လီလော့၏ တွင်းနက်ကြီး.....
Vol. 1 Ch. 13
လီလော့သည် မျိုးစုံသောစိတ်ခံစားချက်များကြောင့် တစ်ညလုံး အိပ်မပျော်နိုင်ခဲ့ပေ။
နံနက်မိုးလင်းသော အခါ လေးလံနေသော မျက်ခွံများကို ပွတ်သပ်လိုက်ပြီး စားပွဲပေါ်မှ သေတ္တာများကို ကြည့်လိုက်သည်။
ဝိဉာဉ်ရည်များနှင့် သန့်စင်သော အလင်းများကို တစ်ဝက်ခန့် သုံးစွဲခဲ့ပြီးပြီ....
သူသည် အရေးကြီးဆုံးသော အချက်ကို လျစ်လျူရှုထားလိုက်မိမှန်း သတိပြုမိခဲ့သည်။ သူ့ထံတွင် ဗလာနန်းတော်ရှိသည့်အတွက် အညစ်အကြေးများကို ဂရုမစိုက်ဘဲ ဝိဉာဉ်ရည်များနှင့် သန့်စင်သော အလင်းများကို စုပ်ယူနိုင်သော်လည်း အချိန်ယူရပေမည်။အရာအားလုံးကို တထိုင်တည်းဖြင့် စုပ်ယူနိုင်မည်မဟုတ်ပေ။
တကယ်တမ်းတွင်မူ ဝိဉာဉ်ရည်များနှင့် သန့်စင်သော အလင်းများသည် အချင်းချင်းဆန့်ကျင်နေသည့်အတွက် ထင်သလောက် ခရီးမတွင်ခဲ့ပေ။
ထို့ကြောင့် နှစ်ဆယ့်ခုနှစ်စုံသာခန့်သာ စုပ်ယူနိုင်ခဲ့သည်။
အခြားလူများကြားပါက လီလော့အားညအရူးတစ်ယောက်အဖြစ် သတ်မှတ်ကြလိမ့်မည်။ဤမျှလောက်အထိ မည်သူမျှ အလွန်အကြူး မစုပ်ယူရဲကြပေ။
တစ်ညတည်းဖြင့် ဝိဉာဉ်ရည်နှင့် သန့်စင်သော အလင်း နှစ်ဆယ့်ခုနှစ်စုံစာ စုပ်ယူခဲ့တယ်တဲ့လား....ဒါဆို အညစ်အကြေးတွေ စုပုံပြီး မင်းရဲ့ ပဲ့တင်ထပ်သံနန်းတော် ချိတ်ပိတ်သွားလိမ့်မယ်.....
လမ်းဆုံးရောက်နေသူများသာ ထိုကဲ့သို့ ရူးမိုက်သည့် လုပ်ရပ်မျိုးကို လုပ်ရဲပေလိမ့်မည်။
" ကြည့်ရသလောက်ဆို.... ရလဒ်က သိပ်တော့မဆိုးဘူးပဲ...."
သူ၏ မဖြစ်စလောက် ရလဒ်လေးအတွက် လီလော့အနည်းငယ် စိတ်ပျက်နေမိခဲ့သည်။
သို့သော် သူ၏ ပထမပဲ့တင်ထပ်သံနန်းတော်မှ ထွက်ပေါ်နေသော အလင်းရောင်သည် ယခင်ကထက် ပိုမိုကြည်လင်သန့်ရှင်းလာသည်ကို မြင်သာအခါ လီလော့၏ မျက်လုံးများတောက်ပလာသည်။
သူ၏ ကိုယ်ပိုင်ပဲ့တင်ထပ်သံစွမ်းအားများသည်ပင် ပိုမိုသန့်စင်အားကောင်းလာပုံရသည်။
ဤနှုန်းအတိုင်းဆို အဆင့်လေးကနေ အဆင့်ငါးအဖြစ် မြှင့်တင်နိုင်ရန် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်း အစုံတစ်ရာခန့် လိုအပ်ဉီးမည်ဖြစ်ကြောင်း လီလော့ ခန့်မှန်းမိလိုက်သည်။
လီလော့၏ အဆင့်လေး ပဲ့တင်ထပ်သံကို အဆင့်ငါး ပဲ့တင်ထပ်သံအဖြစ် အဆင့်မြှင့်လိုပါက စုစုပေါင်း ကောင်းကင်ရွှေ နှစ်သိန့်ခန့် ကုန်ကျမည်ဖြစ်သည်။
ဤပမာဏသည် လီလော့တတ်နိုင်သည့် အတိုင်းအတာအတွင်းတွင် ရှိသေးသည်။အဆင့်ခြောက်သို့ မြှင့်တင်သည့်အခါ ကုန်ကျမည့်တန်ဖိုးသည် အလွန်အကျွံဖြစ်နေပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ပဉ္စတန်းစား ဝိဉာဉ်ရည်နှင့် သန့်စင်သော အလင်းများသည် စတုတ္ထတန်းစားများထက် ပိုစျေးကြီးပြီး လီလော့အတွက် လိုအပ်သောပမာဏသည် ယခုထက်ပင် ပိုများနိုင်သေးသည်။
တွက်ချက်ကြည့်လိုက်သည့်အခါ ပဲ့တင်ထပ်သံကို အဆင့်ငါးမှ အဆင့်ခြောက်သို့ အဆင့်မြှင့်မည်ဆိုပါက ကောင်းကင်ရွှေ တစ်သန်းခန့် ကုန်ကျမည်ဖြစ်သည်။
အဆင့်ခြောက်ကနေ အဆင့်ခုနှစ်ဆိုပါက သန်းပေါင်းများစွာ ကုန်ကျနိုင်ဖွယ်ရှိသည်။
အဲ့ဒါပြီးရင်ရော.......
ကုန်ကျစရိတ် တွက်ချက်ကြည့်ပြီးနောက် လီလော့ အကြီးအကျယ် စိတ်ဓာတ်ကျနေပြီဖြစ်သည်။ လော့လန်အိမ်တော်၏ တစ်နှစ်တာ ဝင်ငွေသည် သန်းအနည်းငယ်မျှသာရှိသည်။
အိမ်တော်၏ ပိုင်ဆိုင်မှုအားလုံးကို ဝါးမြိုခဲ့လျှင်တောင် လီလော့သည် ပဲ့တင်ထပ်သံကို
အဆင့်ရှစ်အဖြစ် မြှင့်တင်နိုင်ရန် ခက်ခဲနေဉီးမည်သာ.....
ပဲ့တင်ထပ်သံ ရယူဖန်တီးခြင်းသည် ကြီးမားလှသည် ငွေကုန်ပေါက်ကြီးတစ်ခုဖြစ်သည်။
လီလော့တစ်ယောက် မျက်ခုံးများကို နှိပ်နယ်နေခဲ့သည်။
" အဖေနဲ့အမေ ချန်ခဲ့တဲ့အိမ်က ဒါတွေကို ထောက်ပံ့ပေးနိူင်မှာ မဟုတ်ဘူး..."
" ဒီလိုဆိုမှတော့....အကယ်၍ ငါသာ ကိုယ်ပိုင် ဝိဉာဉ်ရည်နဲ့သန့်စင်သော အလင်းတွေကို သန့်စင်နိုင်မယ်ဆို ကုန်ကျစရိတ်ပိုသက်သာလိမ့်မယ်ထင်တယ်...."
ယခုချိန်တွင် လီလော့သည် မိမိပိုင်ဆိုင်ထားသည့် ရေအလင်းပဲ့တင်ထပ်သံအကြောင်းစဉ်းစားလိုက်မိသည်။အခြားသော ရှုထောင့်မှကြည့်လျှင် ဤသည်မှာ သူ့အတွက် ခွန်အားတစ်ခုဖြစ်ပေသည်။ရေအလင်းပဲ့တင်သံ၏ စွမ်းရည်များကို မြှင့်တင်နိုင်ပါက အသန့်စင်ဆုံးသော ကိုယ်ပိုင် ဝိဉာဉ်ရည်များနှင့် သန့်စင်သောအလင်းများကို ထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။ကြည့်ရတာ သူ့အနေဖြင့် ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်အောင် သင်ယူလေ့လာမှဖြစ်တော့မည်။
" အဖေနဲ့ အမေက ဒီခြေနေတွေအတွက် သေချာစဉ်းစားပေးထားခဲ့ကြတာပဲ....အဲ့တာကြောင့်မို့ ငါ့ကို ပဲ့တင်ထပ်သံပြုပြင်သူ ဖြစ်စေချင်နေကြတာ....ဒီလိုမှ မဟုတ်ရင် လော့လန်အိမ်တော်ကို အမှန်တကယ်ပျက်ဆီးစေမယ့်သူက ငါပဲဖြစ်လိမ့်မယ်..."
မိဘများ၏ ကြိုတွေးတတ်မှုကို လီလော့ အမှန်ပင် ချီးကျူးနေမိတော့သည်။
လီလော့သည် ဤကိစ္စကို အလွန်အကျွံတွေးတောမနေတော့ပေ။ မည်သို့ပင်ဆိုစေ သူ၏ ပဲ့တင်ထပ်သံကို အဆင့်ခြောက် အထိမြှင့်တင်ရန် စရိတ်ကာမိရုံမျှတော့ စုဆောင်းထားရပေမည်။
ထို့ကြောင့် စိတ်ကြည်သွားအောင် အနားယူရန် ပြင်ဆင်လိုက်သည်။
လီလော့တစ်ယောက် နှစ်ရက်စလုံး မနားမနေ ကြိုးစားနေခဲ့သည်။နေ့ပိုင်းတွင် ကန်လန်တရားထိုင်ခြင်း ကျင့်စဉ်ကို ကျင့်ကြံပြီး ပဲ့တင်ထပ်သံ သိုင်းပညာရပ်များကို နှစ်နာရီခန့် အချိန်ပေးလေ့ကျင့်ခဲ့သည်။ ထို့နောက် ညပိုင်းတွင် ဝိဉာဉ်ရည်နှင့် သန့်စင်သောအလင်းများကို စုပ်ယူခဲ့သည်။
အစွမ်းကုန်ကြိုးစားအားထုတ်မှုများ အရာထင်လာခဲ့သည်။ ကျင့်ကြံမှုပိုင်းတွင် စည်းတံဆိပ်လေးခု အဆင့်သို့ရောက်ရှိနေပြီးဖြစ်ပြီး အဆင့်လေး ရေအလင်းပဲ့တင်ထပ်သံသည်လည်း ပိုမိုတောက်ပလာပြီဖြစ်သည်။
ယခုချိန်တွင် ကမ္ဘာလောက၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီဟုပင် ခံစားနေရသည်။ သူ့အား မည်သူ ရပ်တန့်နိုင်မည်နည်း.....
အချိန်တိုအတွင်းမှာပင် ဝိဉာဉ်ရည်များနှင့် သန့်စင်သော အလင်းများ ကုန်ဆုံးသွားသဖြင့် အဆင့်မြှင့်တင်မှုကို ရပ်တန့်လိုက်ရသည်။
............... ................ ..................
စံအိမ်ဟောင်းအတွင်းရှိ စီမံခန့်ခွဲမှုရုံးခန်းအတွင်း၌.......
ဝတ်ရုံရှည်ဝတ်ဆင်ထားသော ချိုင်ဝေသည် ကျော့ရှင်းသော ဟန်ပန်ဖြင့် ထိုင်နေပြီး မှတ်တမ်းတစ်ခုအား မျက်မှောင်ကြုံကာ စစ်ဆေးနေသည်။
" မန်နေဂျာကု...ထျန်ရှုစီရင်စုကရတဲ့ အမြတ်ငွေတွေက သိသိသာသာ လျော့နေပါလား...."
ချိုင်ဝေက သူ့ရှေ့တွင် ရပ်နေသော မန်နေဂျာကု ဆိုသူကို မေးမြန်းလိုက်သည်။
သက်လတ်ပိုင်းအရွယ် မန်နေဂျာကုသည် ခါးသီးသော အပြုံးတစ်ခုဖြင့် ခေါင်းညိတ်လိုက်ပြီး.......
" အဟုတ်ပါပဲ....အစပိုင်းမှာတုန်းက လော့လန်အိမ်တော်က ဆိုင်ခန်း ကိုးခု၊ မိုင်းတွင်း ဆယ့်ရှစ်ခုနဲ့ မရေမတွက်နိုင်တဲ့ ဆေးဆိုင်တွေ ပိုင်ဆိုင်ဖူးပါတယ်...ဒါပေမယ့် အိမ်တော်တွင်းမှာ မငြိမ်မသက်မှုတွေဖြစ်လာတော့ ထျန်ရှုစီရင်စုမှာရှိတဲ့ အခြားအိမ်တော်သုံးခုက ကျွန်တော်တို့ အိမ်တော်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ဝါးမြိုဖို့ ကြိုးစားလာကြတယ်....အဲ့အထဲမှာ စုန်အိမ်တော်ကတော့ အဆိုးဆုံးပဲ....ကျွန်တော်တို့ ပိုင်တဲ့ ဆိုင်ခန်းနှစ်ခုကို ပြသာနာရှာပြီး ဝါးမြိုလိုက်တယ်...."
ချိုင်ဝေ့ အမူအရာတွေ အေးစက်လာခဲ့တယ်....လော့လန်အိမ်တော်သည် ရှပြည်ထောင်စုရှိ အဓိကအိမ်တော်လေးခု စာရင်းဝင်အဖြစ် မတက်လှမ်းနိုင်မှီအချိန်ကတည်းက နန်ဖန်းမြို့မှာ အိမ်တော်ရဲ့ အခြေခံအုတ်မြတ်အတွက် ခြေကုပ်ယူခဲ့ကြသည်။
ထျန်ရှုစီရင်စုအတွင်းတွင် လော့လန်အိမ်တော်နှင့် ယှဉ်နိူင်သော မိသားစုကြီးသုံးစုရှိသေးသည်။တစ်တိုင်းပြည်လုံးအတိုင်းအတာနှင့်ယှဉ်ပါက ထိုမိသားစုသုံးခုသည် လော့လန်အိမ်တော်နှင့် မယှဉ်နိုင်သော်လည်း ထျန်ရှုစီရင်စုအတွင်းတွင် ၎င်းတို့သည် နှစ်ပေါင်းများစွာ သြဇာလွှမ်းမိုးခဲ့ကြသော မိသားစုများဖြစ်ကြသည်။
အိမ်တော်သခင်နှစ်ပါးရှိစဉ်အခါက လော့လန်အိမ်တော်သည် ထွန်းသစ်စနေမင်းကြီးပမာ အထွတ်အထိပ်၌ ရပ်တည်နိုင်ခဲ့သည်။ မိသားစုကြီးသုံးခုစလုံကလည်း လိမ်မာပါးနပ်စွာဖြင့် လော့လန်အိမ်တော်၏ စကားတိုင်းကို လိုက်နာခဲ့ကြသည်။
အိမ်တော်သခင်များ ပျောက်ဆုံးသွားသည်နှင့် လော့လန်အိမ်တော်၏ အကျိုးစီးပွားများကို ထိပါးနှောက်ယှက်လာခဲ့ကြသည်။
ထိုမိသားစုသုံးခုကို နောက်ကွယ်ကနေ ထိန်းချုပ်နေသူရှိကြောင်း ကျန်းချင်းအာထံမှ ချိုင်ဝေ ကြားခဲ့ဖူးသည်။နောက်ကွယ်မှ ထိန်းချုပ်နေသူသည် လော့လန်အိမ်တော်၏ အောက်ဆုံးမျဉ်းကို ထိပါးပြီး အိမ်တော်၏ အခြေနေမှန်ကို စုံစမ်းနိုင်သည်အထိ အင်းအားကြီးမားနိုင်သည်။
စုန်မိသားစု၊ ပိုင်မိသားစုနှင့် တီဖာမိသားစုတို့သည် ထျန်ရှုစီရင်စုအတွင်းရှိ မိသားစုကြီးသုံးခုဖြစ်ကြပြီး အသန်မာဆုံးမိသားစုမှာ စုန်မိသားစုဖြစ်သည်။
စုန်မိသားစုသည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လော့လန်အိမ်တော်၏ စီးပွားရေးလုပ်ငန်းအချို့ကို နည်းမျိုးစုံသုံးပြီးဝါးမြိုခဲ့သည်။
စုန်မိသားစုအကြီးအကဲသည် လော့လန်အိမ်တော်သို့ နှစ်သစ်ကူးချိန်ရောက်တိုင်း မပျက်မကွက် လက်ဆောင်ပို့ပေးနေဆဲပင်...
အပြောင်းအလဲ မြန်ဆန်မှုသည် သိပ်ကို ပြဇာတ်ဆန်လွန်းနေသည်။
အတွေ့ကြုံ ကြွယ်ဝသူ ချိုင်ဝေသည် အချဉ်တစ်ယောက်မဟုတ်ပေ။လော့လန်အိမ်တော်၏ တည်ရှိမှုသည် မိသားစုကြီးသုံးစုကို ဖိနှိပ်ထားသလို ဖြစ်နေခဲ့သည်။လော့လန်အိမ်တော်သည် အတွင်း အပြင် ပြသာနာများနှင့် ကြုံတွေ့နေရသည့်အချိန်၌ အခွင့်ကောင်းဝင်ယူသူများကို အပြစ်မဆိုသာပေ။ သို့ပေမယ့်လည်း ရန်သူ့အား အလေးနက်ထားကာ စောင့်ကြည့်ရပေမည်။
သို့သော်လည်း လော့လန်အိမ်တော်၏ လက်ရှိအခြေနေသည် ထျန်ရှုစီရင်စုအတွင်းရှိ မီးတောက်များကို မငြှိမ်းသတ်နိုင်သေးပေ။လော့လန်အိမ်တော်သည် နေရာပေါင်းစုံမှ ဖိအားပေးခံနေရသည့်အပြင် ဖေဟောင်၏ တည်ရှိမှုကလည်း ချိန်ကိုက်ဗုံးတစ်လုံးသဖွယ် မီးတောက်ထဲသို့ လောင်စာဆီဖြည့်ပေးနေသလို ဖြစ်နေသည်။
ထိုအကျပ်တည်းများကို ဖြေရှင်းနိုင်ရန် ချိုင်ဝေ အကောင်းဆုံးဖြေရှင်းနည်းတစ်ခုကို နက်နက်နဲနဲ စဉ်းစားရပေဉီးမည်။
" ကောင်းကောင်းမလည်ပတ်နိုင်တော့တဲ့ လုပ်ငန်းတွေကို ယာယီရပ်နားထားလိုက်...ပြိုင်ဘက်တွေနဲ့ ရောထွေးနေစရာမလိုဘူး..."
ဘယ်အချိန်မှာ မုသားသုံးသင့်တယ်ဆိုတာ သိဖို့ လိုအပ်ပါတယ်....လော့လန်အိမ်တော်မှာ အခြေနေတွေ တည်ငြိမ်သွားတဲ့အခါ သူတို့ ဝါးမြိုခဲ့သမျှတိုင်းကို ပြန်အန်ထုတ်ခိုင်းရလိမ့်မယ်......
သူမ၏ ဆုံးဖြတ်ချက်ကို ကြားလိုက်သည့်အခါ မန်နေဂျာကုသည် လုပ်ဆောင်သင့်သည်များကို ဆက်လက်လုပ်ဆောင်ရန် ထွက်သွားခဲ့သည်။ထျန်ရှုစီရင်စုတွင် ရှိသော လော့လန်အိမ်တော်၏ အခြေနေသည် သေရေးတမျှ အရေးကြီးသောအခြေနေမဟုတ်ကြောင်း နားလည် သူတို့အားလုံး နားလည်ကြသည်။
ဒေါက်....ဒေါက်.......
တံခါးခေါက်သံကြားလိုက်ရသည့်အတွက် ချိုင်ဝေ့က ဝင်ခွင့်ပြုလိုက်သည့်အခါ ရောက်လာသူမှာ လီလော့ဖြစ်နေခဲ့သည်။
တံခါးဝတွင် တွေ့လိုက်ရသော မန်နေဂျာကုတို့က လီလော့ကို တလေးတစားနှုတ်ဆက်လိုက်ကြပြီး ထွက်သွားကြသည်။
လီလော့ အခန်းထဲသို့ရောက်သောအခါ ချိုင်ဝေက......
"ဘာပြသာနာများရှိလို့လဲ သခင်လေး...."
လီလော့က အရှက်ပြေ ချောင်းဟန့်လိုက်ပြီး....
" အစ်မချိုင်ဝေ ကူညီမှ ဖြစ်မယ့် ပြသာနာလေး နည်းနည်း ရှိလို့ပါ...."
ချိုင်ဝေ မသင်္ကာဖြစ်နေဟန်နဲ့ မျက်ခုံးပင့်လိုက်ပြီး......
" ဘာပြသာနာများလဲ..... "
လီလော့တစ်ယောက် နွေးထွေးသော အပြုံးဖြင့် စကားတစ်ခွန်းချင်းစီတိုင်းကို အထစ်အငေါ့မရှိပြောချလိုက်လေသည်။
"ထွေထွေထူးထူးတော့ မဟုတ်ပါဘူး.....ဟိုရက်က အစ်မချိုင်ဝေ ကျွန်တော့်အတွက် ဝိဉာဉ်ရည်နဲ့ သန့်စင်တဲ့အလင်း အစုံငါးဆယ် ဝယ်ပေးတာ မှတ်မိတယ်မဟုတ်လား.....အခု ကျွန်တော် အစုံ တစ်ရာလောက် ထပ်လိုချင်လို့...."
ထိုစကားကြောင့် ချိုင်ဝေ့ ခင်မျာ တောင့်တင်းသွားပြီး ရွှေရင်အစုံသည်ပင် နှိမ့်ချည်မြင့်ချည် ဖြစ်နေရှာသည်။
" နောက်ထပ် အစုံတစ်ရာ????..... အကုန်လုံးကလဲ အဆင့်လေးတွေ ချည်းပဲ????....."
ချိုင်ဝေ လက်သီးဆုပ်ထားလိုက်မိသည်။
' ထျန်ရှုစီရင်စုမှာ ဘဏ္ဍာထိန်းအဖြစ် မနေ့ တနေ့ကမှ အလုပ်ဝင်ခဲ့တာလေ...အခုတော့ ရက်ပိုင်းအတွင်း ဒေဝါလီ ခံရတော့မလို ဖြစ်နေပြီ.....လော့လန်အိမ်တော်ကို ဖျက်ဆီးလိုက်တဲ့ အပြစ်သား ဖြစ်လာရတော့မှာလား...'
နောက်ဆုံးမှာတော့ ချိုင်ဝေ ဒေါသတွေကို ထိန်းမထားနိူင်တော့ဘဲ စားပွဲခုံကို အရှိန်ပြင်းပြင်း ရိုက်ချလိုက်လေတော့သည်။
"လီလော့....နင်ငါ့ကို အလုပ်ပြုတ်စေချင်နေတာလား!!!!...."