အခန်း ၇၃
Vol. 5 Ch. 73
အပိုင်း(၇၃)
လမ်းကြားထဲသို့ နစ် ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏စွမ်းရည် သက်ဝင်လာခဲ့၏။ ထို့နောက် လျင်မြန်သော ခုန်ပျံမှုတစ်ချက်ဖြင့် နစ်သည် အိမ်တစ်လုံး၏ အမိုးပေါ်သို့ ကျရောက်သွားခဲ့သည်။
ဘုန်း...
သူ အစွမ်းကုန် အသုံးပြုကာ ရှေ့သို့ ပြေးထွက်လိုက်စဉ် နစ်၏ ခြေအောက်ရှိ သတ္တုပြားမှာ ကွေးညွတ်သွားခဲ့၏။ စက္ကန့်နှစ်ဆယ်အတွင်းမှာပင် နစ်သည် ထိုအဆောက်အအုံဆီသို့ ရောက်ရှိသွားခဲ့သည်။ သို့သော် သူ မြင်တွေ့နေရသော မြင်ကွင်းကို သူ သဘောမကျခဲ့ပေ။
ယခုအချိန်တွင် ကြီးမားလှသော သတ္တုအပျက်အစီးပုံကြီး၏ ရှေ့၌ လူသုံးယောက် ရပ်နေကြ၏။ အရှေ့ဆုံးမှ လူ၏ လက်ထဲတွင် ပါးစပ်မှ ရေဘဝဲလက်တံများ ထွက်နေသော တီကောင်ငယ်လေးတစ်ကောင်နှင့် တူသည့် အရာတစ်ခုကို ကိုင်ဆောင်ထားသည်။ ထိုအရာသည် စပက်တာ တစ်ကောင် ဖြစ်ကြောင်းကို နစ် ၉၅ ရာခိုင်နှုန်း သေချာနေခဲ့၏။
သို့သော်လည်း ၎င်းကို သူ ရရှိတော့မည် မဟုတ်ကြောင်းကိုလည်း နစ် သေချာပေါက် သိနေခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ အပျက်အစီးပုံရှေ့မှ လူသုံးယောက်စလုံးသည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ ဝတ်စုံများကို ဝတ်ဆင်ထားကြသောကြောင့် ဖြစ်၏။
နစ်သည် သက်ပြင်းသာ ချနိုင်တော့သည်။
"မင်း နောက်ကျသွားပြီ..."
ခေါင်းဆောင်ဖြစ်သူက အဆောက်အအုံ ခေါင်မိုးပေါ်တွင် ရှိနေသေးသော နစ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။ ဇီဖစ်စွမ်းအင် ထုတ်ယူသူ က သူ့ကို သတိထားမိသွားသောကြောင့် နစ် အတော်လေး အံ့ဩသွားခဲ့သည်။
"နောက်တစ်ခါကျရင် ကံကောင်းပါစေကွာ..."
ထိုခေါင်းဆောင်က ရယ်မောရင်း ပြောလိုက်၏။ ထို့နောက် သူသည် သူ၏ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်၊ စပက်တာ တို့နှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
နစ်သည် သက်ပြင်းချလိုက်၏။
'ဒါဆို ငါ ဖမ်းလို့ရနိုင်မယ့် စပက်တာ တစ်ကောင်တော့ လျော့သွားပြန်ပြီပေါ့...'
သူ တွေးလိုက်သည်။ သဘာဝကျစွာပင် ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲတွင် စပက်တာ များကို ရှာဖွေနေသူမှာ နစ် တစ်ယောက်တည်း မဟုတ်ပေ။ ထိုအချက်က သူ့အတွက် အရာရာကို ပို၍ ခက်ခဲသွားစေခဲ့၏။
နောက်ထပ် ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့ပြန်သည်။
နောက်ဆုံးတွင်တော့ နစ်သည် သဲလွန်စတစ်ခုကို ရှာတွေ့သွားခဲ့၏။
မိသားစုငယ်လေး တစ်စုက သူတို့အိမ်တွင် ကြောက်မက်ဖွယ်ကောင်းသော အရာများ ဖြစ်ပျက်နေကြောင်း နစ်အား ပြောပြခဲ့သည်။
တစ်ခါတစ်ရံတွင် ပစ္စည်းများ ဟိုဒီ ရွေ့လျားနေတတ်၏။ ထို့အပြင် တခြားအခန်းများထဲမှ ပစ္စည်းများ လှုပ်ခတ်နေသော အသံများကိုပင် သူတို့ ကြားခဲ့ရသည်။
သူတို့ထဲမှ အချို့က သူတို့၏ အောက်ဘက်ဆီမှ စကားပြောသံများကို ကြားရကြောင်းပင် ဆိုကြ၏။ သူတို့၏ တည့်တည့်အောက်တွင် မိလ္လာပြွန်များသာ ရှိသောကြောင့် ထိုအရာမှာ လုံးဝ မဖြစ်နိုင်သောအရာပင် ဖြစ်သည်။
နစ်သည် ထိုသဲလွန်စနောက်သို့ လိုက်ကာ သူတို့၏ အိမ်ထဲသို့ ဝင်ရောက်သွားခဲ့၏။
သူတို့အိမ်တွင် ခဏမျှ နေပြီးနောက် အခန်းထဲတွင် မည်သူမျှ မရှိသော်လည်း သူ၏စွမ်းရည် ရုတ်တရက် ရပ်တန့်သွားသည်ကို နစ် ခံစားလိုက်ရသည်။
သို့သော် စက္ကန့်အနည်းငယ် အကြာတွင် သူ၏စွမ်းရည် ပြန်လည် သက်ဝင်လာခဲ့၏။
နစ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ဟာလာဟင်းလင်း ဖြစ်နေသော အခန်းထဲတွင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ၏စွမ်းရည်သည် ထပ်မံ ရပ်တန့်သွားပြန်၏။
သုံးစက္ကန့်အကြာတွင်တော့ ပြန်လည် သက်ဝင်လာခဲ့သည်။
ထိုအရာက ဘာကိုဆိုလိုသလဲဆိုတာကို နစ် သိလိုက်၏။
'တစ်ယောက်ယောက်က ငါ့ကို မမြင်ရပေမယ့် ငါ့အသံကိုတော့ ကြားနေရတယ်...'
သူ တွေးလိုက်သည်။
တစ်စုံတစ်ယောက်က သူ့ကို အာရုံခံမိပါက နစ်၏စွမ်းရည် ရပ်တန့်သွားမည်ဖြစ်၏။ ထို့ကြောင့် သူ အသံပြုလိုက်သည်ကို တစ်စုံတစ်ယောက်က ကြားလိုက်ရသောအခါတွင်လည်း သူ၏စွမ်းရည် ရပ်တန့်သွားမည် ဆိုသည့် သဘောပင် ဖြစ်သည်။
ထိုအချိန်တွင် လူ သို့မဟုတ် စပက်တာ သည် အသံလာရာ လမ်းကြောင်းကို သိရှိသွားသဖြင့် နစ် ဘယ်နေရာတွင် ရှိနေသလဲဆိုသည်ကို သိသွားခဲ့ပြီ ဖြစ်၏။
သို့သော် သူတို့က နစ်ကို မမြင်ရဘဲ နစ်ကလည်း နောက်ထပ် အသံများ ထပ်မထွက်အောင် နေမည်ဆိုပါက သူတို့အနေဖြင့် နစ်ကို ထပ်မံ အာရုံခံနိုင်တော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေကာမူ အသံထွက်ပေါ်ခဲ့သော နေရာမှ နစ် ထွက်ခွာသွားပြီလည်း ဖြစ်နိုင်၏။ ထို့ကြောင့် နားထောင်နေသူအတွက် သူ ထိုနေရာတွင် ရှိ၊ မရှိ ဆိုသည်မှာ မသေချာတော့ပေ။
'သူက ငါ့ကို ကြားရပေမယ့် မမြင်ရဘူး...'
နစ် တွေးလိုက်၏။
'ဒီအဓိပ္ပာယ်က စပက်တာ က မျက်လုံးကန်းနေတာ ဒါမှမဟုတ် အခန်းထဲမှာ မရှိတာပဲ ဖြစ်ရမယ်...'
နစ်သည် အလွန် တိတ်ဆိတ်စွာဖြင့် ဘေးဘက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ၏ စွမ်းရည် ရပ်တန့်မသွားခဲ့ပေ။
ထို့နောက် နစ်သည် တံခါးတစ်ချပ်ကို တိတ်တဆိတ် ဖွင့်လိုက်၏။
ပုံမှန်အားဖြင့် ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်းရှိ အိမ်များတွင် တံခါးများ မရှိတတ်ပေ။ သို့သော် ဤအိမ်တွင်မူ ရှိနေခဲ့သည်။
နစ်က တံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ချိန်တွင် သူ၏စွမ်းရည် ရပ်တန့်မသွားခဲ့ပေ။
'အဲဒါက စပက်တာဟာ အဲဒီအခန်းထဲမှာလည်း မရှိဘူးဆိုတဲ့ သဘောပဲ...'
သူ ဖွင့်နေသော တံခါးကို ကြည့်ရင်း နစ် တွေးလိုက်၏။ နောက်တစ်ခဏတွင် နစ်သည် ပုံမှန် ခြေလှမ်း အနည်းငယ် လှမ်းလိုက်သည်။ သူ၏စွမ်းရည် ထပ်မံ ရပ်တန့်သွားပြန်၏။
သုံးစက္ကန့်အကြာတွင် ပြန်လည် သက်ဝင်လာခဲ့သည်။
ထို့နောက် နစ်သည် နောက်ထပ် တံခါးတစ်ချပ်ဆီသို့ တိတ်တဆိတ် တွားသွားသွားခဲ့ပြီး ဖြည်းညင်းစွာ ဖွင့်လိုက်၏။ သူ၏စွမ်းရည် ရပ်တန့်မသွားခဲ့ပေ။
'အဲဒီအခန်းထဲမှာလည်း မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ...'
နစ် တွေးလိုက်သည်။
နစ် သူ၏ မေးစေ့ကို ကုတ်လိုက်၏။
'ဒီနှစ်ခန်းကပဲ ကပ်လျက် ရှိတဲ့ အခန်းတွေလေ...'
နောက်တစ်ခဏတွင် နစ်သည် သတ္တုနံရံများထဲမှ မညီညာသော နေရာတစ်ခုကို ဖမ်းဆုပ်ကာ အပေါ်သို့ ဆွဲတက်လိုက်သည်။
ဒေါက်... ဒေါက်...
နစ်သည် အခန်း၏ မျက်နှာကြက်ကို တိတ်တဆိတ် ခေါက်လိုက်၏။
သူ၏စွမ်းရည် ရပ်တန့်မသွားခဲ့ပေ။
ဒေါက်... ဒေါက်...
နစ်သည် ခွန်အား အနည်းငယ် ပိုသုံးလိုက်သည်။
သူ၏စွမ်းရည် ရပ်တန့်မသွားခဲ့ပေ။
ဒေါက်...
ယခုတော့ ရပ်တန့်သွားခဲ့လေပြီ။
'ဆိုလိုတာက စပက်တာ ဟာ ငါ့အပေါ်မှာလည်း မရှိဘူးပေါ့... အဲဒီခေါက်သံက အရမ်းကျယ်လွန်းလို့ ဘေးခန်းတွေ အကုန်လုံး ကြားသွားလောက်တယ်...'
နစ် တွေးလိုက်၏။
ထို့နောက် နစ်သည် နံရံတစ်ခုဆီသို့ လျှောက်သွားကာ တိတ်တဆိတ် ခေါက်လိုက်သည်။
ထိုအတိုင်းပင် ထပ်ဖြစ်ခဲ့ပြီး အတော်လေး ပြင်းထန်စွာ ခေါက်လိုက်ပြီးမှသာ နစ်၏ စွမ်းရည် ရပ်တန့်သွားခဲ့၏။
ထို့နောက် နစ်သည် အခြားနံရံတစ်ခုကို ထပ်မံ စမ်းသပ်ကြည့်လိုက်သည်။
ထိုနည်းအတိုင်းပင် ဖြစ်၏။
'ဒါဆို တစ်နေရာပဲ ကျန်တော့တယ်...'
ကြမ်းပြင်ကို ကြည့်ရင်း နစ် တွေးလိုက်သည်။
ဖြည်းညင်းစွာပင် နစ်သည် ဒူးထောက်လိုက်၏။ ထို့နောက် သူသည် ကြမ်းပြင်ကို တိတ်တဆိတ် ခေါက်လိုက်သည်။
ဒေါက်...
စွမ်းရည်သည် ချက်ချင်း ရပ်တန့်သွားခဲ့၏။ နစ် သူ၏ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
'မိလ္လာပြွန်တွေထဲမှာပေါ့လေ...'
နောက်တစ်ခဏတွင် နစ်သည် သံချေးတက်နေသော နံရံဆီသို့ ထပ်သွားကာ အနည်းငယ် တွယ်တက်လိုက်၏။ ထို့နောက် နစ်သည် နံရံပေါ်တွင် ခြေထောက်ကို ထောက်ထားပြီး အောက်ခြေ ကြမ်းပြင်ကို ကြည့်လိုက်သည်။
သူ၏စွမ်းရည်မှာ ပြန်လည် သက်ဝင်လာခဲ့လေပြီ။
ဝုန်း...
နစ်သည် မြေပြင်ဆီသို့ ပြေးဆင်းသွား၏။ သူ ထိမှန်သွားသည်နှင့် တစ်ပြိုင်နက် သတ္တုပြားများသည် ကျိုးပဲ့ထွက်သွားခဲ့သည်။
သံချေးတက်နေသော သတ္တုပြားများမှာ ထိုမျှ ပြင်းထန်လှသော တုန်ခါမှုလှိုင်းကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။
ကြမ်းပြင်တစ်ခုလုံး ပြိုကျသွားချိန်တွင် အံ့ဩစရာကောင်းစွာပင် နစ်၏ စွမ်းရည်မှာ ရပ်တန့်မသွားခဲ့ပေ။
သို့သော်လည်း ထိုအရာက တကယ်တော့ ယုတ္တိတန်လှ၏။ မည်သို့ပင်ဆိုစေကာမူ နေရာတိုင်းမှ သတ္တုပြားများ ပြိုကျသံများ ထွက်ပေါ်နေသောကြောင့် အသံကိုသာ အခြေခံ၍ နစ် ဘယ်နေရာတွင် ရှိနေသလဲဆိုသည်ကို မည်သူမျှ ပြောနိုင်မည် မဟုတ်ပေ။
ကြမ်းပြင် ပြိုကျနေစဉ်မှာပင် နစ်သည် ပြွန်တစ်ခုကို အလျင်အမြန် ထုတ်ယူကာ ဖျက်ဆီးပစ်လိုက်သည်။
ဝှစ်...
တောက်ပသော မီးခတ်အလင်းတန်း နယ်ပယ်တစ်ခု ပေါ်ထွက်လာ၏။ ၎င်းက ပြုတ်ကျနေသော သတ္တုပြားများကို လွှမ်းခြုံသွားခဲ့သည်။
မှောင်မိုက်နေသော မိလ္လာပြွန်ကြီးသည် လင်းထိန်သွား၏။ ထိုနေရာတွင် မရှိသင့်သော အရာတစ်ခုကို နစ် အလျင်အမြန်ပင် တွေ့လိုက်ရသည်။
ဟောင်းနွမ်းနေသော ကြမ်းပြင်ဟောင်း၏ အောက်ဘက် နှစ်မီတာခန့် အကွာတွင် သံချေးတက်နေသော သတ္တုစများနှင့် ပြုလုပ်ထားသည့် ငြမ်းစင်တစ်ခု ရှိနေခဲ့၏။
ထို့နောက် နစ်သည် နောက်ထပ် အရာတစ်ခုကို မြင်လိုက်ရသည်။
ထိုငြမ်းစင်ပေါ်တွင် လူတစ်ယောက် ရှိနေခဲ့၏။
သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဖြစ်သည်။ သူသည် ဝပ်ချရန် ကြိုးစားနေဆဲ ဖြစ်၏။ သူ့အပေါ်မှ မျက်နှာကြက်က ပေါက်ကွဲသွားခါစ ဖြစ်သောကြောင့် ထိုသို့ လုပ်ခြင်းမှာ အတော်လေး နားလည်ပေးနိုင်စရာပင်။
ဒိုင်း...
နစ်၏ ခြေထောက်တစ်ဖက်က ပြုတ်ကျနေသော သတ္တုပြားများထဲမှ တစ်ချပ်ကို ကန်လိုက်၏။ ထို့နောက် ထိုလူရှိရာဆီသို့ ပြေးဝင်သွားခဲ့သည်။
ဂျွတ်...
နစ်၏ တံတောင်ဆစ်က ထိုလူ၏ ရင်ဘတ်ကို ဝင်ဆောင့်လိုက်၏။ ထို့နောက် သူ့ကို ငြမ်းစင်ဆီသို့ တွန်းပို့လိုက်ရာ ငြမ်းစင်မှာလည်း ကျိုးပဲ့ထွက်သွားခဲ့တော့သည်။
***