကြံမှုအဆင့် မြင့်မားသဖြင့် ပြိုင်ပွဲကြီးသို့ ဝင်ရောက်နိုင်ခဲ့ပြီး သရေကျအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မဟုတ်ပါက ဝိညာဉ်သားရဲ ဥများကို ရရှိနိုင်မည် မဟုတ်ပေ။
ထို့ပြင် စာအုပ်ထဲတွင် မှတ်တမ်းတင်ခံထားရသူများသည်လည်း ယခင်က အလွန်အမင်း ဂရုစိုက်ကြမည် မဟုတ်ပေ။
ယခုမူ သူတို့ဘက်မှ အလိုက်သိစွာ ပြုမူကြရတော့မည် ဖြစ်ပေ၏။
အနှစ်ချုပ်ရသော် ကျင့်ကြံမှုအဆင့်ကသာ အရေးကြီးဆုံး ဖြစ်ပေသည်။
ကျင့်ကြံမှုအဆင့် အရေးမကြီးဟု ထင်မှတ်သူ ရှိပါက ထိုသူ၏ ကျင့်ကြံမှုအဆင့်မှာ မမြင့်မားသေးသောကြောင့် ဖြစ်ပေလိမ့်မည်။
ထို့နောက် ကျန်းမန်သည် "မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" ကို ဆက်လက် သင်ယူနေခဲ့၏။
"နောက်ထပ် တစ်ရက် နှစ်ရက်ဆိုရင် ရှင်းပြတာ ပြီးပြီ မဟုတ်ဘူးလား"
ကျန်းမန်က နွားဝါကြီးအား မေးလိုက်၏။
"တော်တော်များများ ပြီးပြီ မင်း တတ်မြောက်ဖို့ ဘယ်နှစ်ရက် လိုမယ်လို့ ထင်လဲ"
နွားဝါကြီးက ခေါင်းမော့ကာ ကျန်းမန်အား ကြည့်လျက် မေးလိုက်၏။
ထိုစကားကို ကြားရလျှင် ကျန်းမန် ခဏမျှ တိတ်ဆိတ်သွားခဲ့၏။
မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်းကို ရှင်းပြရုံသက်သက်ပင် ရက်ပေါင်း ဆယ်ရက်ကျော် ကြာမြင့်ခဲ့ပေသည်။
ခက်ခဲမှုမှာ ယခင် သင်ယူခဲ့သည်များနှင့် လုံးဝ မတူညီပေ။
ပါဝင်သည့် အကြောင်းအရာများ အလွန် များပြားလွန်းလှ၏။
ခန္ဓာကိုယ်၏ ကြွက်သားကြောများ၊ ပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များ၊ ရွှေအမြုတေ၏ လှည့်ပတ်မှု နှုန်း၊ စွမ်းအားနှင့် ရွှေအမြုတေ ပေါင်းစပ်စုစည်းမှု စသည်တို့ ပါဝင်ပေသည်။
အမှန်တကယ်ပင် ခေါင်းကိုက်စရာ ကောင်းလှပေ၏။
ဤသည်ကို နားမလည်နိုင်ပါက ကျင့်ကြံရန် ခက်ခဲပေလိမ့်မည်။
အချို့သူများမှာ ရွှေအမြုတေ ဖြစ်တည်ရန် လွယ်ကူသော်လည်း ရွှေအမြုတေ အဆင့်သို့ ရောက်ရှိပြီးနောက် အရှေ့သို့ လျှောက်လှမ်းရန် ခက်ခဲသွားကြရ၏။
နားလည်အောင် ပြုလုပ်ရုံသက်သက်ပင် အချိန် အလွန် ကုန်လွန်ပေသည်။
ကျင့်စဉ် လှည့်ပတ်ရန်မှာမူ ပိုမို ခက်ခဲလှပေ၏။
ကျင့်ကြံခြင်း၏ အစပိုင်းတွင် ဝိညာဉ်စွမ်းအင်များကို ရိုးရှင်းစွာ စုပ်ယူ၍ ချီသန့်စင်ခြင်းကို ပြီးမြောက်စေခဲ့ပြီး နောက်ပိုင်းတွင် အခြေခံတည်ဆောက်ခြင်း ခန္ဓာကိုယ်ကို အခြေခံကာ ကျင့်ကြံခဲ့ရသဖြင့် ဝိညာဉ်စွမ်းအင် စုပ်ယူမှုမှာ အခြေခံတည်ဆောက်ခြင်း ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပေးရပေသည်။
ယခုအခါ စွမ်းအားများ စုစည်းမှု၊ လှည့်ပတ်မှုမှာ အခြေခံတည်ဆောက်ခြင်း ခန္ဓာကိုယ်မှတစ်ဆင့် ရွှေအမြုတေနှင့် ပေါင်းစပ်ပေးရတော့မည် ဖြစ်ပေ၏။
ရွှေအမြုတေမှာ နောက်မှ ဖြစ်တည်လာခြင်း ဖြစ်သဖြင့် နားလည်ရန် ခက်ခဲသော အဟန့်အတားတစ်ခု ရှိနေပေသည်။
ရွှေအမြုတေကို လှည့်ပတ်ကာ ရွှေအမြုတေအတွက် စွမ်းအား စုစည်းပေးရန်မှာ ဤအဟန့်အတားကို ရိုက်ချိုးရမည် ဖြစ်ပေ၏။
အခြားသူများအတွက် ခက်ခဲနိုင်သော်လည်း ထိုသူများမှာ အခြားသူများ ဖြစ်ကြပေသည်။
ဒါကို တွေးမိသည်နှင့် ကျန်းမန်သည် နွားဝါကြီးအား ကြည့်ကာ ဆန်းကြယ်စွာ ပြုံးလိုက်၏။
စကား မဆိုခဲ့ပေ။
နွားဝါကြီးက ကျန်းမန်အား ကြည့်ကာ နောက်ဆုံးတွင် ခေါင်းငုံ့၍ မြက် ဆက်စားနေတော့၏။
နှစ်ရက် ကြာပြီးနောက် ကျန်းမန်သည် ရွှေအမြုတေ ကျင့်စဉ်ကို အပြည့်အဝ နားလည်သွားခဲ့ပေပြီ။
ယခုအခါ ကျင့်ကြံ၍ ရနိုင်ပြီ ဖြစ်၏။
ရွှေအမြုတေကို လှည့်ပတ်ရန်မှာ ထင်ထားသကဲ့သို့ မလွယ်ကူပေ။
ဒါက သူ အဆင့်တက်လှမ်းပြီးနောက် ရွှေအမြုတေကို ပထမဆုံးအကြိမ် တရားဝင် လှည့်ပတ်ခြင်း ဖြစ်ပေသည်။
အလွန် နှေးကွေးပြီး ဂရုစိုက်ရပေ၏။
ရွှေအမြုတေ၏ စွမ်းအားများ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်နှင့်အမျှ ကျန်းမန်သည် စွမ်းအားများကို ထိန်းချုပ်ကာ ကြွက်သားကြောများအတွင်း လှည့်ပတ်စေပြီးနောက် အသက်ရှူမှုဖြင့် ခန္ဓာကိုယ်အား လှုံ့ဆော်ကာ စွမ်းအားများနှင့် ပေါင်းစပ်၍ အဆင်ပြေစွာ လှည့်ပတ်စေလျက် လိုလားသော အကျိုးသက်ရောက်မှုကို ရရှိစေခဲ့ပေ၏။
မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်းကို ကျင့်ကြံခြင်းမှာ မရှိသည်မှ တည်ရှိလာအောင် ပြုလုပ်ရခြင်း ဖြစ်ပေသည်။
ခန္ဓာကိုယ်အတွင်း၌ ရှုပ်ထွေးသော လှည့်ပတ်မှု လမ်းကြောင်းကို ရေးဆွဲကာ ကွင်းဆက်တစ်ခု ဖြစ်ပေါ်စေရမည် ဖြစ်၏။
သို့မှသာ ခန္ဓာကိုယ်နှင့် ရွှေအမြုတေကြားရှိ တုံ့ပြန်မှုနှင့် အပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်မည် ဖြစ်ပေသည်။
နောက်ပိုင်း တိုးတက်မှုအတွက် ပြင်ဆင်နိုင်ရန် ဖြစ်၏။
အစပိုင်းတွင် ဤမျှ မချောမွေ့ဘဲ တစ်ခါတစ်ရံ၌ ကြွက်သားကြောများနှင့် ခန္ဓာကိုယ် တုံ့ပြန်မှု မအောင်မြင်သဖြင့် စွမ်းအားများ လျော့ကျသွားတတ်ပေ၏။
အမှန်တကယ်ပင် ခက်ခဲမှု အချို့ ရှိနေပေသည်။
နံနက်ပိုင်းမှ မွန်းလွဲပိုင်းအထိ ကျန်းမန်သည် အပြည့်အဝ လှည့်ပတ်နိုင်ခြင်း မရှိသေးသော်လည်း ရပ်တန့်ခြင်း မပြုခဲ့ပေ။
မွန်းလွဲပိုင်းတွင် ကျန်းမန်သည် စည်းမျဉ်းများနှင့် အပြောင်းအလဲများကို အပြည့်အဝ နားလည်သွားခဲ့ပေပြီ။
ညနေပိုင်းတွင် လှည့်ပတ်မှု အောင်မြင်သွားခဲ့၏။
တတ်မြောက်ခြင်း မရှိသေးသော်လည်း ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်နိုင်ပေပြီ။
တစ်နာရီ ကြာပြီးနောက် ဒုတိယအကြိမ် ပြီးမြောက်သွားခဲ့ပေ၏။
"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" တတ်မြောက်သွားခဲ့ပေပြီ။
"နှစ်ကြိမ်နဲ့တင် တတ်မြောက်သွားတာလား မခက်ပါဘူး"
ကျန်းမန်သည် ခန္ဓာကိုယ်အတွင်း မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း လှည့်ပတ်နေသည်ကို ခံစားလိုက်ရပြီး အနည်းငယ် အံ့အားသင့်သွားရပေ၏။
သူသည် နွားဝါကြီးအား ကြည့်ကာ ပြောလိုက်၏။
"အဝါကြီး မင်းက ဒီလောက်အထိ အစွမ်းထက်တယ် ပြောနေတော့ သုံးကြိမ်လောက် ကျင့်ကြံမှ တတ်မြောက်မယ် ထင်နေတာ နှစ်ကြိမ်နဲ့တင် တတ်မြောက်သွားတယ်"
နွားဝါကြီးက ခေါင်းမော့မလာဘဲ မြက်ကိုသာ မနားတမ်း စားနေပြီး လုံးဝ မကြားရသကဲ့သို့ ပြုမူနေတော့၏။
ကျန်းမန်လည်း နွားဝါကြီး စကားပြောမည်ဟု မျှော်လင့်မနေဘဲ ဆက်လက် ကျင့်ကြံနေခဲ့ပေ၏။
နောက်ပိုင်းတွင် တစ်ကြိမ် ကျင့်ကြံပါက မည်မျှ အချိန်ယူရမည်ကို ကြည့်လိုခြင်း ဖြစ်ပေသည်။
လက်ရှိ မြန်နှုန်းမှာ အလွန် နှေးကွေးလှသဖြင့် တစ်နေ့လျှင် ကျင့်ကြံသည့် အကြိမ်ရေ နည်းပါးပါက ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိရန် အလွန် ကြာမြင့်ပေလိမ့်မည်။
နာရီဝက် ကြာပြီးနောက် နောက်ထပ် တစ်ကြိမ်
နောက်ထပ် နာရီဝက် ကြာပြီးနောက် နောက်ထပ် တစ်ကြိမ်
လေးကြိမ် ကြာပြီးနောက်
"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" ဒုတိယအလွှာ
ဤအချိန်တွင် တစ်နာရီလျှင် သုံးကြိမ် ကျင့်ကြံနိုင်ပြီ ဖြစ်၏။
ရှစ်ကြိမ် ကြာပြီးနောက်
"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" တတိယအလွှာ
ထပ်မံ ကျင့်ကြံရာ တစ်နာရီလျှင် လေးကြိမ်
ဆယ့်ခြောက်ကြိမ် ကြာပြီးနောက်
"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" စတုတ္ထအလွှာ
ဤအချိန်တွင် ထပ်မံ ကျင့်ကြံရာ တစ်နာရီလျှင် ငါးကြိမ် ကျင့်ကြံနိုင်ပေ၏။
သုံးဆယ့်နှစ်ကြိမ် ကြာပြီးနောက်
"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" ပဉ္စမအလွှာ
ထို့နောက် ကျန်းမန် ထပ်မံ ကျင့်ကြံရာတွင် တစ်နာရီလျှင် ငါးကြိမ်သာ ရှိတော့၏။
ခြောက်ဆယ့်လေးကြိမ် ကြာပြီးနောက်
"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" ဆဋ္ဌမအလွှာ
သို့သော် တစ်နာရီလျှင် ငါးကြိမ်သာ ရှိနေဆဲ ဖြစ်ပေသည်။
ဆိုလိုသည်မှာ အကန့်အသတ်မှာ ဤနေရာတွင်ပင် ဖြစ်ပေတော့၏။
ကျန်းမန် အနားမယူဘဲ ထပ်မံ စမ်းသပ်ကြည့်လိုခဲ့ပေ၏။
သုံးရက် ကြာပြီးနောက်။
"မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" သတ္တမအလွှာ
ထပ်မံ ကျင့်ကြံရာတွင် တစ်နာရီလျှင် ငါးကြိမ်သာ ရှိနေဆဲ ဖြစ်ပေသည်။
ကျန်းမန် သက်ပြင်းတစ်ချက် ရှုထုတ်လိုက်၏။
ကြည့်ရသည်မှာ လက်ရှိ အကန့်အသတ် မြန်နှုန်းမှာ ဤမျှသာ ဖြစ်ပေတော့မည်။
သို့ဖြစ်ရာ ဆယ့်သုံးလွှာသို့ ရောက်ရှိလိုပါက မည်မျှ အချိန်ယူရမည်နည်း။
ကျန်းမန် အကြမ်းဖျင်း တွက်ချက်ကြည့်ရာ မအိပ်မနားဘဲ မည်သည့် သင်ကြားမှုကိုမျှ ကျင့်ကြံရန် မလိုပါက "မြစ်တစ်ရာ ပင်လယ်သို့ စီးဝင်ခြင်း" ပြီးပြည့်စုံသည့် အဆင့် ရောက်ရှိရန် ကိုးလခန့် ကြာမြင့်ပေလိမ့်မည်။
သို့သော် လမ်းခုလတ်တွင် ကိစ္စအချို့၏ သက်ရောက်မှုကို ခံရမည်မှာ သေချာလှပေ၏။
ဒါဆိုလျှင် တစ်နှစ်ကျော် အချိန် ကြာမြင့်မည်လော။
ဒါက ပါရမီအသစ် ပေါ်ပေါက်လာပြီးနောက်ပိုင်း ဖြစ်ပေ၏။
ခက်ခဲမှုနှင့် အရင်းအမြစ်များအပြင် မိမိ၏ ပါရမီ တိုးတက်လာမှုကိုပါ ထည့်တွက်ပါက အကြမ်းဖျင်း အတည်ပြုနိုင်သည်မှာ အခြား ပါရမီရှင်များ ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံလိုပါက ဆယ်နှစ်ကျော် အချိန် ကြာမြင့်နိုင်ခြေ ရှိပေသည်။
ပိုမို ကြာမြင့်နိုင်သေး၏။
ပြီးပြည့်စုံသည့် အဆင့်အထိ ကျင့်ကြံသူ နည်းပါးရခြင်းမှာ မဆန်းတော့ပေ။
အချိန် အလွန် ကုန်လွန်ပေသည်။
ကျင့်ကြံမှုအဆင့်ကို အမြန်ဆုံး မြှင့်တင်ကာ နယ်ပယ်အသစ်သို့ အဆင့်တက်လှမ်းခြင်းက ပိုမို ကောင်းမွန်ပေ၏။
အချိန်ဖြုန်းနေရန် လုံးဝ မလိုအပ်ပေ။
သို့သော် ပါရမီရှင် မဟုတ်ပါက ပိုမို အချိန်လိုအပ်ပေလိမ့်မည်။
ကျင့်ကြံရန် ပို၍ပင် မလိုအပ်တော့ပေ။
သို့သော် ပြီးပြည့်စုံသည့် အဆင့်အထိ ကျင့်ကြံသူ ရှိနေသည်ဟု သူ ယုံကြည်နေဆဲ ဖြစ်ပေ၏။
သို့သော် ထိုသူတို့မှာ ရှေ့တန်း ခြံဝင်းငယ်များမှ လူများ ဖြစ်ကြပေလိမ့်မည်။
သူ အတွင်းဂိုဏ်းသို့ ဝင်ရောက်သွားပါကလည်း တွေ့ဆုံရမည် မဟုတ်ပေ။
ယခုအခါ အပြင်ဂိုဏ်းတွင် ရှိနေတုန်း အချိန်မီ အမြန်ဆုံး ကျင့်ကြံရပေမည်။
အတွင်းဂိုဏ်း….
တောင်ခြေရှိ ခြံဝင်းတစ်ခုအတွင်း၌ လူသုံးဦးသည် စားပွဲရှေ့တွင် ထိုင်ကာ တစ်စုံတစ်ခုကို ဆွေးနွေးနေကြပေသည်။
ထိုအထဲမှ အသက်လတ်ပိုင်း အမျိုးသားတစ်ဦးက အခြား နှစ်ဦးအား လက်ဖက်ရည် ငှဲ့ပေးလိုက်၏။
"မင်းတို့နှစ်ယောက်လည်း အဲဒီ ကျန်းမန်အကြောင်း ကြားပြီးပြီ ထင်တယ် ဘာအယူအဆ ရှိကြလဲ"
အမျိုးသမီးတစ်ဦးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ တစ်စုံတစ်ခုကို သတိထားနေသည့် ပုံစံ ဖြစ်ပေ၏။
အသက်လတ်ပိုင်း အမျိုးသားက နှစ်သိမ့်လိုက်၏။
"စိတ်အေးအေးထားပါ ဒီနေရာမှာ အကာအကွယ် ဝင်္ကပါ ရှိတော့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"
အမျိုးသမီးက မေးလိုက်၏။
"သူက တကယ်ပဲ မိစ္ဆာနတ်ဘုရားရဲ့ လူလား"
အသက်လတ်ပိုင်း အမျိုးသားက ပြုံးလျက် ပြန်ပြောလိုက်၏။
"သိရဲ့သားနဲ့ မေးနေတာပဲ"
အမျိုးသမီးက ပြောလိုက်၏။
"ဒါဆို သူက ဘာလို့ ဒီလောက် ပေါ်ပေါ်ထင်ထင် ပြုမူရဲတာလဲ ပေါ်ပေါ်ထင်ထင် ပြုမူလေလေ အာရုံစိုက် ခံရလေလေပဲ အထောက်အထား ပြဿနာ ရှိနေတာကို စုံစမ်းတွေ့ရှိသွားဖို့ အလွန် လွယ်ကူတယ်"
သက်လတ်ပိုင်း အမျိုးသားက စဉ်းစားပြီးနောက် ပြောလိုက်၏။
"ဒါလည်း ဟုတ်တာပဲ သူရဲ့ ပြုမူပုံက တကယ်ကို ခန့်မှန်းရ ခက်တာပဲ မိစ္ဆာနတ်ဘုရား
ရှေ့မှာတောင် မိမိရဲ့ အမည်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတယ် ဒါမှမဟုတ် တစ်ယောက်ယောက်က သူ့ကို ဟန်ဆောင်ချင်လို့လား"
နောက်ဆုံး လူငယ်က ပြောလိုက်၏။
"အမှန်တော့ တရားခံစစ်ဆေးရေးဌာနကို သွားပြီး တိုင်တန်းလိုက်ရုံနဲ့ သူ့မှာ ပြဿနာ ရှိမရှိ သိနိုင်တာပဲ"
အမျိုးသမီးက ခေါင်းငြိမ့်လိုက်၏။
တရားခံစစ်ဆေးရေးဌာနက သူ့အား ဖမ်းဆီးခြင်း မပြုပါက နာမည်ရေးသားသူမှာ ကျန်းမန် မဟုတ်နိုင်သကဲ့သို့ သို့မဟုတ် အခြားသူမှာ တရားခံစစ်ဆေးရေးဌာနမှ လူဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်ပေ၏။
အနည်းဆုံးတော့ တရားခံစစ်ဆေးရေးဌာန၏ အာရုံစိုက်မှုကို ခံနေရပေသည်။
တကယ်လို့ ဖမ်းဆီးခံလိုက်ရရင်လည်း ဖမ်းဆီးခံလိုက်ရရုံပါပဲ နာမည် သွားရေးခိုင်းတာမှ မဟုတ်တာ။
သက်လတ်ပိုင်း အမျိုးသားက ပြုံးလျက် ပြောလိုက်၏။
"အမှန်တော့ ငါ့မှာ အခြား စိတ်ကူးတစ်ခု ရှိတယ် သူက အတွင်းဂိုဏ်း တပည့် ဖြစ်လာတာ မကြာသေးတော့ မကြာခင်မှာ တပည့်သစ် တာဝန် ရှိလာလိမ့်မယ် ဒါ့ပြင် ကိုးဆယ်ရာခိုင်နှုန်းလောက်က သူ လာခဲ့တဲ့ မြို့ဆီ စေလွှတ်မှာပဲ ငါ မှတ်မိသလောက်ဆို သွေးသားအင်အားနဲ့ သက်ဆိုင်တဲ့ မိစ္ဆာနတ်ဘုရား သက်သေပစ္စည်း တစ်ခု ရှိတယ် အမှောင်ထဲကနေ သူ့ဆီ ပို့ပေးလိုက်ရင်ကော"
အမျိုးသမီးက အံ့အားသင့်စွာ မေးလိုက်၏။
"မင်း သူ့ကို သတ်ချင်လို့လား သူက အပြင်ဂိုဏ်း နံပါတ်တစ် လူအများ အာရုံစိုက် ခံနေရတဲ့ ပါရမီရှင်လေ သူ့ကို သတ်တာ အလွန် စွန့်စားရာ ရောက်တယ်"
ဤသက်သေပစ္စည်းနှင့် ထိတွေ့မိပါက သေဆုံးသွားနိုင်ပေ၏။
လူငယ်က ထောက်ခံလိုက်၏။
"အမှန်တော့ စွန့်စားရာ ရောက်ပါတယ် မိစ္ဆာနတ်ဘုရား သက်သေပစ္စည်းကို အသုံးပြုခဲ့ရင်တောင် စုံစမ်းတွေ့ရှိသွားဖို့ အလွန် လွယ်ကူနေတုန်းပဲ ငါတို့ ဘာမှ မဖြစ်တာက စည်းကျော်တဲ့ ကိစ္စတွေကို ဘယ်တုန်းကမှ မလုပ်ခဲ့လို့ပဲ တစ်ခါ လုပ်လိုက်တာနဲ့ စုံစမ်းတွေ့ရှိသွားမှာ သေချာတယ် အန္တရာယ် အလွန် ကြီးမားတယ် မိစ္ဆာနတ်ဘုရားက နှစ်ခြိုက်စွာ အိပ်ပျော်နေတော့ ဘယ်ကို ထွက်ပြေးရမှန်းတောင် မသိနိုင်ဘူး"
အသက်လတ်ပိုင်း အမျိုးသားက ပြောလိုက်၏။
"ဒါလည်း ဟုတ်တာပဲ ဒါဆို လက်လျှော့လိုက်တာပေါ့ အချိန်တန်ရင် သူ့ကို စမ်းသပ်ဖို့ အခွင့်အရေး ထပ်ရှာကြတာပေါ့"
ထို့နောက် သူသည် ထိုနှစ်ဦး ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပေ၏။
လူများ ထွက်ခွာသွားသည်နှင့် သူ၏ မျက်နှာထားမှာ အမှောင်ဖုံးသွားခဲ့တော့သည်။
သက်လတ်ပိုင်း အမျိုးသားက သက်ပြင်းချလျက် ရေရွတ်လိုက်၏။
"အသုံးမကျတဲ့ ကောင်တွေ ငါကိုယ်တိုင်ပဲ လုပ်ရတော့မယ် အဲဒီ သက်သေပစ္စည်းရဲ့ အသုံးဝင်မှုကို နည်းနည်းမှ မသိကြဘူး"
ဒါက ပါရမီ၏ အစိတ်အပိုင်းအချို့ကို စုပ်ယူနိုင်သော ပစ္စည်း ဖြစ်ပေ၏။
ကျန်းမန်သည် ဤသက်သေပစ္စည်းကို အသုံးပြုလိုက်ပါက သက်သေပစ္စည်း၏ အခြားတစ်ဝက်က တုံ့ပြန်မှု ရရှိမည် ဖြစ်ပေသည်။
ထို့ကြောင့် သွေးသားအင်အားနှင့် ပါရမီ၏ အစိတ်အပိုင်းအချို့ကို ရရှိမည် ဖြစ်၏။
ထို့ပြင် ဤမိစ္ဆာနတ်ဘုရားမှာလည်း သေဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။
အသုံးပြုလိုက်ပါကလည်း ကြီးမားသော ပြဿနာ ရှိမည် မဟုတ်ပေ။
ထိုနှစ်ဦးကို ခေါ်ဆောင်ကာ အတူတကွ သန်မာလာအောင် ပြုလုပ်ချင်ခဲ့သော်လည်း ယခုအခါ တစ်ယောက်တည်းသာ သန်မာအောင် ပြုလုပ်ရတော့မည် ဖြစ်၏။
သို့သော် ကျန်းမန်၏ ပါရမီရှင် အထောက်အထားမှာ အမှန်တကယ်ပင် ဒုက္ခအချို့ ရှိနေပေ၏။
ထို့ကြောင့် သူ ပြန်လာမည့် လမ်းကြောင်းတွင် အစီအစဉ်အချို့ ပြင်ဆင်ထားရပေမည်။
ထို့နောက် ငါးများ ငါးမျှားချိတ်တွင် မိလာမည်ကို စောင့်ဆိုင်းရုံသာ ဖြစ်ပေတော့၏။
ဖေဖော်ဝါရီလ အကုန်တွင် ကျန်းမန်သည် အတွင်းဂိုဏ်း၏ တာဝန်ကို လက်ခံရရှိခဲ့ပေ၏။
ဒါက တပည့်သစ် တာဝန် ဖြစ်ပေသည်။
အတွင်းဂိုဏ်း တပည့်သစ်တိုင်း လက်ခံရရှိလေ့ ရှိပေ၏။
ရှုံးနိမ့်သွားပါက ဘာမှ မရှိသော်လည်း အောင်မြင်ပါက ဆုလာဘ် ရှိပေသည်။
ကျန်းမန်က ဆုလာဘ်ကို အထူးတလည် မေးမြန်းခဲ့၏။
အခြားသူက ဝိညာဉ်ကျောက်တုံး တစ်သောင်းဟု ပြောဆိုခဲ့ပေသည်။
"ဒီလို တာဝန်မျိုး များသလား"
ကျန်းမန် အံ့အားသင့်စွာ မေးလိုက်၏။
"နည်းပါတယ်"
ဆရာမယန်က ခေါင်းယမ်းလျက် သတိပေးလိုက်၏။
"ခုချိန်မှာ အတွင်းဂိုဏ်းမှာ မင်းကို အာရုံစိုက်နေတဲ့သူ နည်းတာ မဟုတ်ဘူး အဲဒီအထဲမှာ ပြင်းထန်တဲ့သူတွေလည်း ပါတယ် ဒါကြောင့် မင်းရဲ့ ဒီတစ်ကြိမ် တာဝန်မှာ ရှိနေတဲ့ အန္တရာယ်က အတွင်းဂိုဏ်းကနေ လာတာ ဖြစ်နိုင်တယ်"
ကျန်းမန် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"ငါက အပြင်ဂိုဏ်းမှာလေ သူတို့က စိတ်ကြိုက် တိုက်ခိုက်လို့ ရလို့လား"
ဆရာမယန်က စေတနာဖြင့် ပြောလိုက်၏။
"မူအားဖြင့်တော့ မရဘူး မင်းက အပြင်ဂိုဏ်း တပည့်မလို့ပဲ ဒါပေမဲ့ မင်းက ရွှေအမြုတေ အဆင့် ရောက်သွားပြီဆိုတော့ တစ်ယောက်ယောက်က တိုက်ခိုက်ရင်လည်း ကြီးမားတဲ့ ပြစ်ဒဏ် ရှိမှာ မဟုတ်ဘူး အချုပ်အားဖြင့် အရာရာကို သတိထားပါ"
ကျန်းမန် တာဝန်ကို ကြည့်လိုက်ရာ လော့ယွင်မြို့သို့ သွားရောက်ရမည် ဖြစ်ပေသည်။
ကြားသိရသည်မှာ ထိုဘက်တွင် အပြောင်းအလဲအချို့ ဖြစ်ပေါ်နေပြီး မိစ္ဆာသားရဲများ ပေါ်ထွက်နေကာ မိစ္ဆာသားရဲ အုပ်စုများ ရှိနေနိုင်ကြောင်း ဖြစ်ပေ၏။
သွားရောက် စုံစမ်းစစ်ဆေးရမည် ဖြစ်ပြီး ဖြေရှင်းပေးနိုင်ပါက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထို့ပြင် တာဝန်၏ နောက်ဆုံး သတ်မှတ်ရက်မှာ စက်တင်ဘာလ ဖြစ်ပေ၏။
ကျန်းမန် အချိန်အတော်ကြာ စဉ်းစားကြည့်သော်လည်း လော့ယွင်မြို့တွင် မိစ္ဆာသားရဲများ ရှိနေသည်ဟု မခံစားရပေ။
သို့သော် ပြန်သွား ကြည့်ရှုသည်ဟုပဲ သဘောထားလိုက်ပေမည်။
သို့သော်လည်း...
ပြန်သွားပါကလည်း ကြည့်ရှုစရာ မည်သူမျှ မရှိပေ။
မိမိအား အထင်သေးခဲ့သူများလည်း မရှိတော့ပေ။
နှမြောစရာ ကောင်းလှပေ၏။
စုန့်ချင့်ထံသို့ အတိုး သွားရောက် ပေးအပ်သည်ဟုပဲ သဘောထားလိုက်တော့မည်။