အခန်း ၈၅
Vol. 6 Ch. 85
အပိုင်း(၈၅)
မိနစ်အနည်းငယ် အကြာတွင် နစ်သည် အပြင်ဘက်မြို့တော် သို့ ရောက်ရှိသွား၏။ အစောင့်တစ်ယောက်က သူ့ကို လှမ်းကြည့်သောအခါ နစ်က သူရရှိထားသော တိုကင်ပြားကို ပစ်ပေးလိုက်သည်။
အစောင့်က ၎င်းကို ကြည့်ရှုလိုက်ပြီး ခေါင်းညိတ်ကာ နစ်၏ နောက်သို့ လိုက်ပါသွားခဲ့၏။ သူတို့ ဂိုဒေါင်သို့ ရောက်ရှိသွားသောအခါ အစောင့်က ထွက်ခွာသွားခဲ့သည်။
ဂိုဒေါင်အတွင်း၌ နစ်နှင့် ဝင်တာတို့သည် အချင်းချင်း ကြည့်လိုက်ကြ၏။
ထို့နောက် သူတို့က နားလည်သဘောပေါက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ကြတော့သည်။
နစ်သည် သံပြားများကို ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်၏။ မိနစ်အနည်းငယ် ကြာပြီးနောက်တွင် သူတို့သည် မိလ္လာပြွန်ကြီးထဲသို့ တစ်ဖန် ပြန်၍ ကြည့်လိုက်ကြသည်။
ယခင်အကြိမ်ကကဲ့သို့ပင် နေရောင်ခြည်သည် မျက်နှာပြင်ပေါ်ရှိ နေရာကွက်ကွက်ကြီးတစ်ခုကို လင်းထိန်နေစေ၏။
"ပါရာဆိုက်... ငါတို့ အဆင်သင့်ဖြစ်ပြီ..."
ဝင်တာက အော်ပြောလိုက်သည်။ သူတို့နှစ်ဦးသည် မိနစ်ဝက်နီးပါးခန့် စောင့်ဆိုင်းနေခဲ့ကြ၏။
"မင်းတို့ အဆင်သင့်ဖြစ်ပြီလား..."
ကြွက်တစ်ကောင်က ရေထဲမှ ခေါင်းပြူထွက်လာပြီးနောက် မေးလိုက်သည်။ ဝင်တာနှင့် နစ်တို့က ခေါင်းညိတ်ပြလိုက်ကြ၏။
"ငါတို့ သူ့ကို မြှူခေါ်ဖို့အတွက် အလောင်းတစ်လောင်းလည်း ပြင်ဆင်ထားတယ်..."
ဝင်တာက ပြောသည်။
ယင်းကို ကြားသောအခါ ကြွက်က နှာမှုတ်လိုက်၏။
"လွတ်လပ်နေတုန်း စားရမယ့် နောက်ဆုံးအစာပေါ့လေ..."
ကြွက်က သူ့ဘာသာ မှတ်ချက်ချလိုက်သည်။
"အေး... အဲဒါဆို အဆင်ပြေလောက်တယ်..."
ကြွက်က အော်ပြောလိုက်၏။
"အဲဒီကောင်က လောလောဆယ် ဆင်ခြေဖုံးရပ်ကွက်ကြီး ရဲ့ အောက်ဘက် မျက်နှာပြင်အောက်မှာ လှည့်လည်သွားလာနေတာ... သူသာ အလောင်းကို အာရုံခံမိရင် ဒီကို မြန်မြန် ရောက်လာလိမ့်မယ်..."
"ကောင်းပြီ..."
ဝင်တာက ပြန်ဖြေလိုက်ပြီး နစ်ဘက်သို့ လှည့်လိုက်၏။
"မင်း အဆင်သင့်ဖြစ်ပြီလား..."
နစ်က ခေါင်းညိတ်ပြလိုက်ပြီး ကြိုးတစ်ချောင်းကို အောက်သို့ ပစ်ချလိုက်သည်။ ကြိုးသည် ပြေကျသွားပြီးနောက် ၎င်း၏ အဖျားသည် မိလ္လာပြွန်အတွင်းရှိ အရည်များနှင့် ထိစပ်သွားခဲ့၏။
သဘာဝအားဖြင့် နစ်သည် ဂိုဒေါင်ထဲသို့ ပြန်လည်ဝင်ရောက်ရန် လမ်းကြောင်းတစ်ခု လိုအပ်နေပေသည်။ ထို့ကြောင့် ဤကြိုးသည် သူ၏ ထွက်ပေါက် ဖြစ်လာပေလိမ့်မည်။
ထို့နောက် နစ်နှင့် ဝင်တာတို့သည် ပါရာဆိုက်ကို ကြည့်လိုက်ကြ၏။
တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
"ဘာဖြစ်လို့လဲ..."
ပါရာဆိုက်က မေးလိုက်၏။
"မင်း ဒီမှာရှိနေရင် ငါ့ရဲ့ စွမ်းရည်ကို သုံးလို့မရဘူးလေ... အဲဒါကို မင်း သိပါတယ်..."
နစ်က ပြောလိုက်သည်။
"ဖူး... မင်း အဲဒါကို သုံးဖို့ မလိုပါဘူး..."
ကြွက်က ရယ်မောလျက် ပြောလိုက်၏။
"အဲဒီကောင်က အသုံးဝင်တဲ့ စွမ်းရည်မရှိတဲ့ ပူးကပ်တတ်တဲ့ စပက်တာ တစ်ကောင်ပဲ... ပိုဆိုးတာက အဲဒီကောင်က သားပေါက် အဆင့် အစောပိုင်းပဲ ရှိသေးတာ... သူ့ကို တိုက်ခိုက်ရတာက ဒေါသထွက်နေတဲ့ စားပွဲခုံ တစ်လုံးကို တိုက်ခိုက်နေရသလိုပဲ... ငါ့ကို ယုံပါ၊ မင်း သေသွားတာကို မြင်ချင်ရုံ သက်သက်နဲ့တော့ ဒါ့ခရမ်နဲ့ ငါ့ရဲ့ အနာဂတ် ဆက်ဆံရေးကို အပျက်ခံမှာ မဟုတ်ဘူး..."
နစ်သည် မျက်မှောင်ကြုတ်သွားပြီး ဝင်တာကို လှမ်းကြည့်လိုက်၏။
ဝင်တာက ပေါ့ပေါ့ပါးပါးပင် ပခုံးတွန့်ပြလိုက်သည်။
"ကောင်းပြီလေ..."
နစ်က ဂရုတစိုက် ပြောလိုက်၏။ နောက်တစ်ခဏတွင် နစ်သည် အပေါက်နားမှ ခွာသွားပြီး အလောင်းကို သွားရောက်ဆွဲယူလိုက်သည်။
ဗွမ်း...
နစ်သည် ၎င်းကို ရေထဲသို့ ပစ်ချလိုက်၏။ အနည်းငယ် ကြာပြီးနောက်တွင် ၎င်းသည် မျက်နှာပြင်ပေါ်၌ ပေါ်လောပေါက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြန်၏။
စက္ကန့် ၂၀ ခန့် ကုန်လွန်သွားခဲ့သည်။
"သူ လာနေပြီလား..."
နစ်က မေးလိုက်၏။
"မသိဘူးလေ..."
ကြွက်က ပြောသည်။
"ငါက ငါ့ရဲ့ လက်အောက်ငယ်သားတွေကို ရေပြင်ပမှာပဲ ထားလေ့ရှိတာ... ရေထဲမှာနေတာက သူတို့အတွက် သိပ်ကျန်းမာရေးနဲ့ မညီညွတ်ဘူးလေ... ဒါပေမဲ့ သူ လာနေလောက်ပါပြီ၊ တစ်မိနစ်လောက် အချိန်ပေးလိုက်ပါဦး..."
တိတ်ဆိတ်သွားပြန်၏။ သူတို့သုံးယောက်သား ပေါ်လောပေါက်နေသော အလောင်းကိုသာ ကြည့်နေကြသည်။
"အို... သူ ရောက်လာပြီ..."
ကြွက်က ရုတ်တရက် ပြောလိုက်၏။ နောက်တစ်ခဏတွင် အလောင်း၏ ဘေးဘက်ရှိ မိလ္လာပြွန်ထဲမှ အဖြူရောင်အရာတစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာခဲ့သည်။
၎င်းမှာ သန့်စင်နေသော အဖြူရောင် ပတ်တီးစတစ်ခု ဖြစ်နေ၏။
ခဏအကြာတွင် နောက်ထပ် ပတ်တီးစများစွာသည် မိလ္လာပြွန်ထဲမှ ထပ်မံထွက်ပေါ်လာခဲ့သည်။
၎င်းတို့သည် အလောင်းကို တဖြည်းဖြည်း ရစ်ပတ်သွားကြ၏။ အနည်းငယ် ကြာပြီးနောက်တွင် အလောင်းသည် ရေအောက်သို့ စတင်နစ်မြုပ်သွားတော့သည်။
နစ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏။
ထို့နောက် နစ်သည် အပေါက်ထဲသို့ ခုန်ချလိုက်သည်။
ဗွမ်း...
နစ်သည် ပတ်တီးစတစ်ခု၏ ဘေးရှိ ရေပြင်ပေါ်သို့ ကျဆင်းသွားပြီး ၎င်းကို ချက်ချင်းပင် ဆွဲဖမ်းလိုက်၏။
နစ်က ၎င်းကို ကိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ပြင်းထန်သော ဆွဲငင်အားတစ်ခုကို သူ ခံစားလိုက်ရသည်။ ထို့နောက် မျက်နှာပြင်အောက်သို့ ချက်ချင်းပင် ဆွဲချခံလိုက်ရတော့၏။
ရေများသည် ယခင်အကြိမ်ကကဲ့သို့ပင် ရွံရှာဖွယ်ကောင်းနေခဲ့သည်။ သို့သော် လောလောဆယ်တွင် ရွံရှာနေရန် နစ်၌ အချိန်မရှိပေ။
သူသည် အော်ဟစ်နေသည့် ခေါင်းတလား ကို ဖမ်းဆီးရမည် ဖြစ်၏။
နစ်သည် ပတ်တီးစကို လွှတ်မပေးခဲ့ချေ။ ထို့ကြောင့် သူသည် အောက်ခြေရေအနက်ပိုင်းသို့ တစ်ဟုန်ထိုး ဆွဲချခံနေရ၏။
ရုတ်တရက်ဆိုသလို နောက်ထပ် အဖြူရောင် ပတ်တီးစများစွာ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့သည် သူ့ထံသို့ တဖြည်းဖြည်း လာနေကြ၏။
ကံကောင်းထောက်မစွာဖြင့် ထိုပတ်တီးစများသည် အလွန်နှေးကွေးနေခဲ့သည်။ အော်ဟစ်နေသည့် ခေါင်းတလားသည် အလျင်လိုခြင်း သို့မဟုတ် ဒေါသထွက်ခြင်းမျိုး လုံးဝမရှိသကဲ့သို့ ဖြစ်နေပေသည်။
အမှန်တကယ်လည်း ထိုအတိုင်းပင် ဖြစ်နေခဲ့၏။ အရာဝတ္ထုတစ်ခုအပေါ် ပူးကပ်တတ်သော စပက်တာ တစ်ကောင်ဖြစ်သည့်အားလျော်စွာ အော်ဟစ်နေသည့် ခေါင်းတလား ၌ အသိစိတ်ဟူ၍ သေသေချာချာပင် မရှိခဲ့ချေ။
၎င်း၏ အသိစိတ်သည် ဆဲလ်တစ်ခု၏ အသိစိတ်အဆင့်လောက်သာ ရှိပေသည်။ ၎င်းသည် အခြေခံအကျဆုံးသော ပင်ကိုယ်စိတ်ကိုသာ လိုက်နာဆောင်ရွက်ခြင်း ဖြစ်၏။
ဗြန်း...
နစ်က ဆွဲလိုက်သောအခါ ရုတ်တရက် ပတ်တီးစတစ်ခုသည် ပြတ်ထွက်သွားခဲ့သည်။
'ဘာလဲ...'
နစ်သည် အံ့သြတကြီးဖြင့် တွေးလိုက်၏။
'ငါ အဲဒါကို ဆွဲဖြဲလိုက်မိပြီလား...'
ထိုအခါမှသာ သူသည် မျက်နှာပြင်အောက် မီတာအနည်းငယ်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နစ်သတိပြုမိသွား၏။ ယင်းက ဝင်တာနှင့် ပါရာဆိုက် တို့ နှစ်ဦးစလုံး သူ့ကို မမြင်နိုင်တော့ကြောင်း အဓိပ္ပာယ်သက်ရောက်နေပေသည်။
ဤအချိန်တွင် နစ်၏ ခန္ဓာကိုယ်သည် သာမန်အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ်ထက် ၁၅ ဆကျော် ပိုမိုသန်မာနေခဲ့သည်။ ထို့ပြင် အော်ဟစ်နေသည့် ခေါင်းတလား မှာလည်း သားပေါက် အဆင့် အစောပိုင်း မျှသာ ဖြစ်နေ၏။
နစ်က ပတ်တီးစကို ဆွဲဖြဲလိုက်သည်နှင့် တစ်ပြိုင်နက် အခြားပတ်တီးစများသည် တဖြည်းဖြည်း နောက်ဆုတ်သွားကြတော့သည်။
အော်ဟစ်နေတဲ့ ခေါင်းတလား တွင် အလွန်အခြေခံကျသော အသိစိတ်သာရှိသော်လည်း ၎င်း၏ ပတ်တီးစတစ်ခု ပြတ်ထွက်သွားသောအခါ နစ်အား စားသုံးရန် ကြိုးပမ်းမှုကို ရပ်တန့်ရန် ဆုံးဖြတ်လိုက်သေး၏။
'ဒါကတော့ ပြဿနာပဲ...'
နစ်က တွေးလိုက်သည်။
'အဲဒီကောင် ဘယ်မှာရှိနေလဲဆိုတာ ငါ မသိတော့ဘူး...'
နစ်သည် ရှေ့သို့ တိုးသွားပြီး နောက်ဆုတ်သွားသော ပတ်တီးစနှစ်ခုကို ဖမ်းဆုပ်လိုက်၏။ သို့သော် သူက ၎င်းတို့ကို မဆွဲခဲ့ပေ။
ထိုအစား သူသည် ၎င်းတို့ကို သူ၏ လက်ဆုပ်ထဲတွင်သာ ငြိမ်သက်စွာ ကိုင်ထားလိုက်သည်။
ပတ်တီးစများသည် တဖြည်းဖြည်း နောက်ဆုတ်သွားလိုသော်လည်း စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ၎င်းတို့သည် နစ်၏ လက်မောင်းများကို တဖြည်းဖြည်း ရစ်ပတ်လာကြ၏။
နစ်သည် မည်သည့်အရာကိုမျှ မလုပ်ခဲ့ချေ။ မကြာမီတွင် သူ၏ ခန္ဓာကိုယ်ပတ်လည်၌ နောက်ထပ် ပတ်တီးစများ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ၎င်းတို့သည်လည်း သူ့ကို စတင်ရစ်ပတ်လာကြ၏။
ပြဿနာဖြစ်စေနိုင်သော အနေအထားမျိုးဖြင့် ချည်နှောင်ခံရခြင်း မရှိစေရန်အတွက် နစ်သည် သူ၏ လက်မောင်းများနှင့် ခြေထောက်များကို ကားထားလိုက်၏။ တစ်ချိန်တည်းမှာပင် သူ၏ ကြွက်သားများအားလုံးကိုလည်း တင်းမာနေစေရန် ပြုလုပ်ထားခဲ့သည်။
အော်ဟစ်နေသည့် ခေါင်းတလား က သူ့ကို ပတ်တီးစများစွာဖြင့် ရစ်ပတ်ထားနိုင်ခဲ့လျှင်ပင် ပတ်တီးစများအားလုံးသည် အဆုံးတစ်ဖက်တွင် တွယ်ဆက်နေဆဲဖြစ်၏။ ထို့ကြောင့် တစ်ချက်တည်း ဆွဲလိုက်ရုံဖြင့် နစ်သည် ၎င်းတို့ကို ဆွဲဖြဲပစ်နိုင်ပေသည်။
စက္ကန့်အနည်းငယ် အကြာတွင် မတူညီသော ပတ်တီးစ ဆယ်ခုခန့်က နစ်၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်ထားလိုက်၏။ ထို့နောက် သူသည် အောက်ဘက်သို့ ဆွဲချခံနေရကြောင်း ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် နစ်သည် သူ၏ ခါးတွင် အလင်းဖို အနည်းငယ်ကို ယူဆောင်လာခဲ့သည်။ ထို့ကြောင့် အိပ်မက်ဆိုး သည် လောလောဆယ်တွင် ပြဿနာတစ်ခု မဟုတ်ကြောင်း အဓိပ္ပာယ်သက်ရောက်နေ၏။
ငွေကြေး ၁၀,၀၀၀ ဆိုသည်မှာ ဒါ့ခရမ် အတွက် အလွန်အမင်း ဈေးကြီးသော အရာတစ်ခု မဟုတ်တော့ပေ။
နောက်ထပ် မီတာအနည်းငယ်ခန့် အောက်သို့ ဆွဲချခံရပြီးနောက် တစ်စုံတစ်ခု ထွက်ပေါ်လာခဲ့၏။
၎င်းမှာ ဇိမ်ခံပစ္စည်းများဖြင့် ပြုလုပ်ထားသကဲ့သို့ ခမ်းနားသော အနက်ရောင် ခေါင်းတလားတစ်ခု ဖြစ်နေသည်။
ဤအချိန်တွင် ခေါင်းတလားကို ပိတ်ထား၏။ ထို့ပြင် ခေါင်းတလား၏ ကိုယ်ထည်နှင့် အဖုံးကြားရှိ ကွက်လပ်ငယ်လေးများထဲမှ အဖြူရောင် ပတ်တီးစ ဆယ့်နှစ်ခု ထွက်ပေါ်နေခဲ့သည်။
နစ်သည် ထိုခေါင်းတလားကို မျက်လုံးများ ကျဉ်းမြောင်းလျက် ကြည့်လိုက်သည်။
နစ်အနီးသို့ ရောက်သွားသောအခါ ခေါင်းတလားသည် တဖြည်းဖြည်း ပွင့်လာခဲ့၏။
“အား…”
ချက်ချင်းပင် နစ်သည် အမုန်းတရားများ ပြည့်နှက်နေသော တစ္ဆေတရဲများ၏ ထာဝရ သမုဒ္ဒရာကြီးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရသည်။
ဒေါသထွက်နေပြီး ကျေနပ်မှုမရှိသော သေဆုံးသူများ၏ စစ်တပ်ကြီးတစ်ခုက သူတို့နှင့် လာရောက်ပူးပေါင်းရန်အတွက် နစ်အား အော်ဟစ်ခေါ်ဆောင်နေသကဲ့သို့ပင် ဖြစ်၏။
သူတို့သည် ဤကဲ့သို့ နာကျင်ခံစားရသော ထာဝရတည်ရှိမှုကြီးတွင် ပိတ်လှောင်ခံထားရခြင်းကို မုန်းတီးနေခဲ့ကြသည်။ ထို့ပြင် သူတို့၏ ဆင်ခြင်တုံတရားများအားလုံးကိုလည်း ဆုံးရှုံးနေခဲ့သည်မှာ ကြာမြင့်နေပြီ ဖြစ်၏။
သူတို့အားလုံးသည် သူတို့၏ နာကျင်မှုကို မျှဝေခံစားခြင်းမရှိသော မည်သည့်အရာကိုမဆို စစ်မှန်သော အမုန်းတရားများဖြင့်သာ ပြည့်နှက်နေခဲ့ကြသည်။
အမုန်းတရားများ ပြည့်နှက်နေသော အော်ဟစ်သံများကို ကြားလိုက်ရသောအခါ နစ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။ သို့သော် သူသည် မြန်မြန်ဆန်ဆန်ပင် ပြန်လည်တည်ငြိမ်သွားခဲ့ပြီး သူ၏ စိတ်ထဲတွင် အတွေးတစ်ချက်သာ ဖြတ်ပြေးသွားခဲ့သည်။
'အော်... ဒါကြောင့် သူ့ကို အော်ဟစ်နေတဲ့ ခေါင်းတလား လို့ ခေါ်တာကိုး…’
အော်ဟစ်နေသည့် ခေါင်းတလား သည် အပြည့်အဝ ပွင့်ဟသွားပြီ ဖြစ်သည်။ နစ်သည် အတွင်းဘက်ရှိ အမည်းရောင် လဟာပြင်ကြီးကို မြင်တွေ့လိုက်ရသည်။
အမည်းရောင် လဟာပြင်ကြီးကို မြင်တွေ့လိုက်ရသည်နှင့် တစ်ပြိုင်နက် ထိုခေါင်းတလားထဲသို့ ဝင်၍မရနိုင်ကြောင်းကို နစ်သိလိုက်၏။ ဝင်သွားပါက သူ သေဆုံးသွားပေလိမ့်မည်။
အော်ဟစ်နေသည့် ခေါင်းတလား ၏ ရစ်ပတ်ဖုံးလွှမ်းမှုကို ခံရချိန်တွင် စွမ်းအားဆိုသည်မှာ အရေးပါပုံ မပေါ်တော့ချေ။ သက်ရှိမှန်သမျှသည် ထိုခေါင်းတလားအတွက် အာဟာရအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်၏။
နစ်သည် သူ၏ လက်မောင်းများကို အနည်းငယ် လှုပ်ရှားလိုက်သည်။ ထို့နောက် သူသည် စွမ်းအားများစွာကို အသုံးပြုနိုင်သေးကြောင်း ခံစားလိုက်ရ၏။
ခဏတာမျှ နစ်သည် မိမိကိုယ်ကို အနီးသို့ အဆွဲခံလိုက်သည်။ ထို့နောက် သူတို့နှစ်ခုကြား အကွာအဝေးမှာ နှစ်မီတာပင် မပြည့်တော့ချိန်၌ နစ်သည် စတင်လှုပ်ရှားလိုက်တော့၏။
ဗြန်း...
နစ်သည် သူ၏ ဘယ်ညာလက်မောင်းနှစ်ဖက်ကို ချက်ချင်းပင် ရုန်းထွက်ဆွဲဖြဲလိုက်သည်။ ယင်းနောက် ခြေထောက်များကိုပါ ဆက်လက်ရုန်းထွက်လိုက်၏။
ချက်ချင်းပင် အခြားပတ်တီးစများသည် လျော့ရဲသွားကြသည်။ ထို့ထက် အံ့သြစရာကောင်းသည်မှာ ၎င်းတို့သည် အလိုအလျောက်ပင် ပြတ်တောက်သွားကြခြင်း ဖြစ်၏။
အော်ဟစ်နေသည့် ခေါင်းတလားသည် နစ်ကို ချက်ချင်းပင် လွှတ်ပေးလိုက်သည်။ သို့ရာတွင် နစ်၏ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများ၌ အဖြူရောင် ပတ်တီးစများ ရစ်ပတ်ကျန်ရစ်နေခဲ့၏။
အော်ဟစ်နေသည့် ခေါင်းတလား သည် ၎င်း၏ အဖုံးကို လျင်မြန်စွာ ပိတ်ချလိုက်သည်။ အဖုံး အပြည့်အဝ ပိတ်သွားသောအခါ နစ်သည် ရှေ့သို့ ပြေးထွက်သွားခဲ့၏။
ခဏတဖြုတ်အတွင်းမှာပင် နစ်သည် ပိတ်သွားသော ခေါင်းတလားကို သူ၏ လက်မောင်းများဖြင့် ဖက်တွယ်ထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ယင်းမှာ သိပ်မကြီးမားလှပေ။
နောက်တစ်ခဏတွင် နစ်သည် ခေါင်းတလား ထွက်ပြေးမသွားနိုင်စေရန် သူ၏ ခြေထောက်များဖြင့် ထပ်မံရစ်ပတ်ထားလိုက်၏။
ဗြန်း...
ယင်းနောက် နစ်သည် ကွက်လပ်များကြားမှ ထွက်ပေါ်နေသော အဖြူရောင် ပတ်တီးစများ အားလုံးကို စနစ်တကျ ဆွဲဖြဲပစ်လိုက်သည်။
နောက်ဆုံး ပတ်တီးစ ပြတ်တောက်သွားသောအခါ ခေါင်းတလားသည် ငြိမ်သက်သွားခဲ့၏။ နစ်ခံစားနိုင်သော တစ်ခုတည်းသော သက်ရှိလက္ခဏာ သို့မဟုတ် လှုပ်ရှားမှုမှာ ယင်းက အနည်းငယ် တုန်ခါနေခြင်းသာ ဖြစ်သည်။
ပတ်တီးစ အားလုံးကို ဖယ်ရှားလိုက်ခြင်းဖြင့် နစ်သည် အော်ဟစ်နေတဲ့ ခေါင်းတလား ကို ခြေထောက်များ အဖြဲခံထားရသည့် ပင့်ကူတစ်ကောင်အလား ဖြစ်သွားစေခဲ့၏။
၎င်းသည် အသက်ရှင်နေသော်လည်း မလှုပ်ရှားနိုင်တော့ချေ။
***