အခန်း ၅၃၈
Vol. 54 Ch. 538
အခန်း (၅၃၈) ခင်ဗျားတို့ရဲ့ ပေးဆပ်နိုင်စွမ်းက မလုံလောက်သေးဘူး
ကျန်းယဲ့က ထိုနေရာတွင်ရှိနေသော တားမြစ်နယ်မြေသခင် တစ်ဦးချင်းစီတိုင်းကို အကဲခတ်လိုက်ပြီး သူတို့၏ အမည်များနှင့် ရုပ်သွင်များကို တွဲဖက်ကာ စိတ်ထဲတွင် သေချာစွာ မှတ်သားထားလိုက်သည်။
သူတို့အားလုံးက ကျောချမ်းဖွယ်ကောင်းလှသော တားမြစ်နယ်မြေများ၏ အစစ်အမှန် အရှင်သခင်များဖြစ်ကြပြီး ဤကမ္ဘာကြီး၏ အကြီးမားဆုံးသော ခေါင်းဆောင်ကြီးများပင်။
ထို့အပြင် အနာဂတ်တွင် ရီယဲ့ခရီးသွားအေဂျင်စီ၏ ခရီးစဉ်များက သူတို့၏ နယ်မြေများသို့ မလွဲမသွေ သွားရောက်ရမည်ဖြစ်ရာ သူတို့အားလုံးက တန်ဖိုးကြီးမားလှသည့် အဆက်အသွယ်ကောင်းများ ဖြစ်လာလိမ့်မည်။
တားမြစ်နယ်မြေသခင်အားလုံး မိတ်ဆက်ပြီးသွားသောအခါ ကျန်းယဲ့က လိုရင်းကိုသာ တိုက်ရိုက် မေးလိုက်သည်။ "ဘာကြောင့်များ ခင်ဗျားတို့အားလုံး ဒီလောက်တောင် အားထုတ်ကြိုးပမ်းပြီး ကျွန်တော့်ကို ဒီကို ဖိတ်ခေါ်ရတာလဲ..."
အဓိကခေါင်းဆောင်နေရာတွင် ထိုင်နေသော ဝိညာဉ်သောင်းချီမြို့တော်၏ မြို့စားကြီး လီယိုမင်က ရှေးကျကာ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့ရသည့် အငွေ့အသက်များ ပါဝင်နေသော အသံသြသြဖြင့် ပြောလာ၏။ "ဒါရိုက်တာကျန်း... ကျုပ်တို့တွေက ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေအောက်မှာ ပိတ်လှောင်ခံထားရတာ ကြာလှပြီ။ ဒီနယ်မြေတွေရဲ့ အရှင်သခင်တွေ ဆိုပေမဲ့လည်း တကယ်တမ်းကျတော့ ကျုပ်တို့က သံကြိုးတွေနဲ့ ချည်နှောင်ခံထားရတဲ့ အကျဉ်းသားတွေနဲ့ တူတူပါပဲ။ ကျုပ်တို့ရဲ့ လှုပ်ရှားသွားလာခွင့်တွေက ကိုယ်ပိုင်တားမြစ်နယ်မြေထဲမှာပဲ ကန့်သတ်ခံထားရပြီး ဒီကျယ်ဝန်းလှတဲ့ ကမ္ဘာကြီးထဲမှာ တကယ့်ကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိကြဘူး..."
ထိုစကားကို ကြားသောအခါ ကျန်းယဲ့က မျက်ခုံးတစ်ဖက်ကို အနည်းငယ်ပင့်လိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် သံသယအရိပ်အယောင်အချို့ဖြင့် အခြားသော တားမြစ်နယ်မြေသခင်များကို ဝေ့ကြည့်လိုက်သည်။
သူ၏ အကြည့်များက "ခင်ဗျားတို့အားလုံး တစ်ယောက်အိမ် တစ်ယောက် အလည်အပတ် သွားလို့ မရဘူးဆို... ဒါပေမဲ့ ဒီနေ့တော့ အားလုံး ဒီမှာ စုဝေးနေကြတာပဲ မဟုတ်လား" ဟု မေးခွန်းထုတ်နေသကဲ့သို့ပင်။
အင်မော်တယ်ရာချီမြို့တော်မှ ကျောက်ဝူမြန်က တိုးတိတ်စွာ ရယ်မောလိုက်ပြီး စကားထောက်လာသည်။ သူ၏ အပြုံးတွင် မတတ်သာခြင်းနှင့် ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်သည့် အရိပ်အယောင်များ ပါဝင်နေ၏။ "ဒါရိုက်တာကျန်း... ခင်ဗျား ဒါကို သိထားမှာ မဟုတ်ဘူး။ ကျုပ်တို့ကြားမှာ ဆယ်နှစ်ကို တစ်ကြိမ် တစ္ဆေပွဲတော်ကာလဆိုတာ ရှိပြီး ခုနစ်ရက်လောက် ကြာတယ်။ အဲ့ဒီအချိန်ကျမှပဲ အထူးစည်းမျဉ်းတွေရဲ့ အကူအညီနဲ့ ကိုယ်ပိုင်တားမြစ်နယ်မြေကနေ ယာယီထွက်ခွာပြီး တခြားနေရာတွေကို သွားခွင့်ရှိတာ..."
"ကျန်တဲ့ ရှည်လျားလှတဲ့ နှစ်ပရိစ္ဆေဒတွေ တစ်လျှောက်လုံးမှာတော့ ကျုပ်တို့က မျက်စိနဲ့ မမြင်နိုင်တဲ့ စည်းမျဉ်းအင်အားတွေကြောင့် ကိုယ့်နယ်မြေထဲမှာပဲ ခိုင်ခိုင်မာမာ ပိတ်လှောင်ခံထားရပြီး ခြေတစ်လှမ်းတောင် ကျော်လွန်ခွင့် မရှိဘူး။ တားမြစ်နယ်မြေသခင်လို့သာ နာမည်တပ်ထားတာ... တကယ်တမ်းကျတော့ ကိုယ့်ဘာသာ စည်းဝိုင်းတစ်ခုဆွဲပြီး နေနေရတဲ့ အကျဉ်းသားတစ်ယောက်နဲ့ ဘာမှမကွာပါဘူး..."
ခေါင်းတလားပျဉ်ပြားများဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်ရှိသည့် တားမြစ်နယ်မြေမှ အဘိုးအိုခေါင်းတလားက "ဂျွတ်... ဂျွတ်..." မြည်သံများထွက်ပေါ်လာကာ အက်ကွဲကွဲအသံဖြင့် ဖြည့်စွက်ပြောလာသည်။ သူ၏ စကားလုံးများတွင် ဖုံးကွယ်မထားနိုင်သော တောင့်တမှုများ ပါဝင်နေချေသည်။
"ကျုပ်တို့တွေက ဒီထက်ပိုပြီး ကျယ်ပြန့်တဲ့ ကမ္ဘာကြီးကို မြင်တွေ့ချင်တယ်။ တခြား တားမြစ်နယ်မြေတွေကို သွားချင်တာတင် မဟုတ်ဘဲ သက်ရှိတွေ ပိုင်ဆိုင်ပြီး နေရောင်ခြည် ဖြာကျနေတဲ့ ဒဏ္ဍာရီလာနယ်မြေတွေဆီကိုပါ သွားချင်တာ.."
ကျန်းယဲ့က တိတ်ဆိတ်စွာ နားထောင်နေရင်း သူ၏ အကြည့်များက လီယိုမင်၊ ကျောက်ဝူမြန်၊ အဘိုးအိုခေါင်းတလားနှင့် အခြားသော တားမြစ်နယ်မြေသခင်များ၏ မျက်နှာများထက်သို့ ဖြည်းညှင်းစွာ ဝေ့ဝဲသွားသည်။
သူတို့၏ စကားများအရ သူတို့ ဘာလိုချင်နေသလဲဆိုတာ ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
ပထမအချက်က ဆယ်နှစ်မှ တစ်ကြိမ် ရရှိသည့် ခုနစ်ရက်တာ လွတ်လပ်ချိန်ဆိုသည့် ကန့်သတ်ချက်မှ ရုန်းထွက်ပြီး တားမြစ်နယ်မြေများအကြား ပိုမို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ရရှိရန်ပင်။
ဤအချက်ကို ကျန်းယဲ့ နားလည်ချေသည်။
မည်သူမဆို တစ်နေရာတည်းတွင် အချိန်ကြာမြင့်စွာ ပိတ်လှောင်ခံထားရပါက နေ့စဉ်ရက်ဆက် တူညီသော သေမင်းတမန်တိတ်ဆိတ်မှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ကို ရင်ဆိုင်နေရပါက အပြောင်းအလဲနှင့် လွတ်လပ်ခွင့်ကို တောင့်တလာမည်မှာ သဘာဝပင်။ အချိန်ကြာလာသည်နှင့်အမျှ အကောင်းပကတိဖြစ်နေသည့် စိတ်နေစိတ်ထားများပင် မလွဲမသွေ ပုံပျက်လာလိမ့်မည်။
သို့သော် ဒုတိယအချက်မှာ အဘိုးအို၏ စကားများထဲမှ "သက်ရှိတွေ ပိုင်ဆိုင်တဲ့ နေရာ၊ နေရောင်ခြည် ဖြာကျနေတဲ့ နေရာ" ဆိုသည့်အချက်ပင်။
သူတို့က တားမြစ်နယ်မြေများကြားတွင်သာ သွားလာလှုပ်ရှားချင်ခြင်း မဟုတ်ဘဲ ကျောချမ်းဖွယ် နယ်မြေများ၏ ကန့်သတ်ချက်များမှ လုံးဝ ရုန်းထွက်ကာ လူသားများ နေထိုင်ပြီး စည်းမျဉ်းများဖြင့် ကာကွယ်ထားသည့် ထိုသန့်စင်သော နယ်မြေများ သို့မဟုတ် ပိုမိုကျယ်ဝန်းကာ မသိရှိသေးသော ကမ္ဘာသစ်များဆီသို့ပါ ဦးတည်သွားချင်နေကြခြင်း ဖြစ်၏။
ဤရည်မှန်းချက်က ငြင်းဆို၍မရနိုင်လောက်အောင် ကြီးမားလွန်းလှသည်။
ကျန်းယဲ့က အနောက်သို့ အနည်းငယ် မှီချလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် နူးညံ့သည့် အပြုံးတစ်ခုက ရှိနေဆဲဖြစ်သော်လည်း သူ၏ မျက်ဝန်းများက ထက်မြက်သွားပြီး အဓိကပြဿနာကို တိုက်ရိုက် ထောက်ပြလိုက်၏။
"ဒီတော့ ခင်ဗျားတို့ကို ဒီကမ္ဘာနဲ့ ချည်နှောင်ထားတဲ့ စည်းမျဉ်းတွေဆီကနေ လွတ်မြောက်သွားအောင် ကျွန်တော်က ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေကြတာပေါ့..."
ဝိညာဉ်သောင်းချီမြို့တော်၏ မြို့စားကြီး လီယိုမင်က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး မြူခိုးမည်းများအောက်ရှိ သူ၏ မျက်ဝန်းများက မီးတောက်များကဲ့သို့ တောက်ပနေ၏။ "တိတိကျကျပဲ။ ဒါရိုက်တာကျန်းဆီကနေ အကူအညီ ရနိုင်ဖို့ ကျုပ်တို့ မျှော်လင့်ပါတယ်... "
ကျန်းယဲ့က ချက်ချင်း ငြင်းပယ်ခြင်း မပြုသလို အလျင်စလိုလည်း သဘောမတူခဲ့ချေ။
မရေမတွက်နိုင်သော နှစ်ကာလများစွာ အသက်ရှင်နေထိုင်ခဲ့ကြသည့် ဤရှေးဟောင်းသတ္တဝါကြီးများနှင့် ဆက်ဆံရာတွင် ကိုယ်ကျိုးစီးပွားဆိုသည်မှာသာ တစ်ခုတည်းသော အမြဲတမ်းခေါင်းစဉ်ဖြစ်ကြောင်းကို သူ အလွန် ကောင်းစွာ သိရှိထားသည်။
မျှော်လင့်ချက်များ ရှိနေသော်လည်း ဖိနှိပ်လွှမ်းမိုးမှု အပြည့်ရှိနေသည့် ဆယ့်ရှစ်ဦးသော အရှင်သခင်များ၏ အကြည့်များကို ရင်ဆိုင်ရင်း သူက ဖြည်းညှင်းစွာ နှုတ်ခမ်းဟကာ အရေးအကြီးဆုံးနှင့် လက်တွေ့အကျဆုံး မေးခွန်းတစ်ခုကို မေးလိုက်သည်။
"ဒါဆိုရင်... ကျွန်တော့်အတွက်ကော ဘာအကျိုးအမြတ်တွေ ရနိုင်မှာလဲ..."
ဝူရှန်းကျောင်းတော်၏ ဆရာတော်သွေးဇင်က လက်အုပ်ချီကာ လေးနက်စွာ ကတိပေးလာသည်။ "ဒါရိုက်တာကျန်း... အကယ်၍ ခင်ဗျားသာ ကျုပ်တို့ကို ဒီအကျပ်အတည်းကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ခင်ဗျားလိုချင်တဲ့ ဘယ်အရာကိုမဆို.... ပျောက်ဆုံးနေတဲ့ ရှေးဟောင်း သိုင်းပညာကျင့်စဉ်တွေပဲဖြစ်ဖြစ်... ရှားပါးပြီး ထူးဆန်းတဲ့ ရတနာတွေပဲဖြစ်ဖြစ်... ဒါမှမဟုတ် ကျုပ်တို့ရဲ့ လက်အောက်မှာရှိတဲ့ ဘယ်အရာကိုမဆို ခင်ဗျားအတွက် ရယူပေးနိုင်ပါတယ်။ ခင်ဗျား လိုချင်တာ မှန်သမျှ ယူနိုင်ပါတယ်..."
ရိုးရိုးသားသား ပြောရလျှင် ကျန်းယဲ့အနေဖြင့် ဤကမ္ဘာမှ အရာဝတ္ထုများကို အလွန် စိတ်ဝင်စားနေသည်မှာ အမှန်ပင်။
သူ၏ အဓိက ရည်မှန်းချက်မှာ သိုင်းပညာလျှို့ဝှက်ကျင့်စဉ် အားလုံးကို စုဆောင်းရန်ပင် ဖြစ်သည်။
၎င်းက ကမ္ဘာမြေပေါ်ရှိ လူသားများအား ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင်စေမည့် အခြေခံအုတ်မြစ်ဖြစ်ပြီး အနာဂတ်တွင် ခရစ်စတယ် စွမ်းအင်တုံးများမှ စွမ်းအင်များကို ဘေးကင်းစွာ စုပ်ယူနိုင်ရန်နှင့် တည်ငြိမ်သော ထူးကဲစွမ်းအား စနစ်တစ်ခုကို ရရှိစေရန်အတွက် အရေးပါသော မှီခိုရာ ဖြစ်လာလိမ့်မည်။ ၎င်း၏ မဟာဗျူဟာမြောက် တန်ဖိုးမှာ ခန့်မှန်း၍ပင် မရနိုင်ချေ။
ဒုတိယအချက်အနေဖြင့် ဤကမ္ဘာကြီးရှိ ကျောချမ်းဖွယ်ရာများနှင့် ထူးဆန်းသည့် စွမ်းအားများ၊ လက်နက်ကိရိယာများသည်လည်း သုတေသနပြုလုပ်ရန် အလွန် တန်ဖိုးရှိလှသည်။
အကယ်၍ ၎င်းတို့ကို ကမ္ဘာမြေသို့ ယူဆောင်သွားနိုင်ပါက မိမိကိုယ်ကို လက်နက်တပ်ဆင်ရန်ဖြစ်စေ သို့မဟုတ် ထူးဆန်းသည့် စည်းမျဉ်းများကို နက်နက်ရှိုင်းရှိုင်း သုတေသနပြုရန်ဖြစ်စေ အလွန်ကြီးမားသော အလားအလာများ ရှိနေသည်။
သို့သော်ငြားလည်း ဤအရာများက သူ ပေးဆပ်ရမည့် ဖြစ်နိုင်ခြေရှိသော ကုန်ကျစရိတ်များနှင့် စွန့်စားရမှုများနှင့် နှိုင်းယှဉ်လျှင် တန်ကြေး မရှိလှချေ။
သူတို့က ပွင့်ပွင့်လင်းလင်း ပြောလာခဲ့ပြီဖြစ်ရာ ကျန်းယဲ့ကလည်း စကားကို လှည့်ပတ်ပြောနေတော့မည် မဟုတ်ချေ။
သူက ခေါင်းကို ညင်သာစွာ ယမ်းလိုက်ပြီး သူ၏ နွေးထွေးသော အပြုံးက အနည်းငယ်မျှ ပြောင်းလဲမသွားပဲ "မလုံလောက်သေးဘူး..."
သူ၏ ငြင်းပယ်မှုကြောင့် မျက်နှာအမူအရာများ မသိမသာ ပြောင်းလဲသွားကြသော ထိုနေရာရှိ တားမြစ်နယ်မြေသခင် တစ်ဦးချင်းစီတိုင်းကို သူက တည်ငြိမ်စွာ ဝေ့ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ စတင်ပြောလိုက်၏။
"ခင်ဗျားတို့အားလုံး ပေးနိုင်တဲ့အရာတွေက ကျွန်တော့်အတွက် အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မယ်... ဒါပေမဲ့... ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးဘူး။ ဒါတွေက ဒီကမ္ဘာကြီးရဲ့ အဓိက စည်းမျဉ်းတွေကို ဝင်ရောက်စွက်ဖက်ရလောက်တဲ့အထိတော့ တန်ကြေး မရှိသေးဘူးလေ..."
ကျွန်တော့်ရဲ့ အချိန်ပေးရတာနဲ့ မတန်ဘူး.....
ဤစကားလုံး အနည်းငယ်က ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦး၏ နှလုံးသားများကို တူကြီးတစ်လက်ဖြင့် ထုချလိုက်သကဲ့သို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သည်။
ငြင်းပယ်ခံရသည့်အတွက် ဒေါသထွက်မည့်အစား သူတို့၏ အသက်ရှူသံများက ပိုမို မြန်ဆန်လာကြပြီး သူတို့၏ မျက်ဝန်းများတွင် မကြုံဖူးလောက်အောင် ထက်မြက်သော အရောင်များ တောက်ပလာကြသည်။
အထူးသဖြင့် ကျောက်ဝူမြန်၏ ဖီးနစ်မျက်ဝန်းများတွင် ထိတွေ့ခံစားနိုင်လောက်သည့် မီးတောက်များပင် တောက်လောင်လာ၏။
ကျန်းယဲ့က တိုက်ရိုက် သဘောတူညီခြင်း မရှိသော်လည်း သူ၏ စကားများအရ သူသည် ထိုသို့လုပ်ဆောင်ရန် စွမ်းဆောင်နိုင်စွမ်း ရှိသည်ဟူသော အဓိပ္ပာယ်သက်ရောက်နေချေသည်။
သူက ပေးရသည့် တန်ကြေး မလုံလောက်သေးဘူးလို့ ခံစားနေရုံ သက်သက်ပင်.....
ကျောက်ဝူမြန်မှာ အလွန်အမင်း ဝမ်းသာသွားရသည်။ သူ လောင်းကြေးထပ်ခဲ့သည်မှာ မှန်ကန်သွားခဲ့ပေပြီ။
ထိုနေ့က အချိန်နှင့် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်ပြီး စည်းမျဉ်းများစွာကို လျစ်လျူရှုနိုင်သော ထိုခရီးသည်တင် ဘတ်စ်ကားကြီးကို မြင်တွေ့လိုက်ရချိန်တွင် ထိုဘတ်စ်ကားကြီးအတွင်း ပါဝင်နေသော စွမ်းအားအဆင့်အတန်းက ဤကမ္ဘာကြီးကို ကျော်လွန်နေပြီး သူတို့ကို ပိတ်လှောင်ထားသည့် စည်းမျဉ်းများထက် များစွာ သာလွန်နေကြောင်း သူ မရေမရာ ခံစားမိခဲ့သည်။
ယခု၌ သူတို့ အိပ်မက်မက်နေခဲ့ရသော ကျော်လွန်လွတ်မြောက်နိုင်မည့် အခွင့်အရေးက ဤပြင်ပမှ ဧည့်သည်တော်ထံတွင် အမှန်တကယ် ရှိနေလေသည်။
ကိုယ်ပိုင်နယ်မြေများကို အသီးသီး စိုးမိုးထားပြီး မရေမတွက်နိုင်သော ကစားသမားများ၏ နှလုံးသားများကို ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်စေခဲ့သည့် တားမြစ်နယ်မြေသခင်ဆယ့်ရှစ်ဦးမှာ ယခုအခါ ကျန်းယဲ့၏ မရေမရာ စကားများကြောင့် ထိန်းချုပ်မရလောက်အောင် စိတ်လှုပ်ရှားမှုကို ခံစားနေကြရသည်။
သူတို့က ပိတ်လှောင်ခံထားရသည်မှာ အလွန် ကြာမြင့်နေပြီဖြစ်ရာ မည်သည့်မျှော်လင့်ချက် ရောင်ခြည်လေးမဆို သူတို့ကို ရူးသွပ်သွားစေရန် လုံလောက်နေခဲ့ပြီ ဖြစ်၏။
သို့သော် သူတို့၏ စိတ်လှုပ်ရှားမှုများနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်စွာ ကျန်းယဲ့ကမူ အကြွင်းမဲ့ တည်ငြိမ်နေဆဲပင်။
သူ တကယ် လုပ်နိုင်လို့လား...
လက်ရှိအချိန်မှာတော့ လုံးဝ မဖြစ်နိုင်သေးချေ။
စနစ်တွင် ထိုသို့လုပ်ဆောင်ရန် စွမ်းဆောင်ရည် ရှိကောင်းရှိနိုင်သော်လည်း ကုန်ကျစရိတ်မှာ ယခု သူ တတ်နိုင်သည့် ပမာဏထက် များစွာ ကျော်လွန်နေမည်ဖြစ်ပြီး စနစ်ကလည်း ကမ္ဘာ၏ အဓိက စည်းမျဉ်းများကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်မည် မဟုတ်ကြောင်း ရှင်းလင်းစွာ ပြောထားပြီး ဖြစ်သည်။
ဒါပေမဲ့ အနာဂတ်မှာရော လုပ်နိုင်လာမလား...
မသေချာချေ....
ယခုအချိန်တွင် ကျန်းယဲ့က လွတ်လပ်ခွင့်ကို တောင့်တမှုကြောင့် ရူးသွပ်လုနီးပါး ဖြစ်နေသော ဤသတ္တဝါအိုကြီးများ၏ အရှေ့တွင် မျက်စိဖြင့်မြင်နိုင်သော်လည်း ယာယီအားဖြင့် လှမ်းမမီနိုင်သေးသည့် မုန်လာဥနီလေးတစ်ဥကို တွဲလောင်းချကာ မြှူဆွယ်နေခြင်းသာ ဖြစ်၏။
ပထမဦးစွာ သူတို့ကို မရေရာသော မျှော်လင့်ချက်လေးတစ်ခုဖြင့် မြှူဆွယ်ထားပြီး ကမ္ဘာမြေမှ လူသားများနှင့် သူ၏ ခရီးသွားအေဂျင်စီ တိတ်တဆိတ် ဖွံ့ဖြိုးတိုးတက်လာစေရန် အချိန်ဆွဲထားရမည်။
ဘယ်လိုတိတိကျကျ လှည့်စားရမလဲဆိုတာ... အာ မဟုတ်ဘူး... သူတို့နဲ့ ဘယ်လို ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး ကျန်းယဲ့၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိပြီးသားပင်။
အခန်း ၅၃၈ပြီး၏။