← Chapters

မီးအိမ်အောက်တွင် တစ်ကိုယ်တော် ကျင့်ကြံခြင်း

Vol. 14 Ch. 202

မီးအိမ်အောက်တွင် တစ်ကိုယ်တော် ကျင့်ကြံခြင်း

Vol. 14 Ch. 202

ရွှီချင်းသည် အခြေတည်အဆင့်ကို ကျော်ဖြတ်ရန် နေရာရွေးချယ်ရာတွင် အလွန် သတိကြီးသည်။

သူ အကြောင်းအရာများစွာကို စဉ်းစားတွေးတောထားရပေမည်။ ဥပမာအနေဖြင့် သူ့နောက်မှ တိတ်တဆိတ် နောက်ယောင်ခံလိုက်သူများ ရှိ၊ မရှိကို စစ်ဆေးရပေမည်။ သူ ရွေးချယ်လိုက်သည့်နေရာပတ်ဝန်းကျင်တွင် အင်အားကြီးအုပ်စုများ ရှိ၊မရှိကိုလည်း စစ်ဆေးရပေမည်။

ထိုနေရာရှိ ဝိညာဉ်စွမ်းအားများကို သူ ထည့်တွက်ရမည်ဖြစ်သည်။ ဝိညာဉ်စွမ်းအားများက သိပ်သည်းလွန်း၍မဖြစ်သလို နည်းပါးလွန်းနေလျှင်လည်း အဆင်မပြေပေ။

ယင်းအပြင် ထိုနေရာက တားမြစ်နယ်မြေ သို့မဟုတ် မြို့များနှင့် အနီးအနားတွင် တည်ရှိ၍ မရပေ။ မြေရိုင်းဒေသသည်သာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။

သို့သော်လည်း ထိုလိုအပ်ချက်များနှင့် ပြည့်မီသော နေရာများစွာ မရှိပေ။

နောက်ဆုံးတွင် သူ၏လိုအပ်ချက်များအရ ရွေးချယ်လိုက်သောနေရာကို ယခင်က တခြားလူများက ရွေးချယ်ထားခြင်း ရှိ၊မရှိကို သူ စဉ်းစားရမည်ဖြစ်သည်။

ထိုအကြောင်းအရာများအားလုံး သူ့စိတ်ထဲ လွင့်မျောနေပြီး ရတနာမုဆိုးစခန်းထဲရှိ တားမြစ်နယ်မြေထဲမှ ဘုရားကျောင်းကို သူ တွေးမိလိုက်ပါသော်လည်း ထိုနေရာပတ်ဝန်းကျင်က အန္တရာယ်များလွန်းသည်။ ယင်းအပြင် ထိုထူးဆန်းသော သီချင်းညည်းသံသည်လည်း သူ့ကို ချီတုံချတုံ ဖြစ်သွားစေသည်။ အဆုံးသတ်တွင် ထိုနေရာကို သူ လက်လျော့လိုက်သည်။

ပထမဆုံး သူ သွားသည့်နေရာမှာ ကျစ်ထူဂိုဏ်းနှင့် အနီးရှိ ချီရွှဲ့ထုံဂိုဏ်း၏ မြို့ခွဲတစ်မြို့ ဖြစ်သည်။ ယင်းနေရာသည် နန်းဟွမ်ဒေသကြီးထဲရှိ လူသားမျိုးနွယ်နယ်နိမိတ်အတွင်းပိုင်း၌ တည်ရှိပြီး တားမြစ်နယ်မြေများလည်း နည်းပါးရာ အတော်လေး ဘေးကင်းသည်။

ပြဿနာမှာ ထိုနေရာ၌ လူပေါင်းစုံရှိနေခြင်း ဖြစ်သည်။

တည်နေရာရွှေ့ပြောင်းခြင်းအလင်း ပျောက်ကွယ်သွားသည်နှင့် မန္တန်အစီအရင်ထဲမှ ရွှီချင်း ထွက်လာခဲ့သည်။ သူက မြို့ထဲမှ ချက်ချင်း ထွက်မသွားသေးဘဲ တည်းခိုခန်းတစ်ခန်း၌ ဝင်ရောက်တည်းခိုလိုက်သည်။ တစ်ညလုံး သူ စောင့်ကြည့်ပြီး အနားယူကာ ရုပ်ပြောင်းရုပ်လွဲအဆောင်ကို သုံး၍ အဝေးသို့ ဆက်လက်တည်နေရာရွှေ့ပြောင်းလိုက်သည်။

ထိုသို့ဖြင့် နောက်ထပ်လဝက်တာအတောအတွင်း ခုနစ်ကြိမ်၊ ရှစ်ကြိမ်အထိ သူ တည်နေရာရွှေ့ပြောင်းသွားခဲ့သည်။ အကြိမ်တိုင်း သူ့ရုပ်ရည်ကို ပြောင်းလဲကာ နန်းဟွမ်ဒေသတစ်ခွင် လှည့်ပတ်သွားလာလိုက်ပြီး သူ့နောက်မှ နောက်ယောင်ခံလိုက်သူ မရှိကြောင်း အတည်ပြုလိုက်သည်။

နောက်ဆုံး၌ သူ သက်ပြင်းရှည်ကြီးချလိုက်၏။

ထိုလဝက်အတွင်း သူ့ဒဏ်ရာများက ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ သက်သာသွားခဲ့ပြီ ဖြစ်သည်။ သူ၏အတိုက်အခိုက်စွမ်းရည်သည်လည်း ရေသူမကျွန်းပေါ်တွင် ရှိစဉ်ကအတိုင်း တစ်ထပ်တည်းနီးပါး ဖြစ်နေပြီဖြစ်သည်။

ထိုသို့ ဒဏ်ရာများ သက်သာလာသည့်အတွက်ကြောင့်လည်း ရွှီချင်းသည် အခြေတည်အဆင့်အတွက် မြို့ထဲမှ ထွက်ကာ မြေရိုင်းဒေသထဲတွင် သင့်တော်သောနေရာရှာရန် စိတ်အားထက်သန်လာခဲ့သည်။

နောက်ထပ်လဝက်ကြာ ရှာပြီးသောအခါမှသာ နေရာကောင်းတစ်ခုကို ရွှီချင်း တွေ့လိုက်ရသည်။

ယင်းနေရာသည် နန်းဟွမ်ဒေသကြီး၏ အရှေ့တောင်ဘက်ဒေသရှိ တောင်များ ထူထပ်သည့်နေရာဖြစ်သည်။

ထိုနေရာ၌ တောင်တန်းများနှင့် တောအုပ်များ ရှိသည်။ သို့သော် တားမြစ်နယ်မြေများမရှိဘဲ မိုးသစ်တောများကဲ့သို့ ရွှံ့နွံများနှင့် အဆိပ်များသာ ရှိသည်။

ထို့ကြောင့် ထိုနေရာအနီးပတ်လည်တွင် မြို့များစွာ မရှိဘဲ အနီးဆုံးမြို့သို့ ရောက်ရန် ခုနစ်ရက်၊ ရှစ်ရက် ကြာသည်။

ထိုနေရာ၌ ဓာတ်နှောများ ထူထပ်သိပ်သည်းစွာ မရှိသလို ဝိညာဉ်စွမ်းအားများသည်လည်း ထိုနည်းတူပင်။ သို့ဖြစ်၍ အနီးနားတွင် မည်သည့်အင်အားကြီးအုပ်စုမျှ မရှိပေ။ အားလုံးခြုံငုံကြည့်လျှင် အလွန် အဆင်မပြေသော်လည်း ထိုနေရာသည် ယခင်က ရွေးချယ်ခဲ့သည့်နေရာများထက် ပို၍ သင့်တော်သည်ဟု ရွှီချင်း ခံစားရသည်။

သူ ရွေးချယ်သည့်နေရာသည် တောင်များပေါ်တွင် မဟုတ်ဘဲ တောင်နှစ်လုံးကြားရှိ တောနက်ထဲ ဖြစ်သည်။

ယခင်တောတွင်းအတွေ့အကြုံများကြောင့် သူက နေရာကို ရှာတွေ့လိုက်ပြီး စတင်တူးထုတ်လိုက်သည်။

မြေသားက ပျော့သည့်အတွက် တူးထုတ်ရန် မလွယ်ပေ။ သူက ပင်လယ်အသွင်ပြောင်းပညာရပ်ကို ထုတ်ဖော်၍ မြေကြီးထဲမှ ရေများစွာကို ထုတ်ယူလိုက်ပြီး မြေအောက်တွင် ဂူနက်နက်တစ်ဂူ တူးထုတ်လိုက်သည်။

ဂူဝင်ပေါက်ကို သူ ပိတ်လိုက်ပြီး ဘေးပတ်လည်တွင်လည်း အဆိပ်မှုန့်များ ပက်လိုက်သည်။ နောက်ဆုံး၌ ဂူထဲတွင် သူ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ဘေးပတ်လည်ကို အာရုံခံလိုက်သည်။ ထို့နောက် သူ ဝယ်ခဲ့သည့် မန္တန်အစီအရင်ငါးစုံကို ထုတ်ကာ အသက်သွင်းလိုက်သည်။

အရှိန်အဝါနှင့် အငွေ့အသက်များကို ဖုံးကွယ်ပေးသည့် မန္တန်အစီအရင်ကိုလည်း သူ အသက်သွင်းလိုက်သည်။ ထိုအရာအားလုံး လုပ်ပြီးနောက် သူ အသက်ပြင်းပြင်းမှုတ်ထုတ်လိုက်သည်။

သူ အချိန်အတော်ကြာ မခံစားခဲ့ရသည့် ဘေးကင်းလုံခြုံသော ခံစားချက် သူ့စိတ်ထဲ ပေါ်လာသည်။

“ ငါ ဒီမှာ အခြေတည်အဆင့်ကို တက်မယ် ”

ရွှီချင်းက သိုလှောင်အိတ်ကို ကြည့်လိုက်သည်။ မြို့မျိုးစုံမှ အစားအစာမျိုးစုံ သူ ဝယ်ယူခဲ့ပြီး နှစ်ဝက်ကြာသည်အထိ ဤနေရာတွင် သူ စားသောက်ရန် လုံလောက်သည်။

အခြေတည်အဆင့်သို့ ရောက်ရန် မည်မျှကြာမည်ကို သူ မသိပါသော်လည်း အစီအစဉ်တစ်ခု ဆွဲထားပြီ ဖြစ်သည်။ ယခုတစ်ခေါက်တွင် အပြင်လောကသို့ သူ ထွက်သွားမည်မဟုတ်သလို အပြင်လောကအကြောင်းကိုလည်း တွေးတောနေတော့မည် မဟုတ်ပေ။

သူ၏စိတ်နှင့်ကိုယ်ကို အဆင့်တက်ရန်တွင်သာ နစ်မြှုပ်ထားချင်သည်။

သို့သော်လည်း ပထမဦးစွာ သူ ဖြေရှင်းရန် ကျန်သေးသည့်အရာနှစ်ခု ရှိသည်ဟု သူ ခံစားလိုက်ရသည်။

သူက သံတုတ်လေးကို ဆွဲထုတ်လိုက်ပြီး မန္တန်လက်ကွက်များ ဖော်လိုက်သည်။ ဝိညာဉ်စွမ်းအားများ သံတုတ်ထဲသို့ တိုးဝင်သွားပြီး အိပ်မောကျနေသော ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို အညှာအတာမဲ့စွာ ချုပ်နှောင်လိုက်သည်။ ရုတ်တရက် သံတုတ်ထဲမှ သွေးပျက်ခမန်း စူးစူးဝါးဝါး အော်ဟစ်သံ ထွက်လာသည်။

“ သခင်လေး၊ ဘာဖြစ်လို့လဲ။ ကျွန်တော်မျိုး မှားပါတယ်။ ကျွန်တော်မျိုး မှားပါတယ်။ ကျွန်တော်မျိုးကို မသတ်ပါနဲ့။ ကျွန်တော်မျိုး ဘာမှားလဲဆိုတာ ပြောပြပေးပါ။ ပြုပြင်ပေးပါ့မယ် ”

ရွှီချင်းက ပြန်ဖြေရန် စိတ်မဝင်စားဘဲ ဆက်လက်ချုပ်နှောင်လိုက်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး အလွန် အားနည်းပြီး သတိလစ်သွားသောအခါမှသာ သူ ရပ်လိုက်သည်။

သူ အဆင့်တက်နေစဉ်အတောအတွင်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး ဝင်ရောက်နှောင့်ယှက်လာမည်ကို သူ စိုးရိမ်သည်။ ယခု ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးမှာ အလွန် အားနည်းသွားပြီဖြစ်ရာ ပြဿနာကြီးကြီးမားမား မရှိတော့ကြောင်း သူ ခံစားလိုက်ရသည်။

ပြီးသည်နှင့် သူက နောက်ထပ်မန္တန်လက်ကွက်များ ဖော်လိုက်ပြီး ဝိညာဉ်စွမ်းအားအလွှာများဖြင့် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးကို ချုပ်နှောင်လိုက်သည်။ ထိုအခါမှသာ သူ သံတုတ်ကို သိမ်းဆည်းလိုက်သည်။

အရိပ်က ရွှီချင်း၏ အပြုအမူများကို ကောင်းစွာ အာရုံခံမိလိုက်ပြီး တုန်ရီနေသည်။

ရွှီချင်းက အသက်မဲ့သောအကြည့်ဖြင့် အရိပ်ကို ကြည့်လိုက်သည်။

အရိပ်မှာ ပို၍ပင် တုန်ရီလာတော့သည်။ နောက်ဆုံးတွင် ရွှီချင်း၏အကြည့်အောက်၌ ၎င်းက သူ့ကိုယ်သူ နာကျင်အောင်လုပ်နေသည့်အလား ၎င်းကိုယ်ပေါ်တွင် စုတ်ပြဲရာများ ပေါ်လာသည်။

“ မရသေးဘူး ”

ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ခရမ်းရောင်သလင်းကျောက်စွမ်းအားများက ချုပ်အားအသွင်ပြောင်းလဲ၍ အရိပ်အပေါ်သို့ ကျဆင်းသွားလေရာ အရိပ်မှာ သိသိသာသာ မှိန်ဖျော့လာသည်။ ၎င်း လုံးလုံးလျားလျား ပြိုလဲသွားသည့်အခါမှသာ ရွှီချင်းက ရပ်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။

“ ငါ အခြေတည်အဆင့်ကို မအောင်မြင်ခဲ့ရင် ငါ မသေခင် မင်းကို သေတဲ့အထိ ရိုက်မယ် ”

ပြောပြီးသည်နှင့် ရွှီချင်းက အရိပ်အကြောင်း ထပ်တွေးမနေတော့ပေ။ သူ့ခန္ဓာကိုယ်ထဲမှ ပုန်းလျှိုးနေသော အန္တရာယ်နှစ်ခုမှာ အားနည်းနေပြီဖြစ်ကြောင်း သူ လုံးဝ ယုံကြည်သွားပြီဖြစ်သည်။ နောက်ဆုံးတွင် သူက လင်းရှီမီးအိမ်ကို ထုတ်၍ မီးညှိလိုက်သည်။

မှိန်ဖျော့ဖျော့အလင်းရောင် ချက်ချင်း ဖြာကျလာပြီး ရွှီချင်းကို လွှမ်းခြုံသွားသည်။

သာမန်အတိုင်း ပြောရလျှင် ထိုကဲ့သို့ အကာအကွယ်ပစ္စည်းကို ထွန်းညှိလိုက်သည့်အခါတိုင်း ၎င်း၏ကိုယ်ပိုင်စွမ်းအင်များ ကုန်ခမ်းသွားတတ်သည်။ သို့ဖြစ်၍ ကျင့်ကြံသူများက အခြေတည်အဆင့်သို့ တက်လှမ်းတော့မည့်အချိန်မှသာ ၎င်းကို အသက်သွင်းကြသည်။

ချီရွှဲ့ထုံဂိုဏ်းက ချမ်းသာကြွယ်ဝပါသော်လည်း ထိုနည်းတူပင်။ ဂိုဏ်းသားအများစုက အခြေတည်အဆင့်သို့ ဖြတ်ကျော်တော့မည့်အခါမှသာ အခြေတည်အဆင့်နေရာတစ်ခုကို ငှားရမ်းကြပြီး ရွှီချင်းကဲ့သို့ အသုံးအဖြုန်းမကြီးကြပေ။

သို့သော်လည်း ရွှီချင်းက သူ့အနေဖြင့် မလိုအပ်ဟု ခံစားမိသည်။

သူက အခြေတည်အဆင့်ကို ချက်ချင်း မတက်သေးဘဲ သူ၏ဝိညာဉ်ပင်လယ်ကို အကန့်အသတ်ထိ ရောက်အောင် သွားချင်သည့်တိုင်အောင် လင်းရှီမီးအိမ်အား ထွန်းညှိလိုက်ခြင်းကြောင့် သူ ပိုက်ဆံကုန်သွားမည်မဟုတ်ပေ။ ၎င်း၏ ဝိညာဉ်စွမ်းအားသာ ကုန်ခမ်းသွားမည် ဖြစ်သည်။

ထို့ပြင် ထိုမီးအိမ်၏ ဝိညာဉ်စွမ်းအားက အတော်လေး လုံလောက်သည်ကို သူ အာရုံခံမိထားခဲ့သည်။ ထို့နောက် သူက ကျောက်စိမ်းသေတ္တာလေးနှစ်ခုကို ထုတ်လိုက်သည်။

တစ်ခုတွင် အခြေတည်အဆင့်ဆေးလုံးသုံးလုံးရှိပြီး တခြားသေတ္တာလေးထဲတွင် အခြေတည်အဆင့်ဆေးလုံးနှစ်လုံး ရှိသည်။

အခြေတည်အဆင့်ဆေးလုံးသုံးလုံးပါသော သေတ္တာကို ခေါင်းဆောင်ထံမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ကျန်သေတ္တာကို ရေသူမမျိုးနွယ်၏ အခြေတည်အဆင့်စေတီထဲတွင် အဆင့်တက်ရန် ကြိုးစားနေသည့် ကံဆိုးသူရေသူမလူငယ်၏ သိုလှောင်အိတ်ထဲမှ ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုလူငယ်၏ အဆင့်အတန်းက အလွန်မြင့်မားနေမည်မှာ သေချာသည်။ ထိုလူငယ်က ဆေးလုံးအနည်းငယ်ကို စားခဲ့ပြီး ဆေးလုံးနှစ်လုံးကို နောင်တွင် အသုံးပြုရန် ချန်ထားခဲ့ခြင်း ဖြစ်သည်။

အခြေတည်အဆင့်ဆေးလုံးငါးလုံးကို ဘေးတွင် ချထားပြီးနောက် ရွှီချင်း၏ မျက်နှာတွင် ကျေနပ်သည့်အမူအရာတစ်ခု ပေါ်လာသည်။

သူက လင်းရှီမီးအိမ်၏ အလင်းရောင်အောက်တွင် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မျက်လုံးများကို မှိတ်၍ စတင်ကျင့်ကြံလိုက်သည်။

အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့ပြီး မကြာခင် ခုနစ်ရက်တာကာလကို ကျော်ဖြတ်သွားသည်။

ထိုခုနစ်ရက်တာအတောအတွင်း ရွှီချင်းသည် ကျင့်ကြံခြင်းအပေါ်တွင် အပြည့်အဝ အာရုံစိုက်ထားခဲ့၏။ ပင်လယ်အသွင်ပြောင်းပညာရပ်က အဆက်မပြတ် လှည့်ပတ်နေပြီး ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအားများ အလုအယက် တိုးဝင်လာနေသည်ဖြစ်၍ သူ့ကိုယ်ထဲမှ ဝိညာဉ်ပင်လယ်က ဆက်လက်ကြီးထွားနေသည်။

၎င်း၏ အကျယ်က ကြီးမားသည်ထက် ကြီးမားလာပြီး ပေနှစ်ထောင့်ကိုးရာမှ ပေသုံးထောင့်လေးရာသို့ ရောက်လာသည်။

ထိုအကျယ်သည် ချီရွှဲ့ထုံဂိုဏ်းရှိ သတ္တမမြောက်တောင်ထိပ်၏ သမိုင်းထဲမှ အမြင့်ဆုံးမှတ်တမ်းကို ကျော်လွန်နေပြီဖြစ်သည်။ ယခင်က သတ္တမမြောက်သခင်ကြီးက ပေနှစ်ထောင့်ခုနစ်ရာသာ ရောက်ခဲ့သည် မဟုတ်ပါလား။

သတ္တမမြောက်သခင်ကြီး မတိုင်ခင်က တစ်ယောက်မှ ထိုအဆင့်သို့ မရောက်ခဲ့ဖူးပေ။ ယခု နှစ်ခြောက်ဆယ်ကြာပြီးနောက် ဤအမည်မသိဂူလေးထဲတွင် ရွှီချင်းက မှတ်တမ်းအသစ်ကို ရေးထွင်းလိုက်ပြီဖြစ်သည်။

ပေသုံးထောင့်လေးရာဝိညာဉ်ပင်လယ်က အလွန် ခံ့ညားထည်ဝါသည်။ ရွှီချင်းသာ ၎င်းကို ရုပ်လုံးပေါ်စေခဲ့ပါက ဤတောအုပ်ထဲတွင် သေချာပေါက် အုတ်အော်သောင်းတင်း ဖြစ်သွားပေမည်။ အကယ်၍ ချီရွှဲ့ထုံဂိုဏ်းသာ ထိုသတင်းကို ကြားခဲ့လျှင် လုံးလုံးလျားလျား အံ့သြတုန်လှုပ်သွားမည် ဖြစ်ပေသည်။

ထိုကဲ့သို့ ရလဒ်က ချီရွှဲ့ထုံဂိုဏ်း၏ စိတ်ဝင်စားခြင်းကို ခံရမည်ဖြစ်ပါသော်လည်း နောက်ဆက်တွဲဆိုးကျိုးများလည်း ရှိသေးသည်။ အကျိုးအမြတ်ကို ပဓာနထားသော ချီရွှဲ့ထုံဂိုဏ်းထဲတွင် ထိုကဲ့သို့ ကြောက်ခမန်းလိလိ အောင်မြင်မှုကြီးသာ ထွက်ပေါ်သွားခဲ့လျှင် ဖြစ်လာမည့်အကျိုးဆက်ကို မှန်းဆရန် အလွန် ခဲယဉ်းသည်။

ရွှီချင်း၌ ၎င်းကို ထုတ်ဖော်ရန် လုံးဝ မစဉ်းစားထားပေ။ သူ အဆင်ပြေပြေသာ နေချင်သည်။ နာမည်ဂုဏ်သတင်းကို သူ ဂရုမစိုက်ပေ။ သူ ဂရုစိုက်သည်မှာ ပိုကောင်းမွန်သော ဘဝသာ ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော ဤလောကကြီးထဲ၌ ပိုကောင်းမွန်သော ဘဝကို လိုချင်လျှင် ပို၍ အစွမ်းထက်နေမှသာ ဖြစ်နိုင်မည်။

သူ့အသက်ကို ခြိမ်းခြောက်သည့် ရန်သူများအားလုံးကို သူ လက်စတုံးပစ်ရမည် ဖြစ်သည်။

အကယ်၍ သူ့ဝိညာဉ်ပင်လယ်ကို ထုတ်ပြလိုက်ခြင်းသည် သူ၏ရည်မှန်းချက်ပန်းတိုင်တချို့ကို အောင်မြင်သွားစေမည်ဆိုပါက သူ စဉ်းစားမည်ဖြစ်သည်။

ထိုသို့မဟုတ်လျှင် အရာအားလုံးကို ထိန်းချုပ်နိုင်သည့် တန်ခိုးစွမ်းအားမျိုး ရှိသည့်အဆင့်သို့ သူ မရောက်မချင်း သူ၏အရည်အချင်းများကို ကွယ်ဝှက်ကာ လူသတ်သောအခါမှသာ ထုတ်ပြမည်ဖြစ်သည်။ ယင်းသည် သူ၏ အသက်ရှင်သည့်နည်းလမ်း ဖြစ်သည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။

ထိုသို့ဖြင့် နေ့ရက်များ ကုန်လွန်လာခဲ့သည်။ နေ့ရက်တိုင်း သူ့ဝိညာဉ်ပင်လယ်က အကန့်အသတ် မရှိသည့်အလား ပေတစ်ရာ တိုးနေသည်။ ယင်းကြောင့် ရွှီချင်းမှာ အလွန် စိတ်လှုပ်ရှားလာသည်။

ပေသုံးထောင့်ငါးရာ၊ ပေသုံးထောင့်ခုနစ်ရာ …

ခုနစ်ရက်ကြာပြီးနောက် ရွှီချင်း၏ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်က ပေလေးထောင်သို့ ရောက်သွားသည်။ ယင်းသည် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ရှိ သာမန်ချီရွှဲ့ထုံဂိုဏ်းသားများထက် လေးဆကြီးမားသွားပြီဖြစ်သည်။

လင်းရှီမီးအိမ်၏ အလင်းရောင်အောက်တွင် ရွှီချင်း၏ခန္ဓာကိုယ်တစ်ခုလုံး သလင်းကျောက်ပမာ ကြည်လင်နေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် မရေမတွက်နိုင်သော ပင်လယ်ရေစက်များ စီးဆင်းနေသည့်အလားပင်။ ဘေးပတ်ဝန်းကျင်တွင် အစိုဓာတ် သိသိသာသာ သိပ်သည်းလာသည်။

“ ငါ အခုထက် မြင့်မြင့်ကို ရောက်နိုင်သေးတယ် ”

ရွှီချင်းက မျက်လုံးများ ဖွင့်လိုက်ပြီး အစားနည်းနည်းပါးပါးစားရန် ကျင့်ကြံနေရာမှ ရပ်လိုက်သည်။ ထို့နောက် သူက မန္တန်အစီအရင်များနှင့် အပြင်ဘက်တွင် ပက်ထားသော အဆိပ်မှုန့်များကို စစ်ဆေးကြည့်လိုက်သည်။ အရာအားလုံး ပုံမှန်အတိုင်းဖြစ်ကြောင်း အတည်ပြုပြီးနောက် သူက အတန်ငယ် အနားယူလိုက်ပြီး ဆက်လက်ကျင့်ကြံလိုက်သည်။

ပေလေးထောင့်တစ်ရာ၊ ပေလေးထောင့်နှစ်ရာ၊ ပေလေးထောင့်သုံးရာ …

သုံးရက်ကြာပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်က ပေလေးထောင့်ခုနစ်ရာသို့ ရောက်သွားသည်။ ထိုအချိန်၌ သူ၏ခန္ဓာကိုယ်က မခံမရပ်နိုင်လောက်အောင် နာကျင်လာသည်။

ထိုနာကျင်မှုသည် သူ့တစ်ကိုယ်လုံး ရေများဖြင့် ပြည့်ဝနေသည့် ရေအိတ်ကြီးတစ်အိတ်အဖြစ် ပြောင်းလဲသွားပြီး ဆုတ်ပြဲထွက်သွားတော့မည့်ခံစားချက်နှင့် ဆင်တူသည်။

ရွှီချင်း၏ အသက်ရှူသံများ အနည်းငယ် ပြတ်တောင်း ပြတ်တောင်း ဖြစ်လာသည်။ ခဏအကြာ တွေးတောပြီးနောက် သူက အံတင်းတင်းကြိတ်၍ ဆက်ကျင့်ကြံလိုက်သည်။ ယခုတစ်ခေါက်တွင် သူ၏အမြန်နှုန်း သိသိသာသာ လျော့ကျသွားသည်။ နေ့စဉ် သူ၏ တိုးတက်နှုန်းသည် ပေတစ်ရာမှ ငါးဆယ်ပေသို့ လျော့ကျသွားသည်။

ထို့ပြင် သူ ပို၍ ရောက်လာသည်နှင့်အမျှ တိုးတက်နှုန်း နှေးကွေးလာသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲသွားတော့မည့်ခံစားချက်က ပို၍ ပြင်းထန်လာသည်။ လဝက်ကြာပြီးနောက် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်ပင်လယ်ကို ပေငါးထောင်အထိ သူ တွန်းတင်လိုက်နိုင်သည်။

ထိုအဆင့်က ရူးသွပ်ချင်စရာကောင်းလှပြီး ရွှီချင်းမှာ ခန္ဓာကိုယ်ရှိ နေရာတိုင်းမှ စုတ်ပြဲတော့မည့်အလား မခံမရပ်နိုင်အောင် နာကျင်နေသည်။ ခရမ်းရောင်သလင်းကျောက်က သူ့ကို အရူးအမူး ကုသပေးနေသည်။

“ ငါ့နောက်ဆုံးကန့်သတ်ချက်ကို ရောက်သွားပြီ ”

ရွှီချင်းက ခပ်တိုးတိုး ပြောလိုက်သည်။

သူ လှုပ်ရှားရန်ပင် အလွန် ခက်ခဲနေ၏။ တောင်များကို ပခုံးပေါ်တွင် ထမ်းထားရသည့်အလား သူ့ကို ဖိနှိပ်ထားသည့်အလား ခံစားနေရသည်။

ခရမ်းရောင်သလင်းကျောက်က အတတ်နိုင်ဆုံး ကုသပေးနေပါသော်လည်း ထိုအခြေအနေကို ကြာကြာထိန်းထားနိုင်မည် မဟုတ်သည်ကို သူ သတိထားမိသည်။

“ ဒီတော့ … အခြေတည်အဆင့်ကို စတာပေါ့ ”

ရွှီချင်း၏မျက်လုံးများထဲတွင် ဆုံးဖြတ်ချက်ချသည့်အရိပ်အယောင်များ ပေါ်လာသည်။ သူက တွေဝေတွန့်ဆုတ်မနေဘဲ ရှေ့မှ အခြေတည်အဆင့်ဆေးလုံးကို ကောက်ယူကာ မျိုချလိုက်သည်။ ဆီပူအိုးထဲသို့ ရေများ ကျသွားသည့်အလား သူ့ခန္ဓာကိုယ်ထဲမှ ပေငါးထောင်အရှည် ဝိညာဉ်ပင်လယ်မှာ ချက်ချင်း ပေါက်ကွဲသွားပြီး ကြောက်မက်ဖွယ်လှိုင်းများအသွင်ဖြင့် သူ့ခန္ဓာကိုယ်အနှံ့အပြားသို့ အရူးအမူး ပြေးလွှားသွားကြသည်။

အခြေတည်အဆင့်၏ ပထမအဆင့်ဖြစ်သော အာရုံခံခြင်း စတင်လေပြီ။

All Chapters