← Chapters

အခန်း ၈၈

Vol. 6 Ch. 88

အခန်း ၈၈

Vol. 6 Ch. 88

အပိုင်း(၈၈)

နာရီအနည်းငယ်ကြာမျှ နစ်သည် မလှုပ်မယှက်ဖြစ်နေသော ခေါင်းတလားကိုသာ စောင့်ကြည့်နေခဲ့၏။

ယင်းသည် သာမန်ခေါင်းတလားတစ်ခုနှင့်ပင် တူနေခဲ့သည်။

"နစ်... အလုပ်လုပ်ရမယ့် အချိန်ရောက်ပြီ..."

ထိန်းသိမ်းရေးအခန်း အတွင်းရှိ စပီကာများထဲမှ ဝင်တာ၏ အသံ ထွက်ပေါ်လာခဲ့၏။

"မနက် ခြောက်နာရီတောင် ထိုးသွားပြီလား..."

နစ်က မေးလိုက်သည်။

"ထိုးတော့မယ်..."

ဝင်တာက ဖြေလိုက်၏။

"အေးပါ..."

နစ်က ပြောလိုက်သည်။

"မင်း အော်ဟစ်နေတဲ့ ခေါင်းတလား ကို စောင့်ကြည့်ပေးထားရင် ကောင်းမယ်... သူ့အထဲမှာ အလောင်းရှိနေတဲ့ အချိန်ဆိုရင် သူ ဘာမှလုပ်မယ့်ပုံ မပေါ်ဘူး၊ ဒါပေမဲ့ သူ တကယ် ပြန်လှုပ်ရှားလာမယ့် အချိန်ကို ငါ သိချင်လို့... စိတ်မပူပါနဲ့၊ သူက အရမ်းနှေးတယ်၊ ပြီးတော့ သူ တစ်ခုခုလုပ်ဖို့ ကြိုးစားလာရင်လည်း မင်း အလွယ်တကူ ဆုတ်ခွာနိုင်ပါတယ်… တစ်နာရီ တစ်ခါလောက် ဝင်ကြည့်နေရင် အဆင်ပြေလောက်ပါတယ်..."

"ရပါတယ်..."

ဝင်တာက ပြောလိုက်၏။

"အဲဒါကို ငါ လုပ်နိုင်ပါတယ်..."

ယခုအခါ နစ်သည် တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လာခဲ့ပြီ ဖြစ်သည်။

"ဒါနဲ့..."

နစ်သည် ဝင်တာကို ကြည့်၍ ပြောလိုက်၏။

"တခြားသူတွေကိုလည်း အော်ဟစ်နေတဲ့ ခေါင်းတလား အကြောင်း ပြောပြလို့ ရမလား... သူတို့ အဲဒါနဲ့ အလုပ်လုပ်ဖို့ မလိုပေမယ့်၊ ငါတို့ဆီမှာ ဒုတိယမြောက် စပက်တာ တစ်ကောင် ရှိနေပြီဆိုတာကိုတော့ သူတို့ သိထားသင့်တယ်..."

ဝင်တာသည် မျက်မှောင်ကြုတ်သွား၏။

"စပက်တာ တိုင်းရဲ့ အကြောင်းကို လူတိုင်းကို ငါ မပြောပြချင်ဘူး..."

"ဘာဖြစ်လို့လဲ..."

နစ်က မေးလိုက်သည်။

"ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေက တခြား ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ တွေဆီကို သူလျှိုတွေ လွှတ်လေ့ရှိတယ်... စပက်တာ တွေ အားလုံးရဲ့ အကြောင်းကို အကုန်သိသွားရင် သူတို့က အဲဒါတွေကို ခိုးသွားတတ်ကြတယ်..."

"ငါတို့ဆီမှာ ဒုတိယမြောက် စပက်တာ ရှိတယ်ဆိုတာကိုတော့ သူတို့ကို ပြောပြလိုက်ပါ့မယ်၊ ဒါပေမဲ့ အဲဒီအကြောင်း အချက်အလက်တွေကိုတော့ ငါ ပြောပြမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သူတို့က အဲဒါနဲ့ အလုပ်လုပ်ဖို့ မလိုသလို အဲဒါကလည်း ထွက်ပြေးမှာမှ မဟုတ်တာ..."

"ဒါက ပူးကပ်တတ်တဲ့ စပက်တာ တစ်ကောင် ဖြစ်နေတော့၊ အော်ဟစ်နေတဲ့ ခေါင်းတလား ကို ထိန်းသိမ်းရတာ အရမ်းလွယ်ကူတယ်... သူ စားလို့ပြီးသွားရင် အလောင်းတွေ ရှာပြီး ဒီထဲကို ပစ်ထည့်ပေးလိုက်ရုံပဲ..."

ဝင်တာက ပြောသည်။

နစ်လည်း မျက်မှောင်ကြုတ်သွားခဲ့၏။

ဂျင်နီနှင့် ထရီဗာတို့သည် နစ်၏ ဝန်ထမ်းများဖြစ်ပြီး သူက ၎င်းတို့ကို ယုံကြည်ထားပေသည်။

ဝင်တာက သူတို့ကို အရာအားလုံး မပြောပြသည်ကို နစ်သဘောမကျခဲ့ချေ။

"မင်း အဲဒီလို ထင်တယ်ဆိုရင်လည်း သဘောပါပဲ..."

နစ်သည် ပခုံးတွန့်ကာ ပြောလိုက်ပြီး ဝင်တာ့ကို ဖြတ်ကျော်သွားခဲ့၏။

နစ်မပျော်ရွှင်ဖြစ်သွားသည်မှာ သိသာထင်ရှားနေသည်။ သို့သော် သူသည် ဝင်တာ၏ အမိန့်ကို ဆန့်ကျင်မည် မဟုတ်ပေ။

"ကျေးဇူးပဲ..."

ဝင်တာက ခေါင်းညိတ်ကာ ပြောလိုက်၏။

"ရပါတယ်..."

နစ်သည် စိတ်မပါ့တပါဖြင့် ပြောလိုက်ပြီး ဒရီမာ၏ ထိန်းသိမ်းရေးအခန်း အသစ်ဆီသို့ လျှောက်သွားခဲ့လေသည်။

ဒရီမာ ၏ ထိန်းသိမ်းရေးအခန်း အသစ်မှာ ၃x၃x၃ မီတာ အရွယ်အစားရှိ၏။ ယင်းသည် ၎င်း၏ ထိန်းသိမ်းရေးအခန်း အဟောင်းထက် အနည်းငယ် သေးငယ်နေခဲ့သည်။

သို့ရာတွင် အပေါ်ယံကြည့်လိုက်ရုံဖြင့် ဤအခန်းက အဆပေါင်းများစွာ ပို၍ စျေးကြီးကြောင်း တစ်စုံတစ်ယောက်က သိနိုင်ပေသည်။

ပထမအချက်အနေဖြင့် မည်သည့် ဝါယာကြိုး သို့မဟုတ် ပိုက်လုံးများကိုမျှ မျက်စိဖြင့် မမြင်တွေ့ရချေ။

ဒုတိယအချက်အနေဖြင့် ထိန်းသိမ်းရေးအခန်း သည် တောင့်တင်းခိုင်မာပြီး သန့်စင်ညီညာသော အနက်ရောင် ကုဗတုံးကြီး တစ်ခုမျှသာ ဖြစ်နေ၏။

ယင်းသည် မီးတောင်ကျောက်နက် ကုဗတုံးကြီး တစ်ခုနှင့်ပင် တူနေခဲ့သည်။

ထိပ်ပိုင်းမှလွဲ၍…။

ထိန်းသိမ်းရေးအခန်း ၏ မျက်နှာကြက်ကို ဖန်၏ ဂုဏ်သတ္တိအချို့ ပါဝင်သော လျှို့ဝှက်ဆန်းကြယ်သည့် ပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။

ထိန်းသိမ်းရေးအခန်း ၏ အပေါ်ဘက်မှနေ၍ မျက်နှာကြက်ကို ဖြတ်သန်းကာ အထဲသို့ ရှင်းလင်းစွာ မြင်နိုင်ပေသည်။ သို့သော် အထဲသို့ရောက်သွားပါက အပြင်ဘက်သို့ လှမ်း၍ မမြင်နိုင်တော့ချေ။

အကယ်၍ ဤအရာသည် ရိုးရှင်းသော တစ်ဖက်မြင်မှန်တစ်ချပ်သာ ဖြစ်ခဲ့ပါက ဆန့်ကျင်ဘက် ဖြစ်နေပေလိမ့်မည်။

တစ်ဖက်မြင်မှန်တစ်ခုတွင် အလင်းဝင်ရောက်ခွင့်ပြုသော ဘက်မှနေ၍ မှန်ကို ဖြတ်သန်းကြည့်ရှုနိုင်မည် မဟုတ်ပေ။ အလင်းလက်ခံရရှိသော ဘက်မှသာ မှန်ကို ဖြတ်သန်းကြည့်ရှုနိုင်မည် ဖြစ်၏။

ဤဖန်နှင့်တူသော မျက်နှာပြင်သည် ဤ ထိန်းသိမ်းရေးအခန်း အလွန်အမင်း စျေးကြီးရခြင်း၏ အကြီးမားဆုံး အကြောင်းရင်းများထဲမှ တစ်ခုလည်း ဖြစ်ပေသည်။

ပထမအချက်မှာ အပြင်ဘက်ရှိ လူများသည် ထိန်းသိမ်းရေးအခန်း အတွင်း၌ ဘာတွေဖြစ်နေသလဲဆိုတာကို မြင်နိုင်ခြင်းပင် ဖြစ်၏။

ဒုတိယအချက်မှာ မျက်နှာပြင်သည် အလွန်အမင်း မာကျောနေခြင်း ဖြစ်သည်။

တတိယအချက်အနေဖြင့် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ များသည် ဖန်တီးထားသော အလင်းရောင်များအတွက် ငွေကုန်ခံရန် မလိုတော့ခြင်းပင် ဖြစ်၏။

ဝမ်းနည်းစရာကောင်းသည်မှာ ထိန်းသိမ်းရေးအခန်း၏ ထိုအစိတ်အပိုင်းတွင် ပြဿနာတစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။ ယင်းက ဒြပ်ရှိ စပက်တာ များကို ခွဲခြားသီးသန့် မထားနိုင်ခြင်းပင် ဖြစ်၏။

သို့သော် ယင်းမှာ သက်တောင့်သက်သာရှိမှု အားလုံးအတွက် ပေးဆပ်ရသော အသေးအမွှား တန်ဖိုးလေးတစ်ခုမျှသာ ဖြစ်ပေသည်။

ဤပုံစံသည် ဇီဖစ်စွမ်းအင် ထုတ်လုပ်ရေး ကုမ္ပဏီ များအကြားတွင် အများဆုံး အသုံးပြုပြီး အရောင်းရဆုံး ပုံစံတစ်ခု ဖြစ်လောက်ပေသည်။

ယင်းသည် ထိန်းသိမ်းရေးအခန်း တစ်ခုအတွက် အတော်လေး စျေးသက်သာ၏။ ထို့အပြင် လူပျိုပေါက်အဆင့် စပက်တာ တစ်ကောင်ကို ထိန်းသိမ်းထားနိုင်ပြီး အတော်လေး သေးငယ်ကာ ခိုင်ခံ့မှုလည်း ရှိသည်။

ဒြပ်ရှိ စပက်တာ မဟုတ်သော သားပေါက်အဆင့် နှင့် လူပျိုပေါက်အဆင့် စပက်တာ တိုင်းကို အခြေခံအားဖြင့် ထိန်းသိမ်းထားရန် ဤပုံစံကို အသုံးပြုကြခြင်း ဖြစ်၏။

အနက်ရောင် ကုဗတုံးကြီးထံသို့ ရောက်သောအခါ နစ်သည် အပေါ်သို့ ခုန်တက်လိုက်ပြီး ထိန်းသိမ်းရေးအခန်း ၏ အပေါ်ဘက်သို့ ကျဆင်းသွားခဲ့သည်။

နစ်ကျဆင်းသွားချိန်တွင် အတော်လေး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ သို့ရာတွင် ဒရီမာက ဂရုစိုက်ပုံမပေါ်ဘဲ ထရီဗာကို ဆက်လက်ကြည့်ရှုနေခဲ့သည်။

ဒရီမာ ၏ အရှေ့တွင် ဆံပင်အရှည် အနက်ရောင်ရှိသော အမျိုးသားတစ်ဦး လဲလျောင်းနေ၏။

ထိုအမျိုးသားသည် အရပ် ၁၈၅ စင်တီမီတာခန့် ရှိပြီး ထင်းထွက်နေသော မေးရိုးနှင့်အတူ အတော်လေး ကြွက်သားထွားကျိုင်းသူ ဖြစ်သည်။

သူ ဝတ်ဆင်ထားသော ဇီဖစ်စွမ်းအင် ထုတ်ယူသူ ဝတ်စုံက သူ့ကို ပို၍ပင် ခန့်ညားထည်ဝါနေပုံ ပေါက်စေ၏။

တစ်နည်းအားဖြင့်ဆိုရလျှင် ထိုအမျိုးသားသည် စိတ်ကူးယဉ်ကမ္ဘာထဲမှ ထွက်လာသူတစ်ဦးနှင့်ပင် တူနေပေသည်။

ထိုသူမှာ ထရီဗာပင် ဖြစ်၏။

သဘာဝအားဖြင့် ထရီဗာ၏ ရုပ်ရည်သွင်ပြင်ကြောင့် သူသည် သူငယ်ချင်းဖွဲ့ရန်နှင့် မိန်းကလေးများကို ဆွဲဆောင်ရန် အလွန်လွယ်ကူလှ၏။ ထို့ကြောင့်ပင် ဝင်တာသည် အကဲဆတ်သော မစ်ရှင်တိုင်းအတွက် ဂျင်နီ၏အစား သူ့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင် ထရီဗာသည် မည်သူ့ကိုမဆို အလွယ်တကူ ချဉ်းကပ်နိုင်သောကြောင့် ပြည့်စုံလုံလောက်သော သူလျှို သို့မဟုတ် လျှို့ဝှက်အေးဂျင့် တစ်ယောက် ဖြစ်နေခဲ့၏။

အမျိုးသားများက သူ၏ သူငယ်ချင်းဖြစ်ချင်ကြပြီး၊ အမျိုးသမီးများကမူ သူ၏ ချစ်သူကောင်မလေး ဖြစ်ချင်ကြသည်။

ထိန်းသိမ်းရေးအခန်း အတွင်း၌ အရာအားလုံး အဆင်ပြေနေပုံရသည်ကို မြင်သောအခါ နစ်သည် ခေါင်မိုးပေါ်မှ ခုန်ချကာ အထဲသို့ ဝင်သွားခဲ့၏။

"လူစားလဲရမယ့် အချိန်ရောက်ပြီ..."

နစ်က ပြောလိုက်သည်။

ဒရီမာသည် ၎င်း၏ ခေါင်းကို ဖြည်းညှင်းစွာ လှည့်ကာ နစ်အား ကြည့်လိုက်၏။

နစ်သည် ဒရီမာ နှင့် အလုပ်လုပ်ရန် အသားကျနေပြီ ဖြစ်သော်လည်း ၎င်း၏ ရှေ့မှောက်တွင် စိတ်လှုပ်ရှားနေဆဲပင် ဖြစ်သည်။

အော်ဟစ်နေသည့် ခေါင်းတလား နှင့် နှိုင်းယှဉ်ပါက ဒရီမာ သည် အဆပေါင်းများစွာ ပို၍ ဆိုးရွားနေခဲ့၏။ အဘယ်ကြောင့်ဆိုသော် ယင်းက နစ်အတွက် အမှန်တကယ် အန္တရာယ်ရှိသောကြောင့် ဖြစ်သည်။

ခေါင်းတလားသည် အော်ဟစ်ပြီး ၎င်း၏ အဖြူရောင် ပတ်တီးစများဖြင့် တွားသွားနေချိန်တွင် တကယ်ကို ကြောက်မက်ဖွယ်ကောင်းပြီး ခြောက်ခြားစရာကောင်းနေသည်မှာ အမှန်ပင် ဖြစ်၏။ သို့ရာတွင် ဒရီမာ ကမူ နစ်ကို အမှန်တကယ် သတ်ပစ်နိုင်စွမ်း ရှိနေပေသည်။

ဒရီမာသည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီးနောက် နစ်သည် ထရီဗာထံသို့ လျှောက်သွားခဲ့၏။

"ဟေး... နိုးရမယ့် အချိန်ရောက်ပြီ..."

***

All Chapters