အခန်း ၅၄၀
Vol. 54 Ch. 540
အခန်း (၅၄၀) ကိုယ်ပိုင် ရွေးချယ်မှု ပြုလုပ်ခြင်း
အကယ်၍ သူတို့သာ ဤကမ္ဘာ၏ စည်းမျဉ်းများကို ကျော်လွန်နိုင်သည့် ဥပဒေသစွမ်းအင်ကို ကျွမ်းကျင်ပိုင်နိုင်သွားခဲ့မည်ဆိုလျှင် ချည်နှောင်မှုများမှ လွတ်မြောက်နိုင်မည့် အခွင့်အရေး ရရှိရုံသာမက သူတို့၏ စွမ်းအားနှင့် တည်ရှိမှု အဆင့်အတန်းကပါ အရည်အသွေးပိုင်းအရ ကြီးမားသော ခုန်ပျံကျော်လွှားမှုတစ်ခုကို တွေ့ကြုံခံစားရလိမ့်မည်။
သူတို့ ထပ်မံ၍ မေးခွန်းများ မမေးနိုင်ခင်မှာပင် ကျန်းယဲ့က ကြိုတင်၍ ခါးသီးသော အမှန်တရားများကို ပွင့်ပွင့်လင်းလင်း ပြောချလိုက်၏။ "ဒါပေမဲ့လည်း... ကြိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြောထားရမယ့် အချက်အချို့တော့ ရှိတယ်..."
"ပထမအချက်... ခင်ဗျားတို့ကို ကျင့်ကြံခြင်းကျင့်စဉ်တွေ ပေးနိုင်တယ်။ ဒါပေမဲ့... ဘယ်လိုလေ့ကျင့်ရမလဲ... လေ့ကျင့်နေတဲ့ အချိန်အတွင်းမှာ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်သလဲ ဒါမှမဟုတ် အနာဂတ်မှာ ဘယ်လို အောင်မြင်မှုမျိုး ရရှိနိုင်မလဲဆိုတာနဲ့ ခင်ဗျားတို့ မျှော်လင့်ထားသလို ချည်နှောင်မှုတွေကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကိုတော့ ကျွန်တော် အာမမခံနိုင်ဘူး.."
"ဒုတိယအချက်... ဒီနည်းလမ်းက ကောင်းကင်ဘုံကို ကျော်လွန်တဲ့ နေရာကနေ လာတာဖြစ်ပြီး ဒီကမ္ဘာကြီးရဲ့ စွမ်းအားစနစ်နဲ့ လုံးဝ ကွာခြားတယ်။ ဒါကြောင့်မလို့ ကျင့်စဉ်တွေကြားမှာ ပဋိပက္ခတွေ ဖြစ်လာမလား ဒါမှမဟုတ် ငြင်းပယ်မှုတွေ ရှိလာနိုင်မလား.... အထူး ကျင့်ကြံရေး အခြေအနေတွေများ လိုအပ်မလားဆိုတာနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှမသိဘူး။ ပြီးတော့ ဘယ်လို လမ်းညွှန်မှုမျိုးကိုမှလည်း မပေးနိုင်ဘူး..."
"တတိယအချက်... ရွေးချယ်မှုက ခင်ဗျားတို့အပေါ်မှာပဲ မူတည်တယ်။ ဒီကျင့်စဉ်ကို စမ်းသပ်ကြည့်ဖို့ ဆန္ဒရှိလား ဒါမှမဟုတ် အဲ့ဒီအတွက် တန်ကြေးတစ်ခုခုပေးပြီး လဲလှယ်ယူဖို့ ဆန္ဒရှိလားဆိုတာကတော့ ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပါပဲ"
ကျန်းယဲ့၏ စကားများက ရှင်းလင်းပြတ်သားပြီး ထဲထဲဝင်ဝင် ရှိလှသည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူက ပိုမိုမြင့်မားသည့် ကမ္ဘာတစ်ခုမှ ဖတ်စာအုပ်တစ်အုပ်ကို ပစ်ချပေးလိုက်ရုံသာ ဖြစ်၏။ ဤ ဒေသခံ ကျောင်းသားများအနေဖြင့် ဝိညာဉ်အမြစ်ရှိမရှိ.... သူတို့ နားလည်နိုင်မလား.... ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်မလားဆိုသည်နှင့်... ၎င်းကို ကျွမ်းကျင်ပိုင်နိုင်သွားပါက သူတို့၏ လက်ရှိ ပြဿနာများကို ဖြေရှင်းနိုင်မလား ဆိုသည်မှာ...
သူ လုံးဝ ဂရုစိုက်မည်မဟုတ်သလို ဂရုစိုက်၍လည်း မရနိုင်ချေ။
ထို့အပြင် သူ ဤကမ္ဘာသို့ ခရီးသွားအဖြစ် လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ များစွာကွာခြားမှု မရှိပေ။
ရွေးချယ်မှုနှင့် စွန့်စားရမှုများအားလုံးကို တစ်ဖက်လူ၏ လက်ထဲသို့ အပြည့်အဝ လွှဲပြောင်းပေးလိုက်ခြင်းပင်။
ဖြစ်နိုင်ခြေနည်းပါးလှသည့် အခွင့်အရေးတစ်ခုကို စောင့်မျှော်ရင်း တစ်နေရာတည်းမှာပဲ ဆက်ပြီး ပိတ်မိနေတာက ပိုကောင်းမလား...
ဒါမှမဟုတ် ကိုယ်ပိုင် အရင်းအမြစ်တွေနဲ့ အချိန်တွေကို ရင်းနှီးမြှုပ်နှံပြီး အနာဂတ်အတွက် မသေချာပေမယ့် ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ လောင်းကြေးထပ်လိုက်မလား...
ဤရွေးချယ်မှုက တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦး၏ အရှေ့သို့ ကျဆင်းလာခဲ့သည်။
အဓိက ခန်းမဆောင်ကြီးအတွင်း၌ ခဏတာ တိတ်ဆိတ်သွားပြီး တားမြစ်နယ်မြေသခင်တစ်ဦးချင်းစီတိုင်း၏ စိတ်ထဲတွင် အကျိုးအပြစ်များကို ချိန်ဆနေကြလေသည်။
ထိုက်ရွှီဆရာတော်နှင့် ခရီးသွားသုံးဆယ်၏ အရှေ့သို့ ကျန်းယဲ့ ပြန်လည်ရောက်ရှိလာချိန်တွင်တော့ သူတို့ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကြောင့် အားလုံးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။
စောစောက သူတို့ကို သတ်မလိုဖြတ်မလို လုပ်နေခဲ့ကြသည့် တားမြစ်နယ်မြေသခင်ဆယ့်ရှစ်ဦးမှာ ယခုအခါ ကျန်းယဲ့နှင့်အတူ ယှဉ်တွဲလျက် လျှောက်လာကြပြီး မိတ်ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ကာ ပျော်ရွှင်စွာ စကားပြောနေကြသကဲ့သို့ ဖော်ရွေနွေးထွေးသော လေထုတစ်ခုဖြင့် စကားစမြည် ပြောဆိုနေကြ၏။
ထိုရင်းနှီးနွေးထွေးနေသည့် ဟန်ပန်များက ယခင်က ကျောချမ်းဖွယ်ကောင်းလှသော လေထုနှင့် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေချေသည်။
ကျန်းယဲ့က ရပ်တန့်လိုက်ပြီး တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦးအား ဂါရဝပြုလိုက်ကာ ရင်းနှီးကျွမ်းဝင်သည့် လေသံဖြင့် ပြောလိုက်သည်။ "နောက်ဆက်တွဲ ကိစ္စလေးတွေကို ကူညီဖြေရှင်းပေးဖို့ ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မယ်နော်..."
ဝိညာဉ်သောင်းချီမြို့တော်၏ မြို့စားကြီး လီယိုမင်က အားရပါးရ ရယ်မောလိုက်၏။ "ဒါရိုက်တာကျန်း... စိတ်ချလက်ချသာ နေပါ။ ကျုပ်တို့ သဘောတူထားပြီးသားမလို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."
ကျန်းယဲ့က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။ "လူကြီးမင်းတို့... ကျွန်တော့်မှာ အရေးတကြီး ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့ အရင်ဆုံး ပြန်လည်ထွက်ခွာခွင့် ပြုပါဦး။ ဒီမှာပဲ နေခဲ့ကြပါ... လိုက်ပို့စရာ မလိုပါဘူးဗျာ.."
"ဒါရိုက်တာကျန်း... ဂရုစိုက်သွားပါဦး..."
"ဒါရိုက်တာကျန်း နောက်တစ်ခေါက် လာရောက်လည်ပတ်မယ့် အချိန်ကို ကျုပ်တို့ မျှော်လင့်နေပါ့မယ်..."
"အချိန်ရရင် ကျုပ်ရဲ့ ခေါင်းတလားတစ်ရာ တားမြစ်နယ်မြေဆီကို စကားလာပြောဖို့ မမေ့နဲ့ဦးနော်..."
ထိပ်တန်း အရှင်သခင်ကြီး ဆယ့်ရှစ်ဦးစလုံးက နှုတ်ဆက်စကားများ အသီးသီး ဆိုလာကြပြီး သူတို့၏ စကားလုံးများတွင် ရိုးသားမှုများနှင့် မိတ်ဆွေဖွဲ့လိုသည့် ဆန္ဒများ ရှင်းလင်းစွာ ပါဝင်နေကြသည်။
ကျန်းယဲ့က ပြုံး၍ သဘောတူလိုက်ပြီးနောက် လှည့်ကာ ကြောင်အမ်းအမ်းဖြစ်နေသည့် ထိုက်ရွှီဆရာတော်နှင့် ခရီးသွားအဖွဲ့ကို ပြောလိုက်သည်။ "ဆရာတော်... ပြီးတော့ လူကြီးမင်းတို့... အစီအစဉ်အတိုင်း ခရီးစဉ်ကို ဆက်လက်သွားရောက်နိုင်ပါပြီ။ ကျွန်တော်ကတော့ အခု ပြန်နှင့်တော့မယ်..."
သူ၏ ပုံရိပ် မပျောက်ကွယ်သွားခင်လေးမှာပင် ကျန်းယဲ့၏ အကြည့်များက ခရီးသွားများကြားသို့ ပေါ့ပေါ့ပါးပါး ဝေ့ကြည့်လိုက်သယောင်ရှိပြီး ပုန်းကွယ်နေရန် ကြိုးစားနေသည့် ယင်ချင်းထံသို့ တိကျစွာ ကျဆင်းသွားခဲ့သည်။
ဒီကောင်လေးက တကယ့်ကို အိပ်နေတဲ့နဂါးနဲ့ ဖီးနစ်ငှက်ပေါက်လေး (ပြဿနာရှာမယ့်သူ) စံပြပဲ... ပုပ်နေတဲ့ ငါးတစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရတော့မယ့်ကိန်း....
တရားမျှတမှုနှင့် ကျပန်းရွေးချယ်မှုဆိုသည်ကို သေချာစေရန်အတွက် ဟင်းလင်းပြင် ခရီးသွားစနစ်က ခရီးသွားများအတွက် အမည်ပျက်စာရင်း သို့မဟုတ် ဝင်ခွင့်အတားအဆီးများကို တိုက်ရိုက် သတ်မှတ်ခွင့် မပြုထားချေ။
သို့သော် ဤကဲ့သို့ အိပ်နေတဲ့နဂါးနဲ့ ဖီးနစ်ငှက်ပေါက်လေးအတွက်မူ အံ့အားသင့်စရာခရီးစဉ်တစ်ခုတွင် ပါဝင်ခွင့်ရခြင်းက လုံလောက်နေပြီ ဖြစ်သည်။ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ်အထိ မဲပေါက်သွားလောက်အောင် သူမကို ကံကောင်းခွင့် မပေးသင့်တော့ချေ။
ထိုသို့သာ ဖြစ်လာပါက ဥပဒေကို လေးစားလိုက်နာသည့် အခြားသော ခရီးသွားများနှင့် ခရီးသွားလမ်းညွှန်များအတွက် ကြီးမားသော ဘေးဒုက္ခကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ခရီးသွားအေဂျင်စီ၏ ရေရှည် နာမည်ကောင်းနှင့် ဝန်ထမ်းများ၏ သက်သာချောင်ချိရေးအတွက် ဤကောင်လေးကို ကိုယ်တိုင်အမည်ပျက်စာရင်းသွင်းပစ်ရန် လိုအပ်နေဆဲပင်။
သေချာတာပေါ့... ဤကိုယ်တိုင်ပိတ်ပင်ခြင်းအတွက် ယခုမှ အသစ်ရရှိထားသော လုပ်ဖော်ကိုင်ဖက်များ၏ အကူအညီ လိုအပ်မည်မှာ သဘာဝပင်ဖြစ်သည်။
ဤသည်ကို စည်းမျဉ်းများကို သင့်တင့်လျောက်ပတ်စွာ အသုံးချခြင်းနှင့် စနစ်၏ ချို့ယွင်းချက်ငယ်လေးတစ်ခုကို အခွင့်ကောင်းယူခြင်းဟု သတ်မှတ်၍ ရနိုင်ချေသည်။
ကျန်းယဲ့ ထွက်ခွာသွားပြီးနောက်၊ ကျောက်ဝူမြန်၊ လီယိုမင်နှင့် အခြားသော တားမြစ်နယ်မြေသခင် ဆယ့်ရှစ်ဦး၏ တိကျသော အာမခံချက်များနှင့် တိတ်တဆိတ် ညွှန်ကြားချက်များအောက်တွင် ထိုက်ရွှီဆရာတော်နှင့် သူ၏အဖွဲ့မှာ VIP ဆက်ဆံရေးဆိုသည်မှာ မည်သို့ရှိကြောင်းကို အမှန်တကယ် ခံစားလိုက်ကြရသည်။
လွတ်လပ်စွာ သွားလာခွင့်ပေးထားသည့် အချိန်အတွင်း အခြားသော ခရီးသွားများအားလုံးက ကိုယ့်အိမ်ကိုယ့်ယာကဲ့သို့ သက်တောင့်သက်သာ ရှိနေခဲ့ကြသော်လည်း ယင်ချင်း တစ်ယောက်တည်းသာ ထူးဆန်းသည့် သတ္တဝါတစ်ကောင်၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံလိုက်ရပြီး သူ၏ ဘေးကင်းရေး အဆောင်လက်ဖွဲ့ကို ချိုးဖျက်ကာ ခရီးသည်တင် ဘတ်စ်ကားဆီသို့ စောစီးစွာ ပြန်လည် ထွက်ပြေးခဲ့ရသည်။
ထို့နောက် သူ၏ အမည်က စနစ်၏ ဝယ်ယူခွင့် ပိတ်ပင်ထားသော အမည်ပျက်စာရင်းထဲသို့ အလိုအလျောက် ရောက်ရှိသွားခဲ့တော့သည်။
ယင်ချင်း အမည်ပျက်စာရင်း အသွင်းခံလိုက်ရပြီးနောက် ကျန်းယဲ့ထံသို့ စနစ်၏ အသိပေးချက်တစ်ခု ချက်ချင်း ရောက်ရှိလာခဲ့သည်။
အမှန်ပဲ... ကိစ္စအချို့က ကိုယ်တိုင်လုပ်တာထက် တခြားသူတွေကို ခိုင်းလိုက်တာက ပိုကောင်းလေသည်။
ထို့နောက် ကျန်းယဲ့၏ အကြည့်များက ဗဟိုကွပ်ကဲရေးရွက်ဖျင်တဲထဲတွင် ခိုင်မာစွာ ထိုင်နေပြီး စစ်မျက်နှာအသီးသီးမှ အခြေအနေများကို စစ်ဆေးနေသည့် စစ်သူကြီးတစ်ဦးကဲ့သို့ စောင့်ကြည့်ရေး မျက်နှာပြင် ဆယ့်နှစ်ခုပေါ်သို့ ဝေ့ကြည့်သွားသည်။
ယေဘုယျအားဖြင့် ပြောရလျှင် အခက်အခဲအချို့ ရှိနေသော်လည်း အခြေအနေများက ထိန်းချုပ်မှုအောက်တွင် ရှိနေကြသည်။
ထိုအထဲတွင် အန္တရာယ်အများဆုံးမှာ ချန်ချင်း ဦးဆောင်သည့် နှောင်းပိုင်းကျင်းမင်းဆက် ခရီးစဉ်ပင်။
သူတို့က ဘီစီ (၂၉၀) ခုနှစ်၊ စစ်ပွဲများ ပြန့်နှံ့နေပြီး ဓားပြများ သောင်းကျန်းနေသည့် မင်းသားရှစ်ပါး ပုန်ကန်မှုကြီး မတိုင်မီကာလလေးသို့ ရောက်ရှိသွားခဲ့ကြသည်။
ကံကောင်းစွာဖြင့် ချန်ချင်းမှာ အဖွဲ့များကို ဦးဆောင်ရာတွင် အတွေ့အကြုံရှိပြီး ထူးချွန်သော တိုက်ခိုက်ရေးစွမ်းရည်များနှင့် အခြေအနေအရ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်းများ ရှိနေသည်။ သူဦးဆောင်သွားသည့် ခရီးသွား ငါးဆယ်မှာလည်း ကစဉ့်ကလျားဖြစ်နေသည့် ကမ္ဘာကြီး၏ အန္တရာယ်များကို ကောင်းစွာ နားလည်သဘောပေါက်ထားကြပြီး အားလုံးက စကားနားထောင်ကာ အမိန့်များကို မေးခွန်းမထုတ်ဘဲ လိုက်နာကြချေသည်။
သူတို့က စစ်သားများနှင့် ဓားပြအဖွဲ့အချို့နှင့် ကြုံတွေ့ခဲ့ရသော်လည်း ချန်ချင်း၏ အမိန့်ပေးကွပ်ကဲမှုအောက်တွင် ကြီးကြီးမားမား ထိခိုက်နစ်နာမှုမရှိဘဲ အခြေအနေများကို ဖြေရှင်းနိုင်ခဲ့ကြသည်။ ကျန်းယဲ့၏ အဝေးမှ ဝင်ရောက်စွက်ဖက်မှု လုံးဝမပါဘဲ အဖွဲ့အချို့ကိုပင် အနိုင်ယူကာ စစ်ပွဲမှ ရရှိသော လက်ရပစ္စည်းများကိုပါ သိမ်းဆည်းနိုင်ခဲ့ကြခေသည်။
အကယ်၍ ယင်ချင်းကဲ့သို့ အိပ်နေတဲ့နဂါးနဲ့ ဖီးနစ်ငှက်ပေါက်လေးသာ ချန်ချင်း၏ အဖွဲ့ထဲသို့ ဝင်ရောက်သွားခဲ့ပါက ဤကစဉ့်ကလျားဖြစ်နေသော ကမ္ဘာကြီးထဲတွင် တစ်ဖွဲ့လုံး ကြီးမားစွာ ဒုက္ခရောက်သွားနိုင်ချေသည်။
၎င်းနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဖန်ဖန်၏ စုန့်မင်းဆက်၊ ချန်းလုံ၏ သုံးပြည်ထောင်ခေတ် ချောင်းဝေ့မင်းဆက်၊ ချောင်ရန်ကျိ၏ ထန်ကျိန်းကွမ်ခေတ်နှင့် ကျိုးရှင်းကျီ၏ ထန်မင်းဆက် ခရီးစဉ်များမှာမူ... ဤရှေးဟောင်းယဉ်ကျေးမှုကမ္ဘာများက သမိုင်းနောက်ခံများ ကွာခြားကြသော်လည်း နှိုင်းယှဉ်ချက်အရ တည်ငြိမ်သော လူမှုပတ်ဝန်းကျင်များ ရှိကြပြီး အနည်းဆုံးတော့ အန္တရာယ်များကို ထိန်းချုပ်နိုင်ကာ ခရီးစဉ်များမှာလည်း အတော်လေး ချောမွေ့ခဲ့သည်။
ခရီးသွားများအတွက် တစ်ခုတည်းသော နှမြောတသဖြစ်စရာလေးမှာ ချောင်ရန်ကျိ၏ အဖွဲ့အနေဖြင့် ထန်ထိုက်ကျုံးဧကရာဇ်၏ အစစ်အမှန်ရုပ်သွင်ကို မြင်တွေ့ခွင့် မရလိုက်ခြင်းနှင့် ကျိုးရှင်းကျီ၏ အဖွဲ့ကလည်း ဝူဇီထျန် ဧကရီ၏ ခမ်းနားထည်ဝါမှုကို လွဲချော်ခဲ့ရခြင်းပင် ဖြစ်သည်။
သို့သော် ဤအသေးအဖွဲ စိတ်ပျက်မှုလေးမှာ ထိုခေတ်အခါကို ထင်ဟပ်စေသည့် ဒေသထွက်ကုန် အသီးသီးကို ရှာဖွေတွေ့ရှိခြင်းနှင့် သူတို့ ရရှိခဲ့သည့် သမိုင်းဝင် အတွေ့အကြုံများကြောင့် လျင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့ပြီး အားလုံးအတွက် ပြည့်စုံကြွယ်ဝသော ရိတ်သိမ်းမှုတစ်ခု ဖြစ်စေခဲ့သည်။
ဒုတိယအဆင့် ယဉ်ကျေးမှုကမ္ဘာများထဲတွင် အသက်တောင့်သက်သာ အရှိဆုံး နေရာမှာ ကျန်းခိုင်၏ ကမ္ဘာပျက်လွန် ကန္တာရလွင်ပြင် ခရီးစဉ်ပင်။
ယခင်တစ်ခေါက်က ကမ္ဘာပျက်ခေတ် စူပါမားကတ်ကို ကျော်ကြားအောင် ပြုလုပ်ပေးခဲ့သည့် ကျန်းယဲ့၏ အောင်မြင်မှုကြောင့် ဤတစ်ကြိမ် သူတို့ ပေါ်လာသည်နှင့် မျက်စိလျင်သည့် အသက်ရှင်ကျန်ရစ်သူများက ချက်ချင်း မှတ်မိသွားခဲ့ကြသည်။
ရလဒ်အနေဖြင့် မည်သူကမျှ သူတို့ကို ပြဿနာမရှာရဲရုံသာမက သူတို့ စုဆောင်းထားသည့် ခရစ်စတယ် စွမ်းအင်တုံးများနှင့် ရှားပါးပစ္စည်းများကို ရိက္ခာများနှင့် လဲလှယ်ရန် လိမ္မာရေးခြားရှိစွာ လာရောက်ခဲ့ကြသည်။
ခရီးသွားလမ်းညွှန် ကျန်းခိုင်ပဲဖြစ်ဖြစ် သူဦးဆောင်နေသည့် ခရီးသွားတွေပဲဖြစ်ဖြစ်... ဤကမ္ဘာပျက်ခေတ် ခရီးစဉ်ကြီးက ကမ္ဘာပျက်ခေတ် အားလပ်ရက် အပန်းဖြေ ဘလော့တစ်ခု ရိုက်ကူးနေရသကဲ့သို့ ပေါ့ပေါ့ပါးပါး၊ ပျော်ရွှင်စရာကောင်းပြီး မယုံနိုင်လောက်အောင် အကျိုးအမြတ်များ ရရှိခဲ့ကြသည်။
အခန်း ၅၄၀ပြီး၏။