← Chapters

အခန်း ၉၀

Vol. 6 Ch. 90

အခန်း ၉၀

Vol. 6 Ch. 90

အပိုင်း(၉၀)

နောက်ထပ် တစ်မိနစ်ခန့် အကြာတွင် အော်ဟစ်နေသည့် ခေါင်းတလား သည် ၎င်း၏ အဖြူရောင် ပတ်တီးစများကို တဖြည်းဖြည်း ပြန်ထုတ်လာပြီး ထိန်းသိမ်းရေးအခန်း ကို တစ်ဖန် လှည့်ပတ်သွားလာနေပြန်သည်။

'ငါ သူ့ကို ယဉ်ပါးအောင် ယဉ်ကျေးအောင် လုပ်နိုင်မယ် မထင်ဘူး... အသုံးဝင်တဲ့ စီးတော်ယာဉ် တစ်ခုဖြစ်လာဖို့ သူက နည်းနည်း တုံးလွန်းနေတယ် ထင်တယ်...'

သူသည် စိတ်ပျက်လက်ပျက်ဖြင့် တွေးလိုက်၏။

'ဘာပဲဖြစ်ဖြစ် သူ့အတွက် အစာနည်းနည်း သွားရှာပေးရမယ်...'

နစ်သည် ထိန်းသိမ်းရေးအခန်း ထဲမှ ထွက်လာပြီး ပေတာ ကို မြင်တွေ့လိုက်ရသည်။

"ဟေး... မင်း ဒီနေ့ နည်းနည်းလောက် အချိန်ပို ဆင်းပေးလို့ ရမလား... ငါ သွားစရာလေး ရှိလို့၊ နောက်ထပ် နှစ်နာရီလောက် ဟိုရူဝါ ကို စောင့်ရှောက်ပေးမယ့် လူတစ်ယောက် လိုနေတယ်... အချိန်ပိုအတွက် မင်းကို အခကြေးငွေ ပေးမှာပါ..."

နစ်က ပြောလိုက်၏။

"ရပါတယ်၊ ပြဿနာ မရှိပါဘူး..."

ပေတာက ပြောသည်။

"ပိုက်ဆံအပိုရလို့ ကျေးဇူးပါပဲ..."

"ကျေးဇူးပါပဲ ပေတာ ရာ..."

နစ်သည် ပြုံး၍ ပြောလိုက်ပြီး ဂိုဒေါင်ထဲမှ ထွက်ခွာသွားခဲ့၏။

'ဇီဖစ်စွမ်းအင် ၃၀ ဂရမ် က စုစုပေါင်း ငွေကြေး ၃၀,၀၀၀ လောက် ရှိတယ်... ဒါပေမဲ့ အလောင်းတစ်လောင်းတိုင်းက ငွေကြေး ၁၅,၀၀၀ လောက် ကုန်ကျတယ်၊ ပြီးတော့ တခြား ကုန်ကျစရိတ်တွေနဲ့ ပေါင်းလိုက်ရင် ခေါင်းတလား က အလောင်းတစ်လောင်းကို ငွေကြေး ၁၂,၀၀၀ လောက်ပဲ အမြတ်ထွက်စေတယ်...'

'ကံကောင်းတာက ငါ့ရဲ့ ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေ တစ်ယောက်မှ သူနဲ့ အလုပ်လုပ်ဖို့ မလိုဘူး၊ ဆိုလိုတာက ငါ့အတွက် အမြတ်ပိုကျန်တာပေါ့...'

နစ်သည် ပြုံးလျက် တွေးလိုက်၏။

'အလုပ်နည်းနည်းလေး ပိုလုပ်ရုံနဲ့ တစ်ရက်ကို ငွေကြေး ၂,၀၀၀ လောက် ပိုရနေတာပဲ...'

'ဒါပေမဲ့ ဒီပိုက်ဆံတွေ အများကြီးနဲ့ ဘာဝယ်ရမလဲဆိုတာတော့ ငါ မသိသေးဘူး...'

'ငါ ငွေကြေး တွေ အများကြီး ရှာနိုင်နေတယ်၊ ဒါပေမဲ့ အဲဒါတွေက ငါ့ရဲ့ ဘဏ်အကောင့်ထဲမှာ အလကား ငုတ်တုတ်ထိုင်နေပြီး ဖုန်တက်နေတာပဲ...'

နစ်အစောင့်ဂိတ်သို့ ရောက်သောအခါ သူသည် ရပ်တန့်သွားပြီး ခေါင်းကို ကုတ်လိုက်၏။

'ဒါက အရင်တုန်းက တခြားလူတွေဆီမှာ ငါမုန်းတီးခဲ့တဲ့ အရာမျိုး မဟုတ်ဘူးလား...'

'လွန်ခဲ့တဲ့ လအနည်းငယ်ကပဲ လူတိုင်းက သူတို့ရဲ့ ပိုလျှံနေတဲ့ စည်းစိမ်တွေထဲက နည်းနည်းလောက်ကို တခြားသူတွေကို ကူညီဖို့ ပေးကမ်းနိုင်ရင် သိပ်ကောင်းမှာပဲလို့ ငါ တွေးခဲ့ဖူးတယ်...'

ဖြည်းညှင်းစွာပင် နစ်သည် ငွေကြေး များပြားစွာ ပိုင်ဆိုင်နေခြင်းအပေါ် စိတ်မကောင်း စတင်ဖြစ်လာခဲ့၏။

သို့သော် သူသည် ဤ ငွေကြေး များအားလုံးကို ပိုင်ဆိုင်ရန် ထိုက်တန်သည်ဟုလည်း ခံစားနေရသည်။

ယင်းမှာ ဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်များ၏ ရှုပ်ထွေးသော ပေါင်းစပ်မှုတစ်ခုပင် ဖြစ်၏။

နစ်သည် အစောင့်များနှင့် စိတ်မပါ့တပါပင် စကားပြောဆိုလိုက်သည်။ ထို့နောက် တစ်မိနစ်ခန့် အကြာတွင် သူသည် အလောင်းတစ်လောင်းအတွက် တိုကင်ပြားတစ်ခုနှင့်အတူ ပြန်ထွက်လာခဲ့၏။

'အလောင်းတွေအတွက် ကုမ္ပဏီ ကတ်နဲ့ ပေးချေနေတာဆိုတော့ ဆင်ခြေဖုံးရပ်ကွက်ကြီး ကို ကူညီဖို့တောင် ပိုက်ဆံ မလိုတော့ဘူးပဲ...'

နစ်သည် တိုကင်ပြားကို ကြည့်ရင်း တွေးလိုက်သည်။

'ငါ့ပိုက်ဆံတွေနဲ့ လုပ်စရာ တစ်ခုခု တကယ် လိုအပ်နေပြီ…’

ဆင်ခြေဖုံးရပ်ကွက်ကြီး အတွင်း၌ တစ်နာရီခန့် ရှာဖွေပြီးနောက် နစ်သည် ရိုက်ကာ စထရိုက်ကာ အဖွဲ့ဝင် တစ်ယောက်ကို တွေ့ရှိခဲ့၏။

ယခင်အကြိမ်ကကဲ့သို့ပင် နစ်သည် ထိုသူကို သတ်ပစ်လိုက်သည်။ ထို့နောက် ဒါ့ဒရမ် သို့ ဆွဲခေါ်လာခဲ့၏။

လမ်းခုလတ်တွင် သူသည် အစောင့်များထံသို့ တိုကင်ပြားကို ပြန်ပေးခဲ့သည်။ အစောင့်များကလည်း သူ၏ အားပေးမှုအတွက် ကျေးဇူးတင်ကြောင်းသာ ပြောခဲ့ကြ၏။

နစ်သည် အလောင်းကို အော်ဟစ်နေသည့် ခေါင်းတလား ၏ ထိန်းသိမ်းရေးအခန်း ထဲသို့ ပစ်ထည့်လိုက်၏။ ထို့နောက် ၎င်းက အလောင်းကို စားသုံးနေသည်ကို စောင့်ကြည့်နေခဲ့သည်။

ထုံးစံအတိုင်းပင် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံများက နစ်၏ နားကို အတော်လေး နာကျင်စေခဲ့၏။

ထိန်းသိမ်းရေးအခန်း ထဲမှ ထွက်လာပြီးနောက် နစ်သည် နာရီကို ကြည့်လိုက်သည်။

'မွန်းလွဲ ၃ နာရီလောက် ရှိပြီပဲ... ဆိုတော့ မနက်ဖြန် ည ၁၀ နာရီနဲ့ သန်ဘက်ခါ မနက် ၂ နာရီကြားလောက်ဆို ပြီးလောက်ပြီ...'

နစ်သည် ခေါင်းညိတ်လိုက်ပြီး ဝင်တာ၏ ရုံးခန်းထဲသို့ ဝင်သွားခဲ့၏။

"ဘာလိုလို့လဲ..."

ဝင်တာသည် သူ ရေးနေသော စာရွက်ပေါ်မှ ခေါင်းမမော့ဘဲ မေးလိုက်သည်။

"ဟေး... ဝင်တာ..."

နစ်က ပြောလိုက်၏။

"ငါ့ပိုက်ဆံတွေကို ဘာလုပ်ရမလဲ..."

"ရင်းနှီးမြှုပ်နှံလိုက်လေ..."

ဝင်တာက ပြန်ဖြေသည်။

နစ်သည် မျက်မှောင်ကြုတ်သွား၏။

"ကုမ္ပဏီထဲမှာ ရင်းရမှာလား..."

ဝင်တာက နှာမှုတ်လိုက်သည်။

"မဟုတ်ပါဘူး... လောလောဆယ် ငါ မင်းရဲ့ ပိုက်ဆံကို မလိုအပ်ဘူး၊ ပြီးတော့ ဒါ့ဒရမ် ရဲ့ ပိုင်ဆိုင်ခွင့်ကိုလည်း ငါ မဆုံးရှုံးချင်ဘူး..."

တစ်ဦးတည်းသော အစုရှယ်ယာရှင် ဖြစ်သည့်အားလျော်စွာ ဝင်တာသည် ဒါ့ဒရမ် ၏ ရာခိုင်နှုန်းပြည့် ပိုင်ရှင်ဖြစ်ပေသည်။

နစ်သည် ဇီဖစ်စွမ်းအင် ထုတ်ယူသူ ခေါင်းဆောင်တစ်ယောက် ဖြစ်သော်လည်း အလွန်မြင့်မားသော စီမံခန့်ခွဲမှု ရာထူးတစ်ခုကိုသာ ရယူထားခြင်း ဖြစ်၏။ သူသည် ကုမ္ပဏီ၏ ပိုင်ရှင် သို့မဟုတ် ဒါရိုက်တာ တစ်ယောက် မဟုတ်ပေ။

တိတိကျကျ ဆိုရလျှင် ဝင်တာသာ အလိုရှိပါက နစ်ကို ပြဿနာတစ်စုံတစ်ရာမရှိဘဲ အလွယ်တကူ ထုတ်ပယ်ပစ်နိုင်ပေသည်။ သို့ရာတွင် ထိုသို့လုပ်ခြင်းမှာ အလွန်တရာ မိုက်မဲရာကျပေလိမ့်မည်။

"မင်းက ဆင်ခြေဖုံးရပ်ကွက်ကြီး က လူတွေကို ကူညီချင်နေတာ မဟုတ်လား..."

ဝင်တာက စာရွက်ကို အောက်ချလိုက်ရင်း မေးလိုက်၏။

နစ်က ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုဆိုရင်တော့ မင်းကိုယ်ပိုင် စွမ်းအားအတွက်ပဲ ရင်းနှီးမြှုပ်နှံလိုက်ဖို့ ငါ အကြံပေးချင်တယ်..."

ဝင်တာက အကြံပြုလိုက်၏။

"ငါ့ရဲ့ စွမ်းအားအတွက်..."

နစ်က ထပ်မံရွတ်ဆိုလိုက်သည်။

"အင်းလေ..."

ဝင်တာက ထပ်ပြောသည်။

"အသုံးအဆောင် ပစ္စည်းတချို့ ဝယ်လိုက်ပေါ့... မင်းက လက်ဗလာနဲ့ တိုက်ခိုက်နေရတုန်းပဲ၊ ပြီးတော့ မြို့တော်ရဲ့ တရားဝင် ဝတ်စုံကိုပဲ မင်းရဲ့ သံချပ်ကာအဖြစ် သုံးနေရတာ... ပိုဆိုးတာက ဒြပ်ရှိ စပက်တာ တစ်ကောင်ကသာ မင်းကို တိုက်ခိုက်လာရင်၊ ပြန်လည်ရင်ဆိုင်ဖို့ လက်နက် မရှိတဲ့အတွက် မင်း ဘာမှတောင် လုပ်နိုင်မှာ မဟုတ်ဘူး..."

"ကောင်းမွန်တဲ့ လက်နက်နဲ့ သံချပ်ကာကို ရယူလိုက်ခြင်းအားဖြင့် မင်းရဲ့ ကိုယ်ပိုင်စွမ်းအားကို အများကြီး မြှင့်တင်နိုင်လိမ့်မယ်..."

ဝင်တာက ပြောလိုက်၏။ သူ စုဆောင်းထားပြီးသော ငွေကြေး များဖြင့် ဝယ်ယူနိုင်သည့် အရာအားလုံးကို တွေးတောမိသွားသောအခါ နစ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

သို့သော် ထိုအခါ နစ်သည် အနည်းငယ် ရှုပ်ထွေးသွားပြန်၏။

"အဲဒါက ငါ ဆင်ခြေဖုံးရပ်ကွက်ကြီး က လူတွေကို ကူညီချင်တာနဲ့ ဘာဆိုင်လို့လဲ..."

ဝင်တာက ရယ်မောလိုက်သည်။

"မင်း သေသွားရင် ဆင်ခြေဖုံးရပ်ကွက်ကြီး က လူတွေကို ဘယ်သူက ကူညီပေးမှာလဲ... ပိုသိသာအောင် ပြောရရင် မင်းရဲ့ လက်ရှိ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ဆင်ခြေဖုံးရပ်ကွက်ကြီး က လူတွေကို ကူညီဖို့ သုံးမယ်ဆိုရင် တစ်ရက်ကို ငွေကြေး ၃၀၀ လောက်ပဲ ရှိမှာ၊ ဒါပေမဲ့ နောက်နှစ်နှစ်နေလို့ မင်း အဆင့်နှစ် ထုတ်ယူသူ တစ်ယောက် ဖြစ်လာတဲ့အချိန်မှာ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းကို သုံးမယ်ဆိုရင်တော့ တစ်ရက်ကို ငွေကြေး ၃,၀⁠၀⁠၀ လောက် ဖြစ်သွားနိုင်တယ်..."

"မင်း ပိုသန်မာလာလေ ပိုက်ဆံပိုရှာနိုင်လေပဲ၊ အဲဒီအခါ ဆင်ခြေဖုံးရပ်ကွက်ကြီး က လူတွေကို ပိုပြီး ကူညီနိုင်လေပဲ... မင်း အသက်ပိုရှည်ရှည် နေနိုင်လေ၊ ဆင်ခြေဖုံးရပ်ကွက်ကြီး က ထောက်ပံ့ကြေးတွေ ပိုရလေပဲ..."

"အဲဒါကြောင့် မင်းရဲ့ ဝင်ငွေ ၈၀ ရာခိုင်နှုန်းလောက်ကို မင်းရဲ့ ကိုယ်ပိုင်စွမ်းအားအတွက် ရင်းနှီးမြှုပ်နှံဖို့ ငါ အကြံပေးချင်တယ်... ၁၀ ရာခိုင်နှုန်းကို အရေးပေါ်သုံးဖို့ ချန်ထားပြီး၊ ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကို လူတွေကို ကူညီဖို့ သုံးလိုက်ပေါ့..."

ဝင်တာက ရှင်းပြလိုက်၏။

အချိန်ကြာမြင့်စွာ စဉ်းစားပြီးနောက်တွင်ပင် နစ် ဖြေရှင်းမရနိုင်ခဲ့သော ကိစ္စကို ဝင်တာက ဤမျှလွယ်ကူစွာ ဖြေရှင်းပေးလိုက်သည်ကို နစ် မယုံနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။ ယင်းမှာ အမှန်တကယ်ပင် အလွန်လွယ်ကူပြီး ယုတ္တိတန်လွန်းလှ၏။

"တော်တော်ကောင်းတဲ့ အကြံပဲ..."

နစ်က တောက်ပသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ဒါဆို အသုံးအဆောင် ပစ္စည်းတွေကို ဘယ်မှာ သွားရှာရမလဲ... ငါ ပထမဆုံး ဘာကို ဝယ်သင့်လဲ..."

"ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက်အတွက် အရေးအကြီးဆုံး အရာပေါ့… အကာအကွယ်ဒိုင်း တစ်ခုလေ..."

"အကာအကွယ်ဒိုင်း ဟုတ်လား..."

နစ် ရှုပ်ထွေးစွာဖြင့် မေးလိုက်၏။

"အကာအကွယ်ဒိုင်း ဆိုတာက မင်းရဲ့ တရားဝင် ဝတ်စုံထဲမှာ ထည့်ထားလို့ရတဲ့ အရာတစ်ခုပဲ... အန္တရာယ်ရှိတဲ့ အရာတစ်ခုခု မင်းအနားကို ရောက်လာရင် အဲဒီ ကိရိယာက မင်းကို အကာအကွယ်ပေးလိမ့်မယ်..."

"ငါတို့က စပက်တာ တွေ မဟုတ်တဲ့အတွက်၊ ငါတို့ လူသားတွေက အသုံးအဆောင် ပစ္စည်း မပါဘဲ ဇီဖစ်စွမ်းအင်ကို အသုံးမပြုနိုင်ဘူး... အကာအကွယ်ဒိုင်း ဆိုတာလည်း အဲဒီလို အသုံးအဆောင် ပစ္စည်းတွေထဲက တစ်ခုပဲ..."

"အကာအကွယ်ဒိုင်း က တိုက်ခိုက်မှုတွေ အားလုံးကို တားဆီးဖို့ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ ဇီဖစ်စွမ်းအင် ကို အသုံးပြုတယ်... သူက ပိုပြီး ပြင်းထန်တဲ့ တိုက်ခိုက်မှုကို တားဆီးရလေ၊ ဇီဖစ်စွမ်းအင် ပိုသုံးရလေပဲ..."

"လက်သီးပုန်းတွေ၊ လက်သည်းကုတ်ချက်တွေနဲ့ ခြေကန်ချက်တွေကို မင်းက ပြဿနာမရှိဘဲ ရင်ဆိုင်နိုင်ပေမယ့်၊ တစ်ယောက်ယောက်က မင်းကို ပွက်ပွက်ဆူနေတဲ့ ဆီအိုးနဲ့ ပက်လိုက်ရင်တော့ မင်း အကူအညီမဲ့သွားလိမ့်မယ်... နောက်ပြီး ဒြပ်ရှိ စပက်တာ တွေမှာ ရုပ်ပိုင်းဆိုင်ရာ အရာတွေနဲ့ တားဆီးဖို့ မဖြစ်နိုင်သလောက် ရှိတဲ့ တိုက်ခိုက်မှုတွေ အမြဲတမ်းလိုလို ရှိတတ်တယ်၊ တခြား စပက်တာ အမျိုးအစားတွေမှာတောင် ဒီလို တိုက်ခိုက်မှုမျိုးတွေ ရှိနိုင်တယ်..."

"အကာအကွယ်ဒိုင်း က သာမန်လူတွေ ရင်မဆိုင်နိုင်တဲ့ တိုက်ခိုက်မှုတွေကို ရင်ဆိုင်နိုင်အောင် မင်းကို ကူညီပေးလိမ့်မယ်..."

နစ်သည် ဝင်တာ၏ စကားကို အာရုံစိုက်၍ နားထောင်နေခဲ့၏။

"ဒါက တော်တော် အသုံးဝင်မယ့်ပုံပဲ... အဲဒီလို အကာအကွယ်ဒိုင်း မျိုးက ဘယ်လောက်တောင် စွမ်းအားကြီးတာလဲ..."

"သူ့ရဲ့ စျေးနှုန်းနဲ့ မင်းရဲ့ အဆင့်ပေါ်မှာ မူတည်တယ်..."

ဝင်တာသည် ကုလားထိုင်ကို နောက်သို့မှီချလိုက်ရင်း ပြောလိုက်သည်။

နောက်တစ်ခဏတွင် ဝင်တာသည် သူ၏ ရင်ဘတ်ရှိ အိတ်ကပ်ကြီးတစ်ခုကို ဖွင့်ကာ တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်၏။

၎င်းမှာ သမုဒ္ဒရာပြင်ကြီးအလား တောက်ပနေပုံရသော လှပသည့် အပြာရောင် ကျောက်မျက်ရတနာတစ်ခု အလယ်တွင် ပါရှိသော ငွေရောင်ပြားလေးတစ်ခု ဖြစ်သည်။

"အဲဒါက ငါ့ဟာလေ..."

ဝင်တာက ပြောလိုက်၏။

"သူက တိုက်ခိုက်မှု ပုံစံမျိုးစုံကို တားဆီးပေးနိုင်တယ်၊ ဉာဏ်ရည်ထက်မြက်စွာနဲ့ အလိုအလျောက် ဖြန့်ကြက်ပေးနိုင်တယ်၊ ပုံသွင်းလို့ရတဲ့ မျက်နှာပြင် ပါရှိပြီး၊ အသက်ဝင်နေတဲ့ အချိန်မှာ မြင်ကွင်းကနေ ပျောက်ကွယ်နေနိုင်တယ်... ပြီးတော့ တိုက်ခိုက်မှုတွေကို ငါးဆ တစ်ဆ အချိုးနဲ့ တားဆီးပေးတယ်... အဲဒါက ရန်သူရဲ့ ဇီဖစ်စွမ်းအင် ငါးဆစာကို တားဆီးဖို့ ငါ့ရဲ့ ဇီဖစ်စွမ်းအင် တစ်ဆကို အသုံးပြုတယ်လို့ ဆိုလိုတာပဲ..."

နစ်သည် အသက်ကို ပြင်းပြင်းရှူလိုက်သည်။

"ဒါက အရမ်း စျေးကြီးမယ့်ပုံပဲ..."

သူက မှတ်ချက်ချလိုက်၏။

ဝင်တာက ရယ်မောလိုက်သည်။

"အင်း... အဲဒီလိုမျိုးကို ငါ့ဘာသာငါတော့ ဝယ်နိုင်မှာ မဟုတ်ဘူး... ဒါ့ဒရမ်ကို တည်ထောင်ဖို့ ငါ မထွက်လာခင် အဖေက လက်ဆောင်ပေးလိုက်တာ... သူ့တန်ဖိုးက ငွေကြေး သန်း ၁၀၀ လောက် ရှိတယ်၊ ဒါပေမဲ့ ငါ့အဖေကတော့ တစ်ဝက်စျေးလောက်နဲ့ ရခဲ့တာ ဖြစ်မယ်..."

နစ်သည် သွားများကြားမှ လေကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။

ငွေကြေး သန်း ၁၀၀ တဲ့လား...

ယင်းမှာ ယခုအချိန်အထိ နစ် ရှာဖွေနိုင်ခဲ့သော ငွေပမာဏထက် အဆပေါင်း တစ်ထောင်နီးပါး ပိုများနေခဲ့သည်။

"မင်းဟာကတော့ ဒီလောက်ကြီး ကောင်းမှာ မဟုတ်ဘူး၊ ဒါပေမဲ့ အများကြီး အထောက်အကူ ဖြစ်စေမှာပါ..."

ဝင်တာက ပြောလိုက်၏။

"အစပြုသူတွေအတွက်ဆိုရင် တိုက်ခိုက်မှု အများစုကို တားဆီးနိုင်တဲ့ နှစ်ဆ တစ်ဆ အချိုးရှိတဲ့ အရာကို ဝယ်ဖို့ ငါ အကြံပေးချင်တယ်..."

"သင့်တင့်လျောက်ပတ်တဲ့ တစ်ခုကို ဝယ်ဖို့ မင်းဆီမှာ ပိုက်ဆံ အလုံအလောက် ရှိလောက်ပါတယ်၊ ဒါပေမဲ့ အကုန်လုံးကိုတော့ အဲဒီအပေါ်မှာ မသုံးပစ်လိုက်နဲ့... မင်းက တစ်ခါသုံး ပစ္စည်းတချို့နဲ့ အစစ်အမှန် လက်နက်တွေလည်း လိုအပ်သေးတယ်... အကာအကွယ်ဒိုင်း အတွက် သုံးမယ့် ပိုက်ဆံကို အသုံးအဆောင် ပစ္စည်းတွေ ဝယ်ဖို့ ဖယ်ထားတဲ့ ၈၀ ရာခိုင်နှုန်းရဲ့ ၈၀ ရာခိုင်နှုန်းလောက်ပဲ ရှိနေအောင် ကြိုးစားပါ..."

နစ် ခေါင်းညိတ်ပြလိုက်သည်။

"အဲဒီလိုပဲ လုပ်လိုက်ပါ့မယ်... အဲဒီလိုမျိုးကို ဘယ်မှာ သွားဝယ်ရမလဲ..."

"ပုံမှန်အားဖြင့်တော့ ဒီပစ္စည်းတွေကို ဝယ်ဖို့ အတွင်းဘက်မြို့တော် ထဲကို ဝင်ဖို့ လိုလိမ့်မယ်၊ ဒါပေမဲ့ အဆင့်တစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တွေက ခွင့်ပြုချက်မရှိဘဲ အတွင်းဘက်မြို့တော် ထဲကို ဝင်ခွင့်မရှိဘူး... မင်းက အရင်ဆုံး အဆင့်နှစ် ဇီဖစ်စွမ်းအင် ထုတ်ယူသူ တစ်ယောက် ဖြစ်နေဖို့ လိုတယ်..."

"ဒါပေမဲ့ လူသစ် တွေအတွက် အသုံးအဆောင်ပစ္စည်း စျေးကွက်ကြီးတစ်ခု ရှိနေတဲ့အတွက်၊ ပိုက်ဆံရှာလို့ရတဲ့ လမ်းကြောင်းတော့ ရှိနေတာပေါ့..."

"လူသစ် တွေအတွက် တစ်ပတ်ကို တစ်ခါ အပြင်ဘက်မြို့တော် မှာ ဖွင့်လှစ်တဲ့ စျေးတစ်ခု ရှိတယ်..."

"မင်း ကံကောင်းတာက အဲဒါက မနက်ဖြန်ပဲ…”

***

All Chapters