ကံကြမ္မာအပြောင်းအလဲ ( ၂ )
Vol. 14 Ch. 205
ယင်းအခွင့်အရေးသည် အလွန် အဖိုးတန်သည်။ ထို့ပြင် ထိုဓမ္မတံခါးသည် သူ၏ ဒုတိယမြောက် မွေးရာပါတံခါးတစ်ချပ် ဖြစ်လာတော့မည်ဖြစ်သည်။
ရွှီချင်းက လက်ကို ခပ်ကြမ်းကြမ်း ဝှေ့ယမ်းလိုက်ရာ သူ့ခန္ဓာကိုယ်အပြင်ဘက်တွင် တားမြစ်ပင်လယ်ဝေလနဂါး ပေါ်ထွက်လာသည်။
၎င်း၏ အရွယ်အစားမှာ ချုံ့ခံထားရသည်ဖြစ်၍ လက်သီးတစ်လုံးအရွယ်အစားသာ ရှိသည်။ ရွှီချင်းက ပါးစပ်ကို ဟ၍ ၎င်းကို မျိုချလိုက်ရာ ရှဲကျင်းလုံက ပျော်ရွှင်မြူးထူးစွာ အော်ဟစ်၍ သူ့ခန္ဓာကိုယ်ထဲရှိ ဒုတိယမြောက်ဓမ္မတံခါးဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်သွားသည်။
ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ ဒုတိယမြောက်ဓမ္မတံခါး ပွင့်သွားသည်။
ရှဲကျင်းလုံက အထဲသို့ ဝင်ရောက်သွားပြီးနောက် ပေငါးထောင်ရှည်သော ဝိညာဉ်ပင်လယ်ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ မီးတောက်များ တဟုန်းဟုန်းမြင့်တက်လာပြီး တောက်လောက်နေသော ပင်လယ်ထဲမှ ဒုတိယမြောက် ဓမ္မစွမ်းအားအမျှင်တန်း ထွက်ပေါ်လာသည်။
ဒုတိယမြောက်ဓမ္မစွမ်းအားအမျှင်တန်းက ထွက်လာပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားကာ ဓမ္မခန္ဓာအား ထပ်မံ၍ အားဖြည့်တင်းပေးနေသည်။
တချိန်တည်းမှာပင် ဘေးပတ်ဝန်းကျင်မှ မကောင်းဆိုးဝါးအရိပ်များသည် ထိုအချင်းအရာကို မြင်၍ အလွန် တပ်မက်သွားကြပြီး ထပ်မံချဉ်းကပ်လာကာ ထီးနက်အသွင် မီးအိမ်ကို ချုပ်နှောင်ရန် ကြိုးစားလိုက်ပါသော်ငြား မအောင်မြင်ပေ။
သို့သော်လည်း သည်းခြေခိုက်လုမတတ် လေအေးတစ်ချက်က မိုးသက်မုန်တိုင်းအလား ပြင်းထန်စွာ တိုက်ခတ်လာသည်။ မကောင်းဆိုးဝါးအရိပ်များထဲရှိ မိစ္ဆာတစ်ကောင်မှာ အလွန် လိုချင်တပ်မက်သွားပြီး မီးကို ကြမ်းတမ်းစွာ မှုတ်လိုက်သည့်အလားပင်။
သက်စောင့်မီးအိမ်ကို ငြိမ်းသက်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါသော်ငြား အတန်ငယ်ကြာသည်အထိ အလင်းရောင်ဖျော့တော့သွားသည်။ ထိုသို့ အလင်းရောင်ဖျော့သွားသည့်အချိန်ကို အခွင့်အရေးယူ၍ ထိုမမြင်နိုင်သော သတ္တဝါသည် စိတ်လှုပ်ရှားစွာဖြင့် ဟစ်ကြွေး၍ တစ္ဆေအငွေ့အသက်ကို ထုတ်လွှတ်လိုက်ရာ ရွှီချင်း၏မျက်ခုံးမွေးနှစ်ခုကြားသို့ အလျင်အမြန် ချဉ်းကပ်သွားသည်။
သို့သော်လည်း သက်စောင့်မီးအိမ် ပြန်လည်တောက်ပလာသည့်အတွက်ကြောင့် အနှီတစ္ဆေအငွေ့အသက်မှာ လက်လျော့လိုက်ရန်မှတစ်ပါး ရွေးချယ်စရာမရှိ ဖြစ်သွားသည်။ ၎င်းမှာ ကူကယ်ရာမဲ့စွာဖြင့်သာ နောက်သို့ပြန်ကျုံ့သွားသည်။
ထိုအခိုက် အစောပိုင်းက ရွှီချင်း ဖိနှိပ်ထားခဲ့သည့် မြေပြင်ပေါ်မှ အသက်မဲ့နေသော အရိပ်သည် အရသာရှိသော အငွေ့အသက်ကို အာရုံခံမိသွားဟန်တူပြီး တစ္ဆေဆီသို့ ဆတ်ခနဲ ပြေးဝင်သွားသည်။
တစ္ဆေ မလှုပ်ရှားနိုင်ခင် အရိပ်က အနီးသို့ ချက်ချင်း ရောက်သွားပြီး ပါးစပ်ကိုဟ၍ မုန့်များ စားလိုက်သည့်အလား တဂျွတ်ဂျွတ်စားကာ မျိုချလိုက်သည်။
အမျိုးအမည်ခွဲခြားရခက်သော သတ္တဝါတစ်ကောင်၏ ဟိန်းဟောက်သံများကြားတွင် ၎င်းသည် အားရကျေနပ်သွားဟန်ဖြင့် လေချဉ်တက်လိုက်သည်။ ပြီးသည်နှင့် ရွှီချင်းကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် ကြည့်လိုက်၏။
သို့သော်လည်း နောက်ဆုံးတွင် ၎င်းမှာ ချုပ်နှောင်ခံခဲ့ရသည့်မှတ်ဉာဏ်များကို ပြန်တွေးမိလိုက်ပြီး တဆတ်ဆတ် တုန်ခါသွားကာ မလှုပ်ရှားဝံ့တော့ချေ။ ၎င်းက ရွှီချင်း၏ခြေထောက်ဆီသို့ ပြန်သွားကာ အသက်မဲ့ပြီး စိတ်ထိခိုက်နေသည့်အသွင်အပြင်ဖြင့် စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။
ဘေးပတ်လည်မှ မကောင်းဆိုးဝါးများမှာ အတန်ငယ် ငြိမ်ကျသွားသည်။ ငါးအုပ်ကြီးထဲ ငါးမန်းတစ်ကောင် ရောက်နေသည့်အလားပင်။ ၎င်းတို့မှာ တစ်ပြိုင်နက်တည်း အလျှိုအလျှို နောက်ဆုတ်သွားကြပြီး ပျောက်ကွယ်သွားကြသည်။
ရွှီချင်း၏မျက်လုံးများ ဖျပ်ခနဲ ပွင့်လာပြီး အရိပ်ကို လှမ်းကြည့်လိုက်သည်။
အရိပ်မှာ တုန်ရီသွားပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်တွင် အက်ကွဲကြောင်းများ ပို၍ပင် ထွက်ပေါ်လာသည်။ ထိုအက်ကွဲကြောင်းများက အစစ်လား၊ အတုလား ဆိုသည်ကိုတော့ အရိပ်ကိုယ်တိုင်သာ သိပေမည်။
ရွှီချင်း၏ မျက်လုံးများ မှေးသွားသည်။ သူက အကြည့်ကို ရုတ်သိမ်းလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုအချိန်၌ သူ့ဓမ္မခန္ဓာကိုယ်က ကြီးထွားလာပြန်သည်။ သူ့ပတ်လည်တွင် ဝုန်းခနဲ မြည်ဟည်းသံ ပဲ့တင်ထပ်သွားသည်။ ယင်းသည် သူ့နှလုံးခုန်သံ ဖြစ်သည်။
စစ်ဗုံကြီးများအား တီးနှက်လိုက်သည့်အလားပင်။
ဒုတိယမြောက် ဓမ္မစွမ်းအားအငွေ့အသက်က ပထမဓမ္မစွမ်းအားအငွေ့အသက်နှင့် အလျင်အမြန် ပေါင်းစည်းသွားပြီး ဓမ္မစွမ်းအားစီးကြောင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။
ထိုဓမ္မစွမ်းအားစီးကြောင်းသည် ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် မီးတောက်များဖြင့် ပြည့်နှက်သွားစေပြီး သူ့ဓမ္မတံခါးများထဲရှိ မီးတောက်များက ဝိညာဉ်ပင်လယ်ပေါ်တွင် တဟုန်းဟုန်း တောက်လောင်နေသည်။
သူ့အရှိန်အဝါက ယခင်ကထက် အဆပေါင်းများစွာ အားကောင်းလာပြီး ပြန်လည်နှိုင်းယှဉ်ကြည့်ရန်ပင် မဖြစ်နိုင်ချေ။ အဆင့်အတန်းချင်း အလွန် ကွာခြားသွားပြီဖြစ်သည်။ အမှန်စင်စစ် ရွှီချင်းသည် သူ ရင်ဆိုင်တွေ့ခဲ့ရသည့် အခြေတည်အဆင့်ကျင့်ကြံသူများနှင့်ပင် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ ဓမ္မတံခါးများအရ သူတို့ကြားတွင် ကွာဟချက်လေးတစ်ခု ရှိနေသည်ကို တွေ့လိုက်သည်။
ထိုသူများ၏ ခန္ဓာကိုယ်များပေါ်မှ ဓမ္မတံခါးများသည် သူ့ဓမ္မတံခါးများကဲ့သို့ ဝင်းလက်တောက်ပခြင်း မရှိပေ။
“ ဓမ္မတံခါးတွေကို ဖွင့်တဲ့ရည်ရွယ်ချက်က သက်စောင့်မီးတောက်ကို ကျင့်ကြံဖို့ပဲ။ ဓမ္မတံခါးသုံးဆယ်က သက်စောင့်မီးလုံးတစ်လုံး ဖြစ်လာနိုင်တယ် ”
“ သက်စောင့်မီးတောက်ပေါ်လာရင် အခြေတည်အဆင့်အစောပိုင်းကို ရောက်မှာပဲ။ ဒုတိယမြောက်သက်စောင့်မီးလုံးက အခြေတည်အဆင့်အလယ်ပိုင်းကို ရောက်တာ ”
“ သက်စောင့်မီးလုံး ပေါ်လာမှပဲ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ အမှတ်အသားဖြစ်တဲ့ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ငါ ထုတ်ဖော်နိုင်မှာ ”
ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ အခြေတည်အဆင့်အကြောင်း ကျောက်စိမ်းပေလွှာအရ အခြေတည်အဆင့်ကျင့်ကြံသူများသည် သက်စောင့်မီးလုံးကို ရရှိသွားပြီးနောက် မလိုအပ်ဘဲ မထွန်းညှိကြကြောင်း သူ သိခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယောက်အသွင်သဏ္ဍာန်က အားအင်များစွာ ကုန်ခမ်းစေသည့်အတွက်ကြောင့် ဖြစ်သည်။
သို့သော်လည်း ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းလိုက်သည်နှင့် သူတို့၏ အတိုက်အခိုက်စွမ်းအားမှာ ကြောက်ခမန်းလိလိ တိုးတက်သွားမည် ဖြစ်သည်။
သို့ဖြစ်၍ သက်စောင့်မီးလုံး ထုတ်ဖော်နိုင်ကြသည့် အခြေတည်အဆင့်ကျင့်ကြံသူအားလုံးနီးပါး တိုက်ခိုက်နေစဉ်အတောအတွင်း ရန်သူကို သတ်တော့မည့်အခါမှသာ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းကြသည်။ သူတို့က ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်မသွင်းသည့်တိုင်အောင် သူတို့၏မန္တန်များနှင့် ဓမ္မခန္ဓာကိုယ်တို့ကြောင့် အစွမ်းထက်နေပြီးသား ဖြစ်သည်။
“ ကြည့်ရတာ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက ဓမ္မတံခါးသုံးဆယ်ကို မဖွင့်နိုင်သေးတဲ့ပုံပဲ။ အဲဒါကြောင့် အရင်တုန်းက တိုက်ပွဲက အဲဒီလိုဖြစ်သွားရတာ။ ငါ ဓမ္မတံခါးသုံးဆယ်ကို မြန်မြန်ဖွင့်နိုင်အောင် လုပ်ရမယ် ”
ရွှီချင်း၏ မျက်လုံးများထဲတွင် ပြင်းပြသော မျှော်လင့်ချက်များ၊ သတိထားနေသည့်အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။ သူ သတိထားနေရသည်မှာ အခြေတည်အဆင့်ကျင့်ကြံသူများက သူ ထင်ထားသကဲ့သို့ မရိုးရှင်းသောကြောင့် ဖြစ်သည်။ နောင်တွင် သက်စောင့်မီးလုံးကို သူ ထုတ်ဖော်နိုင်ခဲ့ပြီး ရွှမ်ယောက်အသွင်သဏ္ဍာန်ကို အသက်သွင်းနိုင်ရန် မျှော်လင့်နေသည်။ ယင်းအပြင် သူ့မှာလည်း သက်စောင့်မီးအိမ် ရှိနေ၏။
“ ဂိုဏ်းကြီးတွေနဲ့ အင်အားကြီးအုပ်စုတွေက ကျင့်ကြံသူတွေအားလုံး လိုချင်နေတဲ့ သက်စောင့်မီးအိမ် … သက်စောင့်မီးအိမ်မှာ သက်စောင့်မီးလုံးနှစ်လုံးရှိတယ်။ ဒါပေမဲ့ ငါ အဲဒါကို အသုံးချချင်ရင် သက်စောင့်မီးလုံးတစ်လုံး ရအောင်လုပ်ရမှာ။ အဲဒါမှ ငါ့ခန္ဓာကိုယ်ထဲမှာ အဲဒါကို ထွန်းညှိနိုင်မှာ ”
“ ပထမသက်စောင့်မီးလုံးကို ငါ ကျင့်နိုင်သွားလို့ သက်စောင့်မီးအိမ်ပေါ်မှာ အဲဒီမီးလုံးကို ထားလိုက်ရင် သက်စောင့်မီးလုံးနှစ်လုံးစာ အစွမ်းကို ငါ ရမှာပဲ။ အဲဒါဆိုရင် အခြေတည်အဆင့်အစောပိုင်းနဲ့ အခြေတည်အဆင့်အလယ်ပိုင်းက ကျင့်ကြံသူတွေကို ငါ တိုက်ခိုက်နိုင်မယ်။ ပြီးတော့ ငါ့ဓမ္မတံခါးတွေအရတော့ တခြားလူတွေထက် ရွှမ်ယောက်အသွင်သဏ္ဍာန်ကို ငါ ပိုကြာကြာထိန်းထားနိုင်လောက်မယ် ”
ရွှီချင်းက သူ့ရှေ့မှ ထီးနက်အသွင် သက်စောင့်မီးအိမ်ကို စူးရှတောက်ပသောအကြည့်ဖြင့် ကြည့်လိုက်သည်။ သူက မီးအိမ်ကို ကောက်ယူပြီးနောက် မီးအလင်းရောင်ကြောင့် သူ့မျက်လုံးများထဲမှ အလင်းက ပို၍ပင် တောက်ပလာသည်။
“ ငါ အရင်ဆုံး သက်စောင့်မီးအိမ်ကို သိမ်းထားရမယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ သိမ်းထားတာကတော့ အလုံခြုံဆုံးပဲ ”
ရွှီချင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲရှိ ဓမ္မတံခါးနှစ်ခုမှ ဓမ္မစွမ်းအားများ အပြင်ဘက်သို့ ထွက်လာသည်။ ထိုစွမ်းအားများက သူ့လက်ထဲရှိ သက်စောင့်မီးအိမ်ကို လွှမ်းခြုံလိုက်ရာ သက်စောင့်မီးအိမ်မှာ ထူးဆန်းစွာ ဖောက်ထွင်းမြင်လာရပြီး ထိုစွမ်းအားများနှင့် ပေါင်းစည်းသွားသည်။
ထိုဓမ္မစွမ်းအားများ ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားသောအခါ ထီးနက်ပုံစံသက်စောင့်မီးအိမ်မှာ ဒန်တျန်ထဲတွင် ပေါ်လာသည်ကို ရွှီချင်း ချက်ချင်းခံစားမိလိုက်သည်။ အမျိုးအမည်ခွဲခြားရခက်သော ဆန်းကြယ်သည့်အငွေ့အသက်ရှိနေသော ထီးရွက်လေးက ဖြည်းညင်းစွာ ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေသည်။ ထိုထီးလေး ဖွင့်ပြီး ပြန်ပိတ်သွားတိုင်း ၎င်းထံမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါ လွင့်ပျံလာသည်။
ထိုသက်စောင့်မီးအိမ်ထီးနက်လေးက အကြိမ်များစွာ ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေပြီးနောက် ရပ်တန့်သွားကာ ရွှီချင်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး ရွှီချင်း၏ခန္ဓာကိုယ်ထဲတွင် ရှေးဟောင်းအငွေ့အသက်တစ်မျိုး အမြစ်တွယ်သွားသည်။
ထီးနက်လေးသည် ရွှီချင်း၏ခေါင်းထက်တွင် အမိုးအကာတစ်ခုအလား ခပ်ရေးရေးပေါ်လာသည်။ ၎င်း၏ အလင်း ကျဆင်းသွားသည့်အခါတိုင်း ၎င်းက အကာအကွယ်လှိုင်းများကို ထုတ်လွှတ်ပေးလေရာ ရွှီချင်း၏ စိတ်မှာ မယုံကြည်စရာကောင်းလောက်အောင် တည်ငြိမ်လာသည်။
သူ၏ဓမ္မတံခါးများသည်လည်း တိုးတက်သွားသည်။ သူ့ဝိညာဉ်ပင်လယ်လည်ပတ်သွားသည့် အမြန်နှုန်းက ပို၍ပင် မြန်ဆန်သွားပြီး ဓမ္မစွမ်းအားများသည်လည်း ပို၍ များပြားလာသည်။
အမှန်စင်စစ် ဓမ္မစွမ်းအားများထဲတွင် ထီးနက်၏ အရှိန်အဝါဖျော့ဖျော့ပင် ရှိနေသည်။ ၎င်းက ရှေးဟောင်းအငွေ့အသက်တစ်မျိုးနှင့် အပူဓာတ်ကို ထုတ်လွှတ်ပေးပြီး ရွှီချင်း၏ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားလေရာ သူ့တစ်ကိုယ်လုံး အလွန် ပူပြင်းလာသည်။ ထိုအချိန်၌ သူ့အဝတ်အစားများသည်ပင် ပြာများ ဖြစ်သွားသည်။
အပူဓာတ်က အပြင်ဘက်သို့တိုင်အောင် ပျံ့နှံ့သွားသည်။ ဂူက ချက်ချင်း ခြောက်ကပ်သွားပြီး အက်ကွဲကြောင်းများ ထလာကာ အပြင်ဘက်မှ ရေများသည်လည်း မျက်တောက်တစ်ချက်ခတ်အတွင်း အငွေ့ပျံသွားသည်။ သစ်ပင်များ တမြေ့မြေ့လောင်ကျွမ်းကာ ပြာများ ဖြစ်သွားသည်။ တချိန်တည်းမှာပင် ထိုအပူဓာတ်သည် အရပ်မျက်နှာအနှံ့ ဆက်လက်ပျံ့နှံ့သွားပြီး တောအုပ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အခိုးအငွေ့များ သိပ်သည်းထူထပ်လာပြီး မြေပြင်တွင် မြေအက်ကြောင်းများ ထလာသည်။ သစ်ပင်များအားလုံး ပြာများဖြစ်သွားသည်။ ပေသုံးသောင်းကျော်ပတ်လည်နေရာတစ်ခုလုံး ထိုသို့ ဖြစ်သွား၏။
မြေပြင်မှာ ခြောက်ကပ်လွန်း၍ နှစ်ပေါင်းတစ်ရာကျော်သည်အထိ နေရောင်ခြည်နှင့် တရစပ် ထိတွေ့ခံလိုက်ရသည့်အလားပင်။
ခြောက်ကပ်ကပ်မြေပြင်အလယ်ဗဟိုရှိ ရွှီချင်း၏ဂူထဲမှ မြေသားမှာ ပူပြင်းလွန်းလှသည့်အတွက်ကြောင့် အနက်ရောင်မြေစိုင်ခဲများအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ရွှီချင်းသည် တည်ငြိမ်သောအမူအရာဖြင့် မျက်လုံးများကို မှိတ်၍ ထိုင်နေသည်။
တခြားအခြေတည်အဆင့်ကျင့်ကြံသူများသာ ရွှီချင်း၏ခန္ဓာကိုယ်ကို မြင်သွားမည်ဆိုပါက အလွန် အံ့သြတုန်လှုပ်သွားပေမည်။ မည်သည့်အတွက်ကြောင့်ဆိုရသော် သူတို့၏ အလွန်သေးငယ်သော ဓမ္မတံခါးများနှင့် ယှဉ်ပါက ရွှီချင်း၏ ဓမ္မတံခါးများသည် အဆမတန် ကြီးမားနေသည့်အတွက်ကြောင့်ပင်။ သူ့ကိုယ်ထဲတွင် သူ့ဝိညာဉ်ကို ကာကွယ်ပေးနေသော ထီးနက်ကြီးတစ်လက်လည်း ရှိသည်။
ထီးနက်က ဝင်းလက်တောက်ပနေပြီး ခန္ဓာကိုယ်တစ်ခုလုံး လင်းထိန်နေပေရာ အလင်းများ ခန္ဓာကိုယ်အပြင်ဘက်သို့ လွင့်ပျံသွားပြီး ကောင်းကင်နန်းတော်ကို ပြသနေသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ မျက်လုံးများ ပွင့်လာသည်။