အသစ်တဖန် စတင်ခြင်း....
Vol. 1 Ch. 8
ဝမ်! !!!!
နက်ရှိုင်းလှသော အမှောင်ထုထဲတွင် ရောက်နေသော လီလော့သည် တံခါးများကိုခပ်ပြင်းပြင်း ထုရိုက်နေသည့်အသံများကြောင့် လန့်နိုးလာခဲ့သည်။လေးလံနေသော မျက်လုံးများကို အနိုင်နိုင်ဖွင့်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသော ကိုယ်ပိုင်အခန်းထဲတွင် ရှိနေသေးကြောင်းသိလိုက်ရသည်။
" ဟမ်....ဒါက...ဘာလဲ..."
အခုလေးတင် လန့်နိုးလာသည့်အတွက် ကယောင်ကယမ်း ရေရွတ်နေ၏။အရင်ကထက် အများကြီး အားနည်းသွားသောအသံကြောင့် အတော်လေး ထိတ်လန့်ခဲ့ရပြန်သည်။ ယခင်တုန်းက နွေဉီးလေပြည်ကဲ့သို့ ပျိုုမြစ်လတ်ဆတ်မှုများသည် ယခုချိန်တွင် မီးစာကုန်ခမ်းတော့မည် အဖိုးအိုတစ်ဉီးသဖွယ် ဖြစ်နေ၏။
ကြမ်းပြင်ပေါ်မှ ပြန်ထရန်ကြိုးစားလိုက်သောလည်း မိမိတွင် ခွန်အားတစ်စက်မျှ မကျန်တော့မှန်း အတော်လေးကြာတော့မှသာ နားလည်နိုင်တော့သည်။
နောက်ဆုံးတွင် ဖြစ်လာမည့် ကံကြမ္မာကို လက်ခံလိုက်ကာ ကြမ်းပြင်ပေါ်တွင် အတော်ကြာကြာ လှဲလျောင်းနေပြီးမှ ရှိစုမဲ့စုခွန်အားလေးနဲ့ ဘေးနားက ထိုင်ခုံပေါ် ကုတ်ကပ် တွယ်တက်ကာ ထိုင်ချလိုက်ရသည်။
" အဆင်ပြေရဲ့လား သခင်လေး...."
ထွက်ပေါ်လာသည့် အမျိုးသမီးအသံသည် ချိုင်ဝေ၏ အသံပင်ဖြစ်သည်။
" ကျွန်တော် အိပ်ယာထ နည်းနည်းနောက်ကျသွားတယ်...ဘာဖြစ်လို့လဲ..."
" အတွင်းပိုင်း အတိုင်ပင်ခံအဖွဲ့ဝင် ကိုးယောက်စလုံး ရောက်နေပြီမို့ သခင်လေး အဆင်သင့်ပြင်ထားဖို့ ချင်းအာက မှာလိုက်တယ်..."
" ကောင်းပြီ....."
လီလော့သည် ပြတင်းပေါက်ကြားမှ မြင်နေရရဝသည့် နေ့အလင်းရောင်ကို တစ်ချက်ကြည့်မိလိုက်သည့်အခါ သူတစ်ညလုံး သတိမေ့နေခဲ့မှန်း သိလိုက်ရသည်။
လီလော့၏ ပြန်ဖြေသံကြောင့် ချိုင်ဝေ အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရဝည်။ အသံက အားနည်းနေသလိုပဲ.....မည်သို့ပင်ဆိုစေ သူမသည် အခြားသော လုပ်ဆောင်စရာများကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။
လီလော့သည် မနေ့ညက အနက်ရောင်သလင်းလုံးကို တင်ထားခဲ့သည့်နေရာကို လှည့်ကြည့်လိုက်သည်။အနက်ရောင် သလင်းလုံးသည် လေထုထဲတွင် ပျောက်ကွယ်သွားသည့်နှယ် ကြမ်းပြင်ပေါ်တွင် ပြာမှုန့်အနည်းငယ်သာ ကျန်ရှိတော့ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
အနက်ရောင်သလင်းလုံးတွင် ကိုယ်ပိုင်အဖျက်စွမ်းရည် ရှိပုံရပြီး ၎င်း၏ ဖြစ်တည်မှု အလုံးစုံကို သဲလွန်စမကျန်အောင် ဖျောက်ဖျက်ပစ်လိုက်ပုံရသည်။
ထို့နောက် လက်ရှိအသွင်ပြင်ကို သိနိုင်ရန် မှန်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသည့် အသွင်အပြင်ကြောင့် လီလော့၏ အမူအရာများ ထိန်းသိမ်းမရအောင် ပျက်ယွင်းသွားခဲ့သည်။
မှန်ထဲတွင် မြင်နေရသည့် အမျိုးသား၏ အသားအရောင်သည် တစ်ကိုယ်လုံးရှိသွေးများကို စုပ်ယူခံထားရသည့်နှယ် ဖြူဆုတ်နေ၏။
ယခင်တုန်းက မည်းနက်နေသော ဆံပင်များသည် ယခုချိန်တွင် မီးခိုးရောင်သန်းနေ၏။ သွေးအနှစ်သာရများကို စုပ်ယူခံလိုက်ရသည့်အတွက် ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ပါ ပြောင်းလဲသွားပုံရသည်။
လီလော့သည် မှန်ထဲတွင် မြင်နေသည့် ဆံပင်ဖြူနေသော လူငယ်လေးကို ကြည့်ရင်း အတွေးပွားနေတော့သည်။
" ကြည့်ရတာ ငါ ပိုချောလာသလိုပဲ...."
လီလော့သည် အမှောင်မိုက်ဆုံးအချိန်၌ပင် ပျော်ရွှင်မှုကို ကြံဖန်ရှာဖွေတတ်သူ တစ်ဉီးသဖွယ် ခပ်တိုးတိုးရေရွတ်နေသည်။
" အမေတို့ ဖန်တီးပေးထားတဲ့ ပဲ့တင်ထပ်သံကို စုပ်ယူဖို့ ဆယ့်ခုနှစ်နှစ်လုံး စုဆောင်းထားသမျှ သွေးအနှစ်သာရရဲ့ တစ်ဝက်လောက်ကို ဆုံးရှုံးလိုက်ရတာပဲ...."
သွေးအနှစ်သာရ အများအပြားကို ရုတ်တရက် ဆုံးရှုံးလိုက်ရသည့်အတွက် အားနည်းနေသလို ခံစားနေရပြီး ခြေလှမ်း လှမ်းလိုက်တိုင်း မူးဝေနေ၏။
ထို့အပြင် ခန္ဓာကိုယ်တွင်း၌ ဖော်ပြခြင်းငှာမစွမ်းသာသော ဗလာဖြစ်နေသည့် ခံစားချက်မျိုးခံစားနေရသည်။ ဤသည်မှာ စိတ်နှလုံးသားနှင့် မသက်ဆိုင်ဘဲ ဆုံးရှုံးလိုက်ရသော လူ့သက်တမ်းကြောင့်သာပင်.....
ယခုချိန်မှစ၍ သူ့တွင် သက်တမ်း ငါးနှစ်မျှသာ ကျန်ပေတော့သည်။
၎င်းသည် သူ့အား အချိန်နှင့်အမျှ ဖိအားပေးနေတော့မည်....
ခန္ဒာကိုယ်အသစ်ကို နားလည်နိုင်ရန် မျက်လုံးမှိတ်ချလိုက်သည်။
ဗလာဖြစ်နေခဲ့သော ပဲ့တင်ထပ်သံသုံးခုအနက် ပထမတစ်ခုတွင် အပြာနုရောင်အလင်းတန်းတစ်ချို့ ထုတ်လွှတ်နေပြီဖြစ်သည်။၎င်းထံမှ ထုတ်လွှတ်နေသော အပြာရောင်အလင်းတန်းများကို လီလော့၏ ခြောက်သွေ့နေသော ခန္ဒာကိုယ်မှ ဖြည်းညှင်းစွာ စုပ်ယူနေ၏။
လီလော့၏ အာရုံသည် အပြာနုရောင်ပဲ့တင်ထပ်သံနန်းတော်တွင်သာ အလုံးစုံရောက်ရှိနေသည်။ ဤမြင်ကွင်းမျိုးအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ပေးထားခဲ့သော်လည်း လက်တွေ့တွင်မူ ခံစားချက်များကို ထိန်းမရတော့ပေ။
ပဲ့တင်ထပ်သံရယူခြင်း လုပ်ငန်းစဉ် အကြီးအကျယ်အောင်မြင်ခဲ့ပြီဖြစ်သည်။
သူ့ရဲ့ ဗလာနန်းဆောင် ပြသာနာကို ဖြေရှင်းနိုင်ခဲ့ပြီ......
ထို့အပြင် ယခင်က သူ့အတွင် ဒုက္ခများစေခဲ့သော ဗလာနန်းဆောင်များသည် ယခုချိန်တွင် အံ့အားသင့်ဖွယ်ကောင်းသောအရာများကို ဆောင်ကျဉ်းပေးသောအရာများဖြစ်နေခဲ့ချေပြီ.....
မျက်လုံးပြန်ဖွင့်ကြည့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်မှ သဘာဝအတိုင်းဆွဲငင်နေသော သဘာဝစွမ်းအင် အမျိုးအစားနှစ်ခုကို ခံစားလိုက်ရသည်။
၎င်းတို့သည် ရေနှင့် အလင်း ပဲ့တင်ထပ်သံစွမ်းအားတို့ပင်ဖြစ်သည်။
နောက်ဆိုလျှင် သူသည် ထိုစွမ်းအားနှစ်ခုကို စူပ်ယူ၍ ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများအဖြစ် ပြောင်းလဲ နိူင်တော့မည် ဖြစ်သည်။
ထိုသို့ မပြုလုပ်နိုင်ခင်အထိ စွမ်းအားကျင့်ကြံခြင်းပညာရပ်များကို လေ့ကျင့်ရပေဉီးမည်။ လော့လန်အိမ်တော်သည် အခြေခံအုတ်မြစ်ခိုင်မာသော အိမ်တော်တစ်ခုဖြစ်သည့်အတွက် များစွာသော စွမ်းအားကျင့်ကြံရေး ပညာရပ်များ ပိုင်ဆိုင်ထားသည်။
အနာဂတ်အစီအစဉ်များအကြောင်း သေချာတွေးတောပြီးသည့်အခါ လီလော့သည် ရေချိသန့်စင်ပြီး အဝတ်အစားအသစ်များ လဲဝတ်လိုက်သည်။
အဝတ်အစားလဲပြီးနောက် မှန်ရှေ့သို့ နောက်တစ်ကြိမ်ရောက်လာခဲ့ပြန်သည်။
" အင်းးးး ငါက မီးခိုးရောင် မွဲခြောက်ခြောက်ဆံပင်နဲ့တောင် ကြည့်ကောင်းနေသေးတာပဲ...ဒါပေမယ့် အရင်ကထက်တောင် ပိုကြည့်ကောင်းလာသလိုပဲ...."
လီလော့တစ်ယောက် တောက်ပသောအပြုံးများဖြင့် ကိုယ့်ကိုကိုယ် ချီးမွှန်းခန်းဖွင့်နေ၏။
" လီလော့ရေ.....မင်းအတွက် ဘဝအသစ်တစ်ခု စီးကြိုနေပြီဟေ့......"
.................................................
ထိုအချိန်တွင် တစ်ချိန်က ခြောက်ကပ်နေခဲ့သော စံအိမ်ဟောင်းအတွင်းတွင် ထူးထူးခြားခြား စည်ကားနေပြီး အစောင့်အကြပ်များသည် ထိုအဆောက်အဉီးတွေကို အလွှာအထပ်ထပ်ပုံစံမျိုးဖြင့် သေချာစောင့်ကြပ်နေကြသည်။
ခန်းမဆောင်အတွင်းရှိ လေထုသည် အသက်ရှူကြပ်လောက်သည်အထိ မှုန်မှိုင်းနေ၏။
ကျယ်ဝန်းလှသော ခန်းမထဲတွင် ခုံတန်းနှစ်ခုကို မျက်နှာချင်းဆိုင်နေရာချထားပြီး ထိုခုံတန်းနှစ်ခု၏ ထိပ်ပိုင်းတွင် ခုံနေရာလွတ်တစ်ခုရှိသည်။ ကျန်းချင်းအာသည် မျက်နှာချင်းဆိုင်ခုံတန်းနှစ်ခုအနက် တစ်ခုကို သိမ်းပိုက်ထားသည်။
ကျန်းချင်းအာသည် ခုံတန်း၏ ဘယ်ဘက်တွင်ရှိသော လူလေးယောက်ထံ ကြည့်နေသည်။ ထိုလေးယောက်ထံမှ စွမ်းအင်လှိုင်းများ ဖြာထွက်နေသောကြောင့်ပင်...
ထိုခုံတန်း၏ ထိပ်ဆုံးတွင် ထိုင်နေသောသူထံမှ ထွက်ပေါ်နေသော အရှိန်အဝါသည် အပြင်းထန်ဆုံး ဖြစ်သည်။
ထိုလူသည် အသက်နှစ်ဆယ့်ခုနှစ်၊ နှစ်ဆယ့်ရှစ်နှစ်ခန့်သာရှိသော လူငယ်တစ်ဉီးဖြစ်သည်။ထိုလူငယ်သည် နှာတံမြင့်မြင့် ၊မျက်ဝန်းနက်နက်နှင့် သာမာန်ဆန်သော ရုပ်ရည်ပိုင်ဆိုင်ထားသည်။ သူ၏ ညာဘက်နားရွက်တွင် အေးစက်သောအလင်းရောင်များထုတ်လွှတ်နေသော ဓားပုံသဏ္ဍာန်နားဆွဲတစ်ခုကို ဝတ်ဆင်ထားသည်။
ထိုလူငယ်၏ နွေးထွေးအပြုံးများကြောင့် ဘယ်သူမဆို အထင်ကြီးလေးစားပေလိမ့်မည်။
သို့သော် ကျန်းချင်းအာသည် ထိုလူငယ်နှင့် အလွန်ပင်ရင်းနှီးသည်။ ထိုလူငယ်သည် မြင်နေရသည့်အတိုင်းမဟုတ်ဘဲ လော့လန်အိမ်တော်ကို ထိန်းချုပ်ချင်နေသူတစ်ယောက်ပင်...ထိုလူငယ်သည် ကျန်းချင်းအာကို အခက်အခဲမျိုးစုံ ကြုံတွေ့စေခဲ့သူတစ်ယောက်ဖြစ်သည်။
ထိုလူငယ်သည် လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့၏ တပည့်ဖြစ်သူ ဖေဟောက်ဖြစ်ပြီး လော့လန်အိမ်တော်တွင် သြဇာလွှမ်းမိုးနိုင်သူတစ်ယောက်ဖြစ်သည်။
သူ့ထက်တဆင့်နိမ့်တဲ့နေရာတွင် ထိုင်နေသူ သုံးဉီးသည် အတွင်းပိုင်းအတိုင်ပင်ခံ အဖွဲ့ဝင်ကိုးဉီးအနက်မှ အကြီးအကဲသုံးဉီးတို့ ဖြစ်ကြသည်။
ကျန်းချင်းအာဘက်တွင် ထိုင်နေသည်မှာ အကြီးအကဲ ကိုးဉီးအနက်မှ ခြောက်ဉီးဖြစ်ပြီး ထိုခြောက်ဉီးတွင် လေးဉီးမှာ ကျန်းချင်းအာကို ထောက်ခံပေးသူများဖြစ်ပြီး ကျန်နှစ်ဉီးသည် မည်သည့်ဘက်မှ မလိုက်ဘဲ ကြားနေသမားများဖြစ်ကြသည်။
ခုံနေရာချထားသည့်ပုံစံကို ကြည့်ရုံဖြင့် လော့လန်အိမ်တော်၏ အတွင်းပိုင်းအခြေနေကို အရှင်းသား သုံးသပ်နိုင်ပေသည်။
ပင်မထောက်တိုင်နှစ်ခုဖြစ်သော လီတိုင်ရွှမ်နှင့်တန်တိုင်လန်တို့ မရှိကတည်းက အခြေခံအုတ်မြစ်များ ယိုင်နဲ့လာပြီး အလွယ်တကူယိမ်းယိုင်သူများလည်း ရှိလာခဲ့လေပြီ.....
ခန်းမထဲတွင် လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောဆိုသံတို့ဖြင့် အနည်းငယ် အသက်ဝင်နေသည်။
ထိုအချိန်တွင် ကြိုတင်စီစဉ်ထားသည်ဟုပင် ထင်ရလောက်အောင် ဖေဟောင် လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်လိုက်သည်နှင့် စကားသံများ တိတ်ကျသွားလေသည်။
ဖေဟောင်က ကျန်းချင်းအာကို ကြည့်လိုက်ပြီး ခပ်ထေ့ထေ့အပြုံးမျိုး ပြုံးပြကာ....
" ဂျူနီယာညီမလေးချင်းအာရေ...အစ်ကိုတို့တွေ စောင့်နေတာ နေ့တစ်ဝက်လောက်ရှိနေပြီနော်....သခင်လေးက ဘာလို့လဲ ရောက်မလာသေးတာလဲ...."
" သူက သခင်ငယ်လေး ဖြစ်တယ်ဆိုပေမယ့်လဲ လော့လန်အိမ်တော်ရဲ့ အရေးကိစ္စတွေကို စီမံဖို့ အစ်ကိုတို့တွေကဒီကိုရောက်နေကြမှန်း အကုန်လုံးသိတယ်....စီမံစရာအရေးကိစ္စတွေရှိပေမယ့်လည်း အကုန်လုံးက အချိန်မှန် ရောက်လာပေးကြတယ်....သခင်ငယ်လေးဘက်က အခုလို အချိန်မလေးစားတာက အစ်ကိုတို့ကို ဂရုမစိုက်သလို ဖြစ်မနေဘူးလား..."
ဖေဟောင်၏ အပြောကြောင့် အချို့သော အကြီးအကဲများသည် မျက်မှောင်ကြုံ့နေကြပြီး တချို့ကလည်း မကြားတကြားညီးညူးနေကြသည်။
ကျန်းချင်းအာကလည်း ခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်၏။
" အကြီးအကဲတွေ အခုလောက် စိတ်ရှည်လက်ရှည် စောင့်နေတာမျိုး တစ်ခါမှ မမြင်ဖူးဘူး...."
ဖေဟောင်၏ မျက်ဝန်းများ မှေးကျဉ်းသွားသည်။
" ညီမလေး....အနာဂတ်က ဘယ်သူကိုမှစောင့်နေမှာမဟုတ်ဘူး.....အစ်ကိုတို့တွေ ရှေ့ဆက်ရမှာပဲလေ...."
" သခင်ငယ်လေးက မျက်နှာမပြမှတော့ အချိန်ဖြုန်းမနေဘဲ ကျွန်တော်တို့ဘက်ကလည်း လုပ်စရာရှိတာ ဆက်လုပ်ကြတာပေါ့......."
ထိုအချိန်တွင် ဖေဟောင်၏မျက်နှာပေါ်တွင် ကောက်ကျစ်သောအပြုံးတစ်ခုရှိနေသည်။
"သခင်ငယ်လေးရဲ့ အခြေနေကို ကျွန်တော်တို့အားလုံးနားလည်နေတာပဲ...သူဒီမှာ မရှိတာလဲ တစ်မျိုးတော့ကောင်းပါတယ်လေ...သူ့ကို အေးအေးဆေးဆေးပေးနားလိုက်ကြတာပေါ့....."
ဖေဟောင်၏ စကားကြောင့် ခန်းမထဲတွင် အမူအရာအမျိုးမျိုးပြောင်းသွားသူများရှိနေသော်လည်း ကျန်းချင်းအာမှလွဲ၍ စကားစပြောရဲသူ မရှိပေ။
" ကန့်ကွက်မယ့်သူမရှိတဲ့အတွက် ကျွန်တော်တို့ စလိုက်ကြရအောင်...."
ဖေဟောင်က အားလုံးကိုယ်စားဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
ကျန်းချင်းအာ၏ အမူအရာသည် ရေခဲတမျှ အေးစက်နေသည်။ သူမ စကားပြောခါနီးတွင် ကျယ်လောင်သောရယ်သံတစ်ခု ထွက်ပေါ်လာ၏။
" စီနီယာဖေဟောင်က မတွေ့ဖြစ်တဲ့ နှစ်တွေအတွင်းမှာ ပိုအာဏာပြင်းလာတာပဲ....စီနီယာ ဘယ်လောက်ထူးချွန်တယ်ဆိုတာသာ ကျွန်တော့်မိဘတွေသိရင် ပိုတန်ဖိုးထားမှာပဲနော်...."
ထိုစကားသံများသည် သွယ်လျချောမောသော လူငယ်တစ်ဉီးထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုလူငယ်လေးကို မြင်လိုက်သည့်အခါ ခန်းမအတွင်းရှိ လူတိုင်းသည် တစ်ပြိုင်နက်တည်းညမတ်တပ်ထရပ်လိုက်ကြသည်။၎င်းတို့၏ ခန္ဓာကိုယ်များသည် မသိမသာ တုန်ရီနေကြသည်။
ထိုလူငယ်၏ မျက်နှာသည် သူတို့အသွေးအသားထဲက ရိုဝေးလေးစားရသော ပုဂ္ဂိုလ်တစ်ဉီးနှင့် ဆင်တူနေသောကြောင့်ပင်....
ထိုအခိုက်အတန့်တွင် ဖေဟောင်၏ ရူးကြောင်ကြောင်အပြုံးများသည်ပင် တောင့်တင်းသွားခဲ့ပြီး မတ်တပ်ထရပ်မိတော့မလို ဖြစ်နေမိသည်။ သို့သော် ထိုလူငယ် မည်သူမည်ဝါမှန်း သေချာသိသွားမှသာ စိတ်ငြိမ်ငြိမ်ထားနိူင်ပေတော့သည်။
ထိုလူငယ်သည် ဆရာသခင်နှစ်ပါးထဲမှ တစ်ပါးမဟုတ်ပေ....
ထိုလူငယ်သည် ဗလာဖြစ်နေသော ပဲ့တင်ထပ်သံနန်းတော်ကို ပိုင်ဆိုင်ထားသည့် ဒုက္ခိတတစ်ဉီးသာပင်....
အာရုံစိုက်မှုကို ပြန်ရရန် ရှေ့တွင် ရှိနေသော လက်ဖက်ရည်ခွက်ကို လက်ဖြင့် ဖိလိုက်သောအခါ လက်ဖက်ရည်ခွက် ကွဲကြေသွားသောအသံ ထွက်ပေါ်လာပြီး လက်ဖက်ရည်ခွက်သည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားလေ၏။
ထိုအသံသည် အကြီးအကဲကိုးဉီးအား လှုပ်နှိုးလိုက်သလို ဖြစ်သွားသောကြောင့် အကုန်လုံး ကပျာကယာ အမူအရာပြန်ပြင်လိုက်ကြသည်။
ထို့နောက်တွင် ဖေဟောင့် ဘေးတွင် ရှိနေသော အကြီးအကဲသုံးဉီးသည် ရှက်ကိုးရှက်ကန်းဖြစ်နေဟန်နှင့် ထိုင်ခုံတွင် ပြန်ထိုင်လိုက်ကြသည်။
ကျန်သော အကြီးအကဲခြောက်ဉီးသည် လီလော့ ခန်းမထဲဝင်လာသည်အထိ မတ်တပ်ရပ်ကာ တလေးတစားစောင့်ဆိုင်းနေကြ၏။
" မဂ်လာပါ.. သခင်ငယ်လေး...."
လီလော့ကို အနီးကပ်ကြည့်လိုက်သည့်အခါ မိဘများနှင့် ရုပ်ချင်းဆင်သောလည်း လီလော့၏ အရှိန်အဝါသည် မိဘများလောက် မပြင်းထန်သေးကြောင်းသိလိုက်ရသည်။ လီလော့သည် မရင့်ကျက်သေးသော လူငယ်တစ်ဉီးသာ ဖြစ်သေးသည် မဟုတ်လော....
ကြီးကျယ်ခမ်းနားသည်ဟု ထင်နေမိသော ခံစားချက်များသည်လည်း ပြန်လည်ငြိမ်သက်သွားချေပြီ.....
သူ့တို့အံ့သြနေသည်မှာ လီလော့၏ မီးခိုးရောင်ဆံပင်များကြောင့်ပင်.....
ကျန်းချင်းအာပင်လျှင် အံ့သြနေမိသည်။
'ဒီကောင်စုတ်လေး မနေ့ကအထိ အကောင်းတိုင်းရှိနေရဲ့သားနဲ့...'
လီလော့သည် အကြီးအကဲခြောက်ဉီးကို ရိုသေစွာ ပြန်နှုတ်ဆက်လိုက်ပြီး ယခုအထိ ထိုင်ရာမှ မထသေးသော ဖေဟောင်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
" မတွေ့ဖြစ်ကြတာ နှစ်အငယ်ပဲရှိသေးပေမယ့် စီနီယာ ဖေဟောင်က တခြားသူတစ်ယောက်လို လုံးဝကြီးပြောင်းလဲသွားတာပဲ... "
ခန်းမထဲတွင် ရှိနေသူတိုင်းသည် လီလော့စကား၏ နောက်ကွယ်က အဓိပ္ပါယ်များကို ရှင်းလင်းစွာနားလည်လိုက်ကြသည်။ ထိုစကားလုံးများသည် အကြီးအကဲအချို့ကို အလင်းပြလိုက်သည့်နှယ်......
လီတိုင်ရွှမ်နှင့် တိုင်တန်လန် ရှိစဉ်ခါတုန်းကဆို ဖေဟောင်တစ်ယောက် လီလော့ကို မြင်သည်နှင့် ညီတစ်ယောက်ကို အရမ်းချစ်သော အစ်ကိုကြီးတစ်ယောက်သဖွယ် အပြုံးချိုချိုလေးများနှင့် နှုတ်ဆက်နေကျပင်....လီလော့အား ဘာလက်ဆောင်ပေးရမလဲ ဟူ၍ အချိန်ဖြန်းကာ စဉ်းစားနေခဲ့ဖူးပေသည်။
သူတို့ တန်ဖိုးထားရသော တပည့်သည် နှစ်အနည်းငယ်အတွင်း အစွယ်အသွားတွေ ထုတ်ပြနေပြီမှန်း လီလေယ့၏ မိဘများပင် ယောင်လို့တောင် တွေးမိမည်မဟုတ်ပေ။
ဖေဟောင်က လီလော့ကို ခပ်ပြုံးပြုံးအမူအရာဖြင့် စကားဆိုနေ၏။
" မတွေ့တာအတော်ကြာပြီပဲ....ညီလေးကို ကြည့်ရတာ အရွယ်ရင့်လာသလိုပဲ...."
ဖေဟောင်သည် ပြောနေရင်းကနေ မျက်မှောင်ကြုံ့လိုက်ပြီး....
" ညီလေး ဘာကြောင့် အရမ်းဖြူဖျော့နေပြီး ဆံပင်တွေ ဖြူကုန်ရတာလဲ....မသိရင် သက်တမ်းကုန်ဆုံးတော့မယ့် အတိုင်းပဲ..."