← Chapters

ကံကြမ္မာအပြောင်းအလဲ ( ၁ )

Vol. 14 Ch. 204

ကံကြမ္မာအပြောင်းအလဲ ( ၁ )

Vol. 14 Ch. 204

မီးငြိမ်းသွားပြီး ဘေးပတ်ဝန်းကျင်တွင် မီးရောင်များ ပျောက်ကွယ်သွားသည်နှင့် မရေမတွက်နိုင်သော မကောင်းဆိုးဝါးများက တဟီးဟီးတဟားဟား ရယ်မောလိုက်ကြဟန်တူသည်။ ၎င်းတို့က လောဘများ တဟုန်းဟုန်း တောက်လောင်နေလျက် ရွှီချင်းပေါ်သို့ ခုန်အုပ်လိုက်ကြသည်။

ထိုအချိန်၌ လင်းရှီမီးအိမ်ထက် အဆပေါင်းများစွာ စူးရှတောက်ပသော အလင်းရောင်ပေါ်လာသည်။ လောကကြီးပေါ်သို့ လရောင်ဖြာကျလာသည့်အလားပင်။

မကောင်းဆိုးဝါးများအားလုံး စူးစူးဝါးဝါး အော်ဟစ်သွားကြပြီး ပြာများအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်။

ရွှီချင်း၏ရှေ့၌ တမြေ့မြေ့လောင်ကျွမ်းနေသော ပက်လက်လှန်ထားသည့် ထီးနက်တစ်လက်အသွင် မီးအိမ်တစ်လုံး ပေါ်လာသည်။

ယင်းသည် သက်စောင့်မီးအိမ်ဖြစ်ပြီး ရေသူမကျွန်းမှ သူ ရခဲ့သည့် အထွတ်အထိပ်ရတနာ ဖြစ်သည်။

သက်စောင့်မီးအိမ်မှာ ထွန်းညှိထားခြင်းမဟုတ်ဘဲ အလင်းရောင်က အလိုလို ထွက်ပေါ်လာခြင်း ဖြစ်သည်။

သို့တိုင်အောင် အလင်းက အံ့သြဖွယ်ရာကောင်းသည်။ ရွှီချင်းကို ခုန်အုပ်လိုက်ကြသည့် မကောင်းဆိုးဝါးအရိပ်များမှာ ‘ မီးကိုတိုးသည့် ပိုးဖလံများ ’ ဖြစ်သွားကြသည်။ အရိပ်အများစုမှာ ပျောက်ကွယ်သွားပါသော်လည်း လက်ကျန်အရိပ်များမှာ ကြောက်ရွံ့သွားကြပြီး အနားသို့ ကပ်မလာဝံ့တော့ချေ။

ထိုသို့ဖြစ်ပျက်နေစဉ် ရွှီချင်းမှာ စိတ်ထဲမှနေ၍ သဲလွန်စတစ်ခုကို ရှာတွေ့လိုက်သည်။

ထို့နောက် သူ့ဝိညာဉ်စွမ်းအားများက နှလုံးသားသို့ တဟုန်ထိုး စီးဆင်းသွားပြီး သူ့ခေါင်းတစ်ခုလုံး တဝီဝီမြည်ကာ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ခါသွားပါသော်လည်း လက်ကျန်ဓမ္မတံခါးနှစ်ခု၏ တည်နေရာကို သူ နောက်ဆုံးတွင် ရှာတွေ့လိုက်ရသည်။

ဓမ္မတံခါး ( ၁၂၀ ) …

ချီရွှဲ့ထုံဂိုဏ်းသမိုင်းတစ်လျှောက် ဓမ္မတံခါး ( ၁၂၀ ) အထိ တစ်ယောက်မှ အာရုံမခံဖူးခဲ့ပေ။ ထို့ပြင် ဓမ္မတံခါးများ၏ တည်နေရာကို အခြေတည်အဆင့်သို့ တက်လှမ်းသောအခါမှသာ အာရုံခံနိုင်သည်။

သို့ဖြစ်၍ ထိုအဆင့်တွင် သူတို့ အာရုံခံနိုင်ခဲ့သည့်အရေအတွက်က အကြမ်းအားဖြင့် သူတို့မည်မျှ အစွမ်းထက်လာမည်ကို ဆုံးဖြတ်နိုင်သည်။

အမှန်စင်စစ် ချီရွှဲ့ထုံဂိုဏ်းသာမဟုတ်ပေ၊ ဂိုဏ်းကြီးများနှင့် အင်အားစုကြီးများမှာပင် ထိုကဲ့သို့ လူတစ်ယောက် ထွက်ပေါ်လာရန် အလွန် ရှားပေသည်။

ထို့ကြောင့် ရွှီချင်း ရခဲ့သည့် ကျောက်စိမ်းပေလွှာထဲတွင် ဓမ္မတံခါး ( ၁၂၀ ) ကို ကန့်သတ်ချက်အဖြစ် ဖော်ပြထားခြင်းဖြစ်သည်။ ထိုအဆင့်သို့ ရောက်ပြီးနောက် မည်သို့ဆက်ဖြစ်မည်ကို မရှင်းပြထားပေ။

သို့သော်လည်း ရွှီချင်းသည် ဓမ္မတံခါး ( ၁၂၀ ) ကို အာရုံခံပြီးနောက် ကြည်လင်ပြတ်သားသော အာရုံတစ်ခု ရလိုက်သည်။ ထိုအာရုံအရ ဓမ္မတံခါး ( ၁၂၀ ) သည် ကန့်သတ်ချက်မဟုတ်ကြောင်း သူ ဝိုးတဝါး နားလည်လိုက်သည်။

ထိုဓမ္မတံခါးများကို ယခုအခါတွင် သူ အာရုံမခံနိုင်သေးပေ။ လက်ရှိ သူ အာရုံခံပြီးခဲ့သည့် ဓမ္မတံခါး ( ၁၂၀ ) ကို ဖွင့်ပြီးသောအခါမှသာ ထိုပုန်းကွယ်နေသော ဓမ္မတံခါးများကို သူ ဖော်ထုတ်နိုင်ပေလိမ့်မည်။

သို့သော်လည်း ဓမ္မတံခါး ( ၁၂၀ ) ပြီးနောက် ဓမ္မတံခါးတိုင်းသည် အပြောင်းအလဲကြီးတစ်ခုစီနှင့် ဆင်တူသည်ဟု သူ ရေးတေးတေး ခံစားနေရသည်။ နောင်တွင် ဓမ္မတံခါးတစ်ခု နောက်ထပ် သူ တွေ့လိုက်တိုင်း သူ့ခန္ဓာကိုယ်တွင် ကြီးစွာသော အပြောင်းအလဲတစ်ခု ဖြစ်သွားပေမည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နောက်ထပ်ဓမ္မတံခါးများ ရှာတွေ့ရန် သူ ပြင်းပြင်းထန်ထန် မျှော်လင့်နေပါသော်လည်း ယခုက ထိုအကြောင်း တွေးတောနေရန် အချိန်မဟုတ်သည်ကို သူ သိသည်။ ထိုကိစ္စကို နောက်မှသာ တွေးတောရပေမည်။

“ ဒီတော့ ဒုတိအဆင့်ကို စတာပေါ့။ အခြေတည်အဆင့်ရဲ့ ပထမဓမ္မတံခါးကို ဖွင့်ရမယ် ”

ရွှီချင်းက လေထဲသို့ လက်ဟန်ပြုလိုက်ပြီး နောက်ဆုံးအခြေတည်အဆင့်ဆေးလုံးကို ဖမ်းဆုပ်ကာ မျိုချလိုက်သည်။

သူ့ကိုယ်ထဲတွင် ဝိညာဉ်ပင်လယ် ချက်ချင်း ပေါက်ကွဲထွက်လာပြန်ပြီး လှိုင်းအသစ်အသွင်ဖြင့် သူ ရှာတွေ့ထားသည့် ပထမဓမ္မတံခါးထံ တဟုန်ထိုး ပြေးဝင်သွားသည်။

ပျံသန်းနေသော သတ္တဝါကြီးတစ်ကောင်က အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်လိုက်သည့်အလား ရုတ်တရက် ပြင်းထန်သော ရိုက်ခတ်မှုတစ်ခုကို ရွှီချင်း ခံစားလိုက်ရသည်။ ထိုအချိန်၌ သူ့ခန္ဓာကိုယ်မှာ ပြိုလဲလုဆဲဆဲဖြစ်သွားပြီး သူ့ကိုယ်ပေါ်ရှိ ပထမဓမ္မတံခါး ပွင့်သွားသည်။

လောကကြီးကို ထက်ခြမ်းပိုင်းလိုက်သည့်အလားပင်။

သူ ဖွင့်လိုက်သည့် ဓမ္မတံခါးက အထဲတွင် မီးတောက်များပြည့်လျှံနေသည့် အလင်းဆုံမှတ်တစ်ခုအသွင် ပြောင်းလဲသွားသည်။ ဝိညာဉ်စွှမ်းအားအမြောက်အမြား ဝင်ရောက်သွားပြီး လေပွေတစ်ခုအသွင် ပြောင်းသွား၏။

၎င်းက လည်ပတ်ကာ တဝုန်းဝုန်းမြည်ဟည်းနေပြီး သူ့ခန္ဓာကိုယ်မှ အရှိန်အဝါက သိသိသာသာ ပြောင်းသွားသည်။ မီးတောက်များ မြင့်တက်ကာ ဆက်လက်ပျံ့နှံ့လာစဉ် အတင်းအကြပ် ဖိနှိပ်ခံထားရဟန်တူသော မီးအမျှင်တန်းတစ်ခု လေပွေထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။

ထိုအမျှင်တန်းသည် အခြေတည်အဆင့်ဓမ္မစွမ်းအား ဖြစ်ပေသည်။

ယင်းသည် ချီစုစည်းခြင်းအဆင့် အထွတ်အထိပ်ထက် အဆပေါင်းများစွာ သာလွန်ကာ မတူညီသော အဆင့်တစ်ခုတွင် ရှိပေသည်။

ထိုအမျှင်တန်း ဆက်လက်မြင့်တက်လာသည်နှင့်အမျှ ကြောက်ခမန်းလိလိအပူဓာတ်များနှင့်အတူ စူးရှတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ရာ ရွှီချင်း၏ခန္ဓာကိုယ် လင်းထိန်သွားသည်။

ရွှီချင်း၏ ဓမ္မတံခါးထဲရှိ ဝိညာဉ်ပင်လယ်မှာ ချီစုစည်းခြင်းအဆင့်တွင် ရှိစဉ်က ပေငါးထောင်အမြင့်အထိ ရောက်ခဲ့ခြင်းကြောင့် သာမန်ကျင့်ကြံသူများ၏ ဝိညာဉ်ပင်လယ်ထက် သာလွန်သည်။ ယင်းအားသာချက်သည် အခြေတည်အဆင့်သို့ သူ ရောက်သွားသောအခါတွင် သိသိသာသာ ပေါ်လွင်နေပေ၏။

သူ၏ဓမ္မတံခါးသည် ပေငါးထောင်ရှည်သော ဝိညာဉ်ပင်လယ်မှ ဖြစ်လာသည့်လေပွေကို ထည့်သွင်းထားနိုင်ပြီး ယင်းမှ ထွက်လာသည့် ဓမ္မစွမ်းအားများက များစွာ သိပ်သည်းထူထပ်သည်။

ဓမ္မစွမ်းအားများ ပေါ်လာပြီး ရွှီချင်း၏ အရှိန်အဝါ ပြောင်းလဲသွားသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ ခန္ဓာကိုယ်ထဲတွင် ဓမ္မစွမ်းအားများ အလျင်အမြန် လည်ပတ်လာသည်။ ဓမ္မစွမ်းအားများ ဖြတ်သန်းသွားသည့်အခါတိုင်း သူ့ခန္ဓာကိုယ်တွင် မိုးမြေတုန်ဟီးနိုင်သည့် အပြောင်းအလဲများ ဖြစ်ပေါ်သွားသည်။

ပထမဦးစွာ သူ၏သွေးကြောများပင်။ ဓမ္မစွမ်းအားများ ဖြတ်သန်းသွားသည့်အခါ သူ့သွေးကြောများက ပို၍ပင် ကျစ်လျစ်တောင့်တင်းလာသည်။ သွေးကြောများထဲတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ကမ္ပည်းစာများကိုပင် ခပ်ရေးရေး မြင်နိုင်သည်။

နောက်တစ်ခုမှာ အသွေးအသားများပင်။ ဓမ္မစွမ်းအားများ အလျင်အမြန် စိမ့်ဝင်သွားသည်နှင့် အသွေးအသားများက တစ်ဆင့်ချင်း ပြောင်းလဲသွားသည်။ အသေးစိတ်ကြည့်ရှုမည်ဆိုပါက အသွေးအသားများထဲရှိ ဆဲမှုန်လေးများက သိသိသာသာ ပြောင်းလဲလာသည်ကို မြင်နိုင်မည်ဖြစ်သည်။

ယင်းနောက် အရိုးနှင့် ကိုယ်တွင်းအင်္ဂါများပင်။ ယခုအခါ တဝုန်းဝုန်းမြည်ဟည်းသံများ ထွက်ပေါ်နေပြီဖြစ်ပြီး သူ့အရိုးများက ပို၍ မာကြောကာ အရိုးများပေါ်တွင်လည်း ကမ္ပည်းစာများ ပေါ်လာသည်။ သူ၏ကိုယ်တွင်းအင်္ဂါများတွင်လည်း ထိုနည်းတူပင်။

ယင်းသည် ဓမ္မခန္ဓာဖြစ်၏။

ကျင့်ကြံသူတစ်ယောက် အခြေတည်အဆင့်သို့ ရောက်သွားခြင်းသည် သစ်ရွက်လေးတစ်ရွက် အသက်ဝင်လာသည်နှင့် ဆင်တူပြီး သာမန်အနေအထားမှ မှော်တန်ခိုးများ ပိုင်ဆိုင်သည့်အနေအထားသို့ ပြောင်းလဲသွားပေသည်။

ဓမ္မခန္ဓာဖြစ်လာပြီး ဓမ္မစွမ်းအားများ ပျံ့နှံ့သွားသည်နှင့် ရွှီချင်း၏ခန္ဓာကိုယ်မှ ချီစုစည်းခြင်းအဆင့်ထက်သာလွန်သော အငွေ့အသက်တစ်ခု တဟုန်းဟုန်း ထွက်ပေါ်လာသည်။ ၎င်းက နေရာအနှံ့ ပျံ့လွင့်သွားသောအခါတွင် ရွှီချင်းသည် မျက်လုံးများကို ဖွင့်လိုက်ရာ စူးရှတောက်ပသော ခရမ်းရောင်ဝင်းလက်သွားသည်။

အခြေတည်အဆင့်ကျောက်စိမ်းပေလွှာထဲတွင် တားမြစ်ပင်လယ်ဝေလနဂါးကို ကျင့်ကြံနိုင်ခဲ့သည့် ဂိုဏ်းသားများက အခြေတည်အဆင့်သို့ ရောက်သောအခါ သာမန်ဂိုဏ်းသားများထက် ဒုတိယမြောက်ဓမ္မတံခါးကို ပို၍ မြန်ဆန်စွာ ဖွင့်နိုင်ကြသည်။

သူတို့ အခြေတည်အဆင့်သို့ ရောက်သွားပြီး ဒုတိယတံခါးကို ဖွင့်သောအခါ တခြားလူများနှင့်ယှဉ်လျှင် သူတို့ခန္ဓာကိုယ်ကို တိုးတက်သွားစေမည့် ထပ်ဆောင်းအခွင့်အရေးတစ်ခုအား ရရှိသွားမည်ဖြစ်သည်။ ယင်းသည် အခြေတည်အဆင့်သို့ ရောက်သည်နှင့် ကြိုးစားရသောအရာဖြစ်သည်။ နောင်တွင် တခြားဓမ္မတံခါးများကို ဖွင့်ပါက ထိုသို့ မြန်ဆန်နေမည်တော့ မဟုတ်ပေ။

All Chapters