ပြတ်သားခြင်း.....
Vol. 1 Ch. 7
တစ်ခန်းလုံးတိတ်ဆိတ်နေသည်မှာ အပ်ကျသံပင်ကြားရလောက်သည်။
အနက်ရောင် သလင်းလုံးသည် လီလော့၏ မတည်မငြိမ်ဖြစ်နေသော မျက်နှာကို ရောင်ပြန်ဟပ်ကာ မှိန်ဖျော့သော အရောင်များကို ထုတ်လွှတ်နေသည်။ဤသည်မှာ ထူးဆန်းသော မြင်ကွင်းဖြစ်ပေ၏။
သူသည် ရွေးချယ်မှုများနှင့်ပတ်သက်၍ ရှုပ်ထွေးနေသည်။
မိဘနှစ်ပါး၏ ကြိုးစားအားထုတ်မှုကြောင့် ဗလာဖြစ်နေသော ပဲ့တင်ထပ်သံနန်းတော် အတွက် အာရုဏ်အလင်းဆောင်ကြဉ်းနိုင်ခဲ့ပြီဖြစ်သော်လည်း ပေးဆပ်ရမည့်တန်ဖိုးသည် လွန်စွာကြီးလေးလှပေသည်။
လီလော့တွင် အသက်ရှင်ရန် သက်တမ်းငါးနှစ်သာကျန်ပေတော့သည်။
အကယ်၍ ငါးနှစ်အတွင်း မြို့စားအဆင့်သို့ မရောက်နိုင်ခဲ့ပါက ပိုးတုံးလုံးအဖြစ်မှ လိပ်ပြာအဖြစ်သို့ အသွင်မပြောင်းနိုင်ဘဲ ကြေကွဲဖွယ်အဆုံးသတ်ရပေလိမ့်မည်။
ငါးနှစ်အတွင်း မြို့စားဆင့်သို့ ရောက်ရမည်။
ယခုအချိန်တွင် သူ့အသက် ဆယ့်ခုနှစ်နှစ်ပြည့်ပြီဖြစ်သောကြောင့် နောက်ငါးနှစ်တွင် အသက် နှစ်ဆယ့်နှစ်နှစ်သာ ရှိပေဉီးမည်။
နက်ရှိုင်းလှသော အသိပညာများအရ ရှပြည်ထောင်စုတွင် ဤမျှ ငယ်ရွယ်သော မြို့စားရှိသည်ဟူ၍ မကြားဖူးသေးပေ။
ဤမျှသော အထွပ်အထိပ်အခြေကို တည်ဆောက်နိုင်ရန် မည်သို့သော ကြိုးစားအားထုတ်မှု ၊မည်သို့သော အခွင့်အလမ်းများလိုအပ်မည်ကို လီလော့မသိပေ။ သို့သော် လေးလံလှသောဖိအားများသည် သူ့အား အသက်ရှူကြပ်စေခဲ့သည်။
လက်ရှိတွင် သူ့ဘဝသည် လွန်စွာသာယာနေသည်။သူ့ထံတွင် မိဘနှစ်ပါးချန်ရစ်ပေးခဲ့သော လော့လန်အိမ်တော်နှင့် စီးပွားရေးလုပ်ငန်းများရှိသေးသည်။ အကယ်၍ထိုအရာများကို ဆုံးရှုံးလိုက်ရသည့်တိုင် သခင်ငယ်လေးဘဝနှင့် သက်တောင့်သက်သာနေထိုင်နေဉီးမည်သာ....
ပဲ့တက်ထပ်သံရယူခြင်းလမ်းကြောင်းကို လျှောက်လှမ်းမည်ဆိုပါက စက္ကန့်မလပ် အစွန်းဆုံးအထိ ကြိုးစားရုန်းကန်ရပေမည်။ဖြစ်နိုင်ချေရှိသည်များကို အလုံးစုံ ညှစ်ထုတ်ကာ မိုးကောင်းကင်အား တွန်းလှန်နိုင်သည်အထိ ကြိုးစားရုန်းကန်ရမည်။
အလုံးစုံ ကွဲပြားခြားနားသော လမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းကို ရွေးချယ်သင့်သနည်း.......
လီလော့သည် မျက်လုံးများကို မှိတ်ထားသော်လည်း နှလုံးသားထဲတွင် ကမောက်ကမ ဖြစ်နေသည်။
သူ့စိတ်ထဲတွက် မြင်ကွင်းများစွာ တဖျတ်ဖျတ်ပေါ်ထွက်လာ၏။ ကျောင်းနေဘက်များထံမှ ထူးဆန်းသောအကြည့်များဖြင့်ဘအကြည့်ခံခဲ့ရသည်။ ကျားကမွေးသော ခွေးဟူ၍လည်း အခေါ်ခံရဖူးသည်။ ထူးချွန်လှသော မိဘနှစ်ပါးသည် အသုံးမကျသော သားအား မည်သို့ မွေးဖွားခဲ့သနည်း။
ဖြူစင်လှပသော ရွှေရောင်မျက်ဝန်းပိုင်ရှင်လေးအကြောင်းလဲ တွေးနေမိသည်။ ကျန်းချင်းအာကို မြတ်မြတ်နိုးနိုးချစ်မိနေသည်အား သူ မငြင်းနိူင်ခဲ့ပေ။သို့သော်လည်း ကျန်းချင်းအာ၏ ထူးခြားချက်မှာ ဆွဲဆောင်မှုရှိခြင်းဖြစ်ပြီး သူမတွင်ပရိသတ်များစွာရှိသည်။ ထိုကဲ့သို့ ကြော့ရှင်းပြီး ပြိုင်ဘက်ကင်းသော အမျိုးသမီးတစ်ဦးသည် သူရဲကောင်းဆန်ပြီး ထူးကဲသော စိတ်ထားရှိသူနှင့်သာ လိုက်ဖက်ပေသည်။ဤသည်မှာ လူ့သဘာဝမျှသာဖြစ်ပြီး ၎င်းနှင့်ပတ်သက်ပြီး ရှက်နေစရာမလိုပေ။
ငယ်စဉ်ကလေးဘဝတည်းကပင် နယ်ပယ်မျိုးစုံတွင် နှစ်ဉီးသား ယှဉ်ပြိုင်ခဲ့ဖူးသည်။သို့သော် လီလော့အတွက် အနိုင်ထက် အရှုံးကသာပိုများခဲ့သည်။ကြီးပြင်းလာသောအခါ ထိုသို့သော တုံ့ပြန်မှုများသည်လည်း တဖြည်းဖြည်းလျော့ပါးလာခဲ့လေသည်။
ပဲ့တင်ထပ်သံနန်းတော်များ ဖြစ်တည်လာချိန်မှစ၍ နှစ်ဉီးသားကြားတွင် တဖြည်းဖြည်း ကွာဝေးလာသည်မှာ မကူးဖြတ်နိုင်သော ချောက်ကမ်းပါးကြီး ပိုင်းခြားထားသည့်ပမာနှယ်....
ကျန်းချင်းအာသည် ထိုအချိန်မှစ၍ နှစ်ဉီးသားကြားရှိ ချစ်ကြည်ရေးပြိုင်ပွဲများကို စတင်လျှော့ချခဲ့သည်။
နှစ်ပေါင်းကြာလာသည့်အခါ အရာရာတိုင်းသည် အဆင်ပြေချောမွေ့လာသလို ဖြစ်နေသာ်လည်း ယှဉ်ပြိုင်လိုစိတ်များသည် လျော့ပါးမသွားဘဲ ပို၍ နက်ရှိုင်းလာသည်ကို လီလော့ကိုယ်တိုင်သာ သိပေသည်။
ကျန်းချင်းအာကို စိန်ခေါ်ချင်ရခြင်းမှာ သူလုပ်ချင်သည့်အရာများကို လွတ်လပ်စွာလုပ်ဆောင်လိုခြင်းတစ်ခုတည်းကြောင့် မဟုတ်ပေ။
သာမန်အခြေနေမှာတောင် ကျင့်ကြံခြင်း၌ သူ့အားများစွာ နောက်ကောက်ချန်နိုင်ခဲ့သော ကျန်းချင်းအာကို အသုံးမကျသောအခြေနေဖြင့် ယှဉ်ပြိုင်ရန်မှာ မိုးကောင်းကင်ကို ပုန်ကန်နေသလို ဖြစ်နေလိမ့်မည်.......
သို့သော် သူ့ထံတွင် မျှော်လင့်ချက်အနည်းငယ်ရှိနေပြီဖြစ်သည်။
ဤမျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ရမည်လော......
" လုံးဝမဖြစ်နိုင်ဘူး " ဟူသည် လီလော့၏ စစ်မှန်သော အဖြေသာပင်.....
မျက်လုံးများ ပွင့်လာပြီး စူးရှသော အရိပ်အယောင်ကို သူ့အကြည့်ထဲတွင် မြင်နေရသည်။
လီလော့သည် စကားမပြောမှီ မိဘနှစ်ပါး၏ အသွင်အပြင်ကို သေချာကြည့်နေလိုက်သေးသည်။
" အဖေနဲ့အမေ.....သားမှာလည်း ကိုယ်ပိုင် အတ္တရှိပါတယ်...သား ကိုယ်တိုင်တောင် သေချာနားမလည်နိုင်တဲ့ ဒီခြေနေအကြောင်းကို ကြားတဲ့လူတိုင်းက ပျက်ရယ်ပြုခဲ့ကြတယ်....သား ကျန်းချင်းအာကို အမိဖမ်းချင်ခဲ့တာမဟုတ်ဘူး...သား သူ့ထက် သာချင်တာ...အဖေနဲ့ အမေတို့ ထက်လည်း သာချင်တယ်....."
လီလော့သည် အံတင်းတင်းကြိတ်ကာ ဆက်ပြောနေသည်။
"တနေ့ကျရင် သားကို လီတိုင်ရွှမ်နဲ့တန်တိုင်လန်တို့ရဲ့ သားအဖြစ် အသိအမှတ်မပြုဖို့ အမြဲတမ်း အိမ်မက်မက်ခဲ့တယ်....အဲ့အစား အဖေနဲ့အမေကို လီလော့ရဲ့ မိဘတွေအဖြစ်သာ မြင်စေချင်ခဲ့တာပါ... အဖေတို့ သားအတွက် ချန်ပေးထားတဲ့ ဆယ့်ခုနှစ်နှစ်ပြည့် မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်..... စိတ်ချပါ...အဖေတို့ကို စိတ်မပျက်စေရပါဘူး...ငါးနှစ်အတွင်း မြို့စားအဆင့် ရောက်အောင် ကြိုးစားရုံပဲလေ...ကြီးကြီးမားမားမှမဟုတ်တာ....လီလော့ဆိုတဲ့ ကျွန်တော် ဒီစိန်ခေါ်မှုကို လက်ခံတယ်...."
ဆုံးဖြတ်ချက်များကို အတိအလင်းကြေငြာပြီးသည့်နောက် လီလော့၏ မျက်ဝန်းများသည် ကြည်လင်တောက်ပလာ၏။ ထို့နောက် လက်ထဲတွင်ရှိသော သလင်းလုံးလေးအား အသာအယာ ဖိချေလိုက်လေတော့သည်။
အနက်ရောင်သလင်းလုံးသည် တောက်ပစွာတုံ့ပြန်ခဲ့ပြီး သူ၏လက်ဖဝါးများမှတဆင့် စူးရှသောနာကျင်မှုကို ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော အပ်များ သူ့အထဲသို့ ထိုးထွင်းဝင်ရောက်သွားသလိုပင်.....
အနက်ရောင်သလင်းလုံးလေး ကွဲအက်သွားသောအခါ အထဲတွင် အလွှာပိုင်းခြားထားသော အရာနှစ်ခုရှိနေသည်။
တစ်ခုမှာ အနက်ရောင် ကျောက်စိမ်းပြားလေးတစ်ခုဖြစ်ပြီး ၎င်းသည် " ပဲ့တင်ထပ်သံရယူပုံသွင်းခြင်း ပညာရပ် " ဖြစ်ပေလိမ့်မည်။
နောက်တစ်ခုသည် ပို၍ပင်ဆန်းကြယ်လှသည်။ ထိုအရာ အပြာရောင်ဖျော့ဖျော့သမ်းနေသော အရည်များပင်ဖြစ်၏။
လီလော့၏ အကြည့်များသည် အပြာရောင်အရည်များပေါ်တွင်သာ ကပ်ညှိနေသည်။
သူ့မိဘများ၏ သွေး၊ချွေး၊မျက်ရည်များ ရင်းနှီးထားရသော ထိုအရာသည် သူ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည်မှန်း သေချာစွာသိနေသည်။
ထို့အပြင် ထူးဆန်းသော ထိုအရာသည် မိမိနှင့်လိုက်ဖက်မည်ဖြစ်ကြောင်း အသွေးအသားထဲကပင် သိနေ၏။
ဤအရာသည် သူ့အတွက် အမြဲတမ်း သက်ဆိုင်နေခဲ့သော အရာတစ်ခုလိုပင်။
ဤအရာသည် သူ၏သွေးအနှစ်သာရနှင့် ဝိဉာဉ်တို့ကို ပေါင်းစပ်ဖန်တီးထားသည်ဟု ပြောခြင်းမှာ လိမ်ညာနေခြင်းမဟုတ်ပေ။ ပဲ့တင်ထပ်သံနှင့် လူသားကြားတွင် လိုက်ဖက်ညီမှုရှိ မရှိ လိုလို သိနေ၏။
" ဟူးးးး..."
လီလော့သည် လျှို့ဝှက်ဆန်းကြယ်သော ထိုအရာကို စွဲလန်းတက်မက်စွာစိုက်ကြည့်နေရင်းကနေ သက်ပြင်းချလိုက်မိလေသည်။
လီလော့ ခေါင်းပြန်မော့လာချိန်တွင် အတော်ပင် တည်ငြိမ်နေပြီ ဖြစ်သော်လည်း မျက်နှညပေါ်တွင် ရှုပ်ထွေးသော အရိပ်အယောင်များ ကျန်ရစ်နေသေးသည်။
" ကြည့်ရတာ သား ဆုံးဖြတ်ချက်ချပြီးပြီထင်တယ်...."
" အဖေတစ်ယောက်အနေနဲ့ဆို သားရဲ့ဆုံးဖြတ်ချက်ကြောင့် စိတ်မကောင်းဖြစ်မိပေမယ့် ယောက်ကျားသားတစ်ယောက်အမြင်နဲ့ကြည့်ရင် သားရဲ့ဆုံးဖြတ်ချက်ကြောင့် ဂုဏ်ယူမိတယ်....အခုဆို သားရဲ့ အနာဂတ် ကျင့်ကြံရေးလမ်းကြောင်းမှာ အန္တာရယ်တွေပြည့်နှက်နေပြီ...လီတိုင်ရွှမ်ရဲ့သားကို ဘယ်အရာကများ ဟန့်တားနိုင်မှာလဲ...."
သူ့အမေ၏ မျက်ဝန်းများမှာလည်း စိုစွတ်နေ၏။ ဤပုံရိပ်များကို ချန်ထားခဲ့ချိန်တွင် ဤရလဒ်ကို ခန့်မှန်းပြီးသားဖြစ်ပုံရသည်။ ဒီခံစားချက်က သူမအတွက် သည်းမခံနိုင်စရာဖြစ်ကောင်းဖြစ်နိုင်သည်။ မိခင်တစ်ယောက်အနေဖြင့် သူ့ကလေးသည် နောက်ထပ်ငါးနှစ်သာ အသက်ရှင်တော့မည်ကို လက်ခံရန် ခက်နေပေလိမ့်မည်။
သျို့သောျ ဤသည်မှာ သားဖြစ်သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်သောကြောင့် အနှောက်အယှက်မပေးခဲ့ဘဲ သားဖြစ်သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်အား အကောင်အထည် ဖော်နိုင်ရန် အတတ်နိုင်ဆုံး ကူညီခဲ့သည်။
" သားလေး ရွေးချယ်ပြီးပြီဆို သားအတွက် ချန်ထားပေးခဲ့တဲ့ ပဲ့တင်ထပ်သံ အမျိုးအစားကို ပြောပြပေးမယ်...."
" အသင့်တော်ဆုံး ပဲ့တင်ထပ်သံမျိုးကို ဖန်တီးဖို့ အမေတို့ လင်မယားနှစ်ယောက် မရေမတွက်နိူင်တဲ့ ပဲ့တင်ထပ်သံတွေကို လေ့လာခဲ့တယ်.....ဒါက အလင်းပဲ့တင်ထပ်သံဖြည့်စွက်ထားတဲ့ အဆင့်လေး ရေပဲ့တင်ထပ်သံပဲ...."
လီလော့တစ်ယောက် ရုတ်တရက် အံ့အားသင့်နေရာကနေ ခါးသက်စွာရယ်မောလိုက်မိသည်။
" နေပါဉီး...ဘာလို့ ရေပဲ့တင်ထပ်သံဖြစ်ရတာလဲ...."
ဒြပ်စင်အမျိုးအစား ပဲ့တင်ထပ်သံများသည် ယေဘူယျအားဖြင့် တူညီသည်ဟုထင်ရသော်လည်း အသုံးပြုချိန်တွင် အနည်းနဲ့အများ ကွာခြားမှုရှိသည်။ မီး၊ မိုးကြိုး၊ သတ္တုသည်တို့သည် ထိုးဖောက်မှုအားကောင်းသည့်အတွက် ထိပ်တန်းအဆင့်တွင်ရှိသော်လည်း ရေအမျိုးအစားပဲ့တင်ထပ်သံသည် လိုက်လျောညီထွေရှိသော ဒြပ်စင်အမျိုးအစား ဖြစ်သည့်အတွက်
ခုခံရေးအတွက်သာ အသုံးဝင်သည်။
ပျော့ပြောင်းပြီး အားနည်းသော ပဲ့တင်ထပ်သံကို ပိုင်ဆိုင်ရမည်ဟု အိမ်မက်ပင် မမက်ဖူးခဲ့ပေ။
" ဟားး ဟားးး သားက ရေပဲ့တင်ထပ်သံကို ပျော့ပြောင်းပြီး အားနည်းတဲ့အတွက် သားလိုချင်တဲ့ ခွန်အားမျိုး မပေးနိုင်မှာ စိုးရိမ်နေတယ်မဟုတ်လား....ရေပဲ့တင်ထပ်သံရဲ့ စွမ်းအားကို လျှော့မတွက်နဲ့....သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းက အစပိုင်းမှာ အားနည်းပေမယ့် သူရဲ့အဆက်မပြတ်တိုက်ခိုက်နိုင်စွမ်းက အခြားဒြပ်စင်တွေထပ် ပိုသာတယ်...."
" ဒါ့အပြင် သားရဲ့ ရေပဲ့တင်ထပ်သံက ပုံမှန်အမျိုးအစားမဟုတ်ဘူး...သူ့မှာ ထောက်ပံ့ပေးနိုင်တဲ့ အလင်းပဲ့တင်ထပ်သံစွမ်းအားတွေပါတယ်....ဒီနှစ်ခုကို ပေါင်းစပ်ထားတဲ့ စွမ်းအားကို အပြည့်အဝသုံးနိုင်တဲ့အခါ သားစိတ်ကူးထားတာတွေထက် သာလွန်နေမှန်း သိလာလိမ့်မယ်....."
" သားကို ရေအလင်းပဲ့တင်ထပ်သံကို အရေးကြီးတဲ့ အကြောင်းပြချက်နှစ်ခုကြောင့် ပေးခဲ့တာပါ..."
" ပထမဆုံးပဲ့တင်ထပ်သံကို စုပ်ယူတဲ့အခါ များပြားတဲ့ သွေးပမာဏနဲ့ လူ့သက်တမ်းတွေ ဆုံးရှုံးရလိမ့်မယ်....ဒါဆို သားမှာ ဒဏ်ရာအပြင်းအထန်ရမှာ အသေချာပဲ...ရေပဲ့တင်ထပ်သံက နူးညံ့သိမ်မွေ့ပြီး ကုသရေးအတွက် သင့်လျော်တယ်ဆိုတော့ သားရဲ့ဒဏ်ရာတွေကို သက်သာစေလိမ့်မယ်..."
လီလော့ ဉာဏ်အလင်းပွင့်ခဲ့လေပြီ....ကုသရည်စွမ်းရည်များတွင် ရေပဲ့တင်ထပ်သံ၏ ကုသရေးစွမ်းရည်သည် ထိပ်တန်းအဆင့်တွင်ရှိပေလိမ့်မည်။
" ဒါဆို ဒုတိယအကြောင်းပြချက်က ဘာလဲ..."
လီလော့ သိချင်ဇောဖြင့် မေးလိုက်သည်။
" ဒုတိယအကြောင်းပြချက်က သားရဲ့ အနာဂတ်ကျင့်ကြံရေးလမ်းကြောင်းကို အထောက်အကူပြုနိုင်အောင် အံ့ဖွယ်ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက် ဖြစ်လာစေချင်လို့ပဲ...."
" ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ အခြေခံအချက်တွေကို သားသိတယ်မဟုတ်လား...."
လီလော့ တစ်ခဏလောက်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
" ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်ဖို့ဆို ရေပဲ့တင်ထပ်သံ ဒါမှမဟုတ် အလင်းပဲ့တင်ထပ်သံအမျိုးအစား ပိုင်ဆိုင်ထားရမယ်...."
ကျင့်ကြံရေးလမ်းကြောင်းတွင် များစွာသော အရန်သက်မွေးဝမ်းကျောင်းပညာရပ်များရှိသည်။ ပဲ့တင်ထပ်သံပြုပြင်သူ ဆိုသည်မှာ ထိုပညာရပ်များထဲမှ တစ်ခုသာပင်....၎င်းသည် မှော်ရတနာများကို သုံးပြီး ပဲ့တင်ထပ်သံများကို အဆင့်မြှင့်တင်ပေးနိုင်သော ပညာရပ်ဖြစ်သည်။
အဂ္ဂိရတ်ဆရာများသည် မီးသို့မဟုတ် သစ်သားအမျိုးစားပဲ့တင်ထပ်သံ ပိုင်ဆိုင်ထားရန်လိုအပ်သည်။
တိုက်ပွဲဝင် လက်နက်များကို ပြုလုပ်နိုင်သည့် ပဲ့တင်ထပ်သံပန်းပဲဆရာများသည် မီး၊ သတ္တု၊ မြေ စသည်တို့အနက်မှ အမျိုးအစားတစ်ခုခုရှိရန် လိုအပ်သည်။
ပဲ့တင်ထပ်သံပြုပြင်သူနှင့် အဂ္ဂိရတ်ဆရာများသည် တစ်မျိုးတစ်ဖုံတူညီကြသူများဖြစ်သည်။ပဲ့တင်ထပ်သံပြုပြင်သူသည် ပဲ့တင်ထပ်သံ အဆင့်ကို မြှင့်တင်ပေးနိုင်ပြီး အဂ္ဂိရတ်ဆရာများသည် ပဲ့တင်ထပ်သံစွမ်းအားကို တိုက်ရိုက်မြှင့်တင်ပေးနိုင်ကြသည်။
ရေအမျိုးအစားနှင့် အလင်းအမျိုးအစား ပဲ့တင်ထပ်သံကျင့်ကြံသူများသည် သန့်စင်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည့်အတွက် ဤသည်မှာ ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်ရန် လိုအပ်သော အဓိကအကြောင်းအရင်းဖြစ်လာခဲ့သည်။
" ဒါပေမယ့် သားက ဘာလို့ ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်ဖို့လိုအပ်တာလဲ..."
" အကြောင်းအရင်းကတော့ သားမှာ ဗလာဖြစ်နေတဲ့ ပဲ့တင်ထပ်သံနန်းတော်တွေ ပိုင်ဆိုင်ထားလို့ပဲ...သားရဲ့ ပဲ့တင်ထပ်သံတွေကို အကန့်အသတ်မရှိ သန့်စင်နိုင်ဖို့ လိုတယ်....ပဲ့တင်ထပ်သံပြုပြင်သူတစ်ယောက်ဖြစ်လာပြီဆို သားရဲ့ကိုယ်ပိုင် ပဲ့တင်ထပ်သံတွေကို ပိုနားလည်လာမယ့်အပြင် သားရဲ့ ပဲ့တင်ထပ်သံနန်းတော်တွေကို ပြီးပြည့်စုံအောင် ပြုပြင်နိုင်လာလိမ့်မယ်...."
" တခြား ပဲ့တင်ထပ်သံပြုပြင်သူတွေဆို ရေ ဒါမှမဟုတ် အလင်းအမျိုးအစားပဲ့တင်ထပ်သံတွေပဲ ရှိကြတာ... သားရဲ့ ရေပဲ့တင်ထပ်သံကျတော့ သူ့ထဲမှာ သူ့ကို ထောက်ပံ့ပေးနိုင်တဲ့ အလင်းပဲ့တင်ထပ်သံပါနေတယ်...ဒါက ဒြပ်စင်နှစ်ခုကို ပေါင်းစပ်ထားတာ...ဒါကိုမှ မသုံးရင် ဖြုန်းတီးပစ်ရာကျမှာပေါ့...."
" သားဆီက ထွက်လာမယ့် စိတ်ဝိဉာဉ်အရည်နဲ့ သန့်စင်တဲ့ အလင်းတွေက ဘယ် ပဲ့တင်ထပ်သံပြုပြင်သူနဲ့ ယှဉ် ယှဉ် အပြတ်အသတ်ကွာနေလိမ့်မယ်...."
တန်တိုင်လန်က ပါးစပ်အုပ်ကာ ရယ်မောလိုက်ပြီး.....
" သားလေး ဒါက အဖေနဲ့အမေ သားအတွက် နောက်ဆုံး ချန်ထားပေးတဲ့ အရန်အစီအစဉ်တစ်ခုပါ....သားကြောင့် လော့လန်အိမ်တော် ပျက်ဆီးသွားရင်တောင် အနည်းဆုံးတော့ သက်မွေးဝမ်းကျောင်းပြုဖို့ ကျွမ်းကျင်မှုတစ်ခုခုရှိသွားတာပေါ့...."
မိဘနှစ်ပါး၏ အကြံအစည်ကြောင့် လီလော့ ပါးစပ်အဟောင်းသာဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ခေါင်းယမ်းပြရုံသာတတ်နိုင်တော့သည်။ မိဘနှစ်ပါးစလုံးက သူ့အတွက် ဖြစ်လာနိုင်တာတွေကို ကြိုတင်တွေးတောပြီး အစီအစဉ်ချပေးခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ပဲ့တင်ထပ်သံကိုပင်လျှင် သေချာရွေးချယ်ပေးထားခဲ့သေးသည်။
" သားလေး..... ပထမဆုံး ပဲ့တင်ထပ်သံဆိုတာ ကနဉီးခြေလှမ်းလောက်ပဲရှိသေးတာနော်...အမေတို့တွေ သားအတွက် ဒါကို သွေးအနှစ်သာရနဲ့ ဝိဉာဉ်ကိုပေါင်းစပ်ပြီး ဖန်တီးပေးခဲ့တယ် ဆိုပေမယ့် နောက်လာမယ့် ဒုတိယ၊ တတိယ ပဲ့တင်ထပ်သံတွေကို သားဘာသာ ဖန်တီးရတော့မှာနော်...."
" ဒုတိယမြောက် ပဲ့တင်ထပ်သံကို မရှာခင် ပဲ့တင်ထပ်သံဆရာသခင်ဆင့်ရောက်အောင် အရင်ကြိုးစားဖို့ အကြံပေးချင်တယ်....ကျောက်စိမ်းပြားလေးထဲမှာ လမ်းညွှန်ချက်တွေအပြင် သား လေ့လာလို့ရအောင် အမေတို့ရဲ့ အတွေ့အကြုံတွေကိုပါ မှတ်တမ်းတင်ပေးထားတယ်..."
" ကျောက်စိမ်းပြားထဲမှာ ပါတဲ့ " ပဲ့တင်ထပ်သံရယူပုံသွင်းခြင်း ပညာရပ် "က သား ဒုတိယမြောက် ပဲ့တင်ထပ်သံ ဖန်တီးဖို့ ကူညီပေးနိူင်တယ်....တတိယမြောက်ပဲ့တင်ထပ်သံ ဖန်တီးဖို့ အချိန်တန်လာရင် သားအတွက် နည်းလမ်းကို အမေတို့ ရှမြို့တော်မှာ ချန်ထားပေးခဲ့တယ်..."
ထိုအချိန်တွင်၊ သူ့မိဘများ၏ ပုံရိပ်များသည် အနည်းငယ် မှိန်ဖျော့သွားသည်ကို လီလော့ သတိပြုမိသည်။ ထို့ကြောင့် ကူးပြောင်းခြင်းလုပ်ငန်းစဉ် ပြီးဆုံးတော့မည်ဖြစ်ကြောင်း နားလည်လိုက်လေပြီ.....
" အဖေ....အမေ....."
လီလော့သည် ဖမ်းဆုပ်မရနိုင်သော ပုံရိပ်များဆီ လက်လှမ်းနေမိသည်။
မိဘနှစ်ပါးသည် သူ့အား ချစ်မေတ္တာ ဂရုဏာများပြည့်နှက်နေသည့် အကြည့်များနှင့် ကြည့်နေသောကြောင့်ပင်.....
" သားလေးရေ...အဆုံးသတ်ဖို့အချိန်ရောက်လာပြီ.... သား ဒီလမ်းကို ရွေးချယ်လိုက်ပြီးဆိုကတည်းက ငါးနှစ်အကန့်အသတ်ကို သေချာပေါက် ကျော်ဖြတ်နိုင်မယ်ဆိုတာ အမေတို့ ယုံကြည်တယ်..."
" သား အမေတို့ကို စိတ်ပူနေမှန်း သိပါတယ်....စိတ်အေးအေးထားပါ...သားနဲ့ ပြန်မတွေ့ခင်အထိ အမေတို့နှစ်ယောက်လုံး ဘာမှဖြစ်မှာမဟုတ်ပါဘူး.....နောက်ဆုံးအနေနဲ့ မှာချင်တာက သား မြို့စားအဆင့်မရောက်သေးဘဲ အမေတို့ကို လိုက်ရှာဖို့ မကြိုးစားပါနဲ့....ဒီအချက်ကို လုံးဝမမေ့နဲ့နော်...."
နောက်ဆုံးတွင် ပုံရိပ်များ ပျောက်ကွယ်သွားပြီး အခန်းထဲတွင် အမှောင်ထုသာ ကြီးစိုးနေလေတော့သည်။
လီလော့၏ မျက်ဝန်းများသည် နီရဲနေပြီး မျက်ရည်များစိုစွတ်နေသည်။အတော်ကြာပြီးနောက် မျက်ရည်များကို သုတ်လိုက်ကာ....
" သားကို ပေးခဲ့သမျှ အရာတိုင်းအတွက် အဖေနဲ့အမေကို ကျေးဇူးတင်ပါတယ်....ကျေးဇူးပြုပြီး စောင့်နေပေးကြပါ...ပြန်တွေ့တဲ့အခါကျရင် အမေတို့ အံ့အားသင့်လောက်အောင် ဂုဏ်ယူရတဲ့ သားတစ်ယောက်ဖြစ်နေစေရမယ်... "
လီလော့သည် စိတ်နှလုံးသားထဲမှ ခံစားချက်များကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး မျက်စိရှေ့တွင် မြင်နေရသည့် အပြာရောင်အရည်များကို သေချာစွာစိုက်ကြည့်နေသည်။
" ဒီနေ့ ဒီချိန်ကစပြီး ငါဟာ ပဲ့တင်ထပ်သံပိုင်ဆိုင်သူတစ်ယောက်ဖြစ်လာပြီ....."
လီလော့၏ မျက်ဝန်းများထဲတွင် တောက်လောင်နေသော စိတ်အားထက်သန်မှုများကို မြင်နေရပြီး အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့သော တက်ကြွမှုများ ပြန်လည်နိုးထလာပြီဖြစ်သည်။ နောက်ဆုံးတွင် တုံ့ဆိုင်းမနေဘဲ အပြာရောင်အရည်များဆီ လက်လှမ်းလိုက်လေတော့သည်။
ဝုန်းးးး
ထိတွေ့လိုက်ချိန်တွင် အေးစက်သော ခံစားချက်ကို ဉီးစွာခံစားလိုက်ရပြီး တခဏအကြာတွင် ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာနာကျင်လာခဲ့သည်။
ဤပြင်းထန်သော နာကျင်မှုသည် လီလော့
၏ အသိစိတ်ကို လုံးလုံးလျားလျား လွှမ်းသွားသည့်အထိ ပြင်းထန်လာသည်။ သူ၏ အမြင်အာရုံသည် ရုတ်တရက် မည်းမှောင်သွားကာ ခန္ဓာကိုယ်သည် ပြင်းထန်သော လအသံနှင့်အတူ မြေပြင်ပေါ်သို့ တဖြည်းဖြည်း ပြိုကျသွားလေတော့သည်။