← Chapters

အခန်း ၈၁

Vol. 6 Ch. 81

အခန်း ၈၁

Vol. 6 Ch. 81

အပိုင်း(၈၁)

"ဘယ်တုန်းကတည်းကလဲ ဟုတ်လား..."

နစ်သည် မျက်မှောင်ကြုတ်လျက် အထက်သို့ မော့ကြည့်လိုက်သည်။ ဝင်တာသည် နစ်၏ အတွေးများကို ဝင်ရောက် မနှောင့်ယှက်ခဲ့ပေ။

နစ်သည် ဟိုရူဝါ နှင့်အတူ ကုန်ဆုံးခဲ့သော သူ၏ သုံးရက်တာ အားလပ်ရက် ခရီးစဉ်ကို ပြန်လည် တွေးတောလိုက်သည်။

ထိုစဉ်က နစ်၏ ရည်မှန်းချက်သည် အခြားလူများ၏ ဘဝကို တိုးတက်ကောင်းမွန်လာစေရန် မဟုတ်ခဲ့ပေ။

နစ်သည် ဒရီမား နှင့် အလုပ်လုပ်ခဲ့စဉ်ကလည်း အခြားသူများ၏ ဘဝများအကြောင်းကို မတွေးခဲ့ဖူးပေ။

နစ်သည် နောက်ထပ် စပက်တာ ကို ရှာဖွေနေခဲ့စဉ်ကလည်း အခြားသူများအကြောင်းကို ထည့်သွင်း မစဉ်းစားခဲ့ပေ။

'ဒါပေမဲ့လည်း ငါက အရာအားလုံးကို ပြောင်းလဲပစ်ချင်နေသလို ခံစားနေရတယ်...'

နစ်တွေးလိုက်သည်။

'ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတွေရဲ့ အထွေထွေ ဘဝနေထိုင်မှုအဆင့်အတန်း တိုးတက်လာဖို့အတွက် ငါ တစ်ခုခု လုပ်ပေးသင့်တယ်လို့ ခံစားနေရတယ်...'

'အဲ့ဒါက ဘယ်အချိန်တုန်းက စဖြစ်ခဲ့တာလဲ...'

တိတ်ဆိတ်နေဆဲ…။

နောက်ဆုံးတွင် နစ်သည် အဖြေတစ်ခုကို ရရှိခဲ့သည်။ သို့သော် ထိုအဖြေကို သူ သဘောမကျခဲ့ပေ။

'ရိုင်ကာ စထရိုက်ကာ တွေကို သတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အချိန်ကပဲ...'

နစ်တွေးလိုက်သည်။

'အဲ့ဒီအချိန်က ငါ့ရဲ့ ရွေးချယ်မှုကို လုပ်ခဲ့တဲ့အချိန်ပဲ...'

နစ်သည် အောက်သို့ ငုံ့ကြည့်လိုက်သည်။

'ဝင်တာပြောတာ မှန်နေမလား... ငါက ကိုယ့်လုပ်ရပ်ကို တရားမျှတအောင် ဆင်ခြေပေးချင်လို့များ ဒီလို ပြောနေမိတာလား...'

'ငါက မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်နေခဲ့တယ်... အဲ့ဒီစိတ်ပျက်မှုက အမြင့်ဆုံးကို ရောက်သွားတဲ့အချိန်မှာ ဒီစိတ်ပျက်မှုအတွက် အဖြေတစ်ခုကို ရုတ်တရက် ရှာတွေ့ခဲ့တယ်... တစ်ချိန်တည်းမှာပဲ ကိုယ်ကျင့်တရားအရ မျှတတဲ့ အကြောင်းပြချက်တစ်ခုကိုပါ အလွယ်တကူ ရှာတွေ့သွားခဲ့တာပဲ...'

'တကယ်လို့ ငါက ဒီကနေ ဘာအကျိုးအမြတ်မှ မရခဲ့ဘူးဆိုရင်ကော... ဒီအလောင်းတွေကို ငါသာ မယူထားခွင့်ရဘူးဆိုရင် ဘယ်လိုလုပ်မလဲ...'

'ငါ ဒါကို လုပ်ဖြစ်ပါဦးမလား...'

နစ်သည် ဆက်လက် တွေးတောနေခဲ့၏။

'အခုလက်ရှိ အခြေအနေအရဆိုရင်တော့ လုပ်ဖြစ်မှာ မဟုတ်ဘူး...'

'ဒါပေမဲ့ အဲ့ဒါက သူတို့ကို သတ်ဖို့အတွက် ပေးရမယ့် တန်ဖိုးကြောင့်ပဲ ဖြစ်မယ်...'

'ငါက လူတွေကို ကူညီချင်ပါတယ်... ဒါပေမဲ့ လူတစ်ယောက်ကို သတ်ဖို့အတွက် ငွေကြေး ငါးထောင် ဆိုတာက အရမ်းများလွန်းတဲ့ တန်ဖိုးတစ်ခုပဲ...'

'တကယ်လို့ သတ်လိုက်တဲ့ လူတစ်ယောက်ချင်းစီတိုင်းအတွက် ငါက ငွေကြေး ငါးထောင် ပေးစရာ မလိုဘူးဆိုရင် ဆင်ခြေဖုံးရပ်ကွက်ကြီး တိုးတက်ဖို့အတွက် ရိုင်ကာ စထရိုက်ကာ တွေကို ငါ သတ်ပစ်မယ်ဆိုတာ အသေအချာ ယုံကြည်တယ်...'

'ဟုတ်တယ်... တခြားသူတွေရဲ့ ဘဝကို ငါ တိုးတက်ကောင်းမွန်လာစေချင်တယ်...'

'အာဏာရှိတဲ့ လူအများကြီးက ဒီကမ္ဘာကြီး တိုးတက်ကောင်းမွန်လာဖို့ကို ဂရုမစိုက်ကြတာကို ငါ အမြဲတမ်း ယူကြုံးမရ ဖြစ်ခဲ့ဖူးတယ်... ငါတို့လို ဆင်းရဲသားတွေက ဒုက္ခရောက်နေချိန်မှာ သူတို့ကတော့ ပိုပိုပြီး ချမ်းသာလာအောင် အရာရာကို ဝါးမျိုနေကြတယ်...'

'ငါက အရာအားလုံးကို အမြဲတမ်း ပြောင်းလဲချင်ခဲ့တာ... ဒါပေမဲ့ ငါ့ဆီမှာ စွမ်းအားရှိတယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး...'

'အခုတော့ ဒီစွမ်းအားကို ငါ တဖြည်းဖြည်း ရရှိလာနေပြီ...'

‘အတိတ်က ရုန်းကန်ခဲ့ရမှုတွေကို မေ့ပစ်လိုက်တဲ့ လူတွေထဲက တစ်ယောက် ငါ အဖြစ်မခံနိုင်ဘူး… အခု ငါက အာဏာရှိတဲ့သူ ဖြစ်နေပြီမလို့ အတိတ်က ငါ့အပေါ် ပြုမူခဲ့သလိုမျိုး တခြားသူတွေအပေါ် ပြန်လုပ်ဖို့ တရားမျှတတဲ့ အကြောင်းပြချက် ရှိတယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ထားရှိဖို့ ငါ လုံးဝ ငြင်းဆန်တယ်...'

'တခြားသူတွေရဲ့ ဘဝကို ငါ တိုးတက်ကောင်းမွန်လာစေရမယ်...'

ထိုခဏ၌ နစ်သည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး အလောင်းသယ်ဆောင်ရေးယာဉ်ကို ကြည့်လိုက်သည်။

'ဒါပေမဲ့ ဒါက ရေရှည်တည်တံ့ဖို့တော့ လိုတယ်... ငါ့ရဲ့ စွမ်းအားကို ဆက်ပြီး မထိန်းသိမ်းနိုင်ဘူးဆိုရင် တခြားသူတွေကို ကူညီနိုင်မယ့် စွမ်းအားတွေကိုပါ ငါ ဆုံးရှုံးသွားလိမ့်မယ်...'

'ငါ ပိုပြီး သန်စွမ်းလာလေလေ လူတွေကို ပိုပြီး ကူညီနိုင်လေလေပဲ… ဒါပေမဲ့ ငါ့ရဲ့ ဒီစိတ်ဓာတ်ကို ဘယ်တော့မှ အပျောက်မခံဖို့က အရေးကြီးတယ်...'

နောက်တစ်ခဏတွင် နစ်သည် ဝင်တာဘက်သို့ လှည့်လိုက်၏။

"ကျေးဇူးပဲ... အဲ့ဒါကို ကျွန်တော် လိုအပ်နေခဲ့တာ..."

ဝင်တာသည် မျက်ခုံးတစ်ဖက်ကိုသာ ပင့်လိုက်သည်။ နစ်ဆိုလိုသည့် သဘောကို သူ သေချာပေါက် နားမလည်ခဲ့ပေ။

နစ်သည် သူစဉ်းစားနေခဲ့သော အကြောင်းအရာများကို ဝင်တာအား ရှင်းပြလိုက်သည်။ ဝင်တာကမူ သံသယဝင်နေသော မျက်နှာထားဖြင့် နစ်ကို ကြည့်နေခဲ့၏။

"ဒါဆို မင်းက တကယ် အတည်ပြောနေတာပေါ့..."

ဝင်တာက မေးလိုက်သည်။

"မင်းက ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတွေရဲ့ ဘဝကို တကယ်ပဲ တိုးတက်ကောင်းမွန်လာစေချင်တာလား..."

နစ်သည် တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ ခေါင်းညိတ်ပြလိုက်သည်။

"ဘာဖြစ်လို့လဲ..."

ဝင်တာက မေးလိုက်သည်။

"သူတို့က မင်းအတွက် ဘာတစ်ခုမှ လုပ်ပေးခဲ့ဖူးတာ မဟုတ်ဘူး... ငါကြားဖူးသလောက်ဆိုရင် သူတို့အားလုံးက မင်းကို ဂရုမစိုက်ကြဘူး... ပြီးတော့ အများစုက မင်းရဲ့ပစ္စည်းတွေကိုတောင် ခိုးချင်နေကြတာ... ဘာဖြစ်လို့ မင်း ရှာဖွေထားတဲ့ အရာတွေကို စတေးပြီး သူတို့လို လူမျိုးတွေကို ကူညီချင်ရတာလဲ..."

"ဒါက စနစ်ကြောင့်ပါ... လူတစ်ဦးတစ်ယောက်ချင်းစီကြောင့် မဟုတ်ဘူး..."

နစ်က ပြောလိုက်သည်။

"အခွန်တွေသာ မရှိဘူးဆိုရင် အကြမ်းဖက်မှု ရာဇဝတ်မှု အရေအတွက်က သိသိသာသာကို ကျဆင်းသွားလိမ့်မယ်... လူတွေသာ ပိုကောင်းတဲ့ အစားအစာတွေကို စားသုံးခွင့်ရမယ်ဆိုရင် တန်ဖိုးရှိတဲ့ အာဟာရဓာတ်တွေအတွက် တခြားသူတွေနဲ့ တိုက်ခိုက်နေစရာ လိုမှာမဟုတ်ဘူး..."

"ဟုတ်ပါတယ်... မလိုအပ်ဘဲ ရက်စက်တတ်ပြီး တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ လူတွေ အများကြီးရှိတယ်... သဘာဝအရတော့ ဒီလူတွေက ပိုကောင်းတဲ့ ဘဝတစ်ခုကို ရရှိဖို့ မထိုက်တန်ပါဘူး..."

"ဒါပေမဲ့ သူတို့ထဲက တချို့က ဘီလူးသဘက်တွေ ဖြစ်နေတာနဲ့ပဲ ဆင်းရဲသားတွေ အားလုံးကို ငါတို့ အပြစ်မတင်နိုင်ဘူးလေ..."

"သူဌေးတွေက ငါတို့ကို မကူညီကြလို့ ဆိုပြီး သူဌေး အားလုံးကို ဘီလူးသဘက်တွေလို့ သတ်မှတ်လို့ မရသလိုမျိုးပေါ့..."

"အခုလက်ရှိမှာတော့ ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတွေဟာ ဆင်းရဲဒုက္ခ ရောက်နေကြတယ်... ပြီးတော့ သူတို့ထဲက တချို့ပဲ သူတို့ရဲ့ ဘဝကို တိုးတက်ကောင်းမွန်အောင် လုပ်နိုင်ကြတယ်..."

"ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့ဒါရဲ့ ပြောင်းပြန်ကို ဖြစ်စေချင်တာ..."

"လူတိုင်းကို ကောင်းမွန်တဲ့ ဘဝတစ်ခု ပိုင်ဆိုင်စေချင်တယ်... တကယ်လို့ သူတို့က မကောင်းတာတွေ လုပ်မယ်ဆိုရင်တော့ သူတို့ရဲ့ ဘဝတွေက ဆိုးရွားသွားလိမ့်မယ်..."

"လူတိုင်းက အခွင့်အရေးတစ်ခုတော့ ရဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်တယ်... ပြီးတော့ ဒါကို ဖြစ်လာအောင် ကျွန်တော့်ဘက်က အစွမ်းကုန် ကြိုးစားချင်တယ်..."

ဝင်တာသည် သံသယဝင်နေသော မျက်နှာထားဖြင့် နစ်ကို ကြည့်နေဆဲ ဖြစ်သည်။

"ဒါက တော်တော်လေး ကြီးမားတဲ့ ရည်မှန်းချက်တစ်ခုပဲဆိုတာ မင်း သိတယ်မလား..."

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် သိပါတယ်... ဆင်ခြေဖုံးရပ်ကွက်ကြီး ထဲက လူတိုင်းကို ဒီလို အခြေခံအဆင့်ကနေ စပြီး ကူညီချင်တယ်ဆိုရင် ကျွန်တော်က အနည်းဆုံးတော့ အဲဘတ် လောက်ဖြစ်ဖြစ် အင်အားကြီးလာဖို့ လိုအပ်လိမ့်မယ်... ဒါမှမဟုတ် သူ့ထက်တောင် ပိုပြီး စွမ်းအားကြီးလာဖို့ လိုကောင်းလိုလိမ့်မယ်..."

"ဒါပေမဲ့ အနည်းဆုံးတော့ အဲ့ဒီအချိန်ကျရင် ကျွန်တော့်ရဲ့ စွမ်းအားက တကယ့် တန်ဖိုးနဲ့ အဓိပ္ပာယ် ရှိလာမှာပါ..."

ဝင်တာသည် မေးစေ့ကို ပွတ်သပ်ရင်း နစ်ကို ကြည့်လိုက်သည်။

"ဒါဆို အတိုချုပ်ပြောရရင် မင်းက အများကြီး ပိုသန်စွမ်းလာချင်တယ်ပေါ့... စွမ်းအားဆိုတာက မင်းရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ပေးမယ့် အရင်းအမြစ်တစ်ခုပဲ... ဟုတ်တယ်မလား..."

သူက မေးလိုက်သည်။

"ခင်ဗျား အဲ့ဒီလို မှတ်ယူလို့လည်း ရပါတယ်..."

နစ်က ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

"ကောင်းပြီလေ..."

ဝင်တာက ပြောသည်။ နောက်တစ်ခဏတွင် ဝင်တာသည် သက်ပြင်းချလိုက်၏။

"ဒါကို ကြားရတာ ငါ ဝမ်းသာပါတယ်ကွာ..."

ယခုတစ်ကြိမ်တွင်တော့ သံသယဖြင့် ကြည့်သူမှာ နစ်ဖြစ်သွားခဲ့သည်။

"ဘာဖြစ်လို့လဲ..."

"မင်း ကျေနပ်ရောင့်ရဲသွားမှာကို ငါ စိုးရိမ်နေခဲ့တာ..."

ဝင်တာက ရယ်မောရင်း ပြောလိုက်သည်။

"မင်းက ပိုကောင်းတဲ့ ဘဝတစ်ခုကိုပဲ လိုချင်တယ်လို့ ငါ့ကို အမြဲတမ်း ပြောခဲ့တယ်လေ... မင်းရဲ့ စားဝတ်နေရေးလေး အဆင်ပြေသွားတာနဲ့ မင်း အေးအေးဆေးဆေး နေသွားမှာကို ငါ ကြောက်နေခဲ့တာ..."

"ဒါပေမဲ့ အခုတော့ မင်းဆီမှာ ဒီလောက်ကြီးမားတဲ့ ရည်မှန်းချက် ရှိနေပြီဆိုတော့ မင်း ကျေနပ်ရောင့်ရဲသွားဖို့ အကြောင်းပြချက် မရှိလောက်တော့ပါဘူး..."

နစ်သည် ရှက်ကိုးရှက်ကန်းဖြင့် နောက်စေ့ကို ကုတ်လိုက်သည်။

"ဟုတ်... အဲ့ဒီလိုပဲ ထင်ပါတယ်..."

ဝင်တာက ခေါင်းညိတ်ပြသည်။

"ကောင်းပြီ... ဒါဆိုရင် အလောင်းတွေကို ရှင်းကြရအောင်..."

နစ်သည် အပြုံးတစ်ပွင့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ဒီနေ့အတွက် ပေတာကို ငါ အိမ်ပြန်လွှတ်လိုက်ပြီ... ဂျန်နီ ကတော့ အခု အလုပ်လုပ်နေတယ်... ထရီဗာ ကလည်း နောက်ထပ် နာရီအတော်ကြာတဲ့အထိ ဒီကို ရောက်လာမှာ မဟုတ်ဘူး..."

ဝင်တာက ပြောသည်။

"ပါရာဆိုက်ကို အလောင်းတွေ ပေးမယ့် ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို သူတို့ကို အသိမပေးထားဘူး... ပြီးတော့ အဲ့ဒီအတိုင်းပဲ ငါ ဆက်ထားချင်တယ်..."

"ပါရာဆိုက် နဲ့ အလုပ်လုပ်တာက တရားမဝင်ဘူး... ငါတို့တွေ ပေါက်ကြားသွားရင် သွေးမှိုမြို့တော်က ငါတို့ကို နှိမ်နင်းလိမ့်မယ်... ငါ့မိသားစုရဲ့ ကျေးဇူးကြောင့် ငါကတော့ ဒီအခြေအနေကို ကျော်ဖြတ်နိုင်လိမ့်မယ်... ဒါပေမဲ့ မင်းကတော့ အသက်ရှင်မှာ မဟုတ်ဘူး... ဒါက ဘယ်လောက် အရေးကြီးတယ်ဆိုတာ မင်း နားလည်မယ်လို့ ငါ မျှော်လင့်ပါတယ်..."

ဝင်တာက ပြောလိုက်သည်။ နစ်က လေးနက်တည်ကြည်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"ကျွန်တော် ကောင်းကောင်း နားလည်ပါတယ်... ကျွန်တော်လည်း မသေချင်သေးဘူး..."

ဝင်တာကလည်း အပြန်အလှန် နားလည်သဘောပေါက်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

"သူတို့ကို ယူလာခဲ့လိုက်..."

ဒရီမာ၏ ထိန်းသိမ်းရေးအခန်း နံဘေးမှ လျှောက်သွားရင်း ဝင်တာက ပြောလိုက်သည်။ နစ်သည် အလောင်းသယ်ဆောင်ရေးယာဉ်ကို အနောက်မှဆွဲလျက် ဝင်တာ၏ နောက်သို့ လိုက်သွားခဲ့လေသည်။

***

All Chapters