အခန်း ၅၃၃
Vol. 54 Ch. 533
အခန်း (၅၃၃) အားလုံး ဝင်ရောက်ခြင်း
ထိုက်ရွှီဆရာတော်က လူတိုင်း၏ တုံ့ပြန်မှုများကို လေ့လာစောင့်ကြည့်လိုက်ပြီး အဆောင်လက်ဖွဲ့များဖြင့်သာဆိုလျှင် ဤအခြေအနေကို ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း နားလည်လိုက်သည်။
သူ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း လေသံက ရုတ်တရက် ပြတ်သားမာထန်သွား၏။ "ဒကာတော်တို့က ဒါကို မကျေနပ်သေးဘဲ ကျုပ်တို့ကို ဆက်ပြီး အခက်တွေ့အောင် လုပ်ဖို့ပဲ တင်းခံနေမယ်ဆိုရင်တော့... ခင်ဗျားတို့ ကျုပ်တို့ကို ဒီမှာ ဖမ်းထားလို့ မရသလို ကျုပ်တို့ကို အနည်းငယ်လေးတောင် အန္တရာယ်ပေးနိုင်မှာ မဟုတ်ဘူးလို့ပဲ ကျုပ် ပြောရလိမ့်မယ်..."
ခရီးသွားများ၏ လုံခြုံရေးကို အာမခံနိုင်ရန်အတွက် သူ့တွင် လမ်းညွှန်ခွင့်ပြုချက်ကို အချိန်မရွေး အသက်သွင်းပိုင်ခွင့် ရှိနေပြီး လူတိုင်းအား လုံးဝလုံခြုံစိတ်ချရသော အချိန်ခရီးသွားဘတ်စ်ကားပေါ်သို့ ချက်ချင်း ပြန်လည်ပို့ဆောင်ပေးနိုင်စွမ်း ရှိနေချေသည်။
ထိုယုံကြည်ချက်ကပင် ဤစကားများကို ပြောဆိုချိန်၌ သူ၏ကိုယ်မှ ငြင်းဆန်၍မရနိုင်သော အာဏာစက်အငွေ့အသက်ကို ထွက်ပေါ်လာစေခဲ့သည်။
ဤစကားကို ကြားလိုက်ရသောအခါ ကစားသမားများက အချင်းချင်း ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပြီး အချို့၏ မျက်ဝန်းများတွင် အံ့အားသင့်မှုနှင့် မသေချာမှုတို့ ပြည့်နှက်သွားကြရသည်။
တစ်ဖက်လူက ဤမျှ ယုံကြည်မှုရှိနေသည်ကို ထောက်လျှင် သူတို့၏ အသက်ကို ကယ်တင်နိုင်မည့် မယုံကြည်နိုင်လောက်သော လျှို့ဝှက်ဖဲချပ်တစ်ခုခု အမှန်တကယ်ပင် ရှိနေနိုင်သလော။
ထိုက်ရွှီဆရာတော်က သူ၏ အသာစီးရမှုကို အသုံးချကာ မရေမတွက်နိုင်သော မျက်လုံးများ၏ စောင့်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ပို၍ အန္တရာယ်များလာသော သူတို့၏အနောက်ဘက်ရှိ ဝိညာဉ်သောင်းချီနယ်မြေကို မျက်လုံးထောင့်မှ အကဲခတ်ကြည့်လိုက်ပြီး သတိပေးလိုက်၏။ "ဒကာတော်တို့... အဓိပ္ပာယ်မရှိတဲ့ ဒီလိုတိုက်ခိုက်မှုတွေမှာ အချိန်မဖြုန်းကြပါနဲ့။ လမင်းနီက ထွက်ပေါ်လာတော့မယ်... ခင်ဗျားတို့မှာလည်း ဖြုန်းတီးပစ်ဖို့ အချိန် သိပ်မကျန်တော့ပါဘူး..."
ဤစကားများက သူတို့၏ ခေါင်းပေါ်သို့ ရေအေးတစ်ခွက် လောင်းချလိုက်သကဲ့သို့ ဖြစ်သွားပြီး အကျိုးအကြောင်း သင့်တင့်စွာ တွေးတောတတ်သော ကစားသမားအချို့ကို သတိပြန်ဝင်လာစေခဲ့သည်။
ဝင်ခွင့်လက်မှတ် ရရှိထားပြီးသော အဖွဲ့များ၏ ခေါင်းဆောင်တစ်ယောက်က ရုတ်တရက် ပြုံးကာ ပြောလိုက်သည်။ "အဲ့လိုဆိုမှတော့ မမျှော်လင့်ထားတာတွေ ဖြစ်လာရင် သုံးလို့ရအောင် ဆရာတော့်ဆီက အဆောင်လက်ဖွဲ့တချို့လောက် တောင်းဆိုပါရစေ..."
သူက အခြေအနေကို ရှင်းလင်းစွာ ချိန်ဆလိုက်ခြင်းပင်။ သေချာမှုမရှိသည့် အခြားကမ္ဘာမှ ဧည့်သည်ဟူသော ဝိသေသကြောင့် လျှို့ဝှက်ဖဲချပ်များ ရှိနေမည်မှာ သေချာလှသည့် ဤလူစုနှင့် အသေအကြေ တိုက်ခိုက်နေမည့်အစား ထိတွေ့ကိုင်တွယ်နိုင်သည့် အကျိုးအမြတ်အချို့ကို ရယူပြီး မြို့ထဲသို့ အမြန်ဆုံး ဝင်ရောက်သွားခြင်းက ပို၍ ကောင်းမွန်လိမ့်မည်။
ထိုက်ရွှီဆရာတော်က လွယ်ကူစွာပင် သဘောတူလိုက်ပြီး အကောင်းဆုံးအခြေအနေတွင် ရှိနေသည့် အဆောင်လက်ဖွဲ့အချို့ကို ထိုလူငယ်ထံသို့ ကမ်းပေးလိုက်သည်။
ယင်းကို မြင်သောအခါ လက်မှတ်ကိုင်ဆောင်ထားသည့် အခြားအဖွဲ့များကလည်း ရှေ့သို့ထွက်လာကြပြီး ထိုက်ရွှီဆရာတော်ထံမှ အဆောင်လက်ဖွဲ့များကို လက်ခံယူလိုက်ကြ၏။
အကျိုးအမြတ်များ ရရှိသွားကြပြီဖြစ်ရာ သူတို့က သဘာဝကျကျပင် ဆက်လက်အနှောင့်အယှက်ပေးခြင်းကို ရပ်တန့်လိုက်ကြပြီး လက်မှတ်မရှိသူများကို သတိကြီးစွာဖြင့် တစ်ချက်ကြည့်ကာ မြို့တံခါးဆီသို့ စတင်ရွေ့လျားသွားလိုက်ကြသည်။
အကျိုးအမြတ်များလည်း ရရှိသွားသလို တစ်ဖက်လူတွင် ထွက်ပြေးရန် နည်းလမ်းရှိပုံရသည်ကို မြင်လိုက်ရသောကြောင့် လက်မှတ်ရှိသော ကစားသမား အများစုမှာ သူတို့ကိုယ်ပိုင်အသက်ကို ကာကွယ်ရန်ကသာ ပထမဦးစားပေးဖြစ်သဖြင့် သူတို့၏ အစီအစဉ်များကို လက်လျှော့လိုက်ကြတော့၏။
သို့သော် လက်မှတ်မရှိသော ကစားသမားများမှာမူ ဤအဆောင်လက်ဖွဲ့ အနည်းငယ်ကြောင့် လုံးဝ တုန်လှုပ်မသွားကြချေ။
အသက်ဆုံးရှုံးရတော့မည့် အချိန်တွင် ပြင်ပပစ္စည်းများက ဘာအသုံးကျတော့မည်နည်း။
"ဟိုကောင်လေး ခုနကပဲ မင်းတို့က ငါတို့ကို မြို့ထဲခေါ်သွားပေးနိုင်တယ်လို့ ပြောခဲ့တယ်လေ...." သွေးများပေကျံနေပြီး အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသော ကစားသမားတစ်ယောက်က ကြောက်ရွံ့တုန်ယင်ကာ လူအုပ်၏အနောက်တွင် ပုန်းကွယ်နေသည့် ယင်ချင်းအား လက်ညှိုးထိုးလျက် အော်ဟစ်လိုက်၏။
ယင်ချင်းမှာ မရေမတွက်နိုင်သော စိတ်ပျက်အားငယ်မှုများဖြင့် ထိတွေ့ကိုင်တွယ်လို့ရမတတ် ပြင်းထန်လှသည့် အကြည့်များကို ခံစားလိုက်ရပြီး ကြောက်ရွံ့စွာဖြင့် နောက်သို့ ဆုတ်လိုက်မိကာ မြေကြီးထဲသို့သာ ဝင်ပုန်းသွားချင်စိတ်ပေါက်သွားပြီး မျက်နှာကို ထပ်မပြရဲတော့ချေ။
ထိုက်ရွှီဆရာတော်က သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အဆုံးစွန်ထိ စိတ်ပျက်အားငယ်ခြင်း၏ ချောက်ကမ်းပါးသို့ တွန်းပို့ခံထားရသည့် ဤလူဆိုးလူမိုက် အုပ်စုကို ကြည့်ကာ ဘာတွေဖြစ်နေသည်ကို နားလည်သွားသည်။
ဤလူများအတွက် အဆောင်လက်ဖွဲ့ အနည်းငယ်က သူတို့၏ အသက်ရှင်သန်လိုစိတ်ကို ငြိမ်သက်သွားစေနိုင်မည် မဟုတ်ကြောင်း သူ သိနေခဲ့၏။
ထိုအချိန်တွင် အသက်ဆယ်နှစ်ခန့်သာ အရွယ်ရှိမည်ထင်ရပြီး စုတ်ပြတ်နေသော အဝတ်အစားများနှင့် မျက်နှာတွင် ပေကျံနေသည့် မိန်းကလေးငယ်တစ်ဦးက လူအုပ်ကြားထဲမှ တိုးထွက်လာလေသည်။
ထို့နောက် သူမက ခေါင်းကိုမော့ကာ မျက်ရည်များ ပြည့်အိုင်နေသည့် မျက်လုံးဝိုင်းကြီးများဖြင့် ရှိုက်ငင်ရင်း ဆရာတော်အား တောင်းပန်လိုက်၏။ "ဆရာတော် ဘိုးဘိုး... ကျေးဇူးပြုပြီး သမီးတို့ကို ကယ်ပါ... သမီးတို့... သမီးတို့ မသေချင်သေးဘူး..."
သူမ၏ အနောက်ဘက်ရှိ စိတ်ပျက်အားငယ်နေသော ကစားသမားများကလည်း နောက်ဆုံး မျှော်လင့်ချက်ရောင်ခြည်တစ်ခုနှင့် အဆုံးစွန်သော ဆုံးဖြတ်ချက်တစ်ခုတို့ ရောယှက်နေသည့် မျက်ဝန်းများဖြင့် သူမအား ကြည့်လိုက်ကြသည်။
ထိုက်ရွှီဆရာတော်က မိန်းကလေးငယ်၏ ဖြူစင်သော်လည်း အကြောက်တရားများ ပြည့်နှက်နေသော မျက်ဝန်းများကို ကြည့်လိုက်ပြီး စိတ်ပျက်အားငယ်မှုများကြောင့် ရှုံ့မဲ့နေသည့် မျက်နှာများကို အကြည့်တစ်ချက် ဝေ့ကြည့်ကာ တိုးညင်းစွာ သက်ပြင်းချလိုက်၏။
"ဟူး... ကောင်းပြီလေ..." ထိုက်ရွှီဆရာတော်က ဖြည်းညင်းစွာ ပြောလိုက်သည်။ "ကျုပ် ကြိုးစားကြည့်ပေးပါ့မယ်။ ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားပါရစေ... အကယ်၍ အလုပ်မဖြစ်ခဲ့ဘူးဆိုရင်လည်း ခင်ဗျားတို့ရဲ့ ခြိမ်းခြောက်မှုတွေ အားလုံးက အလကားပဲ ဖြစ်သွားလိမ့်မယ်..."
ထိုက်ရွှီဆရာတော်က နောက်ဆုံးတွင် လိုက်လျောသွားသည်ကို မြင်လိုက်ရသောအခါ လက်မှတ်မရှိသော ကစားသမားများ၏ တင်းမာနေသော အာရုံကြောများက အနည်းငယ် ပြေလျော့သွားပြီး သူတို့၏ မျက်ဝန်းများတွင် မှေးမှိန်နေသော မျှော်လင့်ချက်ရောင်ခြည်တစ်ခုက တဖန် ပြန်လည်လင်းလက်လာခဲ့ရသည်။
အသက်ရှင်နိုင်မည်ဆိုလျှင် မည်သူကမျှ ကိုယ့်အသက်ကို စွန့်စားချင်မည် မဟုတ်ချေ။
ဤနယ်မြေ၏ သေဆုံးနှုန်းက စိတ်ပျက်ဖွယ်ကောင်းလောက်အောင် မြင့်မားနေသော်လည်း အသက်ရှင်ကျန်ရစ်သည့် အချိန်ပိုတိုင်းက တန်ဖိုးရှိလှသည်။ အကယ်၍... နောက်ဆုံးမှာ အံ့ဖွယ်အရာတစ်ခုခုများ ဖြစ်လာခဲ့ရင်ကော....
လူတို့သည် အမြဲတမ်း ကံကောင်းမည်ဟူသော ခံစားချက်ကို ရင်ဘတ်ထဲတွင် သိမ်းဆည်းထားတတ်ကြရာ မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခု ရှိနေသရွေ့ အလွယ်တကူ လက်လျှော့ကြမည် မဟုတ်ချေ။
ထိုက်ရွှီဆရာတော်က ထပ်မံ စကားမဆိုတော့ဘဲ လက်မှတ်မရှိသော ကစားသမားများ၏ တင်းမာကာ မျှော်လင့်နေသည့် အကြည့်များအောက်တွင် စိတ်အနည်းငယ် ငြိမ်သက်သွားကြပြီဖြစ်သော ခရီးသွားများကို ဦးဆောင်လျက် ပြင်းထန်သော သေမင်းအငွေ့အသက်များ ထွက်ပေါ်နေသည့် မြို့တံခါးဆီသို့ ထွက်ခွာသွားလိုက်သည်။
မြို့တံခါးဝတွင်တောပ အစောင့်နှစ်ယောက်က ငရဲပြည် အနက်ရှိုင်းဆုံးနေရာမှ ရုပ်တုနှစ်ခုကဲ့သို့ ကြက်သီးမွေးညင်းထဖွယ် ရပ်နေကြ၏။
သူတို့က အရပ်သုံးမီတာခန့် မြင့်မားပြီး မျက်နှာပြာပြာနှင့် အစွယ်များရှိကာ သူတို့၏ အသားအရေမှာ သေမင်းကဲ့သို့ မွဲပြာရောင်သန်းနေပြီး လိမ်ယှက်နေသော အနက်ရောင် ပုံစံများဖြင့် ဖုံးလွှမ်းနေကြသည်။
မျက်လုံးအိမ်ထဲတွင် မျက်လုံးသူငယ်အိမ်များ မရှိဘဲ အမြဲတစေ လည်ပတ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင်သစ္ဆေမီးတောက် နှစ်ခုသာ ရှိနေချေသည်။
သူတို့က စုတ်ပြတ်နေသော ရှေးဟောင်း ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး ကွက်လပ်များကြားတွင် အနက်ရောင်မြူခိုးများ လည်ပတ်နေကာ ပြင်းထန်သော မကောင်းဆိုးဝါးအငွေ့အသက်များကို ထုတ်လွှတ်နေသည့် သံချေးတက်နေသော ကြေးဝါလှံရှည်ကို ကိုင်ဆောင်ထားကြသည်။
ဤနေရာတွင် ရပ်နေရုံဖြင့်ပင် ၎င်း၏ ကြမ်းကြုတ်သည့် သဘာဝမှ ထွက်ပေါ်လာသော ထိတ်လန့်ဖွယ် ဖိအားကြောင့် အသက်ရှူရခက်စေပြီး ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေသည်။
တံခါးစောင့်များထဲမှ တစ်ယောက်က ကော်ဖတ်စက္ကူကဲ့သို့ ကြမ်းတမ်းပြီး ထူးဆန်းသော အသံသြသြဖြင့် ဆရာတော်အား အမိန့်ပေးလိုက်၏။ "မင်းရဲ့ ဝင်ခွင့်လက်မှတ် ပြစမ်း..."
ထိုက်ရွှီဆရာတော်က မရေမတွက်နိုင်သော သူများ၏ စောင့်ကြည့်မှုအောက်တွင် လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ မှင်ရည်ကဲ့သို့ မည်းနက်ကာ အင်မော်တယ်ရာချီမြို့တော်ဟူသော ရှေးဟောင်းတံဆိပ်တုံး စာလုံးတို့ ထွင်းထုထားသည့် ကျောက်စိမ်းပြားကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်။
ထိုကျောက်စိမ်းပြား ပေါ်လာသည့် အခိုက်အတန့်မှာပင် ကြမ်းကြုတ်မှုအဆင့် တံခါးစောင့်နှစ်ယောက်က ထူးဆန်းစွာ တုံ့ပြန်လာကြ၏။ သူတို့၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးအိမ်ထဲရှိ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းရောင် တစ္ဆေမီးတောက်များက ရုတ်တရက် အေးခဲသွားပြီး ထို့နောက်တွင်မူ ပြင်းထန်စွာ ခုန်ပေါက်လာတော့သည်။
သူတို့၏ ရုပ်ဆိုးကာ ထိတ်လန့်ဖွယ်ကောင်းသော မျက်နှာများပေါ်တွင် အလွန်အမင်း အံ့အားသင့်နေသည့် အမူအရာက ရှင်းလင်းစွာ ပေါ်လွင်လာရသည်။
ထိုက်ရွှီဆရာတော်၏ နောက်မှလိုက်လာသည့် ကစားသမားအုပ်စုနှင့် လက်မှတ်ကိုင်ဆောင်ထားသော အဖွဲ့များကလည်း အင်မော်တယ်ရာချီမြို့တော် ဝင်ခွင့်လက်မှတ်ကို အံ့အားသင့်စွာဖြင့် မျက်လုံးပြူးကာ ကြည့်နေကြလေသည်။
ခဏတာ အံ့အားသင့်သွားပြီးနောက် တံခါးစောင့်နှစ်ယောက်က သူတို့၏ အငွေ့အသက်များကို အလျင်အမြန် ဖိနှိပ်လိုက်ရာ အသက်ရှူကျပ်စေသော ဖိအားများက အနည်းငယ် လျော့ကျသွား၏။
ထို့နောက် သူတို့က အချင်းချင်း တစ်ချက်ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း အနည်းငယ် ဦးညွှတ်ကာ ယခင်ကထက်များစွာ ပိုမို ရိုသေလေးစားသော လေသံဖြင့် ပြောလိုက်ကြသည်။ "အရှင်... ကြွပါခင်ဗျာ..."
ထိုက်ရွှီဆရာတော်မှာ ဆွဲပြားက အမှန်တကယ်ပင် အသုံးဝင်ကြောင်း သေချာသွားတော့သည်။
သို့သော် သူက မြို့ထဲသို့ ချက်ချင်း မဝင်သေးချေ။ ထိုအစား သူက သူ့အား မျှော်လင့်ချက်များစွာဖြင့် စိုက်ကြည့်နေကြသည့် သူ့အနောက်ရှိ လက်မှတ်မရှိသော ကစားသမား အုပ်စုကြီးကို လက်ညှိုးထိုးပြကာ တည်ငြိမ်စွာ ပြောလိုက်၏။ "ကျုပ်က ဒီလူတွေ အားလုံးကို ကျုပ်နဲ့အတူ မြို့ထဲ ခေါ်သွားမယ်..."
ဤသည်ကို ကြားလိုက်ရသောအခါ ကြမ်းကြုတ်မှုအဆင့် ဘီလူးနှစ်ကောင်၏ မွဲပြာရောင်မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အမူအရာ ပေါ်လာကာ မျက်မှောင်များ ကုတ်ချိုးသွားပြီး သူတို့၏ ခန္ဓာကိုယ်များကလည်း လှုပ်ရှားလာကြ၏။ "ဒါက... စည်းကမ်းနဲ့..."
သို့သော် စည်းကမ်းဟူသော စကားလုံးကို အဆုံးထိ မပြောရသေးမီမှာပင် ထူးဆန်းသော သတ္တဝါကြီးနှစ်ကောင်မှာ တစ်စုံတစ်ရာသော အမိန့်ပေးမှုတစ်ခုကို ရရှိလိုက်သကဲ့သို့ ပြင်းထန်စွာ တုန်ယင်သွားကြသည်။
ပြောတော့မည့် စကားလုံးများက ရုတ်တရက် ပြောင်းလဲသွားပြီး သတိထားမိရန်ပင် ခက်ခဲသော ရိုသေလေးမြတ်မှု အရိပ်အယောင်များ သူတို့၏အသံတွင် စွဲထင်နေချေသည်။
"...ရပါတယ်"
ရပါတယ်ဟူသော ထိုစကားလုံးလေးက ကောင်းကင်ဘုံမှ တေးဂီတတစ်ခုကဲ့သို့ သူတို့၏ အနောက်ရှိ လက်မှတ်မရှိသော ကစားသမားတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းပင် သေဘေးမှ လွတ်ကင်းသွားသည့် ပြင်းထန်လှသော ဝမ်းမြောက်မှုက သူတို့၏ နှလုံးသားထဲသို့ စီးဆင်းသွားပြီး လူတိုင်းက သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ကြ၏။ လူအများအပြားမှာ မျက်ရည်ကျသည်အထိပင် စိတ်လှုပ်ရှားသွားခဲ့ကြရသည်။
မြို့တံခါးကို ပိတ်ဆို့ထားသည့် လက်မှတ်ရှိသူများရော၊ ထိုက်ရွှီဆရာတော် ခေါ်ဆောင်လာသည့်လက်မှတ်မရှိသော ကစားသမားများပါ ဝိညာဉ်သောင်းချီမြို့တော်အတွင်းသို့ ပြုံတိုးဝင်ရောက်သွားကြပြီးနောက် ထိုက်ရွှီဆရာတော်က ကြောက်မက်ဖွယ်ကောင်းသော မြို့တံခါးကြီး၏ အောက်တွင် ရပ်နေကာ အနည်းငယ် ရပ်တန့်လိုက်ပြီး ချက်ချင်း မဝင်သေးချေ။
သူက နောက်သို့လှည့်ကာ တုန်လှုပ်နေသေးသော်လည်း မြို့နှင့်ပတ်သက်၍ စူးစမ်းလိုစိတ်များ အပြည့်ဖြစ်နေသည့် သူ့နောက်ရှိ ခရီးသွားသုံးဆယ်ကို ကြည့်လိုက်၏။ သူ၏ ဖြူလွနေသော မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားပြီး သူ၏ အသံတွင် သတိပြုမိရန် ခက်ခဲသော လေးနက်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့သည်။
"ဒကာတော်တို့... ကျုပ်အမြင်ကို ပြောရရင် ဒီမြို့ထဲမှာ ဖုံးကွယ်နေတဲ့ မကောင်းဆိုးဝါး အငွေ့အသက်တွေ ရှိနေတယ်။ ဒါက ကြီးမားတဲ့ ကပ်ဘေးတစ်ခုကို ညွှန်ပြနေတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီနေရာကနေ ထွက်ခွာသွားတာက ပိုပြီး သတိထားရာရောက်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်လိမ့်မယ်ထင်တယ်..."
ဤစကားကို ပြောလိုက်သည်နှင့် ခရီးသွားအများအပြားက ချက်ချင်းပင် မလိုလားသည့် အမူအရာများကို ပြသလာကြ၏။
အခန်း ၅၃၃ပြီး၏။