← Chapters

အခန်း ၆၆

Vol. 5 Ch. 66

အခန်း ၆၆

Vol. 5 Ch. 66

အပိုင်း(၆၆)

ဂျန်နီ အိပ်ပျော်သွားသည်ကို မြင်သောအခါ နစ် ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်လိုက်၏။

'အတော်လေး အဆင်ပြေပြေ ပြီးသွားတာပဲ...'

နောက်ထပ် မိနစ်သုံးဆယ်ခန့်အထိ နစ်သည် ထိန်းသိမ်းရေးခန်းထဲတွင် စောင့်ဆိုင်းနေခဲ့၏။ ဘာမှ ထူးခြားမလာစေရန် သေချာအောင် စောင့်ကြည့်နေခြင်း ဖြစ်သည်။

မည်သည့်အရာမျှ ထူးခြားမလာခဲ့ပေ။

"ခဏနေရင် ငါ ပြန်လာခဲ့မယ်..."

နစ်က ထိန်းသိမ်းရေးခန်းထဲမှ အထွက်တွင် ဒရီမာကို ပြောလိုက်၏။

သဘာဝကျစွာပင် ဒရီမာထံမှ မည်သည့် တုံ့ပြန်သံမျှ ထွက်မလာခဲ့ပေ။

"ဘယ်လိုလဲ၊ အဆင်ပြေရဲ့လား..."

ဝင်တာက ထိန်းသိမ်းရေးခန်း အထွက်ဝတွင် ရပ်လျက် မေးလိုက်သည်။

"အကောင်းဆုံးပဲ..."

နစ်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

"သူ သိသိသာသာ ကြောက်နေပေမယ့် ထွက်မပြေးသွားဘူး... ပြီးတော့ သူ့သဘောဆန္ဒအတိုင်း ထိုင်ပြီး အိပ်သွားတယ်..."

ဝင်တာကလည်း ပြုံးလိုက်၏။

"ဒီတစ်ခါတော့ မင်း လူကောင်းတစ်ယောက် ရှာတွေ့ခဲ့ပြီပဲ နစ်..."

နစ်က ခေါင်းညိတ်ထောက်ခံလိုက်သည်။

"ဟုတ်တယ်... အားလုံး အဆင်ပြေသွားမယ်ဆိုရင်တော့ ကျွန်တော့် အဆိုင်းအပြီး နေ့လယ် နှစ်နာရီကနေ ည ဆယ်နာရီအထိ သူ ဝင်ရလိမ့်မယ်... အခု ဒရီမာနဲ့ အလုပ်လုပ်တာ ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့ဘူးလေ.. ဒါကြောင့် မနက်ဖြန်ကစပြီး မနက် ခြောက်နာရီဆို ငါ ရောက်နေပြီ..."

"အဆင်ပြေတာပေါ့..."

ဝင်တာက ဆို၏။

"အခုဆို ငါတို့ နောက်ထပ် တစ်ယောက်ပဲ လိုတော့တယ်..."

နစ်က သက်ပြင်းချလိုက်သည်။

"ဒီလို အလုပ်ခေါ် အင်တာဗျူးတွေကို ငါ ထပ်မလုပ်ချင်တော့ဘူး... ဒါပေမယ့် ဒီလိုလုပ်ရလို့လည်း ငါ လစာပိုရနေတာကိုး..."

ဝင်တာက ရယ်မောလိုက်၏။

"အလုပ်သဘောတရားက ဒီလိုပဲလေ..."

"ပေတာ ပြန်ရောက်နေပြီလား..."

နစ်က မေးလိုက်သည်။

"သူ အပြင်မှာ ရှိတယ်..."

ဝင်တာက ဖြေ၏။

နစ်သည် ခေါင်းညိတ်ပြကာ တံခါးအပြင်ဘက်သို့ ထွက်လာခဲ့သည်။ မကြာမီမှာပင် နစ်သည် ပေတာကို ရှာတွေ့သွားခဲ့၏။ ဟိုတယ်သို့ မပြန်မီ သူနှင့် အနည်းငယ် စကားပြောဖြစ်ခဲ့သည်။

ဟိုရူဝါ၏ အခန်းထဲသို့ ဝင်လိုက်သည်နှင့် နစ်၏ မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာခဲ့၏။ ထို့နောက် သူသည် ဟိုရူဝါ၏ ဘေးရှိ ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

နေ့လယ်ပိုင်း အချိန်များတွင် ထားထားလေ့ ရှိသည့် အတိုင်း ဟိုရူဝါသည် ကုတင်ပေါ်တွင် ထိုင်နေ၏။ ဘာကိုမျှ မလုပ်ဘဲ ဗလာ လေဟာနယ်ဆီသို့သာ ငေးကြည့်နေသည်။

"ဟေး... ဟိုရူဝါ... ဒီမနက် ငါ မင်းကို ပြောပြဖူးတဲ့ ဝန်ထမ်းသစ်ကို မှတ်မိလား..."

နစ်သည် ဟိုရူဝါနှင့် အတန်ကြာ စကားပြောနေခဲ့၏။ သူ၏ တစ်နေ့တာ အဖြစ်အပျက် အားလုံးကို ပြောပြနေခဲ့သည်။

ထို့နောက်တွင်တော့ နစ်သည် ဟိုရူဝါအတွက် စွပ်ပြုတ်နှင့် သောက်ရေ အနည်းငယ် သွားယူပေးခဲ့သည်။

"ငါ ချက်ချင်း ပြန်လာခဲ့မယ်... ဂျန်နီ့ကိုလည်း သွားကြည့်ရဦးမယ်..."

နစ်က ပြောကာ ဂိုဒေါင်ဘက်သို့ ပြန်ထွက်လာခဲ့၏။ သူ ထိန်းသိမ်းရေးခန်းထဲသို့ ဝင်လိုက်၏။ မည်သည့်အရာမျှ ပြောင်းလဲသွားခြင်း မရှိသည်ကို တွေ့လိုက်ရသည်။

နောက်ထပ် ရှစ်နာရီကြာသည့်တိုင်အောင် နစ်သည် ဂိုဒေါင်နှင့် ဟိုရူဝါ၏ အခန်းကြား ကူးချည်သန်းချည် လုပ်နေခဲ့၏။

နောက်ဆုံးတွင်တော့ ရှစ်နာရီ ပြည့်သွားခဲ့လေပြီ။ နစ်အတွက် ဂျန်နီ့ကို နှိုးရန် အချိန်ကျလာခဲ့သည်။

"ဟေး... ရှစ်နာရီ ပြည့်သွားပြီ..."

နစ်က ပြောလိုက်၏။

ထိုအချိန်အထိ ဒရီမာသည် ဂျန်နီ၏ အပေါ်စီးမှ ရပ်နေဆဲ ဖြစ်သည်။ ဒရီမာသည် ဂျန်နီ၏ မှိတ်ထားသော မျက်လုံးများကိုသာ စူးစိုက်ကြည့်နေခဲ့၏။ သို့သော် ခဏအကြာတွင် ၎င်း၏ ခေါင်းသည် နောက်သို့ ဖြည်းညင်းစွာ ဆုတ်သွားသည်။

ထို့နောက် နစ်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လာ၏။ ပြီးမှ ၎င်းနေရမည့် ထောင့်ဘက်သို့ ပြန်သွားလေသည်။ နစ်က ခေါင်းညိတ်ပြလိုက်ပြီး ဂျန်နီ့ထံသို့ လျှောက်သွားခဲ့သည်။

ဂျန်နီ့ကို ညင်သာစွာ ခဏမျှ လှုပ်နှိုးပြီးနောက်တွင် သူမသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့၏။ သို့သော် ရုတ်တရက်ဆိုသလို သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ တိုက်ခိုက်မည့်သူထံမှ ကာကွယ်တော့မည့်အလား သူမ၏ လက်များကို ချက်ချင်း မြှောက်လိုက်၏။

"ဝိုး ဝိုး... စိတ်အေးအေးထားပါ ဂျန်နီ..."

နစ်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

ဂျန်နီ တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွား၏။

"နစ်လား..."

သူမက ဇဝေဇဝါဖြင့် မေးလိုက်သည်။ ထို့နောက် သူမသည် လက်များကို ဖြည်းညင်းစွာ ချလိုက်၏။ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်သည်။

"ဪ၊ ဟုတ်သားပဲ..."

သူမက အော်ပြောလိုက်၏။ ထို့နောက် သူမ၏ မျက်လုံးများက ဒရီမာထံသို့ စူးစိုက်သွားသည်။ ၎င်းကို ကြည့်ရသည်မှာ ကြောက်လန့်နေဆဲ ဖြစ်၏။ သို့သော် အရင်ကလောက်တော့ မဆိုးရွားတော့ပေ။

"ပြီးသွားပြီလား..."

ဂျန်နီက မေးလိုက်၏။

"အင်း..."

နစ်က ပြန်ဖြေသည်။

"ရှစ်နာရီ ပြည့်သွားပြီ။ စပက်တာ တစ်ကောင်နဲ့ မင်းရဲ့ ပထမဆုံး အချိန်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့ပြီပဲ... ဂုဏ်ယူပါတယ်..."

ဂျန်နီသည် ယုံတောင် မယုံနိုင်အောင် ဖြစ်သွားခဲ့၏။

သူမ လုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

သူမ တကယ်ပဲ စပက်တာ တစ်ကောင်နှင့် အလုပ်လုပ်ခဲ့ပြီ ဖြစ်၏။

ဒါဆိုလျှင် သူမသည် အစစ်အမှန် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်သွားပြီဆိုသည့် သဘောလား။

သို့သော်လည်း သူမကိုယ်သူမ ဘာမှ ထူးခြားသွားသည်ဟု မခံစားရပေ။

"လာ၊ အပြင်ထွက်ကြရအောင်..."

နစ်က ပြောလိုက်၏။ ဂျန်နီသည် ဒရီမာကို ထပ်ကြည့်လိုက်၏။ ထို့နောက် နစ်၏ နောက်မှနေ၍ ထိန်းသိမ်းရေးခန်းထဲမှ ထွက်လာခဲ့သည်။

အနောက်တွင် တံခါး ပိတ်သွားသောအခါ ပခုံးပေါ်မှ ကြီးမားလှသော ဖိအားကြီး တစ်ခု ပျောက်ကွယ်သွားသလို ဂျန်နီ ခံစားလိုက်ရ၏။

"မင်း ဇီဖစ်စွမ်းအင် ဘယ်လောက် ထုတ်နိုင်ခဲ့လဲ ဆိုတာ ကြည့်ချင်လား..."

နစ်က ပြုံးလျက် မေးလိုက်သည်။ ဂျန်နီ၏ မျက်လုံးများက စိတ်ဝင်စားမှုကြောင့် ပြူးကျယ်သွား၏။ ထို့နောက် ခေါင်းညိတ်ပြလိုက်သည်။

နစ်သည် သူမကို ထိန်းချုပ်ခုံဆီသို့ ခေါ်သွားခဲ့၏။ ထို့နောက် အတိုင်းအတာပြ ဒိုင်ခွက်ကို ကြည့်လိုက်သည်။

ရလဒ်များကို မြင်လိုက်ရသောအခါ နစ်တောင် အံ့ဩသွားခဲ့၏။

"လေးဂရမ်တောင်ပဲ..."

သူက စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။

"အဲဒါ အများကြီးလား..."

ဂျန်နီက မေးလိုက်၏။

"ကုမ္ပဏီအတွက်ကတော့ လေးဂရမ်ဆိုတာ ငွေကြေး ၄,၀၀၀ နဲ့ ညီမျှတယ်..."

နစ်က ပြောသည်။

"မင်းအတွက်ဆိုရင်တော့ ငွေကြေး ၄၀၀ နဲ့ ညီမျှတာပေါ့..."

ဂျန်နီသည် ဒိုင်ခွက်ကို ကြည့်ရင်း အံ့ဩမှင်တက်သွားခဲ့၏။

ငွေကြေး ၄၀၀...

သူမ ငွေကြေး ၄၀၀ တောင် ရခဲ့ပြီ ဖြစ်သည်။

အလုပ်ချိန် ရှစ်နာရီလေး လုပ်လိုက်ရုံနှင့် ဖြစ်၏။

သည်လောက် အလုပ်လေး လုပ်လိုက်ရုံဖြင့် ဂျန်နီသည် သူမနှင့် သူမ၏ လက်တွဲဖော်အတွက် အခွန် နှစ်လစာကို ကာကွယ်နိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအရာက တကယ်ကို မယုံနိုင်စရာပင်။

"မင်း ပိုက်ဆံ ယူချင်လား..."

နစ်က မေးလိုက်၏။

ဂျန်နီသည် အနည်းငယ် အနေခက်သွားသလို ခံစားလိုက်ရ၏။ သို့သော်လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်။

"တောင်းပန်ပါတယ်... ဒါပေမယ့် ကျွန်မ တကယ် လိုအပ်နေလို့ပါ..."

"ရပါတယ်..."

နစ်က ရယ်မောရင်း ပြောလိုက်၏။

"ဝင်တာက အိမ်ပြန်သွားပြီ... ဒါကြောင့် မင်းရဲ့ပိုက်ဆံကို ငါပဲ ယူပေးလိုက်မယ်..."

နစ်သည် ဝင်တာ၏ ရုံးခန်းဆီသို့ လျှောက်သွားခဲ့၏။ သော့တစ်ချောင်းဖြင့် တံခါးကို ဖွင့်လိုက်သည်။

ဝင်တာ၏ ရုံးခန်းထဲတွင် နစ်သည် ပုံသွင်းရလွယ်ကူသော သတ္တုပြားပါးပါး တစ်ချပ်ကို ထုတ်ယူလိုက်၏။ ထို့နောက် စားပွဲပေါ်သို့ တင်လိုက်သည်။

ထို့နောက် နစ်သည် မတူညီသော သတ္တုတံဆိပ်တုံး အချို့ကို ယူလိုက်၏။ ၎င်းတို့ကို အပူပေးပြား တစ်ခုခုပေါ်တွင် အပူပေးလိုက်သည်။

နောက်ဆုံးတွင် နစ်သည် ၄၀၀ ဆိုသော ဂဏန်းကို သတ္တုပြားပေါ်သို့ ဖိနှိပ်လိုက်၏။ ထို့နောက် အောက်ခြေတွင် ဒါ့ဒရမ် ကုမ္ပဏီ၏ တရားဝင် တံဆိပ်တုံးကို ရိုက်နှိပ်လိုက်သည်။

ခဏမျှ စောင့်ဆိုင်းပြီးနောက် နစ်သည် သတ္တုပြား၏ အောက်ခြေကို ကိုင်ကာ ဆွဲခွာလိုက်၏။ အရောင်မတူသော ဒုတိယ သတ္တုပြား တစ်ချပ်သည် ပထမ သတ္တုပြားထဲမှ ကွာထွက်လာခဲ့သည်။ ဒုတိယ သတ္တုပြားပေါ်တွင်လည်း ဂဏန်း ၄၀၀ နှင့် ကုမ္ပဏီ၏ တံဆိပ် ပါရှိနေ၏။

ပထမ သတ္တုပြားသည် ပိုင်ရှင်ဖြစ်သူအား ဒါ့ဒရမ်၏ အကောင့်ထဲမှ ငွေကြေး ၄၀၀ ထုတ်ယူခွင့်ပေးသော စာရွက်စာတမ်း တစ်မျိုး ဖြစ်၏။ ဒုတိယ သတ္တုပြားကတော့ မိတ္တူပင် ဖြစ်သည်။

နစ်သည် မိတ္တူကို ဝင်တာ၏ စားပွဲပေါ်တွင် ထားရစ်ခဲ့၏။ ပထမ သတ္တုပြားကို ယူကာ ထွက်လာခဲ့သည်။

***

All Chapters