အခန်း ၅၃၇
Vol. 54 Ch. 537
အခန်း (၅၃၇) တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦး
နောက်တစ်စက္ကန့်တွင် မရေမတွက်နိုင်သော ထိတ်လန့်တုန်လှုပ်နေသည့် အကြည့်များအောက်၌ လေဟာပြင် လှိုင်းဂယက်များ၏ ဗဟိုချက်မှနေ၍ သတိပေးချက်တစ်စုံတစ်ရာမရှိဘဲ အရပ်ရှည်ရှည်နှင့် ကြော့ရှင်းလှသော ပုံရိပ်တစ်ခုက လေထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုသူက လက်မောင်းအထိ ပေါ့ပါးစွာ ခေါက်တင်ထားသော ရိုးရှင်းသည့် ဝါဂွမ်းရှပ်အင်္ကျီအဖြူရောင်နှင့် ကာကီရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး သူ၏ နှာတံပေါ်တွင် သေသပ်လှပသော ရွှေရောင်ကိုင်း မျက်မှန်တစ်လက်ကို တပ်ဆင်ထား၏။
သူ၏ ကိုယ်ဟန်က မတ်မတ်မတ်မတ်နှင့် အရပ်ရှည်ကာ သန့်ရှင်းသပ်ရပ်ပြီး အဆင့်အတန်းရှိသည့် အသွင်အပြင်ရှိသည်။ သူ၏ ဖြူဝင်းပြီး ချောမောသော မျက်နှာပေါ်တွင် နူးညံ့သည့် အပြုံးတစ်ခု ခိုတွဲနေ၏။
သူ၏ထံမှ ပညာတတ်တစ်ဦး၏ ကြော့ရှင်းမှုနှင့် အေးချမ်းမှုတို့ ထွက်ပေါ်နေပြီး ၎င်းက သူ၏ပတ်ဝန်းကျင်ရှိ မှုန်မှိုင်း၊ ကြောက်မက်ဖွယ်ကောင်းကာ သွေးထွက်သံယိုများပြီး ဖိနှိပ်မှုများပြည့်နှက်နေသည့် ပတ်ဝန်းကျင်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေချေသည်။
တက္ကသိုလ် စာကြည့်တိုက်တစ်ခု သို့မဟုတ် တိတ်ဆိတ်အေးချမ်းသော ကော်ဖီဆိုင်လေးတစ်ခုတွင်သာ ရှိနေသင့်သည့် အနုပညာဆန်ဆန် လူငယ်လေးတစ်ဦးက ငရဲပြည်သို့ မတော်တဆ ရောက်ရှိလာသကဲ့သို့ပင်။
ဤမျှော်လင့်မထားသော မြင်ကွင်းက ယဇ်ပလ္လင်ပေါ်ရှိ ကစားသမားအားလုံးကို အံ့သြမှင်သက်သွားစေခဲ့သည်။ သူတို့အားလုံး မျက်လုံးကြီးများ ပြူးကာ ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်စွာ လေပူများ မှုတ်ထုတ်လိုက်ကြ၏။
"သူ... သူက ဘယ်သူလဲ..."
"သူက ဘယ်လိုလုပ် ပေါ်လာတာလဲ..."
"စည်းမျဉ်းတွေ ချမှတ်ထားတယ် မဟုတ်ဘူးလား... သူက ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ..."
စင်မြင့်ပေါ်တွင် ရှိနေကြသော မြို့စားကြီးကျောက် အပါအဝင် တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦးစလုံးက တစ်ဖက်လူ ပေါ်လာနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားပြီး ဖြစ်သည်။ သို့သော် သူတို့ ပူးပေါင်းဖန်တီးထားသည့် စည်းမျဉ်းအတားအဆီးကြီးက ဘာမှမဟုတ်သည့်အလား ယဇ်ပလ္လင်၏ ဗဟိုချက်သို့ ထိုမျှ လွယ်ကူရုတ်တရက်စွာ ရောက်ရှိလာသည်ကို မြင်လိုက်ရချိန်တွင် သူတို့၏ တုန်လှုပ်မှုကလည်း ကစားသမားများထက် မလျော့နည်းခဲ့ချေ။
အထူးသဖြင့် အမြဲတမ်း သရော်လှောင်ပြောင်လိုသည့် အေးစက်စက် အရိပ်အယောင်များ ရှိနေတတ်သော မြို့စားကြီးကျောက်၏ ဖီးနစ်မျက်ဝန်းများတွင် ပထမဆုံးအကြိမ်အဖြစ် ဖုံးကွယ်မထားနိုင်သော အစစ်အမှန် လေးနက်တည်ကြည်မှုများ ပေါ်လွင်လာရသည်။
ကျန်းယဲ့၏ အကြည့်များက အခန်းတစ်ခုလုံးကို ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် ထင်ရှားသော အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် မြို့စားကြီးကျောက်ထံတွင် နောက်ဆုံး ရပ်တန့်သွားခဲ့သည်။ သူ၏ ဖြူဝင်းချောမောသော မျက်နှာထက်တွင် နူးညံ့သည့် အပြုံးတစ်ခုက ရှိနေဆဲဖြစ်ပြီး မိတ်ဆွေဟောင်းတစ်ဦးနှင့် မတော်တဆ ဆုံတွေ့လိုက်ရသကဲ့သို့ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
"မြို့စားကြီးကျောက်... မတွေ့ရတာ ကြာပြီပဲ။ ဒီလောက်တောင် နွေးနွေးထွေးထွေး ဖိတ်ခေါ်ရအောင် ဘာကိစ္စများ ရှိနေလို့လဲ..."
သူ စကားပြောလိုက်သည့် အခိုက်အတန့်မှာပင် သူတို့ကို အသက်ရှူကြပ်စေပြီး မျှော်လင့်ချက်ကင်းမဲ့သွားစေလောက်အောင် ဖိနှိပ်ထားသည့် ကြောက်မက်ဖွယ် ဖိအားကြီးမှာ ရေခဲနှင့် နှင်းများ အရည်ပျော်သွားသကဲ့သို့ အရိပ်အယောင်ပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း ယဇ်ပလ္လင်ပေါ်ရှိ ကစားသမားအားလုံး အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ကြသည်။
"ဖိအားတွေ... ဖိအားတွေ ပျောက်သွားပြီ..."
"သူပဲ... သူလုပ်လိုက်တာလား..."
"ဘုရားရေ... ဒီလူက ဘယ်သူကြီးလဲ..."
...
ကျန်းယဲ့ ဤမျှ ပေါ့ပေါ့ပါးပါး ပေါ်လာပြီး သူတို့၏ ဖိနှိပ်မှုအငွေ့အသက်များကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်ကို တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦး မြင်တွေ့လိုက်ရချိန်တွင် သူတို့၏ စိတ်ထဲ၌ သက်သာရာရသွားခြင်း အလျဉ်းမရှိဘဲ ပို၍ပင် လေးနက်တည်ကြည်သွားကြသည်။
သူတို့က တစ်ဖက်လူ၏ စွမ်းရည် အနက်အရှိုင်းကို လုံးဝ ခန့်မှန်း၍ မရနိုင်တော့ချေ။
ကျန်းယဲ့က သူတို့၏ ရှုပ်ထွေးနေသော ခံစားချက်များကို သတိမထားမိဟန် ရှိသည်။ သူ၏ အကြည့်များက မျက်စိဖြင့်မမြင်နိုင်သော အင်အားတစ်ခုဖြင့် ချည်နှောင်ခံထားရဆဲဖြစ်သည့် ယဇ်ပလ္လင်ပေါ်သို့ ပေါ့ပေါ့ပါးပါး ကျဆင်းသွားပြီး တည်ငြိမ်စွာ ပြောလိုက်၏။ "ခင်ဗျားတို့အားလုံး ပူးပေါင်းဆင်ထားတဲ့ ဒီကျော့ကွင်းက တော်တော်လေး ကုန်ကျစရိတ် များမှာပဲ။ မြန်မြန် ပြန်ရုတ်သိမ်းလိုက်သင့်တယ်။ ဘာလို့ ကိုယ့်ခွန်အားတွေကို အလကား အကုန်ခံနေမှာလဲ..."
ထိုစကားကို ကြားသောအခါ တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦးစလုံး၏ မျက်နှာအမူအရာများ အနည်းငယ် ပြောင်းလဲသွားကြရသည်။
ဤစည်းမျဉ်းအတားအဆီးကြီးကို ဖန်တီးရန် သူတို့ ပူးပေါင်းခဲ့ကြပြီး သူတို့တစ်ဦးချင်းစီတိုင်းက သူတို့၏ မူလစွမ်းအင်များ ခန်းခြောက်သွားသည်အထိ ကြီးမားသော တန်ဖိုးတစ်ခုကို အမှန်တကယ် ပေးဆပ်ခဲ့ရခြင်း ဖြစ်၏။
ယခုတော့ ပစ်မှတ်ထားရာလူက တကယ်ရောက်လာပြီဖြစ်ပြီး သူတို့ မျှော်မှန်းထားသည်ထက် များစွာ သာလွန်သည့် စွမ်းရည်များကို ပြသနေပြီဖြစ်ရာ ဤအတားအဆီးကြီးကို ဆက်လက် ထိန်းသိမ်းထားရန် မလိုအပ်တော့ချေ။
ပို၍ အရေးကြီးသည်မှာ ကျန်းယဲ့ကို ရှာဖွေရသည့် သူတို့၏ ရည်ရွယ်ချက်က တိုက်ခိုက်ရန် မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ရန်သာ ဖြစ်သည်။
အင်အားကြီးမားလှသည့် အရှင်သခင်ဆယ့်ရှစ်ဦးက အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မျက်ဝန်းများမှတစ်ဆင့် အချင်းချင်း တိတ်တဆိတ် နားလည်မှုတစ်ခုကို ချက်ချင်း ရယူလိုက်ကြသည်။
မြို့စားကြီးကျောက်က တိတ်ဆိတ်မှုကို ပထမဆုံး စတင်ဖြိုခွင်းလိုက်ပြီး အားရပါးရ ရယ်မောလိုက်သည်။ ထိုအသံက ဤကျောချမ်းဖွယ် နေရာကြီးတွင် အထူးတလည် နားဝင်ဆိုးနေသယောင် ရှိ၏။ "ဟားဟား... မိတ်ဆွေလေးက တကယ်ကို ပြတ်သားတဲ့သူပဲ။ အခု မင်းရောက်လာမှတော့ ဒီနေရာက စကားပြောဖို့ မသင့်တော်ပါဘူး။ ကျုပ်တို့တွေ စကားပြောရအောင် မြို့စားကြီးစံအိမ်ကို ပြောင်းသွားကြရင်ရော..."
ကျန်းယဲ့က အလွယ်တကူပင် သဘောတူလိုက်ပြီး ပြုံး၍ ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်လည်း မြို့စားကြီးကျောက်နဲ့ တခြားသူတွေကို ဒုက္ခပေးရတော့မှာပေါ့.."
ထို့နောက် သူက ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့ဘက်သို့ လှည့်ကာ ဆရာတော်အား မှာကြားလိုက်၏။ "ဆရာတော်... မြို့ထဲမှာ ဆက်ပြီး လေ့လာစူးစမ်းလိုက်ကြပါ။ ဂရုတစိုက် သွားကြနော်.."
ချယ်ဇီထုံ၊ ယွင်ဝမ်လင် နှင့် ကျုံးရှီဟုန် အပါအဝင် ခရီးသွားသုံးဆယ်မှာ ကျန်းယဲ့ ပေါ်လာပြီး စကားအနည်းငယ်ဖြင့် အကျပ်အတည်းကို ဖြေရှင်းလိုက်သည်ကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ် တားမြစ်နယ်မြေသခင်ဆယ့်ရှစ်ဦးကပင် သူ့ကို အလွန် ရိုသေလေးစားစွာ ဆက်ဆံနေကြ၏။ ထိုအခိုက်အတန့်တွင် သူတို့၏ လုံခြုံမှုခံစားချက်များက ချက်ချင်းပင် တဟုန်ထိုး မြင့်တက်လာခဲ့သည်။
သူတို့က ကျောပြင်များကို မတ်လိုက်ကြပြီး "ဒါရိုက်တာကျန်းသာ ရှိနေရင် ငါတို့က ဘယ်တစ္ဆေ... ဘယ်မိစ္ဆာကိုမှ ကြောက်စရာမလိုဘူး" ဟူသော ယုံကြည်မှုနှင့် ဂုဏ်ယူဝင့်ကြွားမှုများ ထွက်ပေါ်လာကြသည်။
ဘေးပတ်ဝန်းကျင်ရှိ ကစားသမားများမှာ တားမြစ်နယ်မြေသခင်များနှင့် တန်းတူညီမျှသာမက အနည်းငယ်ပင် လွှမ်းမိုးထားနိုင်သည့် ကျန်းယဲ့၏ စကားပြောဆိုမှုများကို နားထောင်ရင်း သူ၏အပေါ်သို့ လေးစားကြည်ညိုမှုများ ပိုမိုပြည့်နှက်လာကြသည်။
တိမ်တိုက်များ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် ပြိုင်ဘက်ကင်း အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို မော့ကြည့်နေရသကဲ့သို့ သူတို့၏ မျက်ဝန်းများတွင် ထက်သန်မှုနှင့် ရိုသေကြောက်ရွံ့မှုများ အပြည့်အဝ ရှိနေကြ၏။
ကျန်းယဲ့က မြို့စားကြီးကျောက်အား လက်ဟန်ပြလိုက်ပြီး "မြို့စားကြီးကျောက်... ကျေးဇူးပြုပြီး လမ်းပြပေးပါ" ဟု ပြောလိုက်သည်။
မြို့စားကြီးကျောက်က ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် အခြားသော တားမြစ်နယ်မြေသခင် ဆယ့်ခုနစ်ဦးနှင့်အတူ ကျန်းယဲ့အား ဝိညာဉ်သောင်းချီမြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ အခမ်းနားဆုံးနှင့် အကြောက်မက်ဖွယ်အကောင်းဆုံးသော နန်းတော်ကြီးဆီသို့ ခြံရံခေါ်ဆောင်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် လမ်းမများပေါ်၌ လျှောက်သွားနေကြပြီး အဆောက်အဦးများ၏ အရိပ်ထဲတွင် ပုန်းအောင်းနေကြသော ထူးဆန်းကျောချမ်းဖွယ် သတ္တဝါအမျိုးမျိုးမှာ ဤမြင်ကွင်းကို မြင်လိုက်ရချိန်တွင် အံ့အားသင့်သွားကြသည်။
အငြိုးအတေးများနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်နေသော သူတို့၏ မျက်လုံးများအားလုံးက ကျန်းယဲ့ထံသို့ စူးစိုက်သွားကြပြီး သူတို့၏ အကြည့်များတွင် အလွန်အမင်း တုန်လှုပ်မှု၊ သိချင်စိတ်နှင့် နက်ရှိုင်းသော စိုးရိမ်ကြောက်ရွံ့မှုများ ပြည့်လျှံနေ၏။
တားမြစ်နယ်မြေသခင်ဆယ့်ရှစ်ဦး၏ ခြံရံမှုကို ရရှိရုံသာမက သူတို့ကိုပင် သာလွန်သည့် ဟန်ပန်ဖြင့် ဦးဆောင်နေနိုင်သည့် အသွင်အပြင်အားဖြင့် တည်ငြိမ်ကာ သာမန်ဟုထင်ရသော ဤလူငယ်လေးက ရိုးရှင်းသော ဇာတ်ကောင်တစ်ဦး ဖြစ်နိုင်ပါ့မလား...။
သူ၏ထံမှ အစွမ်းထက်သည့် စွမ်းအင်လှိုင်းများ ထွက်ပေါ်နေခြင်း မရှိသော်လည်း ပို၍ပင် မှန်းဆရခက်သည့် အနက်အရှိုင်း ရှိနေပုံရသည်။
မရေမတွက်နိုင်သော အရိုးစုများနှင့် နာကြည်းချက်များဖြင့် တည်ဆောက်ထားသည့် ဝိညာဉ်သောင်းချီမြို့တော်၏ အဓိက ခန်းမဆောင်ကြီးသို့ ရောက်ရှိသွားချိန်တွင် အာဏာနှင့် အင်အားကို ကိုယ်စားပြုသည့် မူလကရှိနေသော ပလ္လင်ဆယ့်ရှစ်ခု၏ ဘေးတွင် အလားတူ ထူးခြားဆန်းကြယ်လှသော ကျောက်စိမ်းနက် ကုလားထိုင်အသစ်တစ်ခုက ပေါ်ထွက်နေပြီ ဖြစ်သည်။
ကျန်းယဲ့က သဘာဝကျကျပင် အဓိကခေါင်းဆောင်နေရာ၏ အောက်ဘက် ဘယ်ဘက်ခြမ်းရှိ ပထမဆုံးနေရာတွင် ထိုင်ရန် ဖိတ်ကြားခံလိုက်ရ၏။
သူက တည်ငြိမ်စွာ ထိုင်ချလိုက်ပြီး တားမြစ်နယ်မြေသခင်ဆယ့်ရှစ်ဦးထဲမှ မည်သူကမျှ ၎င်းကို မှားယွင်းနေသည်ဟု မခံစားရချေ။ တကယ်တော့ သူတို့အားလုံးက ၎င်းကို အပြည့်အဝ ယုတ္တိတန်သည်ဟုပင် တွေးထင်နေကြသည်။
မြို့စားကြီးကျောက်က ကျန်းယဲ့၏ မျက်နှာချင်းဆိုင် ညာဘက်ခြမ်းရှိ ပထမဆုံးနေရာတွင် ထိုင်လိုက်၏။
လူဆယ့်ကိုးဦး နေရာယူပြီးနောက် ထူးဆန်းစွာ ဝတ်ဆင်ထားသော်လည်း အေးစက်တည်ငြိမ်သည့် အစေခံများက ချက်ချင်းပင် လက်ဖက်ရည်နှင့် မုန့်များကို လာရောက် တည်ခင်းပေးကြသည်။
အဓိကခေါင်းဆောင်နေရာတွင် ထိုင်နေသည့် ဝိညာဉ်သောင်းချီမြို့တော်၏ မြို့စားကြီးက ဝိညာဉ်တစ်သောင်း၏ တီးတိုးပြောသံကဲ့သို့ အသံဖြင့် ပြောလိုက်သည်။ "မိတ်ဆွေလေးကျန်း... စိတ်ချလက်ချ သုံးဆောင်ပါ။ ဒီလက်ဖက်ရည်နဲ့ မုန့်တွေက ယင်စွမ်းအင်တွေနဲ့ ဖန်တီးထားတာဖြစ်ပြီး လူသားတွေ စားသုံးဖို့ သင့်တော်ပါတယ်..."
သူက ခဏတာ ရပ်တန့်လိုက်ပြီးနောက် အနည်းငယ် ရိုသေလေးစားသည့်ဟန်ဖြင့် မေးလိုက်၏။ "ကျုပ်က မိတ်ဆွေလေးရဲ့ နာမည်ကို မသိရသေးဘူးလေ..."
ကျန်းယဲ့၏ အကြည့်များက မုန့်များပေါ်သို့ ကျဆင်းမသွားချေ။ ထို့အစား သူက ဝိညာဉ်သောင်းချီမြို့စားကြီး၏ မျက်ဝန်းများကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော့် မျိုးရိုးနာမည်က ကျန်း... နာမည်က ယဲ့လို့ ခေါ်ပါတယ်။ ဒါရိုက်တာကျန်းလို့လည်း ခေါ်လို့ရပါတယ်..."
"ကျန်းယဲ့... ဒါရိုက်တာကျန်း..." ဝိညာဉ်သောင်းချီမြို့စားကြီးက ထပ်ခါ ရေရွတ်လိုက်ပြီးနောက် သူ့ကိုယ်သူ တရားဝင် မိတ်ဆက်လိုက်သည်။ "ကျုပ်က လီယိုမင်... ဝိညာဉ်သောင်းချီမြို့တော်ရဲ့ မြို့စားကြီးပါ။"
ထို့နောက် ချက်ချင်းဆိုသလိုပင် မြို့စားကြီးကျောက်က ပြုံး၍ ပြောလာ၏။ "အင်မော်တယ်ရာချီမြို့တော်၊ ကျောက်ဝူမြန်..."
ထို့နောက် ကျန်ရှိနေသော တားမြစ်နယ်မြေသခင်များက အလှည့်ကျ စကားပြောလာကြပြီး သူတို့၏ အသံများ.... အချို့က အက်ကွဲကွဲ၊ အချို့က အေးစက်စက်၊ အချို့က ခမ်းနားထည်ဝါစွာဖြင့် ကျယ်ဝန်းလှသော ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
"ခေါင်းတလားတစ်ရာ တားမြစ်နယ်မြေ... အဘိုးအိုခေါင်းတလား...."
"ဝူရှန်းကျောင်းတော်... သွေးဇင်။"
"သွေးစိမ့်မြေ... အရိုးနက် သခင်မ...."
"အရိုးဖြူလွင်ပြင်... သရဲဖြူ..."
"သရဲကန်... ငရဲသခင်မ...."
...
တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦးစလုံးက သူတို့၏ နယ်မြေများနှင့် အမည်များကို ကြေညာကာ ကျန်းယဲ့အား ဤသို့ဖြင့် တရားဝင် နှုတ်ခွန်းဆက်သလိုက်ကြသည်။
အခန်း ၅၃၇ပြီး၏။