← Chapters

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း ၅၃၂

Vol. 54 Ch. 532

အခန်း (၅၃၂) မီးနှင့် ကစားခြင်း

​ဝိုင်းရံထားသော ကစားသမားများက ယင်ချင်း၏ စကားကြောင့် သူတို့၏ တိုက်ခိုက်မှုကို ယာယီရပ်တန့်သွားခဲ့သော်လည်း ထိုက်ရွှီဆရာတော်မှာမူ လုံးဝ စိတ်သက်သာရာ မရခဲ့ချေ။ ထိုအစား သူသည် ပထမဆုံးအကြိမ်အဖြစ် မျက်မှောင်ကို အလွန်အမင်း ကုတ်ချိုးလိုက်ပြီး "ဒါတော့ မဟန်တော့ဘူး" ဟု စိတ်ထဲမှ တွေးလိုက်မိသည်။

​ယင်ချင်း၏ စကားများက ချက်ချင်း ကြုံတွေ့နေရသည့် အကျပ်အတည်းကို ဖြေရှင်းလိုက်နိုင်သယောင် ထင်ရသော်လည်း လက်တွေ့တွင်မူ ကိုယ့်သေတွင်း ကိုယ်တူးလိုက်ခြင်းပင်။

​ထင်သည့်အတိုင်းပင် ကစားသမားတစ်ယောက်က ချက်ချင်းပင် ခြိမ်းခြောက်လာတော့၏။ "မင်းတို့ဆီမှာ ပိုနေတဲ့ ဝင်ခွင့်လက်မှတ်တွေ ရှိသေးတယ်ပေါ့လေ... အခုချက်ချင်း ထုတ်ပေးစမ်း..."

​ယင်ချင်းမှာ ရူးသွပ်မှုများ လောင်ကျွမ်းနေသည့် မျက်လုံးပေါင်းများစွာ၏ စိုက်ကြည့်ခြင်းကို ခံလိုက်ရ၏။ သူ၏ မျက်နှာပေါ်တွင် ချွေးအေးများ စီးကျလာပြီး မည်သို့လုပ်ရမည်ကို မသိတော့ဘဲ လမ်းညွှန်မှုရရန် ထိုက်ရွှီဆရာတော်ထံသို့ အားကိုးတကြီး လှည့်ကြည့်လိုက်သည်။

​ထိုက်ရွှီဆရာတော်က ယင်ချင်းအား ချက်ချင်းပင် ပြင်းထန်သည့် အကြည့်ဖြင့် ကြည့်လိုက်ကာ ပါးစပ်ပိတ်ထားရန်၊ ဘာမှထပ်မလုပ်ရန်နှင့် ငြိမ်ငြိမ်နေရန် အချက်ပြလိုက်သည်။

​တစ်ချိန်တည်းမှာပင် သူ၏ အကြည့်များက ခရီးစဉ်တစ်လျှောက်လုံး တည်ငြိမ်မှုနှင့် နိုးကြားမှုကို ပြသခဲ့သည့် ချယ်ဇီထုံ၊ ယွင်ဝမ်လင်းနှင့် ကျုံးရှီဟုန်တို့ အပါအဝင် ခရီးသွားအချို့ထံသို့ လျင်မြန်စွာ ရောက်ရှိသွား၏။

​ထိုလူများအားလုံးက ပါးနပ်သူများဖြစ်ကြရာ ခေါင်းဆောင်ဖြစ်သူ၏ မျက်ဝန်းများထဲမှ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားကြသည်။

​ထိုက်ရွှီဆရာတော်က ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ကစားသမားအုပ်စုအား တည်ငြိမ်စွာပင် ထပ်မံပြောလိုက်သည်။ "ကျုပ် ပြောပြီးပြီလေ... ဘာလက်မှတ်မှ မရှိပါဘူးလို့..."

​ဓားပျော့ကိုင်ဆောင်ထားသည့် ကစားသမား၏ မျက်နှာမှာ ရေညှစ်ချလို့ရမတတ် ချက်ချင်းပင် မည်းမှောင်သွားပြီး ယင်ချင်းအား စူးစိုက်ကြည့်ကာ "ဟေ့ကောင်... မင်းက ငါတို့ကို လှည့်စား​နေတာလား...." ဟု အော်ဟစ်လိုက်၏။

​သူက ဓားပျော့ကို ထပ်မံမြှောက်လိုက်ရာ သူ၏ သတ်ဖြတ်လိုစိတ်က ယခင်ကထက်ပင် ပိုမို ပြင်းထန်နေပြီး အသေခံ တိုက်ခိုက်တော့မည့် ပုံပေါ်နေချေသည်။

​အလွန်အမင်း ကြောက်ရွံ့မှုနှင့် ဖိအားများအောက်တွင် ယင်ချင်း၏ စိတ်က စဉ်းစားတွေးတောနိုင်စွမ်း လုံးဝ ပျောက်ဆုံးသွား၏။ ဓားက သူ၏ အနီးသို့ ထပ်မံ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသောအခါ သူက အလိုအလျောက်ပင် အော်ဟစ်လိုက်သည်။ "ကျွန်တော်တို့ဆီမှာ လက်မှတ်မရှိဘူး... ဒါပေမဲ့ ကျွန်တော်တို့က ဒီကမ္ဘာကလူတွေ မဟုတ်ဘူး...ကျွန်တော်တို့မှာ..."

​သူက "ကျွန်တော်တို့ နည်းလမ်းရှာပေးလို့ရတယ်" ဟု ပြောချင်ခဲ့သော်လည်း ကျန်သည့်စကားများကို ပြောရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

​"ကျွန်တော်တို့က ဒီကမ္ဘာက လူတွေ မဟုတ်ဘူး" ဟု သူ အော်ဟစ်လိုက်သည့် အခိုက်အတန့်မှာပင်....

​"ဒိုင်း ဒိုင်း ဒိုင်း...."

​ပြတ်သားလှသော သေနတ်သံအချို့က တစ်ပြိုင်နက်တည်းနီးပါး ထွက်ပေါ်လာ၏။

​ချယ်ဇီထုံ၊ ယွင်ဝမ်လင်း၊ ကျုံးရှီဟုန်နှင့် အခြားသော အကင်းပါးသည့် ခရီးသွားနှစ်ဦးတို့က တုံ့ဆိုင်းနေခြင်းမရှိဘဲ မောင်းခလုတ်ကို ဆွဲလိုက်ကြခြင်းပင်။

​အထူးပြုလုပ်ထားသော ပစ္စတိုမှ ပစ်ခတ်လိုက်သည့် ကျည်ဆန်များက ဓားပျော့ကိုင် ကစားသမား၏ ရင်ဘတ်နှင့် နဖူးတည့်တည့်သို့ တိကျစွာ ထိမှန်သွားခဲ့သည်။

​သူ၏ မျက်နှာပေါ်ရှိ ကြမ်းကြုတ်မှုများက ချက်ချင်းပင် အေးခဲသွားပြီး ခန္ဓာကိုယ်က ယိမ်းယိုင်သွားကာ မယုံနိုင်သည့် အမူအရာဖြင့် မြေပြင်ပေါ်သို့ လဲကျသွား၏။

​ကံဆိုးစွာဖြင့်ပင် အချိန်နှောင်းသွားခဲ့လေပြီ။

​ယင်ချင်း၏ ကမ္ဘာပျက်မတတ် စကားလုံးများက ဤဖရိုဖရဲဖြစ်နေသော နေရာတစ်ခုလုံးတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်ပေါ်သွားခဲ့ပြီး ဖြစ်သည်။

​ယင်ချင်းသည် သွေးအိုင်ထဲတွင် လဲကျနေသော ဓားပျော့ကိုင် ကစားသမားကို တစ်လှည့်၊ အေးစက်သော အမူအရာများနှင့် လက်ထဲတွင် မီးခိုးထွက်နေသော သေနတ်များကို ကိုင်ဆောင်ထားကြသည့် ချယ်ဇီထုံနှင့် အခြားသူများကို တစ်လှည့် ကြည့်လိုက်၏။

​ထိုအခါမှသာ ထိုက်ရွှီဆရာတော်၏ အကြည့်က ဘာကိုဆိုလိုသည်ကို သူ နောက်ကျစွာဖြင့် သဘောပေါက်သွားရသည်။

​၎င်းက သူ့ကို ပါးစပ်ပိတ်ထားရန်နှင့် ဟန့်တားဖို့အတွက် အင်အားသုံးရန် ပြင်ဆင်နေခြင်းကို ဆိုလိုခြင်းပင်။

​သို့သော် ယခုမူကား... အရာအားလုံးက နောက်ကျသွားခဲ့ချေပြီ။

​အခြားသော ခရီးသွားများကလည်း ဒေါသနှင့် ပြစ်တင်ရှုတ်ချမှုများ ချက်ချင်း ပြည့်နှက်သွားသည့် မျက်ဝန်းများဖြင့် ယင်ချင်းအား စိုက်ကြည့်လိုက်ကြသည်။

​ဤအသုံးမကျသည့်ကောင်က သူတို့ကို ပို၍ပင် အန္တရာယ်များသော အခြေအနေဆီသို့ တွန်းပို့လိုက်ခြင်းပင်။

​ချယ်ဇီထုံက "ကျစ်... ဒီငတုံးကတော့ကွာ.... တကယ် ဒုက္ခပေးတဲ့ကောင်ပဲ..." ဟု စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

​သို့သော် ယခုအချိန်တွင် ညည်းညူနေရန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

​"ဒီကမ္ဘာကလူတွေ မဟုတ်ဘူး" ဟူသော ယင်ချင်း၏ အော်ဟစ်သံက အလွန်ကျယ်လောင်လွန်းလှရာ အနီးအနားတွင် တိုက်ခိုက်နေကြသည့် သို့မဟုတ် မျက်နှာချင်းဆိုင် ရင်ဆိုင်နေကြသည့် ကစားသမား အားလုံးနီးပါး ကြားလိုက်ကြရသည်။

​အံ့ဩမှုများ၊ လောဘများ၊ စူးစမ်းလိုစိတ်များနှင့် မယုံကြည်နိုင်မှုများ ပြည့်နှက်နေသော မရေမတွက်နိုင်သည့် အကြည့်များက အရပ်မျက်နှာ အသီးသီးမှ စုဝေးလာကာ ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့ထံသို့ ချက်ချင်းပင် ကျရောက်လာကြတော့၏။

​ဒီကမ္ဘာက မဟုတ်ဘူး...

​အဲ့ဒါက ဘာအဓိပ္ပာယ်လဲ။

​အမည်မသိ ဇစ်မြစ်တစ်ခုက အမည်မသိ ဖြစ်နိုင်ခြေများနှင့် အမြဲလိုလို ယှဉ်တွဲနေတတ်သည်။ ၎င်းက ဤနေရာမှ ထွက်ခွာနိုင်မည့် မျှော်လင့်ချက် ဖြစ်နိုင်သလို စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်သော ရတနာသိုက်ကြီးတစ်ခုလည်း ဖြစ်နေနိုင်ချေသည်။

​ထို့ကြောင့် ဓားပျော့ကိုင် ကစားသမား လဲကျသွားမှုက အကျပ်အတည်းကို အဆုံးသတ် မသွားစေဘဲ ထိုအစား ယမ်းကြိုးအသစ် တစ်ချောင်းကို မီးရှို့လိုက်သကဲ့သို့ ဖြစ်သွားခဲ့သည်။

​သူတို့ကို တိုက်ခိုက်နေခဲ့သော အခြားကစားသမားများမှာ ခဏတာ အံ့အားသင့်သွားပြီးနောက် သူတို့၏ မျက်ဝန်းများတွင် အသစ်တဖန် ရူးသွပ်မှုများဖြင့် တောက်ပလာကာ လက်ယားလာကြတော့၏။

​"မလှုပ်ကြနဲ့...." ကျုံးရှီဟုန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်သတိပေးလိုက်သည်။

​သူ၊ ချယ်ဇီထုံ၊ ယွင်ဝမ်လင်းနှင့် အခြားသော ခရီးသွားအချို့၊ ထွက်ပေါက်မရှိတော့ကြောင်း သဘောပေါက်သွားကြသည့် အခြားသူများအားလုံးက သေနတ်များကို မြှောက်လိုက်ကြပြီး မည်းနက်နေသော သေနတ်ပြောင်းဝများကို ဘေးပတ်ဝန်းကျင်ရှိ ခြိမ်းခြောက်နေသော ကစားသမားများအားလုံးထံ ချိန်ရွယ်ကာ ပျက်စီးလွယ်သော ကာကွယ်ရေးစက်ဝိုင်းတစ်ခုကို ဖန်တီးလိုက်ကြသည်။

​ဤအခိုက်အတန့်၌ လေထုက အလွန်အမင်း တင်းမာနေခဲ့ပြီ ဖြစ်သည်။

​ထိုမည်းနက်နေသော သေနတ်ပြောင်းဝ စက်ဝိုင်းကို ရင်ဆိုင်ရချိန်တွင် ပတ်ဝန်းကျင်ရှိ ကစားသမားများက မည်သည့်အကြောက်တရားကိုမျှ မပြဘဲ လှောင်ပြောင်မှုနှင့် အထင်အမြင်သေးသည့် အမူအရာများကိုသာ ပြသနေကြ၏။

​မျက်နှာတွင် အမာရွတ်ရှိသော ကစားသမားတစ်ယောက်က ထိုက်ရွှီဆရာတော်အား သရော်လိုက်သည်။ "ဒီသတ္တုတုံးတွေက ငါတို့ကို ဘာအန္တရာယ်မှ မပေးနိုင်ဘူးကွ။ စောစောက သူတို့ သတိလက်လွတ်ဖြစ်နေတုန်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လို့ တစ်ယောက်၊ နှစ်ယောက်လောက် ကျသွားနိုင်ပေမဲ့... အခုတော့..."

​သူက စကားကို အဆုံးထိ မပြောခဲ့သော်လည်း အဓိပ္ပာယ်ကတော့ ရှင်းလင်းနေခဲ့သည်။

​မျက်နှာချင်းဆိုင် ရင်ဆိုင်ရသည့်အခါ ဤလက်နက်များက အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကြား အစွန်းတစ်ဖက်တွင် အမြဲတစေ ရပ်တည်နေကြပြီး ထူးကဲသော စွမ်းအားများ ပိုင်ဆိုင်ထားသည့် ကစားသမားများအတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်သလောက်ပင်။

​ပတ်ဝန်းကျင်ရှိ ကစားသမားများ၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာများကို မြင်တွေ့ရသောအခါ ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့က တစ်ဖက်လူပြောသည့်စကားများမှာ လိမ်ညာနေခြင်း မဟုတ်ကြောင်း သဘာဝကျကျပင် နားလည်လိုက်ကြ၏။

​ဝိညာဉ်သောင်းချီနယ်မြေတွင် အသက်ရှင်ကျန်ရစ်ပြီး ဤနေရာအထိ ရောက်ရှိလာနိုင်သည့် ကစားသမားများက အနည်းဆုံး တစ္ဆေထိန်းချုပ်ခြင်းအဆင့်၌ ရှိနေကြမည်ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်အတွင်း သဘာဝလွန် စွမ်းရည်များကို ပိုင်ဆိုင်ထားကာ သာမန်သေနတ်များဖြင့် အလွယ်တကူ မရင်ဆိုင်နိုင်သော အမျိုးအစားစုံလင်လှသည့် ထူးဆန်းဆန်းကြယ်သော လက်နက်များကိုလည်း ကိုင်ဆောင်ထားကြလိမ့်မည်။

​"မင်းတို့က... ဒီကမ္ဘာက မဟုတ်ဘူးလား"

​ကစားသမားများ၏ အနောက်ဘက်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

​လူအုပ်ကြီးက လမ်းဖယ်ပေးလိုက်ကြပြီးနောက် အေးစက်သော အမူအရာရှိသည့် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က ဖြည်းညင်းစွာ လျှောက်ထွက်လာ၏။

​သူ၏အဖွဲ့တွင် လူခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်ခန့်သာ ပါဝင်သော်လည်း သူတို့တစ်ယောက်ချင်းစီထံမှ ထွက်ပေါ်နေသော သန့်စင်ပြီး အင်အားကြီးမားသည့် အငွေ့အသက်များက ပတ်ဝန်းကျင်ရှိ အခြားကစားသမားများထက် များစွာ သာလွန်နေချေသည်။

​ပို၍ ထူးခြားသည်မှာ သူတို့က ဖုန်တစ်စက်ပင် မတင်လောက်အောင် သန့်ရှင်းနေပြီး သွေးစွန်းခြင်း သို့မဟုတ် ဒုက္ခရောက်နေသည့် လက္ခဏာများ လုံးဝမရှိဘဲ သွေးထွက်သံယိုများနှင့် ဖရိုဖရဲဖြစ်နေသော ပတ်ဝန်းကျင်ကြီးထဲတွင် အထင်းသား ပေါ်လွင်နေခြင်းပင်။

​ပတ်ဝန်းကျင်ရှိ ကစားသမားများက ထိုအဖွဲ့အား အကြောက်တရားများ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်ကြ၏။ စောစောက အလွန်တရာ ဖရိုဖရဲဖြစ်နေသည့် တိုက်ပွဲတွင်ပင် သူတို့ကို ရန်စရဲသူ ခပ်ရှားရှားဖြစ်ရာ သူတို့က မည်မျှစွမ်းအားကြီးကြောင်း သိသာလှသည်။

​ထိုက်ရွှီဆရာတော်မှာ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

​သူ၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်ပြီး အခြေအနေကို ကယ်တင်ရန် နောက်ဆုံးကြိုးစားမှုအဖြစ် "ဒကာတော် နားကြားမှားတာ ဖြစ်ပါလိမ့်မယ်" ဟု ပြောလိုက်သည်။

​သို့သော် အေးစက်သော မျက်နှာနှင့် လူငယ်က သရော်လိုက်ပြီး သူ၏ အကြည့်က ဓားတစ်လက်ကဲ့သို့ စူးရှနေ၏။ "ဆရာတော်... အခြေအနေတွေက ဒီလောက်ဖြစ်နေမှတော့ ဘာလို့ ထပ်ပြီး ဖုံးကွယ်နေဖို့ ကြိုးစားနေရဦးမှာလဲ..."

​သူ၏ အကြည့်များက ခရီးသွားများ၏ လက်ထဲရှိ သေနတ်များပေါ်သို့ ဖြတ်ပြေးသွားပြီး သူ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်မထားသော အထင်အမြင်သေးမှုများ အရိပ်အယောင် ပေါ်လာလေသည်။ "ငါတို့ ကမ္ဘာမှာ ဒီလိုပစ္စည်းမျိုးတွေကို ခွင့်မပြုဘူး..."

​ထိုက်ရွှီဆရာတော်က စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး အခြေအနေက ဤအဆင့်ထိ ရောက်လာပြီဖြစ်ရာ ဆက်လက် ငြင်းဆန်နေခြင်းမှာ အချည်းနှီးသာ ဖြစ်ကြောင်း သိလိုက်လေသည်။

​ပတ်ဝန်းကျင်ရှိ ကစားသမားများ၏ အကြည့်များက ပို၍ပင် ရန်လိုလာကြပြီး စူးစမ်းလိုစိတ်၊ လောဘနှင့် သံသယများ ရောယှက်ကာ သူတို့ကို တင်းကျပ်စွာ ချည်နှောင်ထားသည့် မျက်စိဖြင့် မမြင်နိုင်သော ပင့်ကူအိမ်ကြီး တစ်ခုနှင့် တူနေတော့၏။

​ထိုက်ရွှီဆရာတော်ကလည်း ဤအကြောင်းကို ဆက်၍ ဖုံးကွယ်မနေတော့ချေ။

​စိတ်ထဲမှ တွေးလိုက်သည်နှင့် သူ၏ နေရာလွတ်ထဲမှ ဟင်္သာပြဒါး ဆေးသင်္ကေတများ ရေးဆွဲထားသည့် အဝါရောင် အဆောင်လက်ဖွဲ့ အထပ်လိုက်ကြီးကို ထုတ်ယူလိုက်ရာ မှိန်ဖျော့ဖျော့ အလင်းရောင်များ ထွက်ပေါ်လာလေသည်။

​"ကျုပ်တို့ဆီမှာ ဝင်ခွင့်လက်မှတ်တွေ မရှိပေမဲ့" သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျုပ်တို့လက်ထဲက ဒီနတ်ဆိုးနှင်ထုတ်ရေး အဆောင်တွေနဲ့ မကောင်းဆိုးဝါး ဖယ်ရှားရေးအဆောင်တွေက မြို့ထဲက ထူးဆန်းတဲ့ အရာတချို့ကို ရင်ဆိုင်တဲ့နေရာမှာ ခင်ဗျားတို့ကို ကူညီပေးနိုင်လိမ့်မယ်။ ဒါတွေကို ကျုပ်တို့ရဲ့ စေတနာအဖြစ် ခင်ဗျားတို့ကို ပေးပါ့မယ်...."

​ကစားသမားများက မှိန်ဖျော့ဖျော့ ဝိညာဉ်စွမ်းအားများ ဖြာထွက်နေသည့် အဆောင်လက်ဖွဲ့များကို ကြည့်လိုက်ကြရာ ထူးဆန်းသည့် လက်နက်တစ်ခုကဲ့သို့ စွမ်းအင်လှိုင်းများကို အမှန်တကယ်ပင် ခံစားလိုက်ကြရ၏။ သို့သော် သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်ရတော့မည့် သူတို့အတွက် ဤအကူအညီလေးက လုံလောက်မှု မရှိသည်မှာ သိသာလှသည်။

​အထူးသဖြင့် ဝင်ခွင့်လက်မှတ်မရှိသော ထိုကစားသမားများအတွက်မူ သူတို့၏ မျက်ဝန်းများထဲရှိ ရူးသွပ်မှုများက အနည်းငယ်မျှပင် လျော့ကျမသွားခဲ့ချေ။

အခန်း ၅၃၂ပြီး၏။

All Chapters