မီးရောင်ကို ငြှိမ်းသက်လာသည့် မကောင်းဆိုးဝါး
Vol. 14 Ch. 203
ချီစုစည်းခြင်းအဆင့်မှ အခြေတည်အဆင့်သို့ တက်လှမ်းရာတွင် အဓိကအဆင့်ကြီးသုံးဆင့် ခွဲထားသည်။
ပထမတစ်ဆင့်မှာ ဝိညာဉ်စွမ်းအားအားလုံးကို အသုံးချပြီး ဓမ္မတံခါးများ၏ တည်နေရာကို ရှာဖွေရခြင်း ဖြစ်သည်။ ထိုပုန်းလျှိုးနေသောနေရာများကို ကျင့်ကြံသူတစ်ယောက်က ရှာဖွေပြီးသည်နှင့် စွဲမြဲစွာ မှတ်သားထားရမည်ဖြစ်သည်။ ထိုဖြစ်စဉ်က အခြေတည်အဆင့်ဆေးလုံး၏ အကူအညီဖြင့် အကြိမ်များစွာ လုပ်ဆောင်ရမည်ဖြစ်သည်။
ယင်းအဆင့်သည် အခြေတည်အဆင့်ဖြစ်စဉ်၏ အချိန်တစ်ဝက်နီးပါး ကုန်သွားမည်ဖြစ်သည်။
ဒုတိယအဆင့်သည် ဝိညာဉ်ပင်လယ်၏စွမ်းအားများကို စုစည်းကာ ပထမဓမ္မတံခါးကို ဖွင့်ရခြင်း ဖြစ်သည်။
ပွင့်သွားသော ပထမတံခါးတွင် ဝိညာဉ်စွမ်းအားများ အလုံအလောက် ရှိသွားပြီဆိုပါက လေပွေကြီးတစ်ခုအသွင်ပြောင်းလဲ၍ ဓမ္မစွမ်းအားများ ပေါက်ဖွားလာမည်ဖြစ်သည်။
ဓမ္မစွမ်းအားများ ထွက်ပေါ်လာသည်နှင့် ခန္ဓာကိုယ်တစ်လျှောက် လှည့်ပတ်စီးဆင်းကာ ကျင့်ကြံသူ၏ အသွေးနှင့်အသားကို သန့်စင်ပြုပြင်ပေးမည်ဖြစ်ပြီး သက်တမ်းကို ရှည်သွားစေမည်ဖြစ်သည်။ ယင်းသည် တတိယအဆင့်ဖြစ်သည်။
အခြေတည်အဆင့်သု့ိ တက်လှမ်းသွားနိုင်သည့် ကျင့်ကြံသူတစ်ယောက်က ထိုသုံးဆင့်ကို အပြီးတိုင် ကျော်ဖြတ်ပြီးပြီဟု ယူဆနိုင်သည်။
ယင်းသည် လွယ်သယောင်ရှိပါသော်ငြား အမှန်စင်စစ် ထိုအဆင့်သုံးဆင့်ကို ကျော်ဖြတ်နိုင်ရန် များစွာသော ပြင်ဆင်မှုများနှင့် ကံကောင်းရန် လိုအပ်သည်။
ယခု ရွှီချင်း လုပ်နေသည်မှာ ပထမအဆင့်ဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ပေငါးထောင်ရှည်သော ဝိညာဉ်ပင်လယ်က သူ့ခန္ဓာကိုယ်တစ်လျှောက် လူးလာဖြတ်သန်းကာ ဓမ္မတံခါးများကို ရှာဖွေလေသည်။
ဓမ္မတံခါးများသည် သွေးကြောဆုံမှတ်များနှင့် မတူညီသည့်အတွက်ကြောင့် ပါရမီကိုလိုက်၍ လူတစ်ဦးနှင့်တစ်ဦးတွင် တည်နေရာများ ကွဲသွားသည်။
ရွှီချင်းသည် သိပ်သည်းထူထပ်သော ဝိညာဉ်စွမ်းအားများ ရှိနေသည့်အတွက် နည်းလမ်းမျိုးစုံသုံး၍ ဓမ္မတံခါးများကို အချိန်ကြာမြင့်စွာ အာရုံခံနိုင်သည်။ ယခုလောလောဆယ်တွင် သူ အသုံးချနေသည်မှာ တင်းရွှယ်၏ ကျောက်စိမ်းပေလွှာထဲတွင် ရှင်းပြထားသည့် ‘ ရှာဖွေရေးနိယာမ ’ ဆိုသည့်နည်းလမ်း ဖြစ်သည်။
ထို ‘ ရှာဖွေရေး နိယာမ ’ ဆိုသည့်နည်းလမ်းမှာ ဓမ္မတံခါးများ၏ တည်နေရာများ ထွက်ပေါ်လာစေရန် ခန္ဓာကိုယ်တစ်လျှောက် ရှိသမျှ ဝိညာဉ်စွမ်းအားများကို အရှိန်အဟုန်ဖြင့် စီးဆင်းစေရခြင်း ဖြစ်သည်။ ယင်းနည်းလမ်းသည် ထိုအဆင့်၌ ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူအများစု၏ နောက်ဆုံးနည်းလမ်း ဖြစ်သည်။
သို့သော်လည်း ရွှီချင်းအတွက် ထိုနည်းလမ်းကို အသုံးချရန် ဝိညာဉ်စွမ်းအားအနည်းငယ်သာ လိုအပ်သည်။
တစ်ကြိမ် ပြင်းပြင်းထန်ထန် ရှာဖွေလိုက်ရုံဖြင့် ဓမ္မတံခါးများ ရှာတွေ့ရန် သူ မျှော်လင့်မထားပေ။ ပထမဦးစွာ နည်းလမ်းကိုသာ သူ ကျွမ်းကျင်ချင်သည်။ ထိုသို့ဖြင့် သူက သူ့ဝိညာဉ်ပင်လယ်၏ နှစ်ဆယ်ရာခိုင်နှုန်းဖြစ်သော ပေတစ်ထောင်ကို ဖြန့်ကျက်လိုက်သည်။
နှစ်ဆယ်ရာခိုင်နှုန်းသာ ဖြစ်ပါသော်လည်း သာမန်ချီရွှဲ့ထုံဂိုဏ်းသားများအတွက် ရှိသမျှ ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်ထားခြင်း ဖြစ်သည်။
သူ၏ဒန်တျန်ထဲမှ ပေတစ်ထောင်ရှည်သော ဝိညာဉ်ပင်လယ် ပေါက်ကွဲလာပြီး ဒီရေလှိုင်းအလား အသွေးအသားများ၊ အရိုးများ၊ သွေးကြောများနှင့် သူ့ခန္ဓာကိုယ်ရှိ တခြားနေရာအားလုံးသို့ စီးဆင်းသွားသည်။
၎င်း စီးဆင်းနေသည့်အတွက်ကြောင့် သူ့သွေးကြောများသည် မြစ်များပမာ ဖြစ်နေပြီး ဝိညာဉ်ပင်လယ်မှာမူ ပင်လယ်နဂါးကြီးတစ်ကောင်အလား အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသည်။
သူ့သွေးကြောများအပြင်ဘက်ရှိ အသားများ၊ သွေးများ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများမှာမူ ခြောက်ကပ်နေသော ကွင်းပြင်များအလား ဖြစ်နေပါသော်လည်း ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်သွားပြီး စတင်ရှာဖွေခံလိုက်ရသည်။
မကြာခင် သူ့သွေးကြောထဲရှိ တချို့နေရာများတွင် သင့်တော်သော လေပွေအနည်းငယ်ကို သူ တွေ့ရှိလိုက်သည်။ ထိုလေပွေများ၏ တည်နေရာက အလွန် ပုန်းလျှိုးကွယ်လျှိုးဖြစ်နေပြီး သူ့သွေးကြောများ လုံးဝ ဖောင်းကားလာသောအခါမှသာ သိရှိနိုင်သည်။
ထိုလေပွေများသည် ကောင်းကင်တံခါးများနှင့် ဆင်တူသည်။ ဝိညာဉ်စွမ်းအားများက ထိုလေပွေများကို ဖြတ်၍ စီးဆင်းသွားသောအခါ အလွန် နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ခု ဝိုးတဝါး ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါများကို ရွှီချင်း အာရုံခံမိလိုက်သောအခါ ဓမ္မတံခါးများဖြစ်ကြောင်း ချက်ချင်း နားလည်သွားသည်။
သူ့သွေးကြောများထဲ၌သာ ထိုကဲ့သို့ ထူးဆန်းသော ဓမ္မတံခါးများ ရှိသည်သာမက အသွေးအသားများနှင့် ကိုယ်တွင်းအင်္ဂၤါများထဲတွင်လည်း ဓမ္မတံခါးအနည်းငယ်ကို သူ တွေ့လိုက်ရသည်။
“ ကိုးဆယ့်တစ် ”
ရွှီချင်း၏ မျက်လုံးများ တဖိပ်ဖိပ်လက်သွားသည်။ ပထမအကြိမ် သူ၏ အာရုံခံခြင်း ပြီးဆုံးသွားသည့်အခါ သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအားများက အရှိန်လျော့သွားသော ဒီရေလှိုင်းအလား တဖြည်းဖြည်း လွင့်ပါးသွားသည်။
ယခင်က သူ ရရှိခဲ့ဖူးသည့် အခြေတည်အဆင့်အချက်အလက်အရ ဓမ္မတံခါးများကို အာရုံခံရာတွင် အဓိကသက်ရောက်နေသည်မှာ ဓာတ်နှောများ ဖြစ်သည်။ ယူဆချက်အရ ဓမ္မတံခါး၏ အရေအတွက်ကန့်သတ်ချက်မှာ တစ်ရာ့နှစ်ဆယ်ဖြစ်သည်။ ယေဘုယျဆိုရလျှင် ဓမ္မတံခါးရှစ်ဆယ် ရှာတွေ့ခြင်းသည် ကောင်းမွန်သော ပါရမီပါသည်ဟု ဆိုနိုင်ပြီး ဓမ္မတံခါးကိုးဆယ် ရှာတွေ့ခြင်းမှာ ထူးချွန်သည်ဟု ယူဆနိုင်သည်။
ဓမ္မတံခါးသုံးဆယ်က သက်စောင့်မီးလုံးတစ်လုံး ဖြစ်နိုင်သည့်အပေါ် အခြေခံ၍ တွက်ချက်ကြည့်ပါက သူ့အနေဖြင့် နောင်တွင် သက်စောင့်မီးလုံးသုံးလုံး ပေါ်အောင် စွမ်းဆောင်နိုင်မည် ဖြစ်သည်။
ယခုအချိန်တွင် ရွှီချင်းသာ အရေအတွက်ကို ဂရုမစိုက်ပါက ဓမ္မစွမ်းအားများ မွေးဖွားပေးမည့် လေပွေဖြစ်ပေါ်လာစေရန် ဓမ္မတံခါးများ ချိုးဖျက်ခြင်းဆိုသော ဒုတိယအဆင့်ကို ချက်ချင်း စတင်နိုင်သည်။
“ ဒါပေမဲ့ ငါ့ကိုယ်မှာ ဓာတ်နှောတွေ မရှိပါဘူး။ ဘာလို့ ငါက ဓမ္မတံခါးကိုးဆယ့်တစ်ခုပဲ အာရုံခံနိုင်ရတာတုံး ”
ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ ခဏအကြာ ယင်းသည် ပါရမီနှင့် ဆက်စပ်နေနိုင်ကြောင်း ခံစားလိုက်ရသည်။
နတ်ဘုရား၏ မျက်နှာပျက်ကြီး မရောက်ခင် ဤလောကကြီးထဲ၌ ဓာတ်နှောများ မရှိစဉ်အခါက ကျင့်ကြံသူများမှာ ခန္ဓာကိုယ်သန့်စင်ခြင်းထက် ပါရမီကိုသာ ကြည့်ကြသည်။
ယခုအခါတွင်မူ ပါရမီက ဂိုဏ်းကြီးများနှင့် အင်အားစုကြီးများအတွက် အရေးမပါတော့ပေ။ ထိုအင်အားစုကြီးများ၏ မျှော်လင့်ထားသည့် မျိုးဆက်သစ်လေးများမှာ ပါရမီပါပြီးသား ဖြစ်သည်။
“ ငါ့ကိုယ်ထဲမှာ ဓာတ်နှောတွေ ရှိမနေရင်တောင် ငါ့ပါရမီက အကန့်အသတ်ရှိလို့ ပုန်းကွယ်နေတဲ့ ဓမ္မတံခါးတွေကို ရှာမတွေ့နိုင်တာဖြစ်မယ် ”
ရွှီချင်း အတွေးနက်သွားသည်။
ယခုလောလောဆယ် ဓမ္မတံခါးများကို ရှာမတွေ့သည်မှာ ကိစ္စမရှိဟု သူ ခံစားလိုက်ရသည်။ သူ့ပါရမီက အကန့်အသတ်ရှိနေလျှင်လည်း ကိစ္စမရှိပေ။ သူ့မှာ လုံလောက်သော ဝိညာဉ်စွမ်းအားများ ရှိနေသမျှ ထိုပုန်းကွယ်နေသော ဓမ္မတံခါးများကို ရှာတွေ့ရန် မဖြစ်နိုင်သည် မဟုတ်ပေ။
ပထမတစ်ကြိမ် ကြိုးစား၍ ဓမ္မတံခါးများကို ရှာမတွေ့ပါက ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် သူ ကြိုးစားနိုင်သည်။ တတိယအကြိမ်အထိ သူ မတွေ့သေးပါက ပဉ္စမအကြိမ် သို့မဟုတ် ဆဋ္ဌမအကြိမ် သူ ကြိုးစားကြည့်နိုင်သည်။
ရွှီချင်း မျက်လုံးများ မှိတ်လိုက်သည်။ သူ စဉ်းစားပြီးနောက် ခန္ဓာကိုယ်ထဲရှိ လက်ကျန်ဝိညာဉ်ပင်လယ်ပေလေးထောင်ကို ထပ်ဝက်ပိုင်းလိုက်သည်။
ပေနှစ်ထောင်ရှည်သော ဝိညာဉ်ပင်လယ်က သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားကာ ဓမ္မတံခါးများကို ဒုတိယအကြိမ် အာရုံခံလိုက်သည်။
ယင်းသိပ်သည်းဆသည် သာမန်ကျင့်ကြံသူများထက် သာလွန်နေပြီဖြစ်သည်။
ထိုပေါက်ကွဲခြင်းတွင် သူ့တစ်ကိုယ်လုံးရှိ သွေးကြောများ ချက်ချင်း ဖောင်းကားလာသည်။ သူ၏အသွေးအသားများနှင့် ကိုယ်တွင်းအင်္ဂါများတွင် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်လာပြီး သူ့အရိုးများမှာလည်း ဝိညာဉ်စွမ်းအားများဖြင့် ပြည့်လာကာ သူ့တစ်ကိုယ်လုံး ထိန်းမနိုင်သိမ်းမရ တုန်ရီလာသည်။
ရိုက်ခတ်အားက ကြီးမားလွန်းသည့်အတွက်ကြောင့် တခဏလေးအတွင်း နောက်ထပ် ဓမ္မတံခါးငါးခု ပေါ်ထွက်လာသည်။
ဓမ္မတံခါးအရေအတွက်မှာ ကိုးဆယ့်ခြောက်အထိ ရောက်သွားပြီ ဖြစ်သည်။
ဒုတိယအကြိမ် အာရုံခံသည့် ဝိညာဉ်စွမ်းအားများက လွင့်ပျယ်မသွားသေးဘဲ အရှိန်အဟုန်ပြင်းစွာ ရှာဖွေနေသေးသည်။
ယင်းနည်းလမ်းသည် ဘောလုံးတစ်လုံးကို လေအပြည့်မှုတ်ကာ ပျောက်ကွယ်နေသော အပေါက်လေးများကို လိုက်ရှာသည်နှင့် ဆင်တူသည်။ အကယ်၍ အပေါက်က ပို၍ သေးငယ်နေပါက ဘောလုံးက ပို၍ လေဖြည့်ရမည်သာ ဖြစ်သည်။
“ ငါ့မှာ ဝိညာဉ်စွမ်းအင်တွေနဲ့ အခြေတည်အဆင့်ဆေးလုံးတွေ အလုံအလောက် ရှိတယ် ”
ရွှီချင်း၏မျက်လုံးများ မှေးသွားသည်။ ဒုတိယအကြိမ်အာရုံခံခြင်း မပြီးသေးခင် သူ့ခန္ဓာကိုယ်ထဲမှ လက်ကျန်ပေနှစ်ထောင်ရှည်သော ဝိညာဉ်ပင်လယ်မှာ ပေါက်ကွဲသွားသည်။
ထိုအချိန်၌ ရုတ်တရက် အပြောင်းအလဲတစ်ခု ပေါ်လာ၏။
ရွှီချင်း ကျင့်ကြံနေသည့်ဂူထဲတွင် မူလက လင်းရှီမီးအိမ်သည် ပုံမှန်အတိုင်း လောင်ကျွမ်းနေခဲ့သည်။ မီးအလင်းရောင်က ရွှီချင်းကို ဖုံးလွှမ်းထားပြီး ဘေးပတ်လည်ရှိ အမှောင်ထုမှ ကာကွယ်ပေးထားသလို ဖြစ်နေခဲ့သည်။
သို့သော်လည်း ထိုအချိန်၌ မမြင်နိုင်သော သတ္တဝါတစ်ကောင်က အေးစိမ့်စိမ့်လေတစ်ချက်အသွင် ပြောင်းလဲ၍ လင်းရှီမီးအိမ်ကို တိုက်ခတ်လာသည်။ ရုတ်တရက် မီးအိမ်မှာ ယိမ်းနွဲ့ကာ ငြိမ်းသက်တော့မည့်လက္ခဏာများ ပြသလာသည်။
မီးအိမ် ယိမ်းနွဲ့နေသည့်အတွက်ကြောင့် မီးအလင်းရောင်က ရွှံ့နံရံများနှင့် ဂူပတ်လည်ရှိ မြေပြင်ပေါ်သို့ ဖြာကျသွားရာ မရေမတွက်နိုင်သော အမှောင်သတ္တဝါများပေါ်လာသည်။ ယင်းသတ္တဝါများတွင် ရုပ်သွင်တိတိကျကျမရှိဘဲ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ဝိုးတဝါးအရိပ်အစုအဝေးကြီးအဖြစ်သာ မြင်ရသည်။
၎င်းတို့သည် အချိန်နှင့် အာကာသကြားတွင် တည်ရှိနေသည့်အလား ရှင်းလင်းပြတ်သားသော ရုပ်ရည်သွင်ပြင်မရှိကြပေ။
များသောအားဖြင့် ၎င်းတို့က တွေဝေငေးမောနေကြသည်။ ယနေ့တွင် ရွှီချင်း၏ အာရုံခံခြင်းအရှိန်အဝါက ၎င်းတို့နေထိုင်သည့် လောကထဲသို့ ကျရောက်သွားသည့်အတွက်ကြောင့် ၎င်းတို့ကို ချက်ချင်း ဆွဲဆောင်သွားသည်။
၎င်းတို့နေထိုင်သည့်လောကကြီးက အဆုံးအစမဲ့ ကျယ်ပြောဟန်တူသည်။ ရွှီချင်း၏ အာရုံခံခြင်းကဲ့သို့ အရှိန်အဝါက မကြာခဏ ပေါ်လာနေပါသော်ငြား ၎င်းတို့က တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာကြသည်။ သို့ဖြစ်၍ ထိုအရှိန်အဝါအနီးတဝိုက်ရှိ မကောင်းဆိုးဝါးများကိုသာ ဆွဲဆောင်သွား၏။
လင်းရှီမီးအိမ်မီးတောက်များက ၎င်းတို့ကို သိသိသာသာ ဖိနှိပ်နေပေရာ ၎င်းတို့မှာ ရှေ့သို့ ခုန်မအုပ်နိုင်အောင် ဖြစ်နေသည်။ သို့သော်ငြား ၎င်းတို့၏ လောဘက တိုးသည်ထက် တိုးလာသည်။
ထိုလောဘစိတ်သည် ရက်စက်ကြမ်းကြုတ်သော စိတ်များအဖြစ်သို့ ပြောင်းလဲသွားပေရာ ရွှီချင်းသည် မျက်လုံးမှိတ်ထားလျက်ပင် အာရုံခံမိလိုက်ပြီး စိတ်ထဲတုန်ရီသွား၏။
၎င်းတို့က မည်သည့်အရာများ ဖြစ်သည်ကို သူ မသိပေ။
အခြေတည်အဆင့်ကျောက်စိမ်းပေလွှာများထဲတွင် ၎င်းတို့အကြောင်းကို ဖော်ပြမထားပါသော်လည်း ထိုရက်စက်ကြမ်းကြုတ်သော သတ္တဝါများ၏ ဝင်ရောက်ကျူးကျော်ခြင်းခံလိုက်ရပါက သူ၏အခြေတည်အဆင့်တက်လှမ်းခြင်းမှာ ကျရံှုးသွားမည်ဖြစ်ကြောင်း သူ ကောင်းစွာ သိနေသည်။
ကံကောင်းထောက်မ၍ လင်းရှီမီးအိမ်က သာမန်သာဖြစ်ပုံရသော်လည်း အလွယ်တကူ ငြိမ်းသက်မသွားပေ။ ၎င်းက ယိမ်းခါနေသော်လည်း မီးရောင်က ရွှီချင်းကို လွှမ်းခြုံထားဆဲပင်။
ရွှီချင်းက အသက်ပြင်းပြင်းရှူလိုက်၏။ သူ အချိန်ဖြုန်း၍မရသည်ကို သိသည်။ ထိုအချိန်၌ သူက ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ်ကို လှည့်ပတ်လိုက်ပြီး ဓမ္မတံခါးများ၏ တည်နေရာကို ထပ်မံအာရုံခံလိုက်သည်။
တဝုန်းဝုန်းမြည်ဟည်းသံများနှင့်အတူ နောက်ထပ်ဓမ္မတံခါးခုနစ်ချပ်ကို တွေ့လိုက်ရပြီး ( ၁၀၃ ) တံခါးသို့ ရောက်သွားသည်။
ယူဆထားသည့်သတ်မှတ်ချက်ဖြစ်သော ဓမ္မတံခါး ( ၁၂၀ ) သို့ရောက်ရန် (၁၇ ) ခုသာ လိုတော့သည်။
“ နောက်တစ်ခေါက် ”
ရွှီချင်းက အံတင်းတင်းကြိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ပင်လယ် ထွက်ပေါ်လာပြီး လှိုင်းများအသွင်ဖြင့် ခန္ဓာကိုယ်တစ်လျှောက် အဆက်မပြတ် ရိုက်ခတ်သွားသည်။
တဖျစ်ဖျစ်မြည်သံများ လွင့်ပျံလာပြီး နောက်ထပ်ဓမ္မတံခါးလေးချပ် ပေါ်လာသည်။
( ၁၀၇ ) တံခါး …
တချိန်တည်းမှာပင် ဘေးပတ်လည်တွင် မကောင်းဆိုးဝါးအရိပ်များ များသည်ထက် များလာသည်။ ၎င်းတို့က ဝူးဝူးဝါးဝါး အော်ဟစ်ကာ ရွှီချင်းကို အလျင်အမြန် ဝိုင်းရံလိုက်ကြသည်။ ၎င်းတို့က လေအေးများကိုလည်း အဆက်မပြတ် မှုတ်ထုတ်လေရာ လင်းရှီမီးအိမ်မှ မီးတောက်များမှာ အရှိန်ပြင်းစွာ ယိမ်းခါလာပြီး အချိန်မရွေး ငြိမ်းသက်သွားတော့မည့်အလား ဖြစ်လာသည်။
ထိုသည်ကို ရွှီချင်း ဂရုမစိုက်ဘဲ မျက်လုံးများကို ဖွင့်၍ အခြေတည်အဆင့်ဆေးလုံးတစ်လုံးကို သောက်လိုက်သည်။ ရုတ်တရက် ညှိုးခြောက်သွားသော ဝိညာဉ်ပင်လယ်ထဲတွင် ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားအငွေ့အသက်များနှင့်အတူ ဝိညာဉ်စွမ်းအားများ ဝုန်းခနဲ ပေါက်ကွဲထွက်လာသည်။
သူက တွေဝေတွန့်ဆုတ်မနေဘဲ ဝိညာဉ်စွမ်းအားများကို ခန္ဓာကိုယ်တစ်လျှောက် ဖြန့်ကျက်လိုက်ရာ ရှည်ထွက်လာသည့်အလား ခံစားလိုက်ရသည်။ ထိုအချိန်၌ သူ့ခန္ဓာကိုယ်က အဆုံးအစမဲ့ ဆွဲဆန့်ခံနေရသည့်အလားပင်။
ဝိညာဉ်စွမ်းအားများ အတားအဆီးမဲ့စွာ တိုးဝင်လာခြင်းကြောင့် သူ့ခန္ဓာကိုယ်ထဲမှ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး သူ ရှာမတွေ့ခဲ့သည့် ဓမ္မတံခါးသုံးခု ချက်ချင်း ပေါ်လာသည်။
ဓမ္မတံခါး ( ၁၁၀ ) …
ရွှီချင်း၏အသက်ရှူသံများ မြန်ဆန်လာသည်။ သူက လက်မြှောက်၍ အခြေတည်အဆင့်ဆေးလုံးသေတ္တာကို ဆုပ်ယူလိုက်သည်။ ထို့နောက် အခြေတည်အဆင့်ဆေးလုံးသုံးလုံးကို တစ်ကြိမ်တည်းဖြင့် မျိုချလိုက်သည်။
သူ့တစ်ကိုယ်လုံး တဝုန်းဝုန်းမြည်ဟည်းသွားပြီး အခြေတည်အဆင့်ဆေးလုံးများက ပင်လယ်နဂါးရိုင်းသုံးကောင်အသွင် ပြောင်းလဲ၍ သူ့ကိုယ်ထဲ ဝင်ရောက်သွားသည်။ သူ့ခန္ဓာကိုယ်မှာ နောက်ထပ် တောင့်ခံနိုင်ဟန်မတူတော့ဘဲ အဆုံးစွန်ထိ ဖောင်းကားလာကာ အလွန့်အလွန် ဖုံးကွယ်နေသည့် ဓမ္မတံခါးများ တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
(၁၁၁)၊ (၁၁၃)၊ ( ၁၁၅) ….
( ၁၁၈ ) တိုင်အောင် ပွင့်သွားသည်။
ထိုအချိန်၌ ရွှီချင်းသည် အဆုံးစွန်အထိရောက်ရန် ဓမ္မတံခါးနှစ်ချပ်သာ လိုတော့သည်။ သူ၏အာရုံခံခြင်းက ဓမ္မတံခါးများစွာကို ရှာတွေ့သွားခဲ့ပြီး သူ ထုတ်လွှတ်နေသည့် အရှိန်အဝါက သိပ်သည်းထူထပ်လွန်းနေသည့်အတွက်ကြောင့် သူက လုံးလုံးလျားလျား စိတ်နှစ်ကာ တစ်ဆင့်ချင်း ရှာဖွေရန် ပြင်လိုက်စဉ် သူ့ကို စိတ်ဝင်စားနေသည့် မကောင်းဆိုးဝါးများမှာ ယခင်ကထက် အဆပေါင်းများစွာ များလာသည်။
တခြားလူများအဆင့်တက်စဉ်အခါက အလွန်ဆုံး ဓမ္မတံခါးကိုးဆယ်အထိသာ အာရုံခံနိုင်သည်။ ရွှီချင်းမှာမူ အဆုံးသတ်သို့ ရောက်လုဆဲဆဲဖြစ်နေပြီဖြစ်သည်။
ထိုကဲ့သို့ သိပ်သည်းသောအရှိန်အဝါသည် ညအမှောင်ထုထဲတွင် ထွန်းလင်းနေသော မီးရှူးတိုင်တစ်တိုင်အလား ဖြစ်ပြီး ဆွဲဆောင်အားကောင်းလွန်းသည်။
လင်းရှီမီးအိမ်၏ အရည်အသွေးသည် မကောင်းမွန်ဘဲ ယခုအချိန်တိုင်အောင် ခုခံနိုင်ခြင်းသည် ၎င်း၏အကန့်အသတ်သို့ ရောက်နေပြီဖြစ်သည်။ ထို့ပြင် ရွှီချင်းကဲ့သို့ ကျင့်ကြံသူတစ်ယောက်ကို ၎င်းက ယခင်က တစ်ခါမှ မကာကွယ်ပေးခဲ့ဖူးချေ။
မီးတောက်များက ရုတ်တရက် ယိမ်းခါလာပြီး နောက်ဆုံးတွင် အေးစက်စက်လေပြင်းတစ်ချက်အောက်တွင် ငြိမ်းသက်သွားလေ၏။