အခန်း ၇၉
Vol. 6 Ch. 79
အပိုင်း(၇၉)
နစ်က ခေါင်းညိတ်ပြပြီး ရိုက်ကာ စထရိုက်ကာများ ထွက်လာခဲ့သည့် အခန်းများထဲမှ တစ်ခန်းထဲသို့ ဝင်သွားခဲ့၏။ အထဲတွင်တော့ နစ်သည် အထပ်လိုက် ကုတင်အချို့ကို တွေ့လိုက်ရသည်။
ကုတင်တစ်လုံးပေါ်တွင် လူတစ်ယောက်က စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် သူ၏ ခေါင်းကို ပွတ်သပ်ရင်း တံခါးဘက်သို့ လှမ်းကြည့်နေသည်ကို နစ်တွေ့လိုက်ရ၏။
နစ်က ထိုအထပ်လိုက် ကုတင်ဆီသို့ လျှောက်သွားသောအခါ ထိုလူ၏ မျက်လုံးများက သူ့ကို နားမလည်နိုင်စွာဖြင့် လိုက်ကြည့်နေခဲ့သည်။
နစ်သည် တစ်ချက် ခုန်လိုက်ပြီး အထပ်လိုက် ကုတင်၏ အပေါ်သို့ ရောက်ရှိသွားသည်။ သူ၏ လက်နှစ်ဖက်က ထိုလူ၏ လည်ပင်းကို ရစ်ပတ်သွားခဲ့၏။ ထို့နောက် နစ်သည် အားပါးတရ ညှစ်ချလိုက်၏။
သူ၏လက်ထဲ၌ အရိုးကျိုးသံအချို့ကို ခံစားလိုက်ရသည်။ ထိုလူ၏ မျက်နှာတွင်မူ အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားသော အမူအရာများ ပေါ်လွင်လာခဲ့၏။
ထိုလူသည် လက်များ၊ ခြေထောက်များဖြင့် နစ်ကို ထိုးကြိတ်ကန်ကျောက်ရန် ကြိုးစားလေသည်။ သို့သော်လည်း သူ၏ ထိုးကြိတ်မှုများသည် ကျောက်တံတိုင်းကြီးတစ်ခုကို ဝင်တိုက်မိနေသကဲ့သို့သာ ခံစားနေရ၏။
နောက်ဆုံး လက်ကျန်အားကိုသုံး၍ ထိုလူသည် နစ်၏ မျက်လုံးများကို ကုတ်ဖဲ့ရန် ကြိုးစားလာခဲ့သည်။ သို့ရာတွင် နစ်က ခေါင်းကို အသာအယာ တိမ်းရှောင်လိုက်ရုံသာ ဖြစ်၏။ မကြာမီမှာပင် ထိုလူ၏ ခန္ဓာကိုယ်ကြီးသည် ပျော့ခွေကျသွားလေတော့သည်။
သေချာစေရန်အတွက် နစ်သည် ထိုလူ၏ လည်ချောင်းကို ထပ်မံထုနှက်လိုက်သည်။ မည်သည့် တုံ့ပြန်မှုမျှ မရှိတော့သည့်တိုင်အောင် အဆက်မပြတ် ရိုက်နှက်နေခဲ့၏။
ခွန်အားဗလ ကောင်းမွန်နေမည်ဆိုပါက လူတစ်ယောက်ကို သတ်ဖြတ်ရန်မှာ ခက်ခဲသော ကိစ္စတစ်ရပ် မဟုတ်ပေ။
ထိုစဉ် ဆူညံသော အသံအချို့ကို နစ်ကြားလိုက်ရသည်။ ကုတင်တစ်လုံးပေါ်မှ လူတစ်ယောက် ခုန်ဆင်းလာသည်ကို မြင်လိုက်ရ၏။ ထိုသူသည် တံခါးပေါက်ဆီသို့ အပြေးအလွှား ဦးတည်သွားလေသည်။
ဝုန်းခနဲ အသံကြီး ထွက်ပေါ်လာ၏။ နစ်ဒူးထောက်နေသော နှစ်ထပ်ကုတင်ကြီးသည် ပေါက်ကွဲထွက်သွားသည်။ ထိုအချိန်တွင် နစ်သည် ထွက်ပြေးသွားသော ထိုသူ့ဆီသို့ ကျည်ဆန်တစ်တောင့်ပမာ ပြေးထွက်သွားခဲ့၏။
ထိုလူသည် တံခါးပေါက်မှ လွတ်ရုံလေးသာ ရှိသေးသည်။ နစ်က သူ၏ လက်မောင်းကို လှမ်းဆွဲလိုက်နိုင်၏။ ထို့နောက် ထိုသူ့ကို အခန်းထဲသို့ အတင်းအကျပ် ပြန်လည်ဆွဲခေါ်လာခဲ့လေသည်။
ထပ်မံ၍ပင် နစ်သည် ထိုလူ၏ ခေါင်းကို ပြင်းပြင်းထန်ထန် ထုနှက်လိုက်ပြန်သည်။ ဦးခေါင်းနှင့် လည်ပင်း အဆက်ပြတ်ထွက်သွားသည့်တိုင်အောင် ရိုက်နှက်နေခဲ့ခြင်း ဖြစ်၏။
အခြား ထွက်ပြေးမည့်သူ မရှိတော့သည့်အတွက် နစ်သည် အလောင်းနှစ်လောင်းကို အပေါက်ဝဆီသို့ ပစ်ချလိုက်သည်။ အစောင့်နှစ်ယောက်ကမူ စိတ်ဝင်တစားဖြင့် စောင့်ကြည့်နေခဲ့ကြ၏။
ထို့နောက် နစ်သည် အခန်းတွင်းသို့ ပြန်ဝင်သွားလေသည်။ အခန်းထောင့်စုံကို သေချာစွာ အကဲခတ်ကြည့်လိုက်၏။
ဝုန်း…
နစ်အဝတ်ဘီဒို တစ်လုံးကို ဖွင့်လိုက်သောအခါ အတွင်း၌ လူတစ်ယောက် ပုန်းအောင်းနေသည်ကို တွေ့လိုက်ရ၏။ ထိုသူသည် ကြောက်လန့်တကြား အော်ဟစ်နေလေသည်။
"တောင်းပန်ပါတယ်... မလုပ်ပါနဲ့…”
မျက်နှာဆီသို့ ချိန်ရွယ်လာသော ခြေကန်ချက်တစ်ခုက ထိုသူ့ကို ချက်ချင်း နှုတ်ဆိတ်သွားစေခဲ့သည်။
သေချာစေရန်အတွက် နစ်သည် ထိုလူ၏ လည်ပင်းကို အနည်းငယ် ဖိညှစ်ထားလိုက်၏။ ၎င်းသည်ကား အခန်းထဲတွင် ကျန်ရှိနေသော နောက်ဆုံးလူပင် ဖြစ်တော့သည်။
ထိုအလောင်းကို အခြားအလောင်းများအပေါ်သို့ ပစ်တင်လိုက်ပြီးနောက် နစ်သည် အခြားအခန်းတစ်ခန်းဆီသို့ ဝင်ရောက်သွားလေသည်။
ဤအခန်းတွင်လည်း နှစ်ထပ်ကုတင် သုံးလုံး ရှိနေသည်။ သို့သော် မည်သူ့ကိုမျှ မတွေ့ရပေ။
သူသည် ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်ကြည့်လိုက်၏။ အခန်းပြင်သို့ ထွက်နိုင်မည့် အခြားထွက်ပေါက် မည်မည်ရရ မတွေ့ရချေ။
ဂျွတ်…
နစ်သည် တံခါးကို ပိတ်လိုက်ပြီး တံခါးပတ္တာကို ချိုးကွေးလိုက်၏။ တံခါး ပြန်ဖွင့်၍မရတော့သည့်တိုင်အောင် ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် အခန်းတွင်းရှိ နေရာများကို စတင် ရှာဖွေလေတော့သည်။
ကုတင်တစ်လုံးအောက်တွင် လူတစ်ယောက်ကို တွေ့လိုက်ရ၏။
"အား…”
ခြေကန်ချက်တစ်ခုနှင့်အတူ အရိုးကျိုးသံ ထွက်ပေါ်လာပြီး ထိုသူမှာ ငြိမ်သက်သွားလေသည်။
နစ်က အဝတ်ဘီဒိုတစ်လုံးကို ထပ်မံဖွင့်လိုက်သောအခါ ကြမ်းပြင်ပေါ်တွင် တုန်ယင်နေသော လူတစ်ယောက်ကို တွေ့လိုက်ရပြန်သည်။
အံ့သြစရာကောင်းသည်မှာ ထိုလူသည် လှုပ်လည်းမလှုပ်သလို အော်ဟစ်ခြင်းလည်း မရှိပေ။
သူသည် မျက်လုံးအပြူးသားဖြင့် နစ်ကိုသာ စိုက်ကြည့်နေခဲ့၏။
ထိုသူ နစ်ကို ကြောက်လန့်တကြား ကြည့်နေစဉ်မှာပင် နစ်သည် သူ၏လက်ကို ထိုလူ၏ ခေါင်းဆီသို့ ဖြည်းညှင်းစွာ ရွှေ့လိုက်သည်။
ဘုန်း…
ထိုလူ၏ ခေါင်းကို ဘီဒိုဘေးနံရံနှင့် ဆောင့်ပစ်လိုက်ပြီးနောက် သေချာစေရန် ဦးခေါင်းနှင့် လည်ပင်းကို ထပ်မံ၍ လိမ်ချိုးလိုက်ပြန်သည်။
တစ်မိနစ်ခန့် ကြာပြီးနောက် နစ်သည် အခန်းတွင်း ရှာဖွေမှုကို အဆုံးသတ်လိုက်သည်။ မည်သူမျှ မရှိတော့ချေ။
သို့သော် ထိုစဉ် နစ်သည် မျက်မှောင်ကြုတ်လိုက်၏။ ယခုအချိန်တွင် နစ်သည် အခန်းအလယ်၌ တိတ်ဆိတ်စွာ မတ်တပ်ရပ်နေသည်။
သို့တိုင်အောင် သူ၏ စွမ်းအားသည် ပြန်လည်အသက်ဝင်မလာသေးပေ။
နစ်သည် အခန်းထဲတွင် အနည်းငယ် လျှောက်သွားလိုက်ပြီး ကျပန်းနေရာများ၌ သုံးစက္ကန့်ခန့်စီ ရပ်တန့်နေခဲ့၏။
တစ်ခါတစ်ရံတွင် နစ်၏ စွမ်းအားသည် ပြန်လည်အသက်ဝင်လာပြီးမှ ပြန်လည်ပျောက်ကွယ်သွားတတ်လေသည်။
နောက်ဆုံးတွင် နစ်သည် အပေါ်သို့ မော့ကြည့်လိုက်၏။
သူ၏အထက်တွင် သံချေးတက်နေသော ဆန်ခါကွက်တစ်ခု ရှိနေသည်။
နစ်သည် အပေါ်သို့ ခုန်တက်လိုက်ပြီး ဆန်ခါကွက်ကို ဆွဲကိုင်လိုက်၏။ ထို့နောက် မျက်နှာကြက်ပေါ်မှနေ၍ ဆွဲဖြုတ်လိုက်လေသည်။
ထိုခဏမှာပင် သူ၏အထက်မှ ပြာယာခတ်နေသော အသံအချို့ကို ကြားလိုက်ရသည်။
မျက်နှာကြက်မှ အပေါက်အသစ်ထဲသို့ နစ်၏ ခေါင်းဝင်သွားသောအခါ လေဝင်လေထွက်ပြွန်တစ်ခုအတွင်း တွားသွား၍ ထွက်ပြေးရန် ကြိုးစားနေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
လေဝင်ပြွန်အတွင်းသို့ ဝင်ရောက်ပြီးနောက် နစ်သည် ထိုလူ၏ ခြေထောက်များကို ဆွဲကိုင်ကာ နောက်သို့ ပြန်ဆွဲယူလိုက်သည်။
"အား... ကယ်ကြပါဦး..."
အနောက်သို့ အဆွဲမခံရစေရန် အသေအလဲ ရုန်းကန်နေရင်း ထိုသူ၏ လက်သည်းများ ကျိုးပဲ့ကုန်၏။ နံရံများပေါ်တွင်လည်း သွေးစွန်းနေသော ခြစ်ရာများ ကျန်ရစ်ခဲ့လေသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် အခန်းတံခါးမှာ ပေါက်ကွဲထွက်သွားသည်။ နစ်သည် အလောင်းများကို စင်္ကြံလမ်းပေါ်သို့ ပစ်ချလိုက်၏။
အစောင့်များသည် ထိုအလောင်းများကို ခံစားချက်ကင်းမဲ့သော မျက်နှာထားဖြင့် စိုက်ကြည့်နေကြသည်။ ထို့နောက် အခြားအလောင်းများရှိရာသို့ ဆွဲယူသွားကြလေသည်။
"နောက်တစ်ယောက် လိုသေးတယ်..."
နစ်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ပုန်းအောင်းရာနေရာ၏ ပိုမိုနက်ရှိုင်းသော အပိုင်းဆီသို့ ဆက်လက် ဝင်ရောက်သွားလေတော့၏။
တစ်မိနစ်ခန့်အကြာတွင် လူငယ်တစ်ဦး၏ ရုပ်အလောင်းကို အလောင်းပုံပေါ်သို့ နစ်ပစ်တင်လိုက်သည်။
"ကဲ... ငါလုပ်စရာရှိတာ ပြီးသွားပြီ..."
နစ်က သက်ပြင်းချကာ ပြောလိုက်သည်။
အစောင့်ခေါင်းဆောင်က ခေါင်းညိတ်ပြသည်။ ထို့နောက် သူက မေးလိုက်သည်။
"ခင်ဗျားက အလောင်းတွေကို ယူထားချင်တာ မဟုတ်လား..."
နစ်ဘာမှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။
"ကောင်းပြီ... ဒါတွေကို အလောင်း သယ်ဆောင်ရေး ယာဉ်ပေါ် တင်ပေးလိုက်မယ်... စခန်းကို ပြန်ရောက်မှပဲ ဈေးတွက်ကြတာပေါ့..."
သူက ပြောသည်။
နစ်နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူတို့ဘေးမှ ဖြတ်လျှောက်သွားခဲ့သည်။ စင်္ကြံလမ်းထဲမှ အထွက်တွင် နစ်သည် နောက်သို့ လှည့်ကြည့်လိုက်သည်။
အစောင့်တစ်ယောက်က အခြားတစ်ယောက်၏ ပခုံးပေါ်သို့ အလောင်းတစ်လောင်း တင်ပေးနေသည်ကို သူ မြင်တွေ့ခဲ့ရသည်။ သို့သော်လည်း ထိုမြင်ကွင်းကို နစ်သိပ်ပြီး ဂရုမထားမိခဲ့ပေ။
ယခုအချိန်၌ သူ၏အတွေးများက အခြားတစ်နေရာသို့ လုံးဝရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
'ငါလုပ်ခဲ့တာ မှန်ပါတယ်နော်...'
နစ်တွေးနေမိသည်။
'ရိုက်ကာ စထရိုက်ကာတွေက ဘာအကျိုးပြုမှုမှ မရှိဘဲ အချိန်ပြည့် လူသတ်၊ မုဒိမ်းကျင့်နေတဲ့ ဆိုးရွားလှတဲ့ ဂိုဏ်းတစ်ခုပဲ...'
'ဟပ်က အလုပ်အကိုင်တွေ အများကြီး ဖန်တီးပေးတယ်... ပြီးတော့ ဂိုဏ်းတွေကိုလည်း ထိန်းချုပ်ပေးထားတယ်...'
'ပက်ဒလာတွေဆိုတာကလည်း ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲမှာ လူတွေ အများကြီး ရှင်သန်နိုင်ဖို့ အဓိက အကြောင်းရင်းပဲ... သူတို့က စားနပ်ရိက္ခာ အများစုကို ယူဆောင်လာပေးကြတယ်လေ...'
'အာမခံဂိုဏ်း ကတော့ လူတွေရဲ့ ပိုင်ဆိုင်မှုတွေကို တခြားသူတွေရန်ကနေ ကာကွယ်ပေးတယ်...'
'သူတို့အားလုံးက ဆင်ခြေဖုံးရပ်ကွက်ကြီး အတွက် အကျိုးပြုကြတယ်...'
'ဒါပေမဲ့ ရိုက်ကာ စထရိုက်ကာတွေကတော့ ဘာတစ်ခုမှ အကျိုးမပြုဘူး...'
'သူတို့က ခိုးတယ်၊ လုတယ်၊ လူသတ်တယ်… မဒိမ်းကျင့်တယ်…’
ထိုအချိန်၌ အစောင့်တစ်ယောက်သည် သူ၏ပခုံးပေါ်တွင် အလောင်းတစ်လောင်းကို ထမ်းလျက် နစ်၏အနီးမှ ဖြတ်လျှောက်သွားခဲ့သည်။
နစ်သည် ထိုအလောင်းကို လှည့်မကြည့်ခဲ့ပေ။ သို့သော်လည်း ထိုအလောင်းက ပြူးကျယ်သေဆုံးနေသော မျက်လုံးများဖြင့် သူ့အား စိုက်ကြည့်နေသကဲ့သို့ ခံစားနေရသည်။
စင်္ကြံလမ်းအတွင်း၌ သူမြင်တွေ့ခဲ့ရသည့် အရာများက နစ်၏စိတ်ထဲတွင် ပြန်လည်ပေါ်လာခဲ့သည်။
အော်ဟစ်နေကြသော ထိုလူများ…
သေရမှာကို ထိတ်လန့်တုန်လှုပ်နေကြသော ထိုလူများ…
သို့သော်... နစ်သည် ပိုးမွှားအချို့ကို ဖယ်ရှားရှင်းလင်းလိုက်ရသကဲ့သို့သာ ခံစားခဲ့ရ၏။
သူတို့သည် လူသားများဖြစ်ကြောင်း ထင်ရှားလှပေသည်။ သို့ရာတွင် နစ်ကမူ သူတို့ကို ပိုးဟပ်များ သို့မဟုတ် ကြွက်များကဲ့သို့သာ ရှုမြင်ခဲ့သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဤ "လူများ" သည် ကြွက်များနှင့် ပိုးဟပ်များထက်ပင် ပို၍ဆိုးရွားနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ထိုအကောင်များကို အမှန်တကယ် စားသုံး၍ရနိုင်သောကြောင့်ပင် ဖြစ်၏။
နစ်သည် သူ့ကိုယ်သူ ယခုထက်ပို၍ ခံစားရသင့်သည်ဟု တွေးတောနေမိသည်။ မည်သို့ပင် ဆိုစေ… သူတို့သည် လူသားများပင် ဖြစ်နေသေးသည် မဟုတ်ပါလား။
လူသားများကို သတ်ဖြတ်နေချိန်၌ သူ တစ်ခုခုတော့ ခံစားရသင့်သည် မဟုတ်ပါလော။
ထိုအချိန်တွင် နစ်သည် သူ ပထမဆုံးအကြိမ် လူသတ်ခဲ့ဖူးသည့်အချိန်ကို ပြန်လည်သတိရသွားခဲ့သည်။ နစ်အသက် ဆယ့်သုံးနှစ်အရွယ်တွင် သူသည် ငတ်မွတ်ခါနီးအခြေအနေသို့ ရောက်ရှိနေခဲ့သည်။ ထိုစဉ်က ကံကောင်းထောက်မစွာဖြင့် သူသည် ကြွက်တစ်ကောင်ကို သတ်နိုင်ခဲ့၏။
နစ်ပထမဆုံးအလုတ်ကို စတင်ကိုက်ဝါးလိုက်ချိန်မှာပင် ခက်ထန်ကြမ်းတမ်းပြီး အရပ်ရှည်ရှည် အမျိုးသမီးတစ်ဦးက သူ့ကို တွန်းဖယ်ခဲ့သည်။ ထို့နောက် သူမက ကြွက်ကို လုယူသွားခဲ့သည်။
ထိုခဏတွင် နစ်သည် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။ ထို့ကြောင့် အမျိုးသမီးကြီး ကျောခိုင်းသွားချိန်တွင် သူ၏ခွန်အားရှိသမျှကိုသုံးကာ သူမကို တွန်းချလိုက်လေသည်။
အံ့သြဖွယ်ကောင်းလောက်အောင်ပင် ထိုအမျိုးသမီးသည် လွင့်စင်သွားခဲ့သည်။ သူမသည် သံချေးတက်နေသော ရေမြောင်းဖုံးတစ်ခုပေါ်သို့ ပြုတ်ကျသွားပြီး ထိုရေမြောင်းဖုံးမှာလည်း ကျိုးပဲ့သွားခဲ့၏။
ခဏအကြာတွင် သူမသည် ရေဆိုးမြောင်းများအတွင်းသို့ ပြုတ်ကျသွားရင်း ထိတ်လန့်တကြား အော်ဟစ်သွားခဲ့သည်။
လူငယ်လေး နစ်သည် မြေပြင်ပေါ်ရှိ ထိုအပေါက်ကြီးကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြည့်နေခဲ့မိသည်။ သူသည် ထိုအပေါက်ထဲသို့ ငုံ့မကြည့်ရဲခဲ့ပေ။
အခြားသော သေးငယ်သည့်အရာများစွာ ရေထဲသို့ ပြုတ်ကျသွားသည့် အသံများကိုသာ သူ ကြားနေရသည်။ ထို့ပြင် ထိုအမျိုးသမီး၏ အော်ဟစ်သံများမှာလည်း ပို၍စူးရှလာကာ တဖြည်းဖြည်း အက်ကွဲသွားခဲ့သည်။
မကြာမီမှာပင် အော်ဟစ်သံများ ပျောက်ကွယ်သွားခဲ့၏။ တစ်မိနစ်ခန့်အကြာတွင်တော့ ထိုအပေါက်ထဲမှ ကြွက်တစ်ကောင် လျှောက်ထွက်လာခဲ့သည်။
"ကျေးဇူးပဲ..."
***