← Chapters

အခန်း ၅၃၄

Vol. 54 Ch. 534

အခန်း ၅၃၄

Vol. 54 Ch. 534

အခန်း (၅၃၄) ထူးခြားသော လူများ

​"ဆရာတော်... ကျွန်တော်တို့ ဒီအထိတောင် ရောက်နေမှတော့ ဝင်ပြီး လေ့လာကြည့်ကြရအောင်ဗျာ။ အပြင်ဘက်မှာတင် အသက်ပျောက်လုနီးပါး ဖြစ်ခဲ့ရတာ....မဝင်လိုက်ရရင် တကယ်နှမြောစရာကြီး..."

​"ဟုတ်တယ်... ကျွန်တော်တို့ အနိုင်နိုင် ဝင်လာနိုင်ခဲ့တာပဲ။ ဝိညာဉ်သောင်းချီမြို့တော်ကြီးက ဘယ်လိုမျိုးလဲဆိုတာ အနည်းဆုံးတော့ မြင်ဖူးသွားအောင် ဝင်ကြည့်သင့်တယ်။ မဟုတ်ရင် ပိုက်ဆံတွေ အလဟဿဖြစ်သွားလိမ့်မယ်..."

​"ဆရာတော်နဲ့ အဲ့ဒီအစွမ်းထက်တဲ့ အမှတ်အသားပြားလေး ရှိနေသရွေ့ ကျွန်တော်တို့ ဘာအန္တရာယ်မှ မရှိနိုင်ပါဘူးနော်.... ဟုတ်တယ်မလား..."

​လူအုပ်ကြီး၏ တုံ့ပြန်ပုံကို ကြည့်ရင်း ထိုက်ရွှီဆရာတော်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ သူ့အနေဖြင့် တားဆီးရန် ကြိုးစားနေလည်း အချည်းနှီးသာ ဖြစ်မည်ကို သူ သိလိုက်၏။

​သူ့၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားပြီး အလေးအနက် ထပ်မံမှာကြားလိုက်သည်။ "ဒီလိုဆိုမှတော့လည်း မင်းတို့သဘောအတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့ မှတ်ထားပါ... အထဲရောက်သွားလို့ တစ်ခုခု မှားယွင်းနေတယ်လို့ ခံစားရတာဖြစ်ဖြစ်၊ ကိုယ်မဖြေရှင်းနိုင်တဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံလာရရင်ဖြစ်ဖြစ် ဘေးကင်းရေး အဆောင်လက်ဖွဲ့ကို သုံးပြီး ချက်ချင်း ပြန်ထွက်လာခဲ့ကြ။ နည်းနည်းလေးမှ တွန့်ဆုတ်မနေနဲ့..."

​"လူတစ်ယောက်တည်းကြောင့် အားလုံး အန္တရာယ်တွင်းထဲ၊ အဆုံးမဲ့တွင်းနက်ကြီးထဲကို ရောက်သွားရတာမျိုး မဖြစ်စေနဲ့..."

​ထိုသို့ပြောလိုက်စဉ် ထိုက်ရွှီဆရာတော်၏ အကြည့်များက အခြားသူများ၏ အနောက်တွင် ပုန်းကွယ်နေသည့် ယင်ချင်းထံသို့ မသိမသာ ရောက်ရှိသွားခဲ့သည်။

​ယင်ချင်းမှာ အနည်းငယ် ရှက်ရွံ့သွားဟန်ဖြင့် နောက်သို့ တွန့်ဆုတ်သွား၏။ လူပုံအလယ်တွင် ထိုသို့ သတိပေးခံရသဖြင့် သူမ မကျေမနပ် ဖြစ်မိသော်လည်း ပြန်လည် ငြင်းခုံရန်ကား မရဲချေ။

​နောက်ဆုံးတွင်တော့ ထိုက်ရွှီဆရာတော်သည် စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်ပူပန်မှုများ ရောယှက်နေသည့် ထိုခရီးသွားအဖွဲ့အား ဦးဆောင်ကာ ဝိညာဉ်သောင်းချီမြို့တော်အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

​တစ်ချိန်တည်းတွင် ဝိညာဉ်သောင်းချီမြို့တော်၏ ဗဟိုချက်ရှိ ယင်စွမ်းအင်များ ပြည့်နှက်နေပြီး အခမ်းနားဆုံးသော ဧရာမ နန်းတော်ကြီးတစ်ခုအတွင်း၌...

​ကြောက်မက်ဖွယ်ကောင်းသည့် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ပုဂ္ဂိုလ်ကြီးဆယ့်ရှစ်ဦးက တန်းစီထိုင်နေကြ၏။ အချို့က ပုပ်ပွနေသော ဧရာမအလောင်းကောင်ကြီးများနှင့် တူပြီး အချို့က လိမ်ယှက်နေသည့် အရိပ်မည်းကြီးများ ဖုံးလွှမ်းနေကာ အချို့ကမူ ပြီးပြည့်စုံလုနီးပါး လူသားပုံစံကို ထိန်းသိမ်းထားကြသည်။ ချွင်းချက်မရှိ သူတို့အားလုံးထံမှ ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သည့် ဖိအားများ ထွက်ပေါ်နေကြချေသည်။

​သူတို့က အင်မော်တယ်ရာချီမြို့တော်အပါအဝင် ပတ်ဝန်းကျင်ရှိ တားမြစ်နယ်မြေများနှင့် တစ္ဆေနယ်မြေများကို အုပ်စိုးထားသည့် မြို့စားကြီးများ သို့မဟုတ် နယ်မြေသခင်ကြီးများပင်ဖြစ်သည်။

​ထိုအထဲတွင် သွေးရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ချောမောသည့် မျက်နှာသွင်ပြင်ရှိသော်လည်း ထူးဆန်းကျောချမ်းဖွယ် သေမင်းအငွေ့အသက်များ ထုတ်လွှတ်နေသည့် အင်မော်တယ်ရာချီမြို့တော်၏ သခင်၊ မြို့စားကြီးကျောက်က ခေါင်းဆောင်နေရာ၏ ညာဘက်တွင် ထင်ရှားစွာ ထိုင်နေကာ သူ၏ မြင့်မားလှသော အဆင့်အတန်းကို ပြသနေခဲ့သည်။

​ခန်းမကြီး၏ အလယ်တည့်တည့်ရှိ လေဟာပြင်တွင် ကြီးမားလှသော ရေအျက်နှာပြင်တစ်ခုက မျောလွင့်နေပြီး မြို့တံခါးနှင့် မြို့၏ နေရာအနှံ့အပြားမှ မြင်ကွင်းများကို အချိန်နှင့်တစ်ပြေးညီ ရှင်းလင်းစွာ ပြသနေ၏။

​ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့ မြို့တံခါးမှ ဝင်ရောက်လာသည့် မြင်ကွင်းကို ထိုလူအားလုံးက စောင့်ကြည့်နေခဲ့ကြသည်။

​မြို့စားကြီးကျောက်၏ နှုတ်ခမ်းများက ခပ်သဲ့သဲ့ အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး သူ၏ လှပသော ဖီးနစ်မျက်ဝန်းများတွင် အေးစက်ကာ ဆွဲဆောင်မှုရှိသည့် အရောင်တစ်ခု လက်သွားခဲ့သည်။ "အို... စိတ်ဝင်စားစရာ ဧည့်သည်တွေ... ထပ်ရောက်လာပြန်ပြီပဲ..."

​အဓိကခေါင်းဆောင်နေရာတွင် ထိုင်နေကာ လှည့်ပတ်နေသည့် မြူခိုးမည်းများ ဖုံးလွှမ်းနေသည့် ဝိညာဉ်သောင်းချီမြို့တော်၏ မြို့စားကြီးက တိုးတိတ်စွာ ရယ်မောလိုက်သည်။ "ဒါက ယခင်တစ်ခေါက်တုန်းက မင်းကြုံတွေ့ခဲ့ရတယ်လို့ ပြောဖူးတဲ့ ထူးခြားတဲ့လူမျိုးလား..."

​မြို့စားကြီးကျောက်က ခေါင်းအနည်းငယ် ငြိမ့်လိုက်ပြီး သူ၏ လက်ချောင်းထိပ်များဖြင့် ကုလားထိုင်၏ လက်ရန်းကို ခပ်ဖွဖွ ခေါက်နေလိုက်၏။ "အမှန်ပဲ... သူတို့က မူလဇစ်မြစ် အတူတူပဲ။ ဒါပေမဲ့ ဒီအဖွဲ့ကို ဦးဆောင်လာတဲ့လူက တည်ငြိမ်ပြီး မျှတတဲ့ အငွေ့အသက် ရှိနေတယ်။ အရင်တစ်ယောက်နဲ့တော့ လုံးဝကွာခြားတယ်... သိပ်တော့ စိတ်ဝင်စားစရာ မကောင်းဘူး..."

​သူ၏ စကားလုံးများထဲတွင် နှမြောတသဖြစ်မှု အငွေ့အသက်အချို့ ပါဝင်နေသယောင် ရှိလေသည်။

​သူ့ဘေးနားရှိ မရေမတွက်နိုင်သော ခေါင်းတလားပျဉ်ပြားများဖြင့် ဆက်စပ်ဖွဲ့စည်းထားသကဲ့သို့ ရှိသော ဧရာမပုံရိပ်ကြီးတစ်ခုထံမှ အက်ကွဲကွဲ အသံတစ်ခု ထွက်ပေါ်လာသည်။ သူက တားမြစ်နယ်မြေသခင်တစ်ဦးပင်။ "သူတို့ကြည့်ရတာ တော်တော်လေး သာမန်ပါပဲ... ခန္ဓာကိုယ်ပေါ်မှာလည်း သိပ်ပြီး အစွမ်းထက်တဲ့ စွမ်းအင်လှိုင်းတွေ မတွေ့ရဘူး။ ဘာမှ ထူးခြားပုံမရပါဘူး.."

​ထိုစကားကို ကြားသောအခါ မြို့စားကြီးကျောက်၏ အပြုံးက ပိုမို နက်ရှိုင်းသွားသော်လည်း ယင်းအပြုံးက လူတစ်ယောက်၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

​သူက ဖြည်းညှင်းစွာ ပြောလိုက်သည်။ "ဒါက အပေါ်ယံ အသွင်အပြင်သက်သက်ပဲ... ငါတို့တွေ ဒီထာဝရအကျဉ်းထောင်ကြီးကနေ လွတ်မြောက်နိုင်မလား... ဒီကမ္ဘာကြီးရဲ့ သံကြိုးခလောက်တွေကနေ ရုန်းထွက်နိုင်မလားဆိုတာက... အဲ့ဒီ အခွင့်အရေးက သူတို့ဆီမှာ ရှိနေလောက်တယ်"

​ထိုစကားကို ကြားလိုက်သည်နှင့် ယခင်က ပျင်းရိပျင်းတွဲ သို့မဟုတ် ဂရုမစိုက်သလို နေနေခဲ့ကြသည့် အခြားသော တားမြစ်နယ်မြေသခင်များ၏ အကြည့်များက ချက်ချင်းပင် ထက်မြက်သွားကာ မြို့စားကြီးကျောက်ထံသို့ စူးစိုက်သွားကြ၏။ လေထုထဲတွင် လွှမ်းမိုးနေသည့် ဖိအားများကလည်း ရုတ်တရက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာခဲ့သည်။

​ခေါင်းတလားပျဉ်ပြားများနှင့် ဖွဲ့စည်းထားသော တားမြစ်နယ်မြေသခင်၏ ခန္ဓာကိုယ်ကြီးက တဂျွတ်ဂျွတ်မြည်သံများ ထွက်ပေါ်လာပြီး မကြုံဖူးလောက်အောင် အလျင်လိုနေသည့် အက်ကွဲကွဲ အသံကြီးဖြင့် မေးလိုက်သည်။ "မင်း တကယ်ပြောနေတာလား..."

​မြို့စားကြီးကျောက်က သူ၏ ကုလားထိုင်နောက်မှီသို့ ပျင်းရိစွာ မှီချလိုက်ပြီး သူ၏ လေသံက ပြတ်သားနေခဲ့သည်။ "သေချာတာပေါ့... တည်ရှိမှုဘောင်ကို ကျော်လွန်ဖို့ကိစ္စမျိုးမှာ ငါ နောက်ပြောင်တာကို မင်းတို့ ဘယ်တုန်းကများ မြင်ဖူးလို့လဲ.."

​အင်မော်တယ်ရာချီမြို့တော်တစ်ခုတည်း အနေဖြင့် ဤပြင်ပမှ ရောက်လာသော ပြောင်းလဲနိုင်သည့် အကြောင်းတရားများကို ဖမ်းဆီးအသုံးချရန် ခက်ခဲလိမ့်မည်ဟု သူ၏ စိတ်ထဲတွင် သိနေခဲ့သည်။

​ထို့ကြောင့် အားလုံး၏ အင်အားများကို ပေါင်းစည်းပါက ခေတ်ဟောင်းက စည်းမျဉ်းများကို ပြောင်းလဲနိုင်မလားဟု မျှော်လင့်ကာ ဤအိမ်နီးချင်းအိုကြီးများကို သူ မတတ်သာဘဲ ဆွဲသွင်းခဲ့ရခြင်း ဖြစ်သည်။

​ထိုနေရာရှိ တားမြစ်နယ်မြေသခင်များ၏ အသက်ရှူသံများ ပြင်းထန်လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် အလင်းရောင်များ တလက်လက် တောက်ပလာကြ၏။

​သူတို့က ဤထူးဆန်းသည့် ကမ္ဘာကြီးထဲတွင် ပိတ်လှောင်ခံထားရသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်ရာ လွတ်မြောက်လိုစိတ်နှင့် အစစ်အမှန် လွတ်လပ်ခွင့်ကို ရချင်သည့် သူတို့၏ ဆန္ဒများက အရာအားလုံးထက် သာလွန်နေခဲ့ပြီ ဖြစ်သည်။

​အဓိကနေရာတွင် ထိုင်နေသည့် ဝိညာဉ်သောင်းချီမြို့စားကြီးက သရဲတစ္ဆေထောင်ပေါင်းများစွာ ငိုကြွေးနေသည့်အလား အသံကြီးဖြင့် သံသယဝင်စွာ မေးလိုက်သည်။ "ဒီကိစ္စက... အဲ့ဒီလောက်တော့ မရိုးရှင်းလောက်ဘူး ထင်တယ်နော်..."

​မြို့စားကြီးကျောက်က ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့... ပထမအဆင့်အနေနဲ့ ဒီလူတွေကို ဒီမှာ အပြီးတိုင် သိမ်းထားနိုင်မယ့် နည်းလမ်းရှာရမယ်။ သူတို့ ဒီကမ္ဘာကနေ အချိန်မရွေး ထွက်သွားနိုင်တဲ့ စွမ်းရည်ကို ဖြတ်တောက်ရမယ်။ အဲ့ဒီအတွက် ငါတို့ရဲ့ နယ်မြေက စည်းမျဉ်းတချို့ကို ယာယီ ပြုပြင်ပြောင်းလဲဖို့ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်.."

​စုတ်ပြတ်နေသော သင်္ကန်းကို ဝတ်ဆင်ထားပြီး ပြင်းထန်လှသော သွေးအငွေ့အသက်များ ထုတ်လွှတ်နေသည့် ဝူရှန်းကျောင်းတော်၏ ကျောင်းထိုင်ဆရာတော်က လက်အုပ်ချီကာ ပြောလိုက်သည်။ "မြို့စားကြီးကျောက် ပြောသလိုမျိုး လွတ်မြောက်နိုင်မယ့် အခွင့်အရေးကို မြင်တွေ့နိုင်မယ်ဆိုရင်တော့ အဲ့ဒီအတွက် ငါတို့ တတ်နိုင်သမျှ အစွမ်းကုန် တိုက်ပွဲဝင်သွားမှာ အသေအချာပဲ..."

​"ဒါ အမှန်ပဲ..."

​"ဒီလိုဖြစ်သင့်တာပေါ့..."

​အခြားသော တားမြစ်နယ်မြေသခင်များကလည်း သူတို့၏ သဘောထားကို အသီးသီး ထုတ်ဖော်လိုက်ကြပြီး သူတို့၏ မျက်လုံးများတွင် ပြတ်သားသည့် အရောင်များ တောက်ပသွားကြသည်။

​မြို့စားကြီးကျောက်က ကျေနပ်စွာ ပြုံးလိုက်ပြီး ရေမျက်နှာပြင်မှတစ်ဆင့် မြို့ထဲတွင် သတိကြီးစွာဖြင့် စူးစမ်းရှာဖွေနေသည့် ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့ထံသို့ အကြည့်ပြန်လွှဲလိုက်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "ဒါဆိုရင် ငါတို့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေကို သူတို့ ရှိသင့်တဲ့နေရာဆီ လမ်းညွှန်ပေးလိုက်ကြရအောင်..."

​ဤအချိန်တွင် ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့မှာ သူတို့ ပစ်မှတ်ထားခံလိုက်ရပြီဖြစ်ကြောင်းကို လုံးဝ သတိမထားမိကြချေ။

​သူတို့က ထူးဆန်းကျောချမ်းဖွယ်ကောင်းပြီး စိတ်မချမ်းမြေ့စရာ လမ်းမများတစ်လျှောက် လျှောက်သွားနေရင်း တစ်သက်လုံး မေ့ဖျောက်၍မရနိုင်မည့် မြင်ကွင်းများကို တွေ့မြင်နေကြရသည်။

​ခြေလက်အင်္ဂါ အပိုင်းအစများနှင့် ပြတ်တောက်နေသော ခန္ဓာကိုယ်များက နေရာအနှံ့တွင် ရှိနေပြီး သွေးများ စုပ်ယူခံထားရသည့် ခြောက်သွေ့နေသော အလောင်းများ၊ အရိပ်ထဲတွင် တွန့်လိမ်လှုပ်ရှားနေသော ဖော်ပြ၍မရနိုင်သည့် သတ္တဝါများနှင့် အရင်းအမြစ်အချို့အတွက် ကစားသမားများကြား ဖြစ်ပွားနေသည့် ပိုမိုရက်စက်ကြမ်းကြုတ်ကာ သွေးထွက်သံယိုများသော တိုက်ပွဲများကိုပါ မြင်တွေ့နေရ၏။

​မြို့တော်ကြီးတစ်ခုလုံးက သွေးသားများကို ကြိတ်ချေနေသည့် ဧရာမ ကြိတ်ဆုံကြီးတစ်ခုနှင့် တူနေချေသည်။

​အစပထမတွင်တော့ လမ်းများပေါ်၌ လျှောက်သွားနေကြသည့် သို့မဟုတ် အဆောက်အဦးများပေါ်မှနေ၍ သူတို့အား ချောင်းကြည့်နေကြသည့် ထူးဆန်းသော သတ္တဝါများက ရုတ်တရက် တိုက်ခိုက်လာမည်ကို ကြောက်ရွံ့ကာ သူတို့ တုန်လှုပ်နေခဲ့ကြသည်။

​သို့သော် မကြာမီမှာပင် ထိုထူးဆန်းသည့် သတ္တဝါများက သူတို့ကို လျစ်လျူရှုထားကြောင်း တွေ့ရှိလိုက်ရသည်။ သူတို့၏ တိုက်ခိုက်မှုများနှင့် အငြိုးအတေးများအားလုံးက အခြားသော ကစားသမားများထံသို့သာ တိကျစွာ ဦးတည်နေခြင်းဖြစ်သည်။

​ဤထူးခြားသော ဆက်ဆံမှုက ခရီးသွားအဖွဲ့အား ကြောက်ရွံ့စေသော်လည်း တိတ်တဆိတ် စိတ်သက်သာရာ ရသွားစေခဲ့ပြီး ၎င်းမှာ အင်မော်တယ်ရာချီမြို့တော် အမှတ်အသားပြား၏ အစွမ်းကြောင့်ဟု ထင်မှတ်နေကြ၏။

​သို့သော်ငြားလည်း ထိုက်ရွှီဆရာတော်၏ နိမိတ်မကောင်းသော ကြိုတင်ခံစားသိမြင်မှုက ပို၍ပို၍ အားကောင်းလာခဲ့သည်။

​ဤဘေးကင်းလုံခြုံမှုက တမင်တကာ သီးခြားခွဲထုတ်ထားသည့် စောင့်ကြည့်ရေးဇုန်တစ်ခုလိုမျိုး ထူးဆန်းလွန်းနေသည့်အတွက် သူ၏ တာအိုနှလုံးသားကို မအေးမချမ်း ဖြစ်လာစေသည်။

​၎င်းက အမှောင်ထုထဲတွင် မျက်စိဖြင့်မမြင်နိုင်သော လမ်းပြတစ်ဦး ရှိနေသကဲ့သို့ပင်။

​သူတို့သည် ဝင်္ကပါကဲ့သို့ ရှုပ်ထွေးနေသော လမ်းမများနှင့် လမ်းကြားများကို ဖြတ်သန်းကာ တစ်ခါတစ်ရံ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရှောင်ကွင်းရင်း သူတို့ကိုယ်သူတို့ပင် သတိမထားမိလိုက်ခင်မှာ မြို့လယ်ခေါင်ရှိ မရေမတွက်နိုင်သော အရိုးခေါင်းဖြူများဖြင့် တည်ဆောက်ထားသည့် ဧရာမယဇ်ပလ္လင်ကြီးတစ်ခု၏ အောက်ခြေသို့ ရောက်ရှိလာကြသည်။

​ထိုအချိန်တွင် အသက်ရှင်ကျန်ရစ်သည့် ရာပေါင်းများစွာသော ကစားသမားများက ယဇ်ပလ္လင်ကြီး၏ ပတ်ပတ်လည်၌ စုရုံးနေကြပြီဖြစ်ပြီး သူတို့တစ်ဦးစီ၏ မျက်နှာပေါ်တွင် နိုးကြားသတိထားမှု သို့မဟုတ် ရူးသွပ်မှု အမူအရာများ အသီးသီး ရှိနေကြ၏။

​မြို့ထဲရှိ လူတိုင်းက စည်းမျဉ်းများ၏ လမ်းညွှန်မှုဖြင့် ဤနေရာသို့ စုရုံးရောက်ရှိလာကြခြင်းပင်။

အခန်း ၅၃၄ပြီး၏။

All Chapters