← Chapters

စီနီယာ ဖေဟောင်.......

Vol. 1 Ch. 5

စီနီယာ ဖေဟောင်.......

Vol. 1 Ch. 5

ရွှေနဂါးဘဏ်တိုက်မှ ထွက်လာပြီးနောက် ရထားလုံးပေါ်တွင် နှစ်ယောက်စလုံး ငြိမ်သက်နေခဲ့ကြ၏။ လီလော့သည် လက်ထဲ၌ အဝတ်အိတ်အနက်ရောင်လေးကို ဆုပ်ကိုင်ထားပြီး အတွေးထဲတွင် နစ်မြောနေ၏။

နောက်ဆုံးတွင် ရင်သပ်ရှုမောဖွယ်ကောင်းသော စံအိမ်ကြီးတစ်ခုရှေ့သို့ ရောက်လာခဲ့ကြပြီဖြစ်သည်။

ဤသည်မှာ လီလော့မိဘများတည်ဆောက်ခဲ့သော လော့လန်အိမ်တော်ပင်ဖြစ်၏။

မြင်းခြင်္သေ့လေးကောင်က တံခါးရှေ့မှာ သပ်ရပ်စွာရပ်လိုက်သည့်အခါ နှစ်ယောက်သား ရထားလုံးပေါ်မှ ဆင်းလာခဲ့သည်။

" ဒီနေရာက ပိုအေးစက်ပြီး အသက်မဲ့လာသလိုပဲ...."

ကျန်းချင်းအာတစ်ယောက် သက်ပြင်းတစ်ချရင်း အိမ်တော်အား ငေးကြည့်နေ၏။

လီလော့၏ မိဘများရှိစဉ်ခါက ဤနေရာသည် လော့လန်အိမ်တော်၏ ပင်မအိမ်တော်ဖြစ်ခဲ့သည့်အတွက် လူပေါင်းများစွာ  ဝင်ထွက်သွားလာခဲ့ဖူးပေသည်။ ယခင်နှင့် ယခုသည် ဤမျှလောက် ကွာခြားခဲ့လေပြီ....

" ပင်မအိမ်တော်ကို ရှမြို့တော်ဆီ ပြောင်းရွှေ့လိုက်ပြီလေ...ဒါက စံအိမ်ဟောင်းတစ်ခုပါပဲ...တိတ်ဆိတ်နေတာ သိပ်မဆန်းပါဘူး...."

နှစ်ဉီးသား စကားပြောနေစဉ်တွင် ၎င်းတို့အား ကြိုဆိုရန် အိမ်တော်ဝန်ထမ်းအချို့ ရောက်လာကြသည်။

လီလော့တို့ရှေ့တွင် အဖိုးအိုတစ်ဉီးနှင့် အမျိုးသမီးတစ်ဉီးတို့ ရပ်နေကြသည်။ အဖိုးအိုသည် နွေးထွေးသော အမူအရာရှိပြီး အမျိုးသမီး၏ မျက်နှာသည် မျက်နှာချေများ လိမ်းကျံထားပြီး ရင့်ကျက်သောအလှတရားတစ်မျိုးဖြင့် လှပနေ၏ ။ သူမ၏ ရင်နှစ်မွှာသည် မှည့်ဝင်းနေသော မက်မုံသီးများသဖွယ် မြင်သူအပေါင်းအား နူးညံ့သောခံစားချက်များပေးစွမ်းနေသည်။

" ဉီးလေး လျူ....."

လီလော့ ထိုအဖိုးအိုထံ ပြေးသွားခဲ့သည်။ ထိုအဖိုးအိုသည် သူ့မိဘနှစ်ပါးရှိစဉ်ခါကတည်းက ရှိနေခဲ့သော အဖိုးအိုဖြစ်ပြီး ယခုချိန်တွင် ဤစံအိမ်အား ထိန်းသိမ်းစောင့်ရှောက်နေဆဲပင်....

သို့သော် လီလော့၏ စိတ်ထဲတွင် ထိုအမျိုးသမီးနှင့် ပတ်သတ်၍ သံသယများ ရှိနေသည်။

"ဉီးလေးလျူ တွေ့တာကြာပြီနော်  ..."

ကျန်းချင်းအာသည် ထိုအမျိုးသမီးကို လီလော့နှင့် မိတ်မဆက်ပေးမှီ ဉီးလေးလျူအား ဉီးစွာနှုတ်ဆက်နေသည်။

" သူက ရှမြို့တော်မှာနေတဲ့ ငါ့ရဲ့ လက်ထောက် အစ်မချိုင်ဝေပါ....သူက လော့လန်အိမ်တော်ရဲ့ ကိစ္စတော်တော်များများကို ကူညီဖြေရှင်းပေးဖူးတယ်.... "

"မင်္ဂလာပါ သခင်လေး"

ရင့်ကျက်တဲ့ အလှမယ် ချိုင်ဝေက လီလော့ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်ပြီး နှုတ်ဆက်နေ၏။

လီလော့ကလဲ ခေါင်းတစ်ချက်ပြန်ညိတ်ပြလိုက်သည်။

" အစ်မချိုင်ဝေအတွက် အတော်ခက်ခဲခဲ့မှာပဲ...."

" အစ်မချိုင်ဝေက နမ်ဖန်းမြို့မှာ အချိန်အတိုင်းအတာတစ်ခုထိနေပြီး ထျန်ရှုစီရင်စုက လော့လန်အိမ်တော်ရဲ့ အရေးကိစ္စတွေကို ကြီးကြပ်ပေးလိမ့်မယ်...ပြီးတော့ နင့်နဲ့ပတ်သတ်သမျှကိစ္စတိုင်းကို ငါ့ဆီ သတင်းပို့ပေစလိမ့်မယ်..."

လီလော့ တုန်လှုပ်သွားသည်။ လော့လန်အိမ်တော် ၏ ဌာနချုပ်ကို  ရှမြို့တော် သို့ပြောင်းရွှေ့ပြီးကတည်းက ထျန်ရှုစီရင်စုတွင်ရှိသော လော့လန်အိမ်တော်သည် များစွာတိုးတက်မလာဘဲ ငြိမ်သက်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။ အခုတွင်မူ အစ်မကြီးချင်းသည်  အရည်အချင်းရှိသူတစ်ယောက်အား အခြေနေများကို ထိန်းချုပ်ရန် ပို့လိုက်သည်မှာ  အဘယ်ကြောင့်နည်း....

" တစ်ခုခုဖြစ်နေလို့လား...."

လီလော့ သက်ပြင်းတစ်ချက်ချကာ မေးလိုက်သည်။

ကျန်းချင်းအာတစ်ယောက် ဤသို့ ရုတ်တရက် ရောက်လာခြင်းသည် လီလော့၏ ဆယ့်ခုနှစ်နှစ်ပြည့် မွေးနေ့နှင့် အ​ပြည့်အဝသက်ဆိုင်နေမည် မဟုတ်ပေ။

ကျန်းချင်းအာသည် တစ်ခုခုအား နက်နဲစွာတွေးတောနေသည့်ဟန်ဖြင့် တခဏငြိမ်သက်နေ၏။ ထို့နောက် သူမ၏ မူရင်းပုံစံဖြစ်သည့် အေးစက်သော အမူအရာဖြင့် အိမ်တော်အတွင်းပိုင်းဆီ လျှောက်သွားသောအခါ လီလော့ သူမနောက်မှ လိုက်သွားခဲ့သည်။

" နင့်ကို နန်ဖန်းမှာ ထားခဲ့ပေမယ့် ပတ်ဝန်းကျင်မှာ ပြောနေကြတဲ့ အိမ်တော်အကြောင်း နင် ဘာမှ မသိဘူးထင်တယ်....နင် ထိခိုက်မှာစိုးလို့ ဒီအကြောင်းတွေ နင့်ကို မပြောခဲ့တာ...."

ကျောက်စရစ်ခင်းထားသော လမ်းလေးပေါ် ဖြတ်လျှောင်နေစဉ် ဘေးနားတွင် ရှိသော သစ်ပင်များကြားမှ ဖြာကျနေသော နေရောင်ခြည်သည် ကျန်းချင်းအာ၏ အေးစက်သော မူလအသွင်အပြင်ကို တစ်မျိုးတစ်ဖုံ နွေးထွေးနေစေသည်။

လီလော့ ခေါင်းညိတ်လိုက်သည်။ သူသည် လော့လန်အိမ်တော်၏ အရေးကိစ္စများတွင် ပါဝင်စွက်ဖက်ခြင်းမရှိသောလည်း မိဘများမရှိတော့ပါက လော့လန်အိမ်တော်သည် လေပြင်းများနှင့် ကြုံတွေ့မည်ကို ခန့်မှန်းထားပြီးဖြစ်သည်။

ရှမြို့တော်တွင် လော့လန်အိမ်တော် တည်ထောင်ခြင်းသည် အဓိကကျသော အရေးကိစ္စမဟုတ်ပေ....အဓိကကျသော အရာသည်ကား မြို့စားအဆင့်ကျင့်ကြံသူ

တစ်ဉီး မွေးထုတ်နိုင်ရန်သာဖြစ်သည်။

ရှပြည်ထောင်စုရှိ အဓိကအိမ်တော်ကြီး ငါးခုအနက် လော့လန်အိမ်တော်သည် နုနယ်သောသက်တမ်းဖြင့် ကျော်ကြားလာရခြင်းမှာ လီလော့၏ မိဘနှစ်ပါးစလုံးသည် မြို့စားအဆင့်ကျင့်ကြံသူများ ဖြစ်ကြသောကြောင့်ပင်...

လျှို့ဝှက်ဆန်းကြယ်သော ယန်းမြို့စား လီတိုင်ရွှမ်.......

မြူမှုန်မြို့စား တန်တိုင်လန်.....

ထိုကဲ့သို့သော မြို့စားနှစ်ယောက်ရှိခြင်းသည် လော့လန်အိမ်တော်အား အဓိကအိမ်တော်ငါးခုစာရင်းအတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။အခြားသော အိမ်တော်များသည် ရှည်လျားသော သမိုင်းကြောင်းရှိသော်လည်း

လော့လန်အိမ်တော်သည် အလှည့်အပြောင်းများကို ဖြစ်စေခဲ့၏။

ယုတ္တိတန်စွာ တွက်ချက်ကြည့်ပါက အခြေခံအုတ်မြတ်နည်းပါးသဖြင့် ပိုင်ဆိုင်မှုနည်းပါးသောကြောင့် အခြားအိမ်တော်များထက် အနည်းငယ် အားနည်းနေဆဲပင်....

လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့၏ စွမ်းအားသည် ထိုသို့သော ကွာဟချက်များကို ဖြည့်စည်းနိုင်သည်ထင်ပင် ပိုသောကြောင့် ကွာဟချက်များသည် အဓိကပြသာနာမဟုတ်တော့ပေ။

သို့သော်လည်း ၎င်းတို့နှစ်ဉီးစလုံး ပျောက်ဆုံးနေသည်မှာ အလွန်ပင် စိတ်မကောင်းဖြစ်ဖွယ်ကောင်းလှပေသည်။

အဓိက မဏ္ဍိုင်နှစ်ခုကို ဆုံးရှုံးလိုက်ရသည့်အတွက် လော့လန်အိမ်တော်၏ အင်အားသည်လျင်မြန်စွာ ကျဆင်းသွားခဲ့လေသည်။ သူတို့ ပျောက်ကွယ်သွားချိန်မှာတော့ သူတို့၏ ဂုဏ်သတင်းများသည် အချို့သောသူများ၏ မနှစ်မြို့စရာ ရည်ရွယ်ချက်တွေကို ဟန့်တားနေနိုင်ဆဲပင်....

သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ  လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့နှင့်ပတ်သက်သော သတင်းများ တဖြည်းဖြည်းပျောက်ကွယ်ကုန်ပြီး မြင့်မြတ်သောစစ်ပွဲတွင် ကွယ်လွန်သွားကြောင်း ကောလဟာလများထွက်ပေါ်လာခဲ့သည်။

အဓိကအိမ်တော်ငါးခုစာရင်းဝင် လော့လန်အိမ်တော် လက်အောက်တွက် စီးပွားရေးလုပ်ငန်းပေါင်းများစွာရှိပေ၏။ ထို့ကြောင့် လော့လန်အိမ်တော်သည် ရှပြည်ထောင်စုအတွင်းရှိ အာဏာပိုင်တို့အဖို့ အဆီဝင်းနေသော အသားတုံးကြီးသဖွယ်ဖြစ်နေပေသည်။ ထိုအသားတုံးကြီးအား အငမ်းမရဝါးမျိုနိုင်ရန် အခွင့်ကောင်းကို စောင့်ကြည့်နေကြသည်သာ....

ထို့ကြောင့် အချိန်ကြာလာသည်နှင့်အမျှ လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့၏ အမွေများသည်လည်း လျော့ပါးလာခဲ့လေပြီ...အချို့သော သစ္စာဖောက်များကြောင့် ဝံပုလွေအချို့သည် လော့လန်အိမ်တော်မှ ပစ္စည်းဉစ္စများကို ပါးစပ်အပြည့် သယ်ယူသွားနိုင်ခဲ့ကြသည်။

ကျန်းချင်းအာသည် ထိုကဲ့သို့သော အခြေနေများကို ထိန်းချုပ်နိုင်ရန် ကြယ်တာယာခရီးရှည်ကောလိပ်တွင် သင်ယူလေ့လာနေခြင်းကို ခတ္တရပ်နားခဲ့ရသည်။ထို့ကြောင့် ရှပြည်ထောင်စုအတွင်းတွင် သူမ၏ ဂုဏ်သတင်းများ ကျော်ဇော်လာခဲ့သည်။သို့သော်လည်း သူမသည် မြို့စားအဆင့်သို့ မရောက်​သောကြောင့် ဝံပုလွေအိုကြီးများကို ဟန့်တားနိူင်လောက်သည့် ခွန်အားမျိုးမရှိသေးပေ။ ဆိုးရွှားလှသောအခြေနေကို ကျော်ဖြတ်နိုင်ရန် အချို့သော လုပ်ငန်းများကို စွန့်လွှတ်ဖို့ သူမ ရွေးချယ်ခဲ့ရသည်။

စွန့်လွှတ်မှု အနည်းငယ်ကို ပြသပြီး ပြင်းထန်သောလေပြင်းများကြောင့် လော့လန်အိမ်တော်သည် အခြေမခိုင်နိုင်တော့ကြောင်း အများသိအောင် လုပ်ဆောင်ခဲ့ရသည်။

လုံလောက်သော ခွန်အား မရှိဘဲ ရွှေတောင်ကြီးကို ကာကွယ်ရန်ကြိုးစားခြင်းသည် ရူးနှမ်းသောလုပ်ရပ်ဖြစ်ကြောင်း လီလော့ ရှင်းလင်းစွာသိနားလည်ပါသည်။ စိတ်ရှည်သည်းခံခြင်းသည် ဆင်ခြင်တုံတရားရှိသော ရေရည်ဗျူဟာတစ်ခုပင် မဟုတ်ပေလော....

" နှစ်အနည်းငယ်အတွင်းမှာ လော့လန်အိမ်တော်ရဲ့ ကျဆင်းမှုတွေကို ငါ ကြားပါတယ်...အခုရော အခြေနေတွေ တည်ငြိမ်သွားပြီလား...."

" ပြင်ပဖိအားတွေကို လျှော့ချနိုင်ပေမယ့် အဓိကပြသာနာက ပင်မအိမ်တော်မှာ ရှိနေတာ....."

လီလော့တစ်ယောက် တခဏမျှ ကြောင်အ သွားပြီးနောက် ခပ်လေးလေး မေးခွန်းထုတ်လိုက်သည်။

" စီနီယာဖေဟောင်ကြောင့်များလား...."

ချိုင်ဝေက လီလော့ကို အလွန်အံ့သြနေသော အမူအရာဖြင့် ကြည့်လိုက်သည်။

" အစ်မကြီးချင်းက လော့လန်အိမ်တော်ကို အုပ်ချုပ်တာ သိပ်မကြာသေးပေမယ့် အိမ်တော်အတွင်းမှာ သူ့အစွမ်းပကားက ပေါ့သေးသေးမှမဟုတ်တာ...အဲ့တော့ လော့လန်အိမ်တော်ထဲမှာ သူ့ကိုယှဉ်နိုင်တာဆိုလို့ ကျွန်တော့်မိဘနှစ်ပါးက လွဲရင် စီနီယာတွေပဲကျန်တော့တာလေ...."

လီလော့က အပြုံးတစ်ခုနဲ့ ရှင်းပြလိုက်သည်။

ဖေဟောင်သည် ငယ်စဉ်အခါက အိမ်ခြေယာမဲ့တစ်ယောက်ဖြစ်၏။ လီလော့၏ မိဘနှစ်ပါးသာ မကယ်တင်ခဲ့ပါက ငယ်စဉ်ကတည်းကပင် ရန်သူလက်ထဲ၌ အသတ်ခံရပြီးနေလောက်ပြီ....သနားစရာကောင်းဝေါ ဖေဟောက်ကို လီလော့၏ မိဘနှစ်ပါးက ကယ်တင်လာပြီး သူ့ရဲ့ပါရမီရှိပုံကို သိရှိသွားပြီး တပည့်အဖြစ်လက်ခံခဲ့သည်။

ဤနောက်ခံဖြင့် အိမ်တော်တွင်းတွင် ဖေဟောင်၏ အနေအထားသည် ကောင်းကင်သို့ ပျံတက်သွားပြီး လီလော့၏ မိဘများ ပျောက်ဆုံးသွားသောအခါတွင် သူသည် စွမ်းအား အနည်းငယ် စုဆောင်းမိနေပြီ ဖြစ်သည်။

မိဘများရှိစဉ်အခါက ဖေဟောင်သည် လီလော့နှင့် အတော်အတန် ခင်မင်ခဲ့သော်လည်း လီလော့တွင် ဗလာပဲ့တင်ထပ်သံနန်းတော် ရှိနေမှန်း သိလိုက်သည့်အခါ ခင်မင်မှုများသည် တဖြည်းဖြည်း အေးစက်လာခဲ့သည်။

စီနီယာဖေဟောင်သည် စစ်မှန်သူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားပေသည်။

" ဖေဟောင်က ငါရဲ့ လော့လန်အိမ်တော်ပေါ်ထိန်းချုပ်မှုတွေကို အမြဲငြင်းတယ်...အိမ်တော်နဲ့ ပတ်သတ်တဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့နေရာမှာလဲ ထင်ရာမြင်ရာတွေ လျှောက်လုပ်တယ်....အိမ်တော်အတွင်းမှာ သူ့ရဲ့ အာဏာသက်ရောက်မှုက ပေါ့သေးသေးမဟုတ်တော့ဘူး...အတွင်းပိုင်း အတိုင်ပင်ခံအဖွဲ့ဝင် ကိုးယောက်မှာ တစ်ဝက်လောက်က သူ့ဘက်တော်သားတွေ ဖြစ်ကုန်ပြီ...."

" ပွင့်ပွင့်လင်းလင်းပြောရင် သူသာ လော့လန်အိမ်တော်ကို ကိုယ်စားပြုမယ်ဆို အရာရာကို ထိန်းထိန်းသိမ်းသိမ်းလုပ်သင့်တယ်...ဆရာသခင်တို့ကသာ အမိန့်မပေးခဲ့ရင် ငါလဲ ထိန်းချုပ်မှုတွေ ဘယ်လုပ်ချင်ပါ့မလဲ...."

လီလော့ ခေါင်းညိတ် သဘောတူလိုက်သည်။ ကျန်းချင်းအာ၏ ပင်ကိုယ်စရိုက်ကြောင့် သူမသည် ဤတာဝန်မျိုးကို လုံးဝမနှစ်သက်ပေ။ ကျင့်ကြံမှုအပေါ် အာရုံစိုက်ခြင်းဖြင့်သာ သူမ၏ အရည်အချင်းရှိမှုများကို ပြသလိုဝူတစ်ယောက်ဖြစ်သည်။

သို့သော်လည်း သခင်ငယ်လေး၏ ခွန်အားနည်းပါးမှုကြောင့် တာဝန်ဝတ္တရားများသည် သူမ ပခုံးပေါ်ရောက်လာခဲ့သည်။ဤသည်မှာလည်း လီလော့တွင် ဗလာပဲ့တင်ထပ်သံ ရှိခြင်းကြောင့်မှန်း နှစ်ဉီးစလုံး နားလည်ထားကြသည်။

" ငါ့ကြောင့် နင် အများကြီး ခက်ခဲခဲ့ရပြီ...."

လီလော့က စိတ်ရင်းမှန်ဖြင့် ပြောလိုက်သည်။

ကျန်းချင်းအာက ခေါင်းခါပြလိုက်ပြီး မှင်သေသေဖြင့်် ပြန်ပြောလိုက်သည်။

" မလိုပါဘူးဟာ...နင်နဲ့ငါက စေ့စပ်ပြီးသာဆိုတော့ ငါကလဲ အိမ်တော်နဲ့ တစိတ်တပိုင်းသက်ဆိုင်နေတာပဲကို...ဘာလဲ နင် မေ့နေတာလား ပြန်မှတ်မိသွားအောင် ရိုက်နှက်ပေးဖို့လိုတယ်ဆိုလဲ ငါ့ကိုပွင့်ပွင့်လင်းလင်းပြော....."

လီလော့ ဆွံ့အနေသည်ကို မြင်တော့ ချိုင်ဝေက ပါးစပ်အုပ်ပြီး ရယ်မောနေ၏။

" ဆရာသခင်တို့နှစ်ယောက် ပျောက်သွားပြီးကတည်းက အကုန်လုံး ရင်တမမဖြစ်နေကြတာ...ငါလဲ အကုန် စိတ်အေးရအောင်

တတ်နိုင်သလောက် ကြိုးစားခဲ့ပါတယ်...ဒါပေမယ့် အိမ်တော်ရဲ့ အခြေနေက လွယ်လွယ်ဖြေရှင်းလို့ရမယ့် အနေအထားမဟုတ်ဘူး...အခုချိန်မှာ ဖေဟောင်က ငါ့ကိုဖိနှိပ်ထားဖို့ ကြိုးစားနေတယ်...အကုန်လုံးကိုလဲ စည်းရုံးနေတယ်...ငါ တိတ်တဆိတ်စုံစမ်းထားသလောက်ဆို သူ့ကိုထောက်ခံတဲ့သူတွေ မနည်းဘူး....."

လီလော့သည် ကြွေကျလာသော သစ်ရွက်လေးကို လှမ်းဖမ်းလိုက်ပြီး.......

" ငါတို့က ဝံပုလွေတစ်ကောင်ကို အိမ်ထဲခေါ်မွေးထားမိတာပဲ....."

" မနက်ဖြန်ကျရင် ဆွေးနွေးမှုတစ်ခုလုပ်ဖို့ ဖေဟောင်က နန်ဖန်းကို လူတစ်ချို့ ခေါ်လာလိမ့်မယ်....အကယ်၍ ငါတို့ဘက်က သဘောမတူရင် အဆိုးဆုံးကတော့ လော့လန်အိမ်တော်ပျက်စီးပြီး ငါတို့တွေ ကျဉ်းထဲကျပ်ထဲရောက်ကုန်လိမ့်မယ်...."

ကျန်းချင်းအာ၏ ရွှေရောင်မျက်ဝန်းများသည် ယခုချိန်တွင် ရေခဲတမျှအေးစက်နေပြီး သေချာကြည့်ပါက မျက်ဝန်းထဲတွက် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေသည်ကို မြင်ရပေမည်။

လီ​လော့က အံ့အားသင့်စွာဖြင့် မျက်ခုံးပင့်လိုက်သည်။ လော့လန်အိမ်တော်သည် ရှပြည်ထောင်စုထဲတွင် ဝံပုလွေများဖြင့် ဝန်းရံခံနေရ ဘေးမှ ကျားချောင်း ချောင်းနေသူများလဲရှိနေသေးသည်။အကယ်၍ အိမ်တော်ပြိုလဲသွားပါ ပြင်းထန်စွာ အားပျော့သွားမည်ဖြစ်ပြီး မလွှဲမရှောင်သာသော ပြဿနာများ ဖြစ်ပေါ်လာဉီးမည်သာပင်....

လီလော့သည် သက်ပြင်းချရုံမှလွဲ၍ မတတ်နိုင်ခဲ့ပေ။ သူသည် အားနည်းလွန်းသဖြင့်ဘဤအခြေနေအား မလွှမ်းမိုးနိုင်ပေ။ အိမ်တော်အရှင် ဟူသည့် ဂုဏ်ပုဒ်မှာ ဗလာဂုဏ်ပုဒ်တစ်ခုသာဖြစ်ပြီး သူ့အား လုံးဝဂရုမစိုက်ဘဲ မေ့တောင်မေ့နေကြလေပြီ......

အရာအားလုံးသည် စွမ်းအားမဲ့ခြင်းမှ အရင်းခံဖြစ်ပေါ်လာကြသည်သာ......

" ငါ ဘာအကူအညီမှ မပေးနိူင်တဲ့အတွက် တောင်းပန်ပါတယ်...."

လီလော့၏ တောင်းပန်းစကားကို ကျန်းချင်းအာ ခေါင်းခါပြလိုက်သည်။

"စိတ်ချထားစမ်းပါ.... အိမ်တော်က ရုန်းရင်းဆန်ခတ်ဖြစ်နေရင်တောင် သေချာပြန်တည်ဆောက်ပြီးမှ နင့်လက်ထဲ ပြန်အပ်မှာပါ..."

လီလော့ ဘာမှ ပြန်မ​ပြောသလို စိတ်လဲ မဝင်စားခဲ့ပေ။ ဤအနီးအနတစ်ဝိုက်တွင် လော့လန်အိမ်တော်သည် အင်အားအကြီးဆုံးဖြစ်သည်။ ဤသည်မှာ ပြင်ပခွန်အားများသာဖြစ်ပြီး ဤကမ္ဘာကြီးတွင် ကိုယ်ပိုင်စွမ်းအားသည်သာ အကြွင်းမဲ့ယုံကြည်ရာဖြစ်ပေသည်။

အကယ်၍ အချို့သောအခြေနေများကြောင့် လီလော့သာ မြို့စား၊သို့မဟုတ် ဘုရင်အဆင့်သို့ရောက်နေပါက ဤပြသာနာများသည် လေနှင်ရာလွင့်ပါးရသော မီးခိုးငွေ့များသဖွယ် ဖြစ်နေပေလိမ့်မည်။

ထို့နောက် နှစ်ယောက်သား အိမ်ဟောင်းထဲသို့ ဝင်ကာ ညစာစားကြသည်။ ထို့နောက် ကျန်းချင်းအာသည် မနက်ဖြန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေ၏။

လီလော့သည် သူမအား နှောက်ယှက်မနေတော့ဘဲ အနားမယူခင်အထိ ပဲ့တင်ထပ်သံပညာရပ်များကို နှစ်နာရီကြာမျှ လေ့ကျင့်နေခဲ့သည်။

အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း လီလော့ အိပ်မပျော်နိုင်ခဲ့ပေ။ ထို့ကြောင့် သန်းခေါင်ယံအချိန်သို့ရောက်သောအခါ သလင်းလုံးထည့်ထားသော အိတ်နက်ကလေးကို ထုတ်လိုက်လေသည်။

သူသည် လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် သလင်းလုံးကို ဆွဲထုတ်ကာ သူ့လက်ကြားတွင် ဂရုတစိုက် ဆုပ်ကိုင်ထားသည်။ လီလော့သည် စိတ်လှုပ်ရှားလွန်းနေသဖြင့် သူ့ရင်ဘတ်ထဲမှ ပေါက်ကွဲလုမတတ် ရင်ခုန်သံကို ခံစားလိုက်ရသည်။

" အဖေနဲ့အမေ ကျွန်တော့်အတွက် ဘယ်လိုအရာမျိုးကို ချန်ထားပေးခဲ့တာလဲ...."

" လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက မေံနေ့ကိတ်ကို ကြိုလုပ်ပြီး ချန်ထားပေးခဲ့တာတော့ မဖြစ်နိုင်လောက်ပါဘူးနော်....."

လီလော့တစ်ယောက် ရင်ဘတ်ကို ခပ်ဖွဖွထုပြီး တံတွေးမျိုချနေမိတော့သည်။

All Chapters