အခန်း ၅၃၁
Vol. 54 Ch. 531
အခန်း (၅၃၁) ဝင်ခွင့်လက်မှတ်
မြို့တံခါးအပြင်ဘက်တွင် ကစားသမား ရာပေါင်းများစွာက အုပ်စုလိုက်ကြီး စုရုံးနေကြ၏။ သူတို့တစ်ယောက်ချင်းစီတိုင်းက ကြမ်းတမ်းခက်ထန်ကာ တောင့်တင်းကြံ့ခိုင်ပြီး ခန္ဓာကိုယ်ပေါ်၌ သွေးကွက်များ သို့မဟုတ် ဒဏ်ရာများ ရှိနေကြသည်။ သူတို့၏ မျက်ဝန်းများကလည်း ရက်စက်ကြမ်းကြုတ်မှုနှင့် စိုးရိမ်ပူပန်မှုတို့ ရောယှက်နေချေသည်။
သို့သော်လည်း သူတို့ထဲတွင် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကာ တည်ငြိမ်သောအမူအရာရှိပြီး ဖုန်တစ်စက်ပင် မတင်ဘဲ သန့်ရှင်းနေသည့် လူအချို့လည်း ရှိနေလေသည်။
ထိုသို့သော အဖွဲ့မျိုးမှာ အလွန်ရှားပါးလှသော်လည်း သူတို့၏ပတ်ဝန်းကျင်၌ လေဟာနယ်တစ်ခု ဖန်တီးထားသကဲ့သို့ ဖြစ်နေပြီး အခြားအဖွဲ့များကို စိုးရိမ်ထိတ်လန့်စွာဖြင့် ကြည့်စေကာ အလွယ်တကူ မချဉ်းကပ်ရဲအောင် ဖြစ်စေကြသည်။
ထိုက်ရွှီဆရာတော်နှင့် သူ၏ လူသုံးဆယ်ပါဝင်သော အဖွဲ့မှာ တူညီသောဝတ်စုံများကို သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ထားကြပြီး ထိုက်ရွှီဆရာတော် ကိုယ်တိုင်မှာလည်း ထူးခြားထက်မြက်သည့် အရည်အသွေးများကို ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် သူတို့၏ ပေါ်လာမှုက မြို့တံခါးရှိ လူအများအပြား၏ အာရုံကို ချက်ချင်းပင် ဖမ်းစားသွားခဲ့၏။
ထိုအကြည့်များထဲတွင် စူးစမ်းမှုများ၊ ခန့်မှန်းတွေးတောမှုများနှင့် ထပ်တူညီသော စိုးရိမ်ထိတ်လန့်မှုတို့ ပြည့်နှက်နေချေသည်။
ထိုအချိန်၌ မြို့တံခါးဝရှိ အခြေအနေက အလွန်အမင်း တင်းမာနေပြီး ထူးဆန်းနေခဲ့သည်။
မြို့ထဲသို့ ဝင်ခွင့်မရှိသည်မှာ သိသာထင်ရှားသည့် ကစားသမားတစ်စုက မြို့တံခါးပေါက်ကို ပိတ်ဆို့ရန် ပူးပေါင်းလိုက်ကြပြီး ဝင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသည့် ကစားသမားများကို မြို့ထဲမဝင်နိုင်အောင် တားဆီးနေကြခြင်းပင်။
ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့မှာ ကစားသမားအချို့၏ အငြင်းပွားသံများနှင့် ကျိန်ဆဲသံများမှတစ်ဆင့် အခြေအနေ၏ ပြင်းထန်မှုကို အလျင်အမြန် သဘောပေါက်သွားကြ၏။
သိလိုက်ရသည်မှာ ဝိညာဉ်သောင်းချီမြို့တော်အတွင်းသို့ ဝင်ရောက်ရန် အထူးဝင်ခွင့်လက်မှတ်လိုအပ်နေခြင်းဖြစ်သည်။
လက်မှတ်ကိုင်ဆောင်ထားသူများသာလျှင် မြို့ထဲသို့ လူဆယ့်ငါးယောက်အထိ အများဆုံး ခေါ်ဆောင်သွားခွင့်ရှိသည်။ လက်မှတ်မရှိသူများမှာ မြို့ထဲသို့ ဝင်ခွင့်မရကြချေ။
ဤလက်မှတ်များကို အပြင်ဘက်ရှိ ဝိညာဉ်သောင်းချီနယ်မြေတစ်လျှောက်လုံးတွင် ဖွက်ထားပြီး ထူးဆန်းသည့် ကြောက်မက်ဖွယ် ဖြစ်ရပ်ပေါင်းစုံနှင့်အတူ ရှိနေကြသည်။
ကစားသမားများက အပျက်အစီးနယ်မြေအတွင်း နေရာအနှံ့ရှိနေသည့် မကောင်းဆိုးဝါးဝိညာဉ်များနှင့် မိစ္ဆာများကို ရင်ဆိုင်ရုံသာမက အခြားကစားသမားများက သူတို့ကိုသတ်ဖြတ်ကာ လက်မှတ်များကို လုယူသွားမည်ကိုလည်း အမြဲတစေ သတိထားနေရသည်။
ဝိညာဉ်သောင်းချီနယ်မြေမှ အသက်ရှင်လျက် ထွက်ခွာနိုင်ပြီး လက်မှတ်ကို အောင်မြင်စွာ ရရှိသွားသူများမှာ ထူးကဲသော စွမ်းအားနှင့် ကံကောင်းမှု နှစ်ခုစလုံးကို ပိုင်ဆိုင်ထားသူများသာ ဖြစ်ကြ၏။
သို့ဆိုလျှင် လက်မှတ်မရှိသည့် ထိုကစားသမားများက အဘယ်ကြောင့် ဝင်ပေါက်ကို အရူးအမူး ပိတ်ဆို့နေကြသည်နည်း။
အကြောင်းရင်းမှာ ရက်စက်သော်လည်း ရိုးရှင်းလှပေသည်။
စည်းကမ်းများအရ ကောင်းကင်ရှိ လမင်းနီသည် သတ်မှတ်ထားသော အမြင့်တစ်ခုသို့ ရောက်ရှိသွားသည်နှင့် မြို့ထဲသို့ မဝင်ရသေးသော ကစားသမားအားလုံး အကျိုးသက်ရောက်မှုကို ခံရမည်ဖြစ်သည်။ သူတို့ မြို့အပြင်ဘက် ဘယ်နေရာမှာပဲရှိနေပါစေ ချက်ချင်းပင် သွေးမြူခိုးများအဖြစ် ပြောင်းလဲသွားမည်ဖြစ်ပြီး သူတို့၏ ဝိညာဉ်များသည်လည်း ဝိညာဉ်သောင်းချီနယ်မြေ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားကာ ဘယ်တော့မှ ပြန်လည်ဝင်စားခွင့်ရမည် မဟုတ်တော့ချေ။
လက်မှတ်အရေအတွက်မှာ အခုသုံးဆယ်သာ အတိအကျ သတ်မှတ်ထားသည်။
သို့သော် ဤနယ်မြေအတွင်း ပိတ်မိနေသည့် ကစားသမား အရေအတွက်မှာ ထောင်ဂဏန်းအထိ ရှိနေ၏။
ဆိုလိုသည်မှာ မြို့ထဲသို့ ဝင်ရောက်နိုင်ရုံမျှဖြင့်ပင် ကစားသမားတစ်ဝက်ကျော်မှာ ဖယ်ရှားခံလိုက်ရမည် ဖြစ်သည်။ ၎င်း၏ ရက်စက်မှုက အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှသည်။
ထိုအကြောင်းအရာအားလုံးကို သိလိုက်ရသောအခါ ထိုက်ရွှီဆရာတော်၏ အနောက်ရှိ ခရီးသွားသုံးဆယ်မှာ သွေးဆုတ်ကာ ဖြူရော်သွားကြတော့၏။ လွတ်မြောက်လာခဲ့၍ အစက သက်သာရာရသွားခဲ့မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူတို့၏ မျက်နှာများမှာ ပြာနှမ်းကာ စိတ်ပျက်အားငယ်သွားကြရသည်။
သူတို့က ဒီကို အလည်အပတ် လာရုံသပ်သပ်သာဖြစ်ရာ ဤအသက်ရှင်ရေး သို့မဟုတ် သေဆုံးရေး အကြိတ်အနယ် ဖယ်ရှားပွဲထဲသို့ မည်သို့မည်ပုံ ပါဝင်ပတ်သက်သွားရသည်နည်း။
ချယ်ဇီထုံက အော်ဟစ်လိုက်သည်။ "ဆရာ... ဆရာတော်... အခု ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ... ကျွန်တော်တို့မှာလည်း လက်မှတ် တစ်ခုမှမရှိဘူးနော်..."
ထိုက်ရွှီဆရာတော် ကိုယ်တိုင်လည်း ခေါင်းကိုက်လာသလို ခံစားလိုက်ရ၏။
သူက လောကီအာရုံများကို စွန့်ခွာထားသူတစ်ဦးဖြစ်ပြီး သူ၏ ကျင့်ကြံမှုအဆင့်ကလည်း မဆိုးလှသော်ငြား ဤကဲ့သို့ စည်းမျဉ်းများဖြင့် သတ်မှတ်ထားသည့် သေရေးရှင်ရေးအခြေအနေနှင့် စွမ်းအားမရှိသည့် ခရီးသွားသုံးဆယ်ကို ကိုင်တွယ်ဖြေရှင်းရန်မှာမူ ခက်ခဲနေသေးချေသည်။
ခရီးသွား ယွင်ဝမ်လင်းက အသံကိုနှိမ့်ကာ ပြောလိုက်၏။ "ဆရာတော်... ကျွန်တော် သတိထားမိသလောက် လက်မှတ်ရထားတဲ့ အဖွဲ့တချို့မှာ လူဆယ့်ငါးယောက်တောင် မပြည့်ကြသေးဘူး။ ကျွန်တော်တို့ သူတို့နဲ့ ပူးပေါင်းဖို့ နည်းလမ်းရှာပြီး တစ်ခုခု ပေးဆပ်လိုက်ရင်ကော သူတို့ ကျွန်တော်တို့ကို ခေါ်မသွားနိုင်ဘူးလား..."
ကျုံးရှီဟုန်က ချက်ချင်းပင် သဘောမတူစွာ ခေါင်းယမ်းလိုက်သည်။ "အဲ့ဒါ အလုပ်မဖြစ်ဘူး။ ကျွန်တော်တို့မှာ လူသုံးဆယ့်တစ်ယောက်တောင် ရှိတယ်။ ကျွန်တော်တို့ကို ခေါ်သွားဖို့ ဆန္ဒရှိတဲ့အဖွဲ့ကို ရှာတွေ့ရင်တောင် သူတို့က အများဆုံး ဆယ့်ငါးယောက်ပဲ ခေါ်သွားနိုင်မှာ။ ပြီးတော့ ဒီလိုအခြေအနေမျိုးမှာ နေရာလွတ်ကျန်သေးတဲ့အဖွဲ့ဆိုတာ တော်တော်လေး ရှားလောက်တယ်... အကယ်၍ ရှိခဲ့ရင်တောင် သူတို့က ကျွန်တော်တို့လို ဝန်ထုပ်ဝန်ပိုးတွေထက် တိုက်ခိုက်ရေးစွမ်းရည်ရှိတဲ့ ကစားသမားတွေကိုပဲ ပိုပြီး ရွေးချယ်ကြလိမ့်မယ်။ သူတို့က ကျွန်တော်တို့ ဒီလောက်များပြားတဲ့ လူတွေကို လက်ခံနိုင်မှာမဟုတ်ဘူး..."
ယင်ချင်းက ချက်ချင်း ထိတ်လန့်သွားပြီး ထိုက်ရွှီဆရာတော်အား လှမ်းကြည့်လိုက်၏။ "အဲ့ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ဆရာတော်... ဆရာတော်တို့ရဲ့ ခရီးသွားအေဂျင်စီမှာ ဖြေရှင်းနည်း ရှိရမယ်မဟုတ်လား။ ကျွန်တော်တို့ကို အပြင်မှာ ဒီလိုပဲ လျှောက်သွားခိုင်းပြီး ဒီလိုကျိန်စာသင့်နေတဲ့ နေရာကြီးကို တစ်ချက်ကြည့်ရုံနဲ့ နောက်ပြန်လှည့်ခိုင်းလို့ မရဘူးလေ ဟုတ်တယ်မလား။ ကျွန်တော်တို့ သုံးခဲ့တဲ့ ပိုက်ဆံတွေ အလကားဖြစ်ကုန်မှာပေါ့။ ဆရာတော်တို့ တာဝန်ယူပေးရမယ်နော်..."
သူ၏စကားကြောင့် ထပ်တူ စိုးရိမ်ပူပန်နေကြသည့် အခြားသော ခရီးသွားအချို့ကလည်း ချက်ချင်းပင် ထောက်ခံလာကြသည်။
"ဟုတ်တယ်... ကျွန်တော်တို့က ဒီကို ခရီးလာလှည့်တာ သေဖို့လာတာ မဟုတ်ဘူး..."
"ခရီးသွားအေဂျင်စီတွေက ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ ခရီးသွားအတွေ့အကြုံကို အာမခံပေးရမယ် မဟုတ်ဘူးလား..."
ထိုက်ရွှီဆရာတော်သည် သူ၏လက်ထဲတွင် ရှေးဟောင်း ဝိညာဉ်ဖိနှိပ်ရေးခေါင်းလောင်းကို ကိုင်ထားလေ၏။ ဤပစ္စည်းက တစ္ဆေဝိညာဉ်များကို နှိမ်နှင်းရာတွင် အလွန်ထိရောက်သော်လည်း လက်ရှိအခြေအနေ၌ ဝိညာဉ်ဖိနှိပ်ရေးခေါင်းလောင်းမှာ အကောင်းဆုံး ဖြေရှင်းနည်းမဟုတ်နိုင်ဟု သူ ခံစားရပြီး အလွန်အမင်း လိုအပ်လာမှသာ အသုံးပြုသင့်သည်ဟု တွေးလိုက်သည်။
သူ မထွက်ခွာမီက ဒါရိုက်တာကျန်းက သူ့အား မှင်ရည်ကဲ့သို့ မည်းနက်နေသည့် ကျောက်စိမ်းဆွဲပြားတစ်ခုကို တိတ်တဆိတ် ပေးခဲ့ဖူးသည်။ ထိုကျောက်စိမ်းပြားလေးမှာ နွေးထွေးကာ ချောမွေ့သော အထိအတွေ့ရှိသော်လည်း အေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
၎င်းပေါ်တွင် အင်မော်တော်ရာချီမြို့တော်ဟူသော စာလုံးတို့ကို ရှေးဟောင်းတံဆိပ်တုံး စာလုံးပုံစံဖြင့် ထင်ရှားစွာ ထွင်းထုထားချေသည်။
၎င်းက ကျန်းယဲ့ အင်မော်တယ်ရာချီမြို့တော်သို့ ပထမဆုံးအကြိမ် သွားရောက်စူးစမ်းစဉ်က မြို့စားကြီးထံမှ ရရှိခဲ့သည့် ဝင်ခွင့်လက်မှတ်ပင်။ ထိုမြို့စားကြီး၏ လက်မှတ်က ဝိညာဉ်သောင်းချီမြို့တော်တွင် တစ်စုံတစ်ရာ အသုံးဝင်လောက်ပေမည်။
ထိုက်ရွှီဆရာတော်က လူအုပ်ကြီးအား စိတ်အေးစေရန် သူ၏ ယင်မောင်းတံကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "ဒကာတော်တို့... ကျေးဇူးပြုပြီး စိတ်ရှည်ရှည်ထားကြပါ။ ကျုပ်မှာ ကျုပ်ကိုယ်ပိုင် အစီအစဉ်ရှိပါတယ်... စိုးရိမ်စရာ မလိုပါဘူး..."
အစက စိုးရိမ်မကင်းဖြစ်ကာ မကျေမနပ်ပင် ဖြစ်နေခဲ့ကြသည့် ယင်ချင်းနှင့် အခြားခရီးသွားများမှာ ထိုက်ရွှီဆရာတော်၏ တည်ငြိမ်မှုနှင့် ယုံကြည်မှုအပြည့်ရှိသော စကားများကြောင့် အများကြီး စိတ်သက်သာရာ ရသွားကြသည်။
ထို့နောက် ထိုက်ရွှီဆရာတော်က ဆက်ပြောလိုက်၏။ "ဒီနေရာက အန္တရာယ်များတယ်။ သာမန် လက်နက်တွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်မှာမဟုတ်ဘူး။ ကျုပ်ဆီမှာ အထူးပြုလုပ်ထားတဲ့ ပစ္စတိုသေနတ်တွေ ရောင်းဖို့ရှိတယ်။ သူတို့က စွမ်းအားကြီးပြီး ထူးဆန်းတဲ့ သတ္တဝါတွေကို မရင်ဆိုင်နိုင်ပေမဲ့ သာမန်အန္တရာယ်တွေကနေတော့ ကာကွယ်ပေးနိုင်လိမ့်မယ်။ ဒါက ခင်ဗျားတို့ရဲ့ အသက်အန္တရာယ်နဲ့ သက်ဆိုင်နေတဲ့အတွက် မမျှော်လင့်ထားတဲ့ အခြေအနေတွေမှာ အသုံးပြုနိုင်ဖို့ တစ်ယောက်တစ်လက်စီလောက် ဝယ်ထားဖို့ ကျုပ် အကြံပြုချင်တယ်..."
ကိုယ့်အသက်အန္တရာယ် လုံခြုံရေးနှင့် ပတ်သက်လာလျှင် မည်သူကမျှ ပေါ့ပေါ့ဆဆ မနေရဲကြချေ။ ခရီးသွားအေဂျင်စီများတွင် ကာကွယ်ရေး ယန္တရားများ ရှိသော်ငြားလည်း ထိုယန္တရားများက အရမ်းကို အကန့်အသတ်ရှိလွန်းလှသည်။ သူတို့က ဒီလောက် မြန်မြန်ကြီး နောက်ပြန်မလှည့်ချင်ကြသေးချေ။
ထို့ကြောင့် ခရီးသွားများက ထိုက်ရွှီဆရာတော် အကြံပြုသည့် အထူးသေနတ်များကို ဝယ်ယူရန် ငွေထုတ်သုံးလိုက်ကြတော့၏။
ရုတ်တရက်ဆိုသလို သေနတ်များ ကိုင်ဆောင်ထားသည့် ခေတ်သစ်ခရီးသွားတစ်စုက သရဲတစ္ဆေများ ခြောက်လှန့်နေသော ရှေးဟောင်းမြို့တော်ကြီး၏ အရှေ့တွင် ရပ်နေကြတော့သည်။
ထိုအချိန်၌ မြို့တံခါးဝရှိ အခြေအနေမှာ ထိန်းချုပ်၍ မရနိုင်တော့ချေ။
လက်မှတ်ရှိသောအဖွဲ့နှင့် လမ်းပိတ်ဆို့ထားသော လက်မှတ်မရှိသည့် ကစားသမားများအကြား ဖိနှိပ်ထားရသည့် ပဋိပက္ခမှာ နောက်ဆုံးတွင် ပေါက်ကွဲထွက်သွားခဲ့ပြီး တိုက်ခိုက်သံများ၊ လက်နက်များ ရိုက်ခတ်သံများနှင့် အော်ဟစ်သံများက လေထုထဲတွင် ချက်ချင်း ပြည့်နှက်သွားတော့၏။
သွေးများ နေရာအနှံ့ ပန်းထွက်နေပြီး မြင်ကွင်းတစ်ခုလုံးမှာ အလွန်တရာ ဖရိုဖရဲ ဖြစ်နေချေသည်။
ထိုက်ရွှီဆရာတော်က ခရီးသွားများကို ချက်ချင်း နောက်ဆုတ်ရန် ညွှန်ကြားလိုက်ပြီး တိုက်ပွဲထဲသို့ ပါမသွားစေရန် ကျောက်တုံးကြီးတစ်ခု၏ အနောက်တွင် ပုန်းအောင်းစေလိုက်သည်။ သို့သော် သစ်ပင်က ငြိမ်သက်ချင်သော်ငြား လေက မငြိမ်ဆိုသကဲ့သို့ပင်။
သူတို့က ပုန်းအောင်းချင်ခဲ့သော်လည်း ဒေါသများ ဖုံးလွှမ်းကာ ဝင်ခွင့်လက်မှတ်ကို အရူးအမူး ရှာဖွေနေကြသည့် လက်မှတ်မရှိသော ကစားသမားများက မသင်္ကာစရာကောင်းသော မည်သည့်အဖွဲ့ကိုမျှ အလွတ်မပေးကြချေ။ သွေးများပေကျံကာ ရူးသွပ်နေသည့် ကစားသမား ဒါဇင်ပေါင်းများစွာက ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့အား လျင်မြန်စွာ ဝိုင်းရံလိုက်ပြီး သူတို့၏လမ်းကို ပိတ်ဆို့လိုက်ကြ၏။
ထိုအုပ်စု၏ အရှေ့ဆုံးမှ သွေးများပေကျံနေသည့် နတ်ဆိုးခေါင်းပုံ ဓားမကြီးကို ကိုင်ဆောင်ထားသော လူသန်ကြီးက ဟိန်းဟောက်ကာ ခြိမ်းခြောက်လိုက်သည်။ "လက်မှတ်ကို ပေးစမ်း... အဲ့လိုမှမဟုတ်ရင် ဘယ်သူမှ လွတ်မှာမဟုတ်ဘူး... ငါတို့ အားလုံး ဒီမှာ အတူတူ သေလိုက်ကြတာပေါ့ကွာ..."
ထိုက်ရွှီဆရာတော်နှင့် အဖွဲ့ထဲရှိ ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားအချို့က အသံမထွက်စေဘဲ သေနတ်များကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်ကြပြီး သူတို့၏ လက်ချောင်းများကို မောင်းခလုတ်များပေါ်တွင် တင်ထားလိုက်ကြသည်။
ထိုက်ရွှီဆရာတော်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး တစ်ဖက်လူအား တည်ငြိမ်စွာကြည့်ကာ ပြောလိုက်၏။ "အမိတာဘ... ဒကာတော်တို့... ကျုပ်တို့ဆီမှာ ဘာလက်မှတ်မှ မရှိပါဘူး။ မယုံဘူးဆိုရင် ခင်ဗျားတို့ဘာသာ ရှာကြည့်လို့ရပါတယ်..."
သူက ဖုံးကွယ်ထားစရာ ဘာမှမရှိကြောင်း ပြသရန် ခရီးသွားများကို သူတို့၏ အင်္ကျီများကို ဖွင့်ပြရန် အမူအရာဖြင့် ပြလိုက်သည်။ သို့သော် ဓားပျော့ကို ကိုင်ဆောင်ထားသည့် ထိုကစားသမားမှာ နီးကပ်လာသော သေမင်းကြောင့် တစ်ပိုင်းရူးသွပ်နေသည့် အခြေအနေသို့ ရောက်ရှိနေသည်မှာ သိသာလှသည်။
သူက လုံးဝမယုံကြည်ဘဲ သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဟိန်းဟောက်လိုက်၏။ "ချီးတဲ့မှပဲ... မင်းတို့လို လူအများကြီးက ဒီလောက် သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတာကို ဘယ်လိုလုပ် လက်မှတ်မရှိနိုင်မှာလဲ... ငါတို့ကို မပေးဘူးဆိုရင် သေလိုက်တော့..."
သူ့စကားမဆုံးမီမှာပင် သူက ရှေ့သို့ ပြေးဝင်လာပြီး သူ၏ဓားပျော့က အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ တဖျပ်ဖျပ်လက်သွားကာ အဖွဲ့၏ အရှေ့ဆုံးတွင် ရပ်နေသည့် ယင်ချင်းထံသို့ တည့်တည့် ထိုးချလိုက်ချေသည်။
ယင်ချင်းမှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ အေးစက်သော အလင်းတန်းက သူ့ထံသို့ ပြေးဝင်လာပြီး သေမင်း၏ အငွေ့အသက်များက သူ့အား ဖုံးလွှမ်းသွားခဲ့သည်။
သူ အလွန်အမင်း ထိတ်လန့်သွားသောကြောင့် အသစ်ဝယ်ထားသည့် သေနတ်လေးမှာ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေပြီး သူ့၏ ဦးနှောက်ထဲတွင် ဘာမှမရှိတော့လောက်အောင် ဟာလာဟင်းလင်း ဖြစ်သွားကာ ပြန်လည်ပစ်ခတ်ရမည်ကို လုံးဝ မေ့လျော့သွားတော့သည်။
အလွန်အမင်း ကြောက်ရွံ့မှုကြောင့် ဦးနှောက်က မစဉ်းစားနိုင်ခင်မှာပင် သူ၏ ပါးစပ်က အရင် တုန့်ပြန်လိုက်ပြီး အသံကုန် အော်ဟစ်လိုက်တော့၏။
"ကျွန်တော်တို့ကို မသတ်ပါနဲ့.... ကျွန်... ကျွန်တော်တို့ ခင်ဗျားတို့ကို ခေါ်သွားပေးလို့ရပါတယ်..."
ထိုစကားလုံးများက မှော်ဆန်သော စွမ်းအားတစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ပင်.... ဓားပျော့ကိုင်ဆောင်ထားသူ ထိုးချလိုက်သည့် ဓားသွားက ယင်ချင်း၏ လည်ပင်းနှင့် သုံးလက်မပင် မကွာတော့သည့် နေရာ၌ ရုတ်တရက် ရပ်တန့်သွားချေသည်။
သူတို့ကို ဝိုင်းရံထားကြသည့် သတ်ဖြတ်ချင်စိတ်နှင့် လောဘများ ပြည့်နှက်နေသော ကစားသမားများအားလုံး၏ အကြည့်များက ချက်ချင်းပင် သူတို့အပေါ်သို့ ကျရောက်လာတော့၏။
အခန်း ၅၃၁ပြီး၏။