အခန်း ၅၃၆
Vol. 54 Ch. 536
အခန်း (၅၃၆) ဟင်းလင်းပြင်ခရီးသွားခြင်းဆိုတာ ဖန်လုံအိမ်ထဲက ခရီးစဉ်မျိုး မဟုတ်ပါ
တစ်ချိန်တည်းတွင် ကမ္ဘာမြေပေါ်ရှိ ရီယဲ့ခရီးသွားအေဂျင်စီအတွင်း၌...
ကျန်းယဲ့၏ အရှေ့ရှိ ဧရာမအလင်းဖန်သားပြင်ပေါ်တွင် ဝိညာဥ်သောင်းချီမြို့တော်၏ ယဇ်ပလ္လင်ပေါ်မှ ရင်သပ်ရှုမောဖွယ်၊ ကြောက်မက်ဖွယ်မြင်ကွင်းက ရှင်းလင်းစွာ ပေါ်လွင်နေ၏။
ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့မှာ မျက်စိဖြင့် မမြင်နိုင်သော အင်အားတစ်ခု၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရပြီး ကြောက်မက်ဖွယ်ကောင်းသော တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦးက သူတို့ကို စူးစိုက်ကြည့်နေကြသည်။
သူ၏ မျက်ခုံးများက တင်းမာစွာ တွန့်ချိုးသွားပြီး စနစ်ကို ချက်ချင်း မေးလိုက်၏။ "စနစ်... ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ဆရာတော်က အဖွဲ့လိုက် ပြန်လည်ထွက်ခွာတာကို စတင်လို့မရဘူးလို့ ပြောနေရတာလဲ..."
သူ၏ စိတ်ထဲတွင် အေးစက်စက် စက်ရုပ်သံဖြင့် စနစ်၏ အသံက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
[လေဟာပြင် စည်းမျဉ်းများတွင် ပုံမှန်မဟုတ်မှုတစ်ခုကို တွေ့ရှိရပါသည်။ ပစ်မှတ်ထားရာ ကမ္ဘာ၏ အဓိကနယ်မြေ အင်မော်တယ်ရာချီမြို့တော်၏ နယ်မြေခွဲ - အဝိညာဥ်သောင်းချီမြို့တော်တွင် စွမ်းအင်မြင့် တည်ရှိမှု ဆယ့်ရှစ်ခုက ဤကမ္ဘာ၏ တားမြစ်စွမ်းအားများကို ပူးပေါင်းအသုံးပြုကာ ဒေသတွင်း အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများကို အတင်းအကျပ် ပုံပျက်သွားစေပြီးပြင်းထန်လှသော စွမ်းအင်လှိုင်းအတားအဆီးတစ်ခုကို ဖန်တီးလိုက်ခြင်း ဖြစ်ပါသည်။]
[ဤအတားအဆီးကြောင့် အဖွဲ့လိုက် ပြန်လည်ခေါ်ယူခြင်း အမိန့်ပေးချက်၏ တည်ငြိမ်သော ထုတ်လွှင့်မှုကို ခဏတာ အနှောင့်အယှက်ဖြစ်စေခဲ့ပြီး အမိန့်အကောင်အထည်ဖော်မှုတွင် ယာယီ ရပ်တန့်နှောင့်နှေးမှု ဖြစ်ပေါ်သွားခဲ့ရပါသည်။]
စနစ်၏ သတိပေးချက် - [ဤနည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်အား ချက်ချင်း ပြင်ဆင်ပြီးဖြစ်ပါသည်။ အဖွဲ့လိုက် ပြန်လည်ခေါ်ယူခြင်း လုပ်ဆောင်ချက်မှာ ယခုအခါ ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်သွားပြီ ဖြစ်ပါသည်။ ခရီးသွားလမ်းညွှန် ထိုက်ရွှီဆရာတော်အနေဖြင့် အချိန်မရွေး စတင်အသုံးပြုနိုင်ပါပြီ။]
စနစ်က ပြင်ဆင်ပြီးသွားပြီဆိုသော်လည်း ကျန်းယဲ့က စိတ်မအေးနိုင်သေးချေ။ "စနစ်... မင်းက ဒါကို ခဏတာ နှောင့်နှေးမှုလို့ ခေါ်တာလား။ အဲ့ဒီ နှောင့်နှေးသွားတဲ့ စက္ကန့်အနည်းငယ်အတွင်းမှာ ဆရာတော် ဒါမှမဟုတ် ခရီးသွားတစ်ယောက်ယောက်သာ အဲ့ဒီ မိစ္ဆာတွေရဲ့ သတ်ဖြတ်တာ ခံလိုက်ရရင် ဘယ်သူ တာဝန်ယူမလဲ..."
စနစ်၏အသံက အေးတိအေးစက်ပင် ဖြစ်နေဆဲဖြစ်ပြီး ပုံသေချမှတ်ထားသော တုံ့ပြန်မှုမျိုးပင် ပါဝင်နေသေး၏။
[လက်ခံသူ... ကျေးဇူးပြု၍ ဟင်းလင်းပြင်ဖြတ်ကျော် ခရီးသွားလာခြင်းဆိုင်ရာ လမ်းညွှန်ချက်များ နှင့် ဝန်ထမ်း ဘေးကင်းလုံခြုံရေး စည်းမျဉ်းများ၏ ပုဒ်မ (၃၇)၊ အပိုဒ် (၂) ကို သေချာစွာ ပြန်လည်ဖတ်ရှုပါ။]
[ဟင်းလင်းပြင်အတွင်း တားဆီးမရနိုင်သော အခြေအနေများ (စည်းမျဉ်းအပြောင်းအလဲများ၊ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် ဒေသတွင်း ထိပ်တန်းအင်အားစုများ၏ ဝင်ရောက်စွက်ဖက်မှုများ အပါအဝင်) ကြောင့် မမျှော်လင့်ထားသော ကိစ္စရပ်များ ဖြစ်ပွားပြီး ခရီးသွားများ သို့မဟုတ် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းများ ဖြစ်ပေါ်ခဲ့ပါက ၎င်းတို့ ဝယ်ယူထားသော ဟင်းလင်းပြင်ခရီးသွား မတော်တဆမှုအာမခံ ပမာဏနှင့်အညီ လျော်ကြေးငွေ ပေးအပ်သွားမည် ဖြစ်ပါသည်။]
ကျန်းယဲ့၏ မေးခွန်းထုတ်မှုအပေါ် စနစ်က မကျေမနပ်ဖြစ်သွားဟန်ဖြင့် ရှားရှားပါးပါး စကားအနည်းငယ် ထပ်မံရှင်းပြလာသော်လည်း ၎င်း၏ လေသံက ရေခဲတမျှ အေးစက်နေဆဲပင်။
[လက်ခံသူ... လက်တွေ့ဘဝကို ရင်ဆိုင်ပါ။]
[ဟင်းလင်းပြင်ခရီးသွားခြင်း အပါအဝင် မည်သည့် ခရီးသွားလာမှုမျိုးမဆို ရာနှုန်းပြည့် ဘေးကင်းလုံခြုံသည်ဟူ၍ မရှိနိုင်သလို ဖြစ်ပေါ်လာနိုင်သော အန္တရာယ်အားလုံးကို ကြိုတင်ခန့်မှန်းပြီး ရှောင်ရှားနိုင်ရန်ဆိုသည်မှာလည်း မဖြစ်နိုင်ပါ။ မမျှော်လင့်ထားသော အခြေအနေများဆိုသည်မှာ ယေဘုယျအားဖြင့် ဖြစ်နိုင်ခြေနည်းပါးသော ဖြစ်ရပ်များသာ ဖြစ်ပါသည်။]
[ဤစနစ်၏ အဓိကရည်ရွယ်ချက်မှာ ဟင်းလင်းပြင် ခရီးသွားလာရေး ဝန်ဆောင်မှုများနှင့် အခြေခံလုံခြုံရေးကို ထောက်ပံ့ပေးရန်သာဖြစ်ပြီး အကြွင်းမဲ့ ဘေးကင်းလုံခြုံသော ပိုးမွှားကင်းစင်သည့် ဖန်လုံအိမ်တစ်ခုကို ဖန်တီးပေးရန် မဟုတ်ပါ။]
ကျန်းယဲ့ - "........"
ဟုတ်ပေသည်။ သူ၏ ခရီးစဉ်များက တစ်လျှောက်လုံး ချောမွေ့နေခဲ့ပြီး အကြီးမားဆုံးသော အန္တရာယ်များဆိုသည်မှာလည်း အသေးအဖွဲ ကိစ္စလေးများမျှသာ ဖြစ်ခဲ့သည်။ ထို့ကြောင့် စနစ်တွင် အာမခံ လျော်ကြေးငွေဆိုသည်များ ရှိကြောင်းကို သူ လုနီးပါး မေ့လျော့နေခဲ့ပြီး ခရီးသွားလမ်းညွှန်ချက်များထဲရှိ တားဆီးမရနိုင်သော အခြေအနေများဆိုသည့် ရှုပ်ထွေးလှသော စည်းကမ်းချက်များကို မသိစိတ်မှ လျစ်လျူရှုထားမိခဲ့ခြင်း ဖြစ်၏။
ယခင်အဆင့်မြှင့်တင်မှု ပြုလုပ်စဉ်က စနစ်ပြောခဲ့သည့် စကားတစ်ခွန်းကို သူ ပြန်လည်သတိရသွားမိသည်။ လက်ခံသူများစွာမှာ အထွေထွေရမှတ်များ နိမ့်ကျနေကြပြီး ပိုမိုအဆင့်မြင့်သော လုပ်ပိုင်ခွင့်များကို ဖွင့်လှစ်ရန် လိုအပ်ချက်များနှင့် မကိုက်ညီခဲ့ကြပေ။
ကျယ်ဝန်းပြီး ကွဲပြားစုံလင်လှသော ကမ္ဘာကြီးများတွင် တားဆီးမရနိုင်သော အခြေအနေများ နှင့် မတော်တဆမှုများမှာ သူတို့ တွေးထင်ထားသည်ထက် များစွာ ပိုမိုများပြားနေပုံရသည်။
အခြေခံ အကာအကွယ်ပေးမှုဆိုသည်မှာ ရာနှုန်းပြည့် အကာအကွယ်ပေးမှု နှင့် မတူညီချေ။
ထိုက်ရွှီဆရာတော်တို့ ကြုံတွေ့နေရသည့် အခြေအနေက ဤအချက်အတွက် အကောင်းဆုံး ဥပမာတစ်ခုပင် ဖြစ်၏။
ကမ္ဘာတစ်ခု၏ ထိပ်တန်းအင်အားစုများက မည်သည့်စရိတ်စကကိုမဆို ပေးဆပ်ကာ ပြဿနာရှာရန် ပူးပေါင်းလာကြသောအခါ စနစ်အနေဖြင့်လည်း အရာအားလုံးကို ခြောက်ပြစ်ကင်း သဲလဲစင် အမှားအယွင်းကင်းကင်း လုပ်ဆောင်ပေးနိုင်မည် မဟုတ်ချေ။
ဤအချက်ကို နားလည်သွားပြီးနောက် ကျန်းယဲ့က ဆက်လက်၍ တွေးပူမနေတော့ပေ။
ယခုက အရာရာကို အပြစ်တင် တွေးတောနေရမည့် အချိန်မဟုတ်ဘဲ အရေးအကြီးဆုံးမှာ ပြဿနာကို ဖြေရှင်းရန်ပင် ဖြစ်သည်။
ကျန်းယဲ့က စနစ်မှတစ်ဆင့် ထိုက်ရွှီဆရာတော်ထံသို့ သတင်းစကားကို အမြန် ပေးပို့လိုက်သည်။ "ဆရာတော်... စနစ်ရဲ့ ချို့ယွင်းချက် ပြင်ဆင်ပြီးသွားပြီ။ အဖွဲ့လိုက် ပြန်လည်ခေါ်ယူခြင်းကို အချိန်မရွေး စတင်လို့ရနေပြီ.."
သူက ခဏတာ ရပ်တန့်လိုက်ပြီးနောက် ဆရာတော်အား ထပ်မံ မှာကြားလိုက်၏။ "ဒါပေမဲ့ အလောတကြီး လုပ်စရာမလိုပါဘူး။ သူတို့က ကျွန်တော့်ကို ထွက်လာအောင်လို့ ဒီလောက်တောင် ကြီးကျယ်တဲ့ ပြဇာတ်ကြီးတစ်ခု ခင်းထားမှတော့ သူတို့ ရည်ရွယ်ချက် မအောင်မြင်မချင်း ဆရာတော်တို့ရဲ့ ဘေးကင်းရေးက ပြဿနာရှိမှာ မဟုတ်ပါဘူး..."
သူ၏ အတွေးများက လျင်မြန်စွာ လည်ပတ်နေ၏။
ရှေးဟောင်းသိုင်းပညာများနှင့် ကျောချမ်းဖွယ် အင်မော်တယ်ရာချီမြို့တော်ကမ္ဘာတို့ ပေါင်းစပ်ထားမှုက အနာဂတ်တွင် အရေးအကြီးဆုံး ခရီးသွားလမ်းကြောင်းများထဲမှ တစ်ခုဖြစ်လာမည်မှာ သေချာပေါက်ပင်။
အကယ်၍ ခရီးသွားများ လာရောက်တိုင်း ဤအစွမ်းထက်သည့် တားမြစ်နယ်မြေသခင်များက ကမ္ဘာ၏ စည်းမျဉ်းများကို အသုံးချကာ ယခုကဲ့သို့ ပြဿနာရှာနေမည်ဆိုပါက ခရီးသွားများ၏ လုံခြုံရေးကို လုံးဝအာမခံနိုင်မည် မဟုတ်ဘဲ နောက်ဆုံးတွင် ဤလမ်းကြောင်းကို အစောကြီး ပိတ်ပစ်လိုက်ရလိမ့်မည်။
ယခု သူတို့ရှေ့တွင်ရှိနေသော ဤလူဆယ့်ရှစ်ဦးမှာ ဤကမ္ဘာကြီး၏ အထူးချွန်ဆုံးသော ပုဂ္ဂိုလ်များထဲတွင် ပါဝင်ချေသည်။
အကယ်၍ သူတို့နှင့် ကောင်းမွန်သော ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု တည်ဆောက်နိုင်ပါက သို့မဟုတ် အပြန်အလှန် အကျိုးရှိစေမည့် နားလည်မှုတစ်ခု ရရှိနိုင်ပါက ၎င်းက အနာဂတ်တွင် ဤကမ္ဘာသို့ ဝင်ရောက်လာမည့် ခရီးသွားအားလုံးအတွက် အားကောင်းသော အကာအကွယ် ထီးကြီးတစ်လက် ဖြစ်လာလိမ့်မည်။
ခေါင်းထဲတွင် အတွေးမျိုးစုံ ဖြတ်ပြေးသွားပြီးနောက် ကျန်းယဲ့က စနစ်ကို တိုက်ရိုက် မေးလိုက်သည်။ "စနစ်... ငါ ဝိညာဥ်သောင်ချီမြို့တော်ကို ကိုယ်တိုင် သွားလို့ ရမလား..."
[ရပါတယ်။ လက်ခံသူအနေဖြင့် တစ်ကြိမ်တည်း တိကျသော ပစ်မှတ်သို့ ဆင်းသက်နိုင်ရန်အတွက် ကျော်ကြားမှုအမှတ် ၁၀၀,၀၀၀ သို့မဟုတ် ခရစနစ်အမှတ် ၁၀,၀၀၀ကို ရွေးချယ် အသုံးပြုနိုင်ပါသည်။] စနစ်က အေးစက်စက် ပြန်လည် ဖြေကြားလာ၏။
ကျန်းယဲ့က အနည်းငယ်မျှပင် တွန့်ဆုတ်မနေဘဲ ကျော်ကြားမှုအမှတ် ၁၀၀,၀၀၀ သုံးစွဲရန်ကို တိုက်ရိုက် ရွေးချယ်လိုက်သည်။
စနစ်အမှတ်များက တန်ဖိုးကြီးလှရာ ပိုမို အရေးတကြီး လိုအပ်မည့် အခြေအနေများအတွက် သိမ်းဆည်းထားခြင်းက ပိုကောင်းလေသည်။
ကျော်ကြားမှုအမှတ်များက ပိုမိုမြင့်မားသည့် အဆင့်ရှိ ကမ္ဘာများကို ဖွင့်လှစ်ရာတွင် အသုံးပြုရသည် မှန်သော်လည်း လက်ရှိတွင် ပထမဆုံး အဆင့်သုံးဆင့်ရှိ ကမ္ဘာများကို စူးစမ်းလေ့လာရသည်မှာပင် လုံလောက်နေပြီဟု ကျန်းယဲ့ ခံစားရသည်။ ဒဏ္ဍာရီဆန်ဆန် သို့မဟုတ် ခန့်မှန်း၍မရနိုင်သော အရာများ ပါဝင်လာနိုင်သည့် ပိုမိုမြင့်မားသော ဟင်းလင်းပြင် ကမ္ဘာများကို ယခုလောလောဆယ် ထိတွေ့ရန် မလိုအပ်သေးချေ။
[ကျော်ကြားမှုအမှတ် ၁၀၀,၀၀၀ သုံးစွဲရန် အတည်ပြုပြီးပါပြီ။ ဆင်းသက်မည့် ပစ်မှတ် - အင်မော်တယ်ရာချီမြို့တော် ကမ္ဘာ၊ ဝိညာဉ်သောင်းချီမြို့တော်၊ ဗဟိုယဇ်ပလ္လင်။]
ကျန်းယဲ့၏ အတည်ပြုချက်နှင့်အတူ ခရီးသွားအေဂျင်စီအတွင်း ထိုင်နေသော သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း မှုန်ဝါးလာပြီး ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်လာကာ နောက်ဆုံးတွင် ရေလှိုင်းများကဲ့သို့ တွန့်လိမ်သွားပြီး လေဟာနယ်ထဲသို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဝိညာဥ်သောင်းချီမြို့တော်၊ အရိုးယဇ်ပလ္လင်ထက်တွင်...
လေထုမှာ တင်းမာနေပြီး တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦးမှာ သည်းခံနိုင်စွမ်း ကုန်ဆုံးလာပုံရကာ သူတို့၏ ကိုယ်ပိုင်ဖိနှိပ်မှုအငွေ့အသက်များကို တမင်တကာဖြစ်စေ၊ မသိလိုက်ဘဲဖြစ်စေ စတင် ထုတ်လွှတ်လာကြသည်။
ထိတွေ့ခံစားနိုင်လောက်သည့် ကြောက်မက်ဖွယ်ကောင်းမှုကြီးက ဒီရေလှိုင်းများကဲ့သို့ ပျံ့နှံ့လာပြီး ပိတ်မိနေသူတိုင်း၏ နှလုံးသားများနှင့် ဝိညာဉ်များပေါ်သို့ လေးလံစွာ ဖိချလာ၏။
"ဖူး..."
အားနည်းလှသည့် ကစားသမားအချို့မှာ ခံနိုင်ရည်မရှိတော့ဘဲ သွေးများ အန်ထုတ်လိုက်ရပြီး သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပြာနှမ်းသွားကြရသည်။
"အ့..."
အချို့လူများမှာ ခြေထောက်များ အားပျော့သွားကာ ယိမ်းထိုးသွားကြပြီး မျက်စိဖြင့် မမြင်နိုင်သော ချုပ်နှောင်ထားသည့် အင်အားကြောင့်သာ မတ်တပ်ရပ်နေနိုင်ကြခြင်း ဖြစ်သည်။
အခြားသူများစွာမှာလည်း မျက်စိဖြင့် မမြင်နိုင်သော လက်တစ်ဖက်က သူတို့၏ လည်ပင်းကို ညှစ်ထားသကဲ့သို့ အသက်ရှူရ ခက်ခဲလာကြပြီး သူတို့၏ ဝိညာဉ်များပါ ကြောက်ရွံ့မှုကြောင့် တုန်ယင်လာကြသည်။
ကြိုတင်၍ အဆောင်လက်ဖွဲ့များ ဝတ်ဆင်ထားသော ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့သာလျှင် ဤကြောက်မက်ဖွယ် ဖိအားကြီးကို ခံနိုင်ရည်ရှိကြသည်။ သို့သော်လည်း သူတို့ပတ်ဝန်းကျင်ရှိ ကစားသမားများ၏ သနားစရာကောင်းလှသည့် အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး ၎င်းက တစ်ဖက်လူ၏ သူတို့ကို ခြိမ်းခြောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း နားလည်လိုက်ကြ၏။
ဤမျှော်လင့်ချက်ကင်းမဲ့ဖွယ် ဖိအားကြီးက အမြင့်ဆုံးသို့ ရောက်ရှိသွားချိန်တွင်...
ယဇ်ပလ္လင်အထက်ရှိ လေဟာပြင်တွင် အလွန်သိမ်မွေ့လှကာ သတိထားမိရန် ခဲယဉ်းသော လှိုင်းဂယက်လေးတစ်ခု ရုတ်တရက် ပေါ်ထွက်လာချေသည်။
ထိုလှုပ်ရှားမှုလေးက အလွန်သိမ်မွေ့လွန်းလှရာ ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့ အပါအဝင် ထိုနေရာရှိ မည်သည့် ကစားသမားကမျှ ထူးခြားမှုကို သတိမထားမိခဲ့ကြပေ။
သို့သော် စင်မြင့်ထက်တွင်မူ တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ခေါင်းမော့လာကြပြီး သူတို့၏ လျှပ်စီးကဲ့သို့ ထက်မြက်လှသည့် အကြည့်များက လေဟာပြင် လှိုင်းဂယက်ထလာသည့် နေရာဆီသို့ ချက်ချင်း စူးစိုက်သွားကြ၏။
ဤကမ္ဘာ၏ စည်းမျဉ်းများနှင့် လုံးဝ မသက်ဆိုင်သော.... သီးခြားကင်းကွာကာ နက်နဲဆန်းကြယ်သည့် အင်အားတစ်ခုက သူတို့ ပူးပေါင်းဖန်တီးထားသော စည်းမျဉ်းအတားအဆီးကြီးကို အကြမ်းပတမ်း ဖြစ်သော်လည်း ညင်သာမှုရှိစွာဖြင့် ထိုးဖောက်ဝင်ရောက်လာသည်ကို သူတို့ ရှင်းလင်းစွာ ခံစားလိုက်ကြရ၏။
အခန်း ၅၃၆ပြီး၏။