← Chapters

အခန်း ၆၉

Vol. 5 Ch. 69

အခန်း ၆၉

Vol. 5 Ch. 69

အပိုင်း(၆၉)

သီတင်းနှစ်ပတ်ခန့် ကြာပြီးနောက်တွင်တော့ နစ်သည် တတိယမြောက် ဝန်ထမ်းလောင်း တစ်ယောက်ကို နောက်ဆုံး၌ ရှာတွေ့သွားခဲ့၏။

သူ၏ နာမည်မှာ ထရီဗာ ဖြစ်သည်။ သူသည်လည်း ဆင်ခြေဖုံးရပ်ကွက်ကြီး မှ လာသူ တစ်ယောက် ဖြစ်၏။

ထရီဗာသည် မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသူ တစ်ယောက်ဖြစ်ပြီး မကြာခဏ ပြုံးစိစိ လုပ်တတ်သူ ဖြစ်ဟန်တူသည်။

သူသည် လူမှုဆက်ဆံရေး အလွန်ကောင်းမွန်၏။ လူအများ စုဝေးရာတိုင်းတွင် အချက်အချာကျသူ တစ်ယောက် ဖြစ်ပုံရသည်။

လူအချို့က သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်ဟု ထင်မြင်ကြ၏။ သို့သော် အချို့ကမူ သူ့ကို ဆွဲဆောင်မှုရှိပြီး ရယ်မောပျော်ရွှင်စရာ ကောင်းသူဟု ရှုမြင်ကြသည်။ သူသည် ဒရီမာ နှင့် ပထမဆုံးအကြိမ် တွေ့ဆုံချိန်တွင် ခါးသီးစွာ ပြုံးနေခဲ့ပြီး ဟာသတချို့ကိုသာ ဖောက်နေခဲ့၏။

ထိုအရာသည် ပြင်းထန်သော ကြောက်ရွံ့မှုနှင့် ဖိစီးမှုများသော အခြေအနေများကို သူ ရင်ဆိုင်ဖြေရှင်းသည့် နည်းလမ်းပင် ဖြစ်ပုံရသည်။ သူက ရယ်မောနေတတ်ပြီး လူတိုင်း၏ စိတ်နှလုံးကို ပေါ့ပါးသွားစေရန်သာ ကြိုးစားနေတတ်၏။

ကံကောင်းစွာဖြင့် ထရီဗာသည် ဒရီမာ နှင့် ပြဿနာမရှိဘဲ အလုပ်လုပ်နိုင်ခဲ့သည်။ ရှစ်နာရီ ကြာပြီးနောက်တွင် သူသည် စွမ်းရည်အသစ် တစ်ခုဖြင့် နိုးထလာခဲ့၏။

ဂျန်နီကဲ့သို့ပင် ထရီဗာသည်လည်း လူများကို အိပ်ပျော်သွားစေနိုင်ပြီး သူတို့၏ အိပ်မက် အချို့ကို ဝင်ရောက် လေ့လာနိုင်စွမ်း ရှိလာခဲ့သည်။

ဝင်တာသည် ထရီဗာနှင့် တွေ့ဆုံချိန်တွင် ဒရီမာ၏ စွမ်းရည်မှာ သူနှင့် အလွန်ပင် ကိုက်ညီသည်ဟု တွေးလိုက်မိ၏။

ဂျန်နီသည် အလွန် ဖြောင့်မတ်ပြီး ရိုးသားသူ ဖြစ်သည်။ ထို့ကြောင့် လှည့်စားခြင်းဆိုသည်မှာ သူမ၏ သွေးထဲတွင်ပင် မရှိပေ။

သို့သော် ထရီဗာကမူ ကွဲပြားခြားနား၏။ ထရီဗာတွင် အသံကျယ်ကျယ်နှင့် ပွင့်လင်းစွာ နေတတ်သော ကိုယ်ရည်ကိုယ်သွေး ရှိသည်။ သို့သော် သူသည် သူ၏ ရည်ရွယ်ချက်များကို ဖုံးကွယ်ရာတွင် အလွန် ကျွမ်းကျင်သူ ဖြစ်၏။

အကယ်၍ ဝင်တာသာ လျှို့ဝှက်အေးဂျင့် တစ်ယောက်ယောက် လိုအပ်လာပါက ထရီဗာသည် ဂျန်နီထက် များစွာ ပို၍ သင့်လျော်မည့်သူ ဖြစ်သည်။

ယခုမှစ၍ ထရီဗာသည် ည ဆယ်နာရီမှ နံနက် ခြောက်နာရီအထိ အဆိုင်းကို တာဝန်ယူရမည် ဖြစ်၏။ ဆိုလိုသည်မှာ ဒရီမာ ထံမှ ထုတ်လုပ်နိုင်စွမ်းသည် အမြင့်ဆုံး အလားအလာသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

တစ်နေ့လျှင် နစ်က ဇီဖစ်စွမ်းအင် ခုနစ်ဂရမ်၊ ဂျန်နီက ဇီဖစ်စွမ်းအင် လေးဂရမ်၊ ထရီဗာက ဇီဖစ်စွမ်းအင် ငါးဂရမ် အသီးသီး ထုတ်လုပ်ကြသဖြင့် စုစုပေါင်း ဇီဖစ်စွမ်းအင် ၁၆ ဂရမ် ရရှိမည် ဖြစ်သည်။

ယင်းမှာ ဒါ့ဒရမ် ကုမ္ပဏီသည် တစ်နေ့လျှင် ငွေကြေး ၁၆,၀၀၀ ရရှိနေပြီဟု ဆိုလိုခြင်းပင် ဖြစ်၏။ နောက်ထပ် တစ်လကြာသည်အထိ လူတိုင်းသည် ဒရီမာနှင့် ဆက်လက် အလုပ်လုပ်ခဲ့ကြသည်။

ထိုအချိန်တွင် ဝင်တာသည် နစ်နှင့် နောက်တစ်ကြိမ် စကားပြောလိုလာခဲ့၏။ ယခုအခါ ငွေကြေးများ ဝင်ရောက်လာပြီ ဖြစ်သလို ဒရီမာကိုလည်း အစွမ်းကုန် အသုံးချနိုင်နေပြီ ဖြစ်သောကြောင့် လုပ်ငန်းကို တိုးချဲ့ရန် အချိန်တန်ပြီ ဖြစ်သည်။ သူတို့ ဒုတိယမြောက် စပက်တာ တစ်ကောင် လိုအပ်နေပြီ ဖြစ်၏။

ဝမ်းနည်းစရာကောင်းသည်မှာ ကုမ္ပဏီအနေဖြင့် စုံစမ်းစစ်ဆေးရေးမှူး အဖွဲ့တစ်ဖွဲ့ အပြည့်အစုံ ဖွဲ့စည်းနိုင်လောက်အောင် ဝင်ငွေ မရှိသေးပေ။ ထို့ကြောင့် နောက်ထပ် စပက်တာ တစ်ကောင်ကို ရှာဖွေရန် နစ်၏ တာဝန်သာ ဖြစ်လာခဲ့ပြန်သည်။

သို့သော် ယခုတစ်ကြိမ်တွင်တော့ ယခင်လို လွယ်ကူလိမ့်မည် မဟုတ်ပေ။

အနည်းဆုံးတော့ နစ် ထိုသို့ တွေးထားခဲ့၏။

"လက်ရှိ ငါတို့မှာ အသင့်သုံးနိုင်တဲ့ ငွေကြေး ၄၀၀,၀၀၀ ကျော်လောက် ရှိတယ်။ အဲဒီတော့ နောက်ထပ် ထိန်းသိမ်းရေးခန်း တစ်ခု ထပ်ဝယ်လို့ ရပြီပေါ့..."

ဝင်တာက သူ၏ ရုံးခန်းအတွင်း နစ်၏ ရှေ့တွင် ထိုင်ရင်း ပြောလိုက်၏။

"ငွေကြေး ၄၀၀,၀၀၀ ဟုတ်လား..."

နစ်က မေးလိုက်သည်။

"ငါတို့မှာ ငွေကြေး ၂၅၀,၀၀၀ လောက်ပဲ ရှိတာ မဟုတ်ဘူးလား..."

"ငါတို့ရဲ့ ဇီဖစ်စွမ်းအင် တန်ဖိုးကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းလေးတချို့ ရှိပါတယ်..."

ဝင်တာက ဆို၏။

"ငါ့အလုပ်က အလှပြသက်သက်မှ မဟုတ်တာ... ငါသာ အလုပ်ကို သေချာ မလုပ်ဘူးဆိုရင် ဝင်လာတဲ့ ငွေကြေးတွေက အမြင့်ဆုံး အနေအထားကို ရောက်လာမှာ မဟုတ်ဘူး..."

နစ်က ခေါင်းညိတ်လိုက်သည်။ ဝင်တာ အလုပ်မလုပ်ဘူးဟု နစ် တစ်ခါမှ မသင်္ကာ မဖြစ်ခဲ့ဖူးပေ။ တစ်နေ့လုံး ဝင်တာ ဘာတွေ လုပ်နေသလဲဆိုတာကို နစ် မသိပေမယ့်လည်း သူ့ကို ယုံကြည်ထားဆဲ ဖြစ်၏။

နစ်နှင့် သူ၏ ဝန်ထမ်းနှစ်ယောက် သတိမထားမိဘဲ ဝင်တာ လုပ်ဆောင်နေသည့် အရာများစွာ ရှိနေနိုင်လောက်သည်။

"ဒါဆို ငါတို့ ထိန်းသိမ်းရေးခန်း အသစ်တစ်ခု ဝယ်ပြီး ဒုတိယမြောက် စပက်တာ တစ်ကောင် ထပ်ယူလို့ ရပြီပေါ့..."

နစ်က မေးလိုက်၏။

ဝင်တာက ခေါင်းညိတ်ပြသည်။

"ထိန်းသိမ်းရေးခန်း တွေအတွက် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခုနဲ့ ငါ ဆွေးနွေးနေခဲ့တာ။ တော်တော်လေး အဆင်ပြေတဲ့ သဘောတူညီမှုတစ်ခု ရခဲ့တယ်... ပုံမှန်အခြေအနေမှာဆိုရင် နောက်တစ်ဆင့်မြင့်တဲ့ ထိန်းသိမ်းရေးခန်း က ငွေကြေး ၁.၅ သန်းလောက် တန်တယ်... ဒါပေမယ့် သူတို့ရဲ့ ထုတ်ကုန်တွေကိုပဲ သီးသန့် ဝယ်ယူပေးမယ်ဆိုတဲ့ ကတိနဲ့ အဲဒီထဲက တစ်ခုကို ဈေးပေါပေါ ငွေကြေး ၄၅၀,၀၀၀ လောက်နဲ့ ငါ ရအောင် ယူနိုင်ခဲ့တယ်..."

နစ်၏ မျက်လုံးများမှာ အံ့ဩမှုကြောင့် ပြူးကျယ်သွားခဲ့၏။ ကုမ္ပဏီတစ်ခုတွင် တစ်ခါမှ အလုပ်မလုပ်ဖူးသူ တစ်ယောက်အနေဖြင့် ဝင်တာ၏ လုပ်ဆောင်ချက်များမှာ နစ်အတွက် အမြဲတမ်း နားလည်ရခက်နေခဲ့သည်။ ဝင်တာ အလုပ်လုပ်နေသည်ကို နစ် ယုံကြည်သော်လည်း ထိုသက်ရောက်မှုကို တကယ်တမ်း မခံစားခဲ့ရဖူးပေ။

သို့သော် အခုတော့ ဝင်တာသည် လုပ်ငန်းအပေါ် မည်မျှအထိ သက်ရောက်မှုရှိနေသည်ကို နစ် တကယ် မြင်တွေ့လိုက်ရပြီ ဖြစ်၏။

လုပ်ငန်းတစ်ခုလုံး အနေဖြင့် ဇီဖစ်စွမ်းအင် မှတစ်ဆင့် စုဆောင်းငွေ စာရင်းထဲသို့ ငွေကြေး ၂၅၀,၀၀၀ ခန့်သာ ရှာဖွေပေးနိုင်ခဲ့သည်။ သို့တိုင်အောင် ဝင်တာ၏ ကျေးဇူးကြောင့် ထိုပမာဏဟာ ငွေကြေး ၄၀၀,၀၀၀ အထိ တိုးလာခဲ့၏။

ပြီးတော့ ယခုအခါမှာလည်း ဝင်တာသည် နောက်ထပ် ငွေကြေး တစ်သန်းတန်ဖိုးရှိသည့် ပစ္စည်းကို အခြေခံအားဖြင့် ရယူပေးနိုင်ခဲ့ပြီ ဖြစ်သည်။

လူအချို့နှင့် ပါးနပ်စွာ ညှိနှိုင်းဆွေးနွေးလိုက်ရုံဖြင့် ဝင်တာသည် ကျန်ဝန်ထမ်းများအားလုံး ပေါင်းရှာထားသည့် ငွေထက် လေးဆခန့် ပိုမို ရှာဖွေပေးနိုင်ခဲ့သည်ဟု ဆိုရမည်ပင်။

သဘာဝကျစွာပင် ဝန်ထမ်းများသာ မရှိပါက ဝင်တာသည် ထိုမျှလောက် ငွေကြေးများ ရနိုင်မည် မဟုတ်ပေ။ သို့သော်လည်း ဝင်တာသည် ဒါ့ဒရမ် ကုမ္ပဏီ၏ ကြွယ်ဝချမ်းသာမှုကို များစွာ တိုးပွားလာစေခဲ့သည်မှာ အမှန်ပင် ဖြစ်၏။

"ငါ ဝယ်မယ့် ထိန်းသိမ်းရေးခန်း မှာ အလင်းရောင်ဝင်ပေါက် ပါရှိတယ်... အဲဒါကြောင့် ငါတို့ အနေနဲ့ ဖန်တီးထားတဲ့ မီးရောင်တွေ ထပ်သုံးပြီး လင်းနေအောင် လုပ်ပေးစရာ မလိုတော့ဘူး..."

ဝင်တာက ရှင်းပြ၏။

"နောက်ပြီး အဲဒီအခန်းက လူပျိုပေါက်အဆင့် စပက်တာ တွေကိုလည်း ခံနိုင်ရည် ရှိတယ်... ဒါက ဒရီမာ နဲ့ပတ်သက်ပြီး ငါတို့ရဲ့ အနာဂတ်ကိုလည်း လုံခြုံသွားစေလိမ့်မယ်..."

"ဒရီမာ ရဲ့ လျင်မြန်တဲ့ ကြီးထွားမှုကြောင့်ရယ်၊ သူ့ရဲ့ ထိန်းသိမ်းရေးခန်း ကို အမြဲတမ်း မီးလင်းနေအောင် လုပ်ပေးဖို့ လိုအပ်နေတာကြောင့်ရယ်၊ ဒရီမာ ကို ထိန်းသိမ်းရေးခန်း အသစ်ထဲ ငါ ပြောင်းထည့်လိုက်မယ်။ သူ့ရဲ့ လက်ရှိ ထိန်းသိမ်းရေးခန်း ကိုတော့ စပက်တာ အသစ်အတွက် ငါတို့ သုံးလို့ ရတယ်..."

နစ်က ခေါင်းညိတ်လိုက်သည်။ နစ်သည် လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ဒရီမာ၏ ဇီဖစ်စွမ်းအင် ထုတ်လုပ်မှု ပိုမိုများပြားလာသည်ကို သတိထားမိခဲ့၏။

ယခုအခါတွင် နစ်က ဇီဖစ်စွမ်းအင် ဆယ်ဂရမ် ထုတ်လုပ်နေပြီ ဖြစ်သည်။ ဂျန်နီက ခြောက်ဂရမ် ထုတ်လုပ်နိုင်ပြီး ထရီဗာက ရှစ်ဂရမ် ထုတ်လုပ်နိုင်နေပြီ ဖြစ်၏။

ဝန်ထမ်းများအားလုံးအတွက် ဇီဖစ်စွမ်းအင် ထုတ်လုပ်မှုမှာ တစ်ချိန်တည်းမှာပင် တိုးတက်လာခဲ့၏။ ထို့ကြောင့် ၎င်း၏ အကြောင်းရင်းမှာ စပက်တာနှင့်သာ သက်ဆိုင်နေကြောင်း ထင်ရှားပေသည်။

ဘာတွေဖြစ်နေသလဲ ဆိုသည်ကို နစ် သေချာ မသိခဲ့ပေ။ သို့သော် ဝင်တာကတော့ သိရှိနေခဲ့၏။ ဒရီမာသည် ပိုမို အစွမ်းထက်လာနေခြင်း ဖြစ်သည်။

စပက်တာတိုင်းသည် ပိုမို အင်အားကြီးမားလာရန်အတွက် အစာစားသုံးရန် လိုအပ်၏။ ဒရီမာသည်လည်း ချွင်းချက် မဟုတ်ပေ။

သဘာဝကျစွာပင် ဒရီမာ၏ စွမ်းအားသည် လူများအား အိပ်မက်ဆိုးများ ပေးခြင်းဖြင့် တိုးပွားလာခြင်း ဖြစ်၏။ ၎င်းနှင့် နှစ်လတိတိ အဆက်မပြတ် အလုပ်လုပ်ခဲ့ကြသောကြောင့် ၎င်းအတွက် အစာများစွာ ရရှိသွားခဲ့လေပြီ။

ဝင်တာ၏ တွက်ချက်မှုများအရ ဒရီမာသည် သားပေါက်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဆင့်တိုင်းတွင် အဆင့်ခွဲ ငါးခု ရှိ၏။ အစပိုင်း၊ အစောပိုင်း၊ အလယ်အလတ်၊ နှောင်းပိုင်းနှင့် အထွတ်အထိပ် တို့ ဖြစ်ကြသည်။

အဆင့်တစ်ခုစီတိုင်းသည် ယခင်အဆင့်ထက် စွမ်းအား ၁.၅ ဆခန့် ပိုမို တိုးပွားလာလေ့ရှိ၏။ ထို့ကြောင့် အစပိုင်း သားပေါက်အဆင့် တစ်ကောင်တွင် စွမ်းအား ၁ ရှိပါက အစောပိုင်း သားပေါက်အဆင့် တွင် ၁.၅ ရှိမည် ဖြစ်သည်။ အလယ်အလတ် သားပေါက်အဆင့် တွင် ၂.၃ ခန့် ရှိမည်ဖြစ်ပြီး နှောင်းပိုင်း သားပေါက်အဆင့် တွင် ၃.၄ ခန့် ရှိမည် ဖြစ်၏။ အထွတ်အထိပ် သားပေါက်အဆင့် တွင်မူ စွမ်းအား ၅ ခန့် ရှိမည် ဖြစ်သည်။

ဆိုလိုသည်မှာ အထွတ်အထိပ် သားပေါက် တစ်ကောင်သည် အစပိုင်း သားပေါက် တစ်ကောင်ထက် ငါးဆခန့် ပို၍ အစွမ်းထက်သည်ဟူသော သဘောပင် ဖြစ်၏။

အံ့ဩစရာကောင်းသည်မှာ ထိုအချက်သည် နစ်၏ စွမ်းရည် သက်ဝင်လာချိန်တွင် တိုးပွားလာသော သူ၏ စွမ်းအားနှင့်လည်း တူညီနေခြင်းပင် ဖြစ်သည်။

စပက်တာ တစ်ကောင် အဆင့်တက်သွားတိုင်း ၎င်း၏ စွမ်းရည်အင်အားသည် တိုးပွားလာ၏။ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားမှာလည်း အလားတူ တိုးပွားလာတတ်သည်။

နစ်က ဒရီမာကို ဖမ်းဆီးခဲ့စဉ်က ဒရီမာသည် အလယ်အလတ် သားပေါက်အဆင့်တွင် ရှိနေခဲ့၏။ နှောင်းပိုင်း သားပေါက်အဆင့်သို့ ကူးပြောင်းရန် နီးစပ်နေခဲ့ပြီ ဖြစ်သည်။

ဆိုလိုသည်မှာ ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် အစပိုင်း သားပေါက် တစ်ကောင်၏ ခွန်အားထက် ၂.၃ ဆခန့် ပိုမို အားကောင်းနေခဲ့ခြင်း ဖြစ်၏။

စပက်တာ၏ ခန္ဓာကိုယ်နှင့် အမျိုးအစားပေါ် မူတည်၍ အစပိုင်း သားပေါက် တစ်ကောင်သည် သာမန် အရွယ်ရောက်ပြီး အမျိုးသား တစ်ယောက်နှင့် ခွန်အား တူညီနိုင်သလို ပို၍လည်း အားကောင်းနိုင်ပေသည်။

ဒရီမာသည် ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးသမား တစ်ကောင် မဟုတ်ပေ။ ထို့ကြောင့် သာမန် အရွယ်ရောက်ပြီး အမျိုးသား တစ်ယောက်ခန့်သာ ခွန်အား ရှိပေလိမ့်မည်။

***

All Chapters