အခန်း ၆၄
Vol. 5 Ch. 64
အပိုင်း(၆၄)
လမ်းတစ်ဖက်ရှိ ဂိုဒေါင်ထဲသို့ နစ်က ခပ်တည်တည်ဖြင့် ဝင်သွားသည်ကို မြင်လိုက်ရသောအခါ ဂျင်နီသည် အတော်လေး အံ့အားသင့်သွားခဲ့သည်။
ဘယ်သူကများ ကိုယ့်ကုမ္ပဏီ အဆောက်အအုံ၏ မျက်နှာချင်းဆိုင်တွင် အလုပ်အင်တာဗျူး လုပ်လေ့ရှိလို့နည်း။ သို့သော်လည်း... ထိန်းသိမ်းရေးခန်း၏ ခိုင်ခံ့တောင့်တင်းသော နံရံကြီးများကို မြင်လိုက်ရချိန်တွင်တော့၊ ဤနေရာသည် သာမန် ဂိုဒေါင်တစ်ခု မဟုတ်ကြောင်းကို ဂျင်နီ သဘောပေါက်သွားခဲ့သည်။
ဂိုဒေါင်၏ နံရံများနှင့် နှိုင်းယှဉ်လိုက်လျှင် ထိန်းသိမ်းရေးခန်း ၏ နံရံကြီးများက မယုံနိုင်လောက်အောင် ကြီးမားသော စွမ်းအားများကို ပိုင်ဆိုင်ထားသကဲ့သို့ ခံစားရစေသည်။ ထို့အပြင် ထိန်းသိမ်းရေးခန်း ၏ ပတ်ပတ်လည်တွင် ကြိုးဝါယာများနှင့် စက်ပစ္စည်း ကိရိယာများစွာ ပြန့်ကျဲနေခဲ့သည်။
နှစ်ပတ်ခန့် ကြာပြီးနောက်တွင်တော့ ကုမ္ပဏီ၏ အတွင်းပိုင်းကို အနည်းငယ် ပြင်ဆင်မွမ်းမံထားခဲ့ပြီး ဖြစ်သည်။
ယခုအချိန်၌ သတ္တုဖြင့် ပြုလုပ်ထားသော အနုပညာလက်ရာ အချို့ကို နေရာအနှံ့တွင် အလှဆင်ထားခဲ့ပြီး၊ စားပွဲများနှင့် ကုလားထိုင်များလည်း ယခင်ကထက် များစွာ ပိုမို များပြားလာခဲ့သည်။ အရာအားလုံးကို သန့်ရှင်းရေး လုပ်ထားခဲ့ပြီး၊ ဂိုဒေါင်၏ အစိတ်အပိုင်းများကို အခန်းများအဖြစ် ခွဲခြားရန်အတွက်လည်း ပါးလွှာသော သတ္တုနံရံ အနည်းငယ်ကို တပ်ဆင်ထားခဲ့သည်။
အခြေခံအားဖြင့် ဤအရာများ အားလုံးကို ဝင်တာ၏ တောင်းဆိုချက်အရ ပေတာ က ပြုလုပ်ထားခဲ့ခြင်းပင် ဖြစ်သည်။
နစ်သည် ဂျင်နီကို သီးသန့်ခွဲထုတ်ထားသော အခန်းတစ်ခန်း၏ တံခါးရှေ့သို့ ခေါ်ဆောင်သွားပြီး တံခါးကို ကျယ်လောင်စွာ ခေါက်လိုက်သည်။
"ဟေး ဝင်တာ... ငါ လူတစ်ယောက် ခေါ်လာတယ်..."
"ဝင်ခဲ့လေ..."
ဝင်တာက တံခါးအနောက်မှနေ၍ လှမ်းအော်လိုက်သည်။
ဂျင်နီသည် တံခါးကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်လိုက်သည်။
နစ်က တံခါးကိုဖွင့်ပြီး ဂျင်နီကို အထဲသို့ ခေါ်ဆောင်သွားလေသည်။
ဝင်တာ၏ ရုံးခန်းအတွင်းပိုင်းသည် ကုမ္ပဏီ၏ အခြားသော အစိတ်အပိုင်းများနှင့် ကွဲပြားခြားနားနေပုံ ပေါ်သည်။
ဥပမာအားဖြင့် သူ၏ ကုလားထိုင်နှင့် စားပွဲမှာ အခြားအရာများထက် များစွာ ပိုမို ကောင်းမွန်နေပြီး၊ သူ၏ အခန်းထဲတွင် စာအုပ်အမျိုးမျိုး တင်ထားသော ကြီးမားသည့် စာအုပ်စင်ကြီး တစ်ခုလည်း ရှိနေသည်။
ထိုစာအုပ်များအားလုံး နီးပါးမှာ စပက်တာ များနှင့် ပတ်သက်သော စာအုပ်များသာ ဖြစ်ကြသည်။
ဝင်တာသည် ဂျင်နီကို မြင်လိုက်ရသောအခါ၊ သူ၏ မျက်လုံးများထဲတွင် တောက်ပသော အရိပ်အယောင်လေးတစ်ခု ပေါ်လာခဲ့ပြီး သူ မတ်တတ်ရပ်လိုက်သည်။
"ကြိုဆိုပါတယ်..."
ဝင်တာက ပြုံးလျက် ဆိုသည်။
"ကျွန်တော့်နာမည်က ဝင်တာမဲဖီယွန် ပါ၊ ကျွန်တော်က ဒါ့ဒရမ် ရဲ့ ဥက္ကဋ္ဌ နဲ့ အမှုဆောင်အရာရှိချုပ် ပါ..."
ဂျင်နီသည် မျက်တောင် နှစ်ကြိမ်သုံးကြိမ်ခန့် ခတ်လိုက်သည်။
"ဒါ့ဒရမ်..."
"နစ်က ကျွန်တော်တို့ ကုမ္ပဏီရဲ့ နာမည်ကို မပြောပြထားဘူးလား..."
ဝင်တာက ပြုံးလျက် မေးလိုက်သည်။
"ဟုတ်တယ်... ကျွန်တော် မပြောရသေးဘူး..."
နစ်က ဝင်ပြောသည်။
"လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက် ကြောင့်လေ၊ သိတယ်မလား..."
ဝင်တာက ယဉ်ကျေးစွာဖြင့် တဟဲဟဲ ရယ်မောလိုက်ရုံသာ ရယ်လိုက်သည်။
"သိတာပေါ့..."
ထို့နောက် ဝင်တာသည် ဂျင်နီဘက်သို့ ပြန်လှည့်လိုက်သည်။
"ဒါဆို ခင်ဗျားက ဒါ့ဒရမ် မှာ ဇီဖစ်စွမ်းအင် ထုတ်ယူသူ အသစ်တစ်ယောက်အနေနဲ့ ဝင်ရောက်လုပ်ကိုင်မှာပေါ့၊ ဟုတ်လား..."
"ဟ... ဟုတ်ပါတယ်ရှင်..."
ဂျင်နီက စိုးရိမ်တကြီးဖြင့် ဖြေလိုက်သည်။ အကြောင်းတစ်ခုခုကြောင့်၊ သူမအတွက်တော့ ဝင်တာက နစ်ထက် များစွာပို၍ ဩဇာတိက္ကမ ကြီးမားပြီး စွမ်းအားကြီးမားသည်ဟု ခံစားရစေသည်။
"အကောင်းဆုံးပဲ..."
ဝင်တာက ဆိုပြီးနောက် ကုလားထိုင် တစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။
"ကျေးဇူးပြုပြီး ထိုင်ပါဦး... ခင်ဗျားကို မေးစရာလေး နှစ်ခုသုံးခုလောက် ရှိတယ်၊ ပြီးတော့ ဒါ့ဒရမ် အကြောင်းကိုလည်း နည်းနည်းလောက် ရှင်းပြချင်လို့ပါ..."
ဂျင်နီ ထိုင်လိုက်ချိန်တွင်၊ နစ်သည် တံခါးပေါက်မှနေ၍ အပြင်သို့ ထွက်သွားလေသည်။
"ကျွန်တော် အလုပ်သွားလုပ်လိုက်ဦးမယ်... ဟိုရူဝါကို သေချာ ဂရုစိုက်ဖို့ ပေတာ ကို ပြောလိုက်ဦးနော်..."
"ပြောလိုက်ပါ့မယ်..."
ဝင်တာက ဆိုသည်။
"ကျေးဇူးပဲ..."
နစ်က ပြောလိုက်သည်။
"တံခါးကို ဖွင့်ထားခဲ့ရမလား၊ ပိတ်ထားခဲ့ရမလား..."
"ပိတ်ထားခဲ့လိုက်..."
ဝင်တာက ဖြေသည်။ နစ်က ခေါင်းညိတ်လိုက်ပြီး တံခါးကို ပိတ်လိုက်သည်။ နစ် ဒရီမာ၏ ထိန်းသိမ်းရေးခန်း ရှိရာသို့ လျှောက်သွားစဉ်၊ ဝင်တာသည် ဂျင်နီကို ရင်းနှီးသော အပြုံးဖြင့် ကြည့်လိုက်သည်။
မိနစ်အတော်ကြာသည်အထိ ဝင်တာသည် ဂျင်နီကို မေးခွန်းများ မေးမြန်းနေခဲ့သည်။ သူမအကြောင်းကို ကြားရလေလေ၊ သူမသည် ဒါ့ဒရမ် အတွက် ပို၍ သင့်လျော်နေသည်ဟု သူ ခံစားရလေလေ ဖြစ်သည်။
'ဒီတစ်ခါတော့ နစ်တကယ် လူရွေးမှန်သွားတာပဲ'
ဝင်တာက တွေးလိုက်သည်။ နစ် ထိန်းသိမ်းရေးခန်း ထဲတွင် အိပ်ပျော်နေစဉ်၊ ဝင်တာသည် ဂျင်နီ လက်မှတ်ထိုးရန်အတွက် စာရွက် အတော်များများကို ထုတ်ယူလိုက်သည်။
စာရွက်များ အားလုံးကို လက်မှတ်ထိုးပြီးသွားသောအခါ ဝင်တာက နောက်တစ်ကြိမ် ပြုံးလိုက်ပြန်သည်။
"ကျေးဇူးပါပဲ၊ ပြီးတော့ ဒါ့ဒရမ် ကနေ ကြိုဆိုပါတယ်…”
ယခုအချိန်တွင်တော့ နစ်သည် ဒရီမာနှင့် အလုပ်လုပ်ရာတွင် အတော်လေး ကျွမ်းကျင်နေပြီဖြစ်ပြီး၊ ၎င်းနှင့် အလုပ်လုပ်ရန်အတွက် အထူးပြင်ဆင်မှုများ ပြုလုပ်ရန် မလိုအပ်တော့ပေ။
နစ် ဒရီမာနှင့် အလုပ်လုပ်နေစဉ်၊ ဝင်တာသည် ဂျင်နီ၏ အနာဂတ် အလုပ်ခွင်ဖြစ်သော ဒါ့ဒရမ် နှင့် ပတ်သက်သည့် သက်ဆိုင်ရာ အကြောင်းအရာ အားလုံးကို သူမအား ပြောပြနေခဲ့သည်။
ဝင်တာ၏ ပြောပြချက်များအရ၊ သူတို့၏ ကုမ္ပဏီကို ဒါ့ဒရမ် ဟု အမည်ပေးထားခြင်းမှာ သူတို့၏ ပထမဆုံး စပက်တာ ဖြစ်သော ဒရီမာကြောင့်ပင် ဖြစ်သည်။
နစ်က ထိုစပက်တာ ကို ဖမ်းဆီးခဲ့စဉ်က၊ သူသည် အမှောင်ထုနှင့် ဒရီမာကို ရဲရင့်စွာ ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် ဝင်တာက ဒါ့ဒရမ် ဟူသော အမည်ကို စဉ်းစားပေးခဲ့ခြင်း ဖြစ်သည်။ နစ်က ဒရီမာကို မည်သို့ ဖမ်းဆီးခဲ့သည်ဆိုသည့် အကြောင်းကို ဂျင်နီ ကြားသိရသောအခါ၊ နစ်အပေါ် သူမ၏ လေးစားမှုမှာ ပိုမို ကြီးမားလာခဲ့သည်။
ဂျင်နီသည် နစ်ကို လေးစားပြီးသား ဖြစ်သော်လည်း၊ ဆယ်ကျော်သက်အရွယ်သာ ရှိသေးသော လူတစ်ယောက်အပေါ် စစ်မှန်သော လေးစားမှုမျိုး ခံစားရရန်မှာ ခက်ခဲနေဆဲပင် ဖြစ်သည်။
သို့သော်လည်း... အိပ်မက်ဆိုး ၏ လွှမ်းမိုးမှုအောက်သို့ အကြိမ်ပေါင်းများစွာ ကျရောက်ခဲ့ရခြင်းမှာ မည်မျှ အံ့မခန်းဖွယ် ကောင်းသည်ဆိုသည်ကိုလည်း ဂျင်နီ သိရှိထားခဲ့သည်။ အချိန်တိုအတွင်း ဤသို့ မကြာခဏ ဖြစ်ပွားလေလေ၊ မြင်တွေ့ရသော ရူပါရုံများမှာ ပို၍ ရက်စက်ကြမ်းကြုတ်လာလေလေ ဖြစ်သည်။
*