← Chapters

အခန်း ၈၀

Vol. 6 Ch. 80

အခန်း ၈၀

Vol. 6 Ch. 80

အပိုင်း(၈၀)

"ကျေးဇူးပဲ..."

ကြွက်က နစ်၏အရှေ့တွင် ရပ်တန့်ကာ မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။

"ဆုကြေးအဖြစ် ဒီအလောင်းကို မင်း ယူထားလိုက်လို့ရတယ်... တကယ်လို့ မင်း အစာစားချင်လာရင် နောက်ထပ်လူတစ်ယောက်ကို ရေဆိုးမြောင်းထဲ ထပ်ပစ်ချလိုက်ပေါ့..."

ထို့နောက်တွင်တော့ ထိုကြွက်သည် ရုတ်တရက် လဲကျသေဆုံးသွားခဲ့သည်။

ထိုနောက်ပိုင်း နေ့ရက်များသည် နစ်၏ ဘဝတွင် အဆိုးရွားဆုံးအချိန်များ ဖြစ်ခဲ့ပေသည်။

အိပ်စက်ရန် အလွန်ခက်ခဲလာခဲ့သည်။

အစာစားရန် ခက်ခဲလာခဲ့သည်။

အလုပ်လုပ်ရန် ခက်ခဲလာခဲ့သည်။

အသက်ရှင်နေထိုင်ရန်ပင် ခက်ခဲလာခဲ့လေသည်။

နစ်သည် ထိုနေ့က အမှတ်ရစရာများ၏ ခြောက်လှန့်ခြင်းကို ရက်သတ္တပတ်ပေါင်းများစွာ ခံစားခဲ့ရ၏။

သို့သော်လည်း တစ်နည်းအားဖြင့်ဆိုရသော် ထိုအမှတ်တရများသည် သူ့ကို အထောက်အကူ ပြုခဲ့ပေသည်။

နစ်သည် ထိုအမှတ်တရများနှင့် ရင်ဆိုင်ရမည်ကို အလွန်အမင်း ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် သူ နိုးကြားနေသည့် အချိန်တိုင်းတွင် တက်တက်ကြွကြွ နေထိုင်လာခဲ့၏။

သူ့ကို တွေးတောခွင့်ပေးမည့် တိတ်ဆိတ်မှုကို သူ ကြောက်ရွံ့ခဲ့သည်။ ထို့ကြောင့် ထိုအခြေအနေကို ရှောင်ရှားရန် အရာအားလုံးကို သူ လုပ်ဆောင်ခဲ့ပေသည်။

ဤအရာက နစ်၏ ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းလာစေခဲ့သည်။ ထို့ပြင် အလုပ်ပိုလုပ်ခြင်းဖြင့် ငွေကြေးပိုမို ရရှိလာစေရန်လည်း အကြောင်းဖန်လာခဲ့၏။

နောက်ဆုံးတွင်တော့ နစ်သည် အရာအားလုံးနှင့် ရင်းနှီးကျွမ်းဝင်စွာ နေထိုင်တတ်ရန် သင်ယူနိုင်ခဲ့လေသည်။

နောက်ဆုံး၌ နစ်သည် ဟပ်မှ ပေးအပ်သော သူ၏ တတိယမြောက် လုပ်ကြံသတ်ဖြတ်ရေးမစ်ရှင်ကို ပြီးမြောက်ချိန်တွင် ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ သူ၏စိတ်ကို ဖြေလျှော့နိုင်ခဲ့ပြီ ဖြစ်သည်။

နစ်သည် လူသတ်ခြင်းကို တစ်ခါမျှ သဘောမကျခဲ့ပေ။ သို့သော်လည်း အသက်ရှင်သန်ရန်နှင့် အနာဂတ်တစ်ခု တည်ဆောက်ရန်အတွက် ငွေကြေးလိုအပ်ခဲ့သည်။ ထို့ကြောင့် ဤမစ်ရှင်များကို သူ လက်ခံခဲ့ခြင်း ဖြစ်၏။

၎င်းသည် သူ မဖြစ်မနေ လုပ်ဆောင်ရမည့်အရာ ဖြစ်ပြီး ကျော်ဖြတ်ရမည့် ကိစ္စတစ်ခုမျှသာ ဖြစ်ပေသည်။

တောင်းရမ်းစားသောက်သူများအနေဖြင့် ရွေးချယ်ခွင့် မရှိနိုင်သည်မှာ အသေအချာပင် ဖြစ်၏။

"ဆရာ... ကျွန်တော်တို့ လုပ်စရာရှိတာတွေ ပြီးသွားပါပြီ..."

အစောင့်တစ်ယောက်၏ ခေါ်သံကြောင့် နစ်သည် သူ၏ အတွေးကမ္ဘာထဲမှ လန့်နိုးလာခဲ့သည်။

သူသည် လမ်းသွယ်လေး၏ အဝင်ဝဘက်သို့ လှည့်ကြည့်လိုက်ရာ အလောင်း သယ်ဆောင်ရေးယာဉ်ပေါ်တွင် အပြည့်အမောက် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ထို့နောက် နစ်သည် စင်္ကြံလမ်း၏ အဝင်ဝကို နောက်ဆုံးအကြိမ်အဖြစ် လှမ်းကြည့်လိုက်လေသည်။

'ငါလုပ်ခဲ့တာ မှန်ပါတယ်...'

သူ့ကိုယ်သူ စိတ်ထဲမှ ပြောလိုက်သည်။ နစ်သည် သတိပြန်ဝင်လာစေရန် ခေါင်းကို ခါရမ်းလိုက်သည်။ ထို့နောက် အလောင်း ပို့ဆောင်ရေးယာဉ်ဆီသို့ လျှောက်သွားခဲ့၏။

"ပြန်ကြစို့..."

သူက ပြောလိုက်သည်။

"ကောင်းပါပြီ ဆရာ..."

အစောင့်ခေါင်းဆောင်က ပြောသည်။

ယခုအချိန်၌ အလောင်းသယ်ဆောင်ရေးယာဉ်မှာ အတော်လေး လေးလံနေပြီဖြစ်သည်။ ထို့ကြောင့် ဒုတိယအစောင့်သည် တတိယအစောင့်နှင့်အတူ အလောင်း သယ်ဆောင်ရေးယာဉ်ကို ဝိုင်းဆွဲပေးနေရလေသည်။

သူတို့လေးယောက်သည် ဆင်ခြေဖုံးရပ်ကွက်ကြီးကို ဖြတ်သန်းကာ လုံးဝ တိတ်ဆိတ်စွာဖြင့် ခရီးဆက်လာခဲ့ကြသည်။

သူတို့ အချင်းချင်း စကားမပြောကြသလို သူတို့၏ ပတ်ဝန်းကျင်၌လည်း မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ပေ။ ပျက်စီးနေသော အပျက်အစီးများကြားတွင် ခရီးသွားနေရသည်နှင့်ပင် တူနေတော့သည်။

နောက်ဆုံးတွင် သူတို့သည် အပြင်ဘက်မြို့တော် အတွင်းသို့ ဝင်ရောက်လာခဲ့ကြ၏။

လမ်းမများပေါ်၌ လူများ ပိုမိုများပြားလာခဲ့သည်။ သို့သော် သူတို့သည် အလောင်း သယ်ဆောင်ရေးယာဉ်ကို မြင်သောအခါ နှာခေါင်းကိုပိတ်ကာ အနီးမှ ဖြတ်လျှောက်ခြင်းကို ရှောင်ရှားခဲ့ကြလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် သူတို့လေးယောက်သည် အစောင့်များ၏ စခန်းသို့ ရောက်ရှိလာခဲ့ကြသည်။

အလောင်း သယ်ဆောင်ရေးယာဉ်ကို အဝင်ပေါက်အပြင်ဘက်၌ ရပ်ထားခဲ့ပြီး သူတို့လေးယောက် အတွင်းသို့ ဝင်လာခဲ့ကြ၏။

နစ်အား သီးသန့်ရုံးခန်းတစ်ခုထဲသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် အစောင့်ခေါင်းဆောင်က စာရွက်အချို့ကို ထုတ်ယူလိုက်သည်။

စာရွက်များအားလုံးကို ဖတ်ရှုပြီးနောက် နစ်ကို ရှင်းပြကာ လက်မှတ်ထိုးရန် စာရွက်အချို့ကို အစောင့်က ကမ်းပေးလိုက်သည်။

နစ်သည် ထိုစာရွက်များအားလုံးကို လက်မှတ်ရေးထိုးပေးလိုက်ရာ အစောင့်က ၎င်းတို့ကို ပြန်လည်သိမ်းဆည်းလိုက်၏။

"ကဲ... အားလုံးပြီးပါပြီ... ကျေးဇူးတင်ပါတယ် ဆရာ..."

အစောင့်က ယဉ်ကျေးစွာ ပြုံးပြရင်း ပြောလိုက်သည်။

နစ်က ခေါင်းညိတ်ပြကာ မတ်တတ်ရပ်လိုက်သည်။

"ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ်..."

"ကျေးဇူးတင်စရာ မလိုပါဘူး... ကိုယ့်အလုပ်ကိုယ် လုပ်တာပါ..."

နစ်သည် နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်ပြီး ရုံးခန်းထဲမှ ထွက်ခွာလာခဲ့သည်။

"မနက်ဖြန်ကျရင် အလောင်းသယ်ဆောင်ရေးယာဉ်ကို ပြန်လာပို့ပေးပါဦး..."

နစ်တံခါးမပိတ်မီ အစောင့်ခေါင်းဆောင်က လှမ်းအော်ပြောလိုက်သည်။

ကင်းစခန်းမှ အထွက်တွင် နစ်သည် အလောင်းများ အပြည့်တင်ထားသော အလောင်း သယ်ဆောင်ရေးယာဉ်ကို ကြည့်လိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် သူသည် ဘာစကားမျှမဆိုဘဲ အလောင်းသယ်ဆောင်ရေးယာဉ်ကို ကိုင်ကာ စတင်ဆွဲငင်သွားလေတော့သည်။

နစ်အပြင်ဘက်မြို့တော် ကို ဖြတ်သန်းသွားစဉ် လူများသည် သူဆွဲလာသော အလောင်း သယ်ဆောင်ရေးယာဉ်ကြောင့် သူ့ကို ဆက်တိုက် ရှောင်ဖယ်သွားကြလေသည်။

မိနစ်အနည်းငယ် ကြာပြီးနောက် နစ်သည် ဒါ့ဒရမ်၏ ဂိုဒေါင်ရှေ့သို့ ရောက်ရှိလာခဲ့၏။ ထို့နောက် ဧရာမတံခါးကြီးတစ်ခုမှတစ်ဆင့် အတွင်းသို့ ဝင်ရောက်သွားလေသည်။

သံချေးတက်နေသော ဘီးများမှ ထွက်ပေါ်လာသည့် အသံသည် ဂိုဒေါင်တစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။

နစ်က အလောင်းသယ်ဆောင်ရေးယာဉ်ကို ချထားလိုက်ချိန်မှာပင် ဝင်တာ၏ ရုံးခန်းတံခါး ပွင့်လာခဲ့၏။

ညနေ ငါးနာရီပင် မပြည့်သေးပေ။ ဝင်တာသည် ဤနေရာ၌ ရှိနေဆဲ ဖြစ်သည်။

သွေးများ စိမ့်ထွက်နေသော အလောင်းသယ်ဆောင်ရေးယာဉ်ကို ဝင်တာမြင်လိုက်ရသောအခါ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သို့သော် ထိုသို့ဖြစ်သွားသည်ကို နစ်အား ပေးမမြင်ခဲ့ပေ။

ဝင်တာသည် ရက်စက်ပြတ်သားသော စီးပွားရေးသမားတစ်ယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ခံခဲ့ရသူ ဖြစ်သည်။ သို့တိုင်အောင် တောင်ပို့ငယ်လေးပမာ ပုံနေသော အလောင်းများကို မြင်တွေ့ရခြင်းက သူ့အတွက် တုန်လှုပ်စရာပင် ဖြစ်နေခဲ့၏။

ဝင်တာသည် ဖြည်းညင်းစွာ လျှောက်လာခဲ့ပြီး အလောင်းသယ်ဆောင်ရေးယာဉ်နှင့် နှစ်မီတာခန့်အကွာတွင် ရပ်တန့်လိုက်သည်။ ထိုစဉ် နစ်က ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်လေသည်။

"သူတို့အကုန်လုံးက ရိုင်ကာ စထရိုက်ကာ ဂိုဏ်းသားတွေချည်းပဲလား..."

ဝင်တာက မေးလိုက်သည်။

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"သူတို့အကုန်လုံး ဌာနချုပ်မှာ နေကြတဲ့သူတွေချည်းပဲ... ပြီးတော့ သူတို့အားလုံးက တော်တော်လေး တောင့်တင်းပြီး ထွားကြိုင်းကြတယ်..."

အလောင်းပုံကြီးကို စိုက်ကြည့်နေရင်း ဝင်တာသည် သတိလွတ်နေသကဲ့သို့ ခေါင်းညိတ်လိုက်သည်။

"ရိုင်ကာ က လက်စားမချေဘူးဆိုတာ မင်း သေချာရဲ့လား..."

"သူ လက်စားမချေဘူးလို့ ကျွန်တော့်ကို အာမခံခဲ့တာ ခင်ဗျားပဲလေ..."

နစ်က ပြန်ဖြေသည်။

ဝင်တာသည် နောက်ထပ် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြန်သည်။

"ဟုတ်သားပဲ... ဆောရီး..."

သတိလွတ်နေဆဲဖြစ်သော ဝင်တာက ပြန်ဖြေလိုက်သည်။ ထို့နောက် အလောင်းသယ်ဆောင်ရေးယာဉ်ဆီမှ အကြည့်ကို လွှဲဖယ်လိုက်၏။

"ဒါက ကောင်းတဲ့ကိစ္စပါ..."

နစ်က ဝင်တာကို ကြည့်ကာ ပြောလိုက်သည်။

"ရိုင်ကာ စထရိုက်ကာ တွေက ဆင်ခြေဖုံးရပ်ကွက်ကြီး အတွက် ကပ်ရောဂါဆိုးကြီးတစ်ခုပဲ..."

"နစ်..."

ဝင်တာက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်သွားသော လေသံဖြင့် ခေါ်လိုက်သည်။

"ဟန်ဆောင်ပန်ဆောင်တွေ လာမလုပ်စမ်းပါနဲ့..."

"ငွေလိုချင်လို့ သူတို့ကို ငါတို့ သတ်ခဲ့ကြတာ... အဲ့ဒီထက်လည်း မပိုဘူး... အဲ့ဒီထက်လည်း မလျှော့ဘူး..."

ထိုစကားကို ကြားသောအခါ နစ်သည် မျက်လုံးများကို ကျဉ်းမြောင်းသွားသည်အထိ စွေကြည့်လိုက်သည်။

"ခင်ဗျားအတွက်တော့ မှန်ကောင်းမှန်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော်ကတော့ ဆင်ခြေဖုံးရပ်ကွက်ကြီး ကို တကယ် ဂရုစိုက်တာပါ... ရိုင်ကာ စထရိုက်ကာ တွေသာ ဒီလောက်ကြီး ဒုက္ခပေးနေတဲ့သူတွေ မဟုတ်ဘူးဆိုရင် ကျွန်တော် သူတို့ကို ဘယ်တော့မှ သတ်မှာမဟုတ်ဘူး..."

"အဲ့ဒီတော့ ဘာဖြစ်လဲ..."

ဝင်တာက မေးသည်။

"ဟုတ်တယ်... မင်း တခြားဘယ်သူ့ကိုမှ သတ်မှာမဟုတ်ဘူး... ဒါပေမဲ့ အဲ့ဒါက အချိန်အလုံအလောက် မကြာသေးလို့ပဲ ဖြစ်မယ်..."

နစ်က ငြင်းဆန်ချင်ခဲ့သော်လည်း ဝင်တာ၏ စကားကို ဖြတ်မပြောခဲ့ပေ။

"မင်း ခြောက်ပတ်တိတိ ရှာဖွေခဲ့ပေမဲ့ ဘာရလဒ်မှ မထွက်လာဘူး... အဲ့ဒီတော့ မင်း မျှော်လင့်ချက်မဲ့လာခဲ့တယ်... ရိုင်ကာ စထရိုက်ကာ တွေသာ မရှိခဲ့ဘူးဆိုရင် မင်း ဘယ်သူ့ကိုမှ သတ်ဖြစ်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့ နောက်ထပ် လေးပတ်၊ ဒါမှမဟုတ် နောက်ထပ် ဆယ်ပတ်လောက် ကြာသွားရင်ရော ဘယ်လိုလုပ်မလဲ..."

"တခြားဂိုဏ်းက လူတွေကို သတ်ပစ်ဖို့အထိ မင်း ဘယ်အချိန်မှာ မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်လာမလဲ..."

ဝင်တာက မေးလိုက်သည်။

"ဝင်တာ... ခင်ဗျားက ခင်ဗျားရဲ့ စံနှုန်းတွေနဲ့ ကျွန်တော့်ကို အကဲဖြတ်နေတာပဲ..."

နစ်က ပြန်ဖြေသည်။

"အရင်တုန်းကလည်း လူတွေကို ကျွန်တော် သတ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ မဖြစ်မနေ လိုအပ်လာတဲ့ အချိန် ဒါမှမဟုတ် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိတဲ့အချိန်မှပဲ သတ်ခဲ့တာ..."

"ကျွန်တော်က အပြင်ဘက်မြို့တော် မှာ နေထိုင်တဲ့ လူအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းထက် ပိုချမ်းသာနေပြီ... ပြီးတော့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အနေနဲ့ လျှောက်ရမယ့်လမ်းမှာလည်း အဆင်ပြေနေပြီလေ..."

"ဒီလောက် ကြွယ်ဝချမ်းသာနေရက်နဲ့ အသက်ရှင်ဖို့အတွက် လူတစ်ယောက်ကို သတ်ဖို့လိုအပ်တယ်လို့ ပြောလာတာမျိုးကိုတော့ ကျွန်တော် ဘယ်တော့မှ လက်ခံနိုင်မှာ မဟုတ်ဘူး..."

နစ်က ရှင်းပြလိုက်သည်။

"ဒါတောင်မှ မင်း အခုလေးတင် လူကိုးယောက်ကို သတ်ခဲ့သေးတာပဲ..."

ဝင်တာက ချေပလိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ အပြောင်းအလဲတစ်ခု လုပ်နိုင်တဲ့ စွမ်းအားမျိုး ကျွန်တော့်ဆီမှာ နောက်ဆုံးတော့ ရှိလာပြီလေ..."

နစ်က အေးစက်စက် လေသံဖြင့် ပြန်ဖြေသည်။

"တခြားသူတွေရဲ့ ဘဝကို ပိုကောင်းလာအောင် ပြောင်းလဲပေးနိုင်လောက်တဲ့အထိ ကျွန်တော် နောက်ဆုံးတော့ ချမ်းသာလာပြီး စွမ်းအားတွေ ရှိလာပြီ..."

"ဝင်တာ... ကျွန်တော့်ရဲ့ ရည်မှန်းချက်က ကိုယ့်ဝမ်းစာဝဖို့နဲ့ ချမ်းသာဖို့အတွက် သက်သက် မဟုတ်ဘူး... ပတ်ဝန်းကျင်က လူတွေရဲ့ ဘဝကိုပါ တိုးတက်ကောင်းမွန်လာစေဖို့ပဲ..."

နစ်က ငြင်းခုံလိုက်သည်။

"ဘယ်တုန်းကတည်းကလဲ..."

နစ်သည် မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်တုန်းကတည်းကလဲ ဆိုတာ ဘာသဘောလဲ..."

"ဘယ်တုန်းကတည်းကလဲ ဆိုတာလေ..."

ဝင်တာက ထပ်ပြောသည်။

"ငါတို့တွေ ဒရီမား ကို ရှာဖွေနေတုန်းက မင်းက ပိုကောင်းတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရုံသက်သက်ပဲလို့ ငါ့ကို ပြောခဲ့တယ်လေ..."

"မင်း ပတ်ဝန်းကျင်က လူတွေရဲ့ ဘဝကိုပါ တိုးတက်ကောင်းမွန်လာစေချင်တယ်လို့ မင်း တစ်ခါမှ မပြောခဲ့ဘူး..."

တိတ်ဆိတ်သွားလေ၏။

အံ့သြစရာကောင်းလောက်အောင်ပင် နစ်သည် ချက်ချင်း အဖြေမပေးခဲ့ပေ။

***

All Chapters