← Chapters

လူတစ်ယောက်၏ နေဝင်ချိန် ( ၁ )

Vol. 4 Ch. 47

လူတစ်ယောက်၏ နေဝင်ချိန် ( ၁ )

Vol. 4 Ch. 47

နန်းဟွမ်ဒေသကြီး၏ အရှေ့စူးစူးအရပ်တွင် ယခုအခါ နွေရာသီကျရောက်လာပြီ ဖြစ်သည်။ မိုးတစ်ဖြောက်နှစ်ဖြောက် ရွာနေဆဲဖြစ်ပါသော်လည်း ရာသီဥတုက တဖြည်းဖြည်း ပူပြင်းလာသည်။

“ ငါးလပိုင်း ရောက်ပြီပဲ ”

ယနေ့ နေမင်းကြီးက ကောင်းကင်ယံမြင့်မြင့်၌ ရှိနေသည်။ သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲထဲမှ ထွက်ခွာလာပြီးနောက် ရွှီချင်းသည် ကောင်းကင်ပြာပြာနှင့် အရှိန်တညီးညီး တောက်ပနေသော နေမင်းကြီးကို ကြည့်၍ တီးတိုးရေရွတ်လိုက်ခြင်း ဖြစ်ပေသည်။

စခန်းကို သူ ရောက်ခဲ့သည့် နှစ်လက မသိလိုက်မသိဘာသာဖြင့် ကုန်လွန်သွားခဲ့ပြီဖြစ်သည်။

လွန်ခဲ့သော နှစ်လအကြာက သွေးမိုးများရွာကျနေသော မြို့ပျက်ကြီးထဲရှိ သူ့အတွေ့အကြုံများကို ပြန်တွေးမိလိုက်သည်။ အချိန်များစွာ ကုန်လွန်သွားခဲ့ပြီဖြစ်ပါသော်လည်း ထိုမှတ်ဥာဏ်များက ရွှီချင်း၏ရင်ထဲတွင် အသစ်အတိုင်း ရှိနေဆဲပင်။

ပြီးခဲ့သော နှစ်လကျော်ကျော်က ဆင်းရဲသားရပ်ကွက်၌ နေထိုင်ခဲ့စဉ်အခါကနှင့် ယှဉ်လျှင် သူ၏ခန္ဓာကိုယ်၌ ကြီးစွာသော အပြောင်းအလဲများ ရှိနေပြီဖြစ်သည်။

ကျင့်ကြံခြင်းအရဖြစ်စေ၊ အပင်နှင့်အသီးအရွက်ဗဟုသုတအရဖြစ်စေ အဆက်မပြတ် တိုးတက်နေသည်ဟု သူ ခံစားနေရသည်။

ထိုကာလအတွင်း ခေါင်းဆောင်လဲ့၏ အစားအသောက်ကောင်းများကြောင့် သူ အစာများစွာ စားခဲ့သည်။ ထို့ကြောင့် မူလက သေးနုပ်နေခဲ့သော သူ့ခန္ဓာကိုယ်က အနည်းငယ် ကျစ်လျစ်တောင့်တင်းလာခဲ့သည်။

တောင်တန်းပင်လယ်ပညာရပ်ကို လေ့ကျင့်သည့်အတွက်ကြောင့်လည်း သူ၏ယန်ချီနှင့် သွေးများက အလွန် သန့်စင်လာသည်ဖြစ်၍ သူ့ကိုကြည့်လိုက်သည်နှင့် စူးရှပြတ်သားသောလူတစ်ယောက်အသွင် မြင်မိစေသည်။

ဘုရားကျောင်းထဲမှ ဓားမော့ဓားချက်ကို တုပ၍ လေ့ကျင့်နေသည့်အတွက်ကြောင့်လား မသိရပါသော်လည်း ရွှီချင်း၏မျက်လုံးများက တခြားလူများထက် များစွာ စူးရှတောက်ပလာခဲ့သည်။ ထိုဓားကွက်ကို သူ ပို၍ တုပလာသည်နှင့်အမျှ သူ့မျက်လုံးများ ပို၍ စူးရှတောက်ပလာသည်။

အထူးသဖြင့် သမားတော်ကြီးပိုင်၏ သင်ခန်းစာများကို သွားရောက်နားထောင်သည့်အတွက် ဆေးပညာဗဟုသုတများ တိုးပွားလာပြီး သူ၏အကျင့်စရိုက်သည်လည်း စာပေသမားစရိုက်မျိုး ဖြစ်လာသည်။

ထိုအခြင်းအရာအားလုံးက လက်နှစ်ဖက်ကိုသာ ဆေးကြောလေ့ရှိသာ ရွှီချင်းကို ဖုံအလိမ်းလိမ်း ပေရေနေသော မျက်နှာဖြင့် ရှိနေသည့်တိုင်အောင် သူ၏ နူးညံ့ချောမွတ်သော အသွင်အပြင်ကို လှစ်ဟပြသနေပေသည်။

သို့ဖြစ်၍ ငှက်တောင်များနှင့် ရွက်ဖျင်တဲများရှိ ပြည့်တန်ဆာများက သူ့ကိုမြင်လျှင် မျက်လုံးရွဲကြီးများဖြင့် လှမ်းခေါ်လေ့ရှိသည်။

သို့သော် ရွှီချင်းက ထိုအခြင်းအရာများကို ဂရုမစိုက်ချေ။ ဤရက်များအတွင်း သူ၏စိတ်အခြေအနေက သုန်မှုန်နေသည်။

တစ်ဖက်တွင် ကောင်းကင်ကြမ္မာပန်းပွင့်ကို သူ ရှာမတွေ့သေးချေ။ တခြားတစ်ဖက်တွင် ခေါင်းဆောင်လဲ့၏ အိုမင်းရင့်ရော်လာသော ရုပ်ရည်သွင်ပြင်က တစတစ သိသာလာသည်။

ထို့ကြောင့် တားမြစ်နယ်မြေထဲကို ရွှီချင်း သိပ်မသွားတော့ပေ။ သမားတော်ကြီးပိုင်၏ သင်ခန်းစာချိန် ပြီးဆုံးသွားတိုင်း သူ့အိမ်ကို တန်းပြန်လေ့ရှိသည်။ သူသည် အချိန်အများစု၌ တစ်ယောက်တည်း လေ့ကျင့်လေ့ရှိပါသော်လည်း တခြားတစ်ဖက်ခန်းတွင် ခေါင်းဆောင်လဲ့ကို အာရုံခံမိသောအခါ များစွာ စိတ်သက်သာရာရလာသည်။

ညတိုင်း ညစာစားသည့်အချိန်ကို သူ ပို၍ပင် တန်ဖိုးထားလာသည်။

ယနေ့သည်လည်း ပုံမှန်အတိုင်းပင်။ စခန်းထဲ၌ တိတ်ဆိတ်စွာ လျှောက်နေသော ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ရှိ ရတနာမုဆိုးများနှင့် စကားပြောဆိုမနေဘဲ ကုန်စုံဆိုင်လေးဆီကို ဦးတည်သွားသည်။

အလုပ်ရှုပ်နေသော မိန်းကလေးသည် သူ့ကို မြင်သောအခါ ချက်ချင်းပင် ကောင်တာနောက်သို့ ပြေး၍ အရက်တစ်ပုလင်း ထုတ်လာကာ သူ့ကို ပေးလိုက်သည်။

ဤရက်ပိုင်းအတွင်း ထိုသို့လုပ်ရသည်ကို သူမ အသားကျနေပြီဖြစ်သည်။ ရွှီချင်းသည် ဤအချိန်ရောက်တိုင်း အရက်လာဝယ်လေ့ရှိ၏။

“ ကျေးဇူးပဲနော် ”

ရွှီချင်းသည် ညင်သာစွာ ပြောလိုက်ပြီး မိန်းကလေး၏မျက်နှာပေါ်ရှိ အမာရွတ်ကို ကြည့်လိုက်သည်။

မိန်းကလေးသည် အရုပ်ဆိုးစေသော အမာရွတ်ရှိပါသော်လည်း လွန်စွာ စိတ်သဘောထားပြည့်ဝသူလေး ဖြစ်သည်။ သူမသည် ရွှီချင်းကို ပြုံးပြလိုက်ပြီး တစ်စုံတစ်ခု ပြောမည်ပြုစဉ် တခြားရတနာမုဆိုးက သူမအား လှမ်းခေါ်လိုက်သည်။

ထို့အတွက် ရွှီချင်း စိတ်ထဲမထားပေ။ အရက်ပုလင်းကို ယူလိုက်ပြီး ထွက်ခွာသွားနေစဉ် သူ၏နောက်ကျောကို မိန်းကလေးက ရိပ်ခနဲ လှမ်းမြင်လိုက်ရသည်။ သူမသည် ရတနာမုဆိုးကို ခပ်သွက်သွက် ပြောလိုက်ပြီး ဆိုင်တံခါးဆီကို ပြေးသွားသည်။ ရွှီချင်းက ထွက်သွားတော့မည်ကို မြင်သောအခါ ချက်ချင်း အော်ပြောလိုက်၏။

“ အစ်ကိုကလေး ”

ရွှီချင်း၏ခြေလှမ်းများ ရပ်သွားသည်။ သူ လှည့်ကြည့်လိုက်သောအခါ အလျင်အမြန် ပြေးလာနေသော မိန်းကလေးကို မြင်လိုက်ရသည်။

မိန်းကလေးသည် ရွှီချင်းအနား ရောက်သောအခါ ညာလက်ကို ဖြန့်လိုက်သည်။ သူမ၏ညာလက်ထဲတွင် ချိုချဉ်တစ်စေ့ ရှိနေပေသည်။

“ အခုတလော အစ်ကိုကလေး ဘာလို့ စိတ်ဓာတ်ကျနေလဲ ညီမ မသိဘူး။ ဒါပေမဲ့ ညီမ စိတ်ဓာတ်ကျနေရင် ညီမအမေက ညီမကို ချိုချဉ်ပေးတယ်။ အဲဒီချိုချဉ်လေး စားလိုက်ရင် ညီမ ပိုပျော်လာတယ် ”

“ ဒါက နောက်ဆုံးကျန်တဲ့ ချိုချဉ်ပဲ။ ဒါ အစ်ကို့ကို ပေးတာ ”

မိန်းကလေးသည် စကားဆုံးသည်နှင့် ရွှီချင်း ငြင်းလိုက်မည်ကို စိုးရိမ်ပူပန်နေသည့်အလား သူ့လက်ထဲသို့ အတင်းထိုးတည့်လိုက်ပြီး စျေးဆိုင်ကို ချက်ချင်း ပြန်ပြေးသွားသည်။ ဆိုင်အဝကို ရောက်သောအခါ သူမသည် လှည့်ကြည့်လိုက်ပြီး ရွှီချင်းကို အော်ပြောလိုက်သည်။

“ အစ်ကိုကလေး၊ အစ်ကို ပျော်ပျော်နေရမယ်နော် ”

ရွှီချင်းသည် နေရာမှာပင် ငေးကြောင်၍ ရပ်နေပြီး ဆိုင်အဝရှိ မိန်းကလေးကို လှမ်းကြည့်နေသည်။ သူက ခေါင်းငုံ့၍ သူ့လက်ထဲရှိ ချိုချဉ်ကို ကြည့်လိုက်သည်။ ခဏအကြာ ထိုချိုချဉ်ကို သေသေချာချာ သိမ်းဆည်းထားလိုက်သည်။

အပြန်လမ်းတွင် စခန်းတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ အဝေးမှ လှမ်းကြည့်လိုက်ရာ မြင်းလှည်းနှစ်စီးက ရှေ့ဆင့်နောက်ဆင့် ရောက်လာသည်ကို ရွှီချင်း မြင်လိုက်ရသည်။

သစ်လွင်တောက်ပနေသော မြင်းလှည်းအရဖြစ်စေ၊ ထွားကျိုင်းသော မြင်းများအရဖြစ်စေ သူ့ရှေ့ရှိ ထိုမြင်းလှည်းသည် ယခင်က ရွှီချင်း မြင်ခဲ့ဖူးသည့်မြင်းလှည်းများထက် များစွာ သာလွန်နေသည်။ ထိုမြင်းလှည်းများကို စောင့်ကြပ်နေသော အစောင့်အရှောက်များ ရှိသည်သာမက ထိုအစောင့်အရှောက်များထဲမှ သက်လတ်ပိုင်းလူသုံးယောက်၊ ငါးယောက်ခန့်ထံမှ ကြောက်ခမန်းလိလိ ဝိညာဉ်စွမ်းအားများ ထွက်ပေါ်နေသည်။

သူတို့က မြင်းလှည်း၏ အဓိကကျသောလူများ မဟုတ်သေးချေ။

မြင်းလှည်း ရပ်သွားပြီးနောက် မိန်းကလေးများနှင့် လူငယ်လေးများအုပ်စု ထွက်လာသည်။ သူတို့အားလုံး ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ် ပတ်ချာလည် ဖြစ်ကြသည်။ သူတို့အားလုံးက အရပ်ရှည်ပြီး ကျစ်လျစ်တောင့်တင်းသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြကာ တောက်ပသော အဝတ်အထည်များကို ဝတ်ဆင်ထားကြသည်။ သူတို့အသားအရေက ချောမွတ်နေသည်။ လူငယ်လေးများသည် ယောက်ျားပီသစွာ ချောမောခံ့ညားကြပြီး မိန်းကလေးများက လှပကြော့ရှင်းကြသည်။

သူတို့ရုပ်ရည်သွင်ပြင်နှင့် နောက်ခံအင်အားများက ပေါ့သေးသေး မဟုတ်ချေ။ ထိုအခိုက် သူတို့သည် ညစ်ပတ်စုတ်ပြတ်နေသော စခန်းကို နှာခေါင်းရှုံ့စွာ ကြည့်၍ စခန်းအပြင်ဘက်တွင် စခန်းချလိုက်ကြသည်။ အကောင်းစားနေတတ်သော သူတို့သဘာဝမှာ သိသာလှပေသည်။

ထို့ပြင် သူတို့ထဲမှ တစ်ယောက်စီ၌ ကိုယ်ရံတော်တစ်ယောက်စီ ရှိကြသည်။ လူတစ်ရာခန့်က ထိုဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်လူငယ်များကို စောင့်ကြပ်နေကြသည်။

ဒုတိယမြောက်မြင်းလှည်းက ပထမမြင်းလှည်းနှင့် ယှဉ်လျှင် မဆိုးဟု ဆိုနိုင်ပါသော်လည်း နိမ့်ကျနေသေးသည်။

သူတို့သည် လူငယ်လေးများနှင့် မိန်းကလေးများ၏ပုံရိပ်များကို သိထားသည်မှာ သိသာလှပြီး ပထမမြင်းလှည်းနှင့် ထိပ်တိုက်မဆုံမိစေရန် ရှောင်ကွင်းကာ စခန်းထဲ ဝင်ရောက်သွားသည်။ ထိုမြင်းလှည်းထဲမှ ဆင်းလာသည့်လူအများစုက အလွန်သိုသိုသိပ်သိပ် ရှိလှသည်။

ရွှီချင်းသည် ဒုတိယမြင်းလှည်းဆီကို လှမ်းကြည့်လိုက်သည်။

ထိုလှည်းသည် စခန်းကို မကြာခဏ ရောက်လာတတ်သည်။ တားမြစ်နယ်မြေထဲကို တစ်ယောက်တည်း ဝင်ရန်အတွက်ဖြစ်စေ၊ တာဝန်ပေးအပ်ရန်အတွက်ဖြစ်စေ ရောက်လာခြင်း ဖြစ်သည်။ ထိုမြင်းလှည်း၌ လူပေါင်းစုံ ပါလာပေသည်။

ယင်းသည် ရတနာမုဆိုးစခန်းများ တည်ရှိနေရသည့် အခြေခံအကြောင်းရင်း ဖြစ်သည်။ ထိုအရာကို ရွှီချင်း အသားကျနေပြီ ဖြစ်သည်။

သူ အိမ်ပြန်ရောက်သောအခါ ခြံဝန်းထဲတွင် လေ့ကျင့်ခန်းလုပ်နေသော ခေါင်းဆောင်လဲ့ကို မြင်လိုက်ရသည်။ ဆည်းဆာရောင်ခြည်တန်းများက ခေါင်းဆောင်လဲ့၏ခန္ဓာကိုယ်ပေါ် ကျရောက်နေသည်ကို ကြည့်၍ ရွှီချင်း၏စိတ်ထဲ လေးလံသွားရသည်။

“ မင်းက ငါ့ဖို့ အရက် ထပ်ဝယ်လာပြန်ပြီပဲ။ ကောင်းတယ်၊ ကောင်းတယ် ”

ခေါင်းဆောင်လဲ့သည် ရွှီချင်း၏လက်ထဲရှိ အရက်ပုလင်းကို မြင်သောအခါ ပြုံး၍ ပြောလိုက်သည်။

“ ကဲ မီးဖိုချောင်ကို သန့်ရှင်းရေးသွားလုပ်ထားလိုက်။ ငါ ဟင်းချက်စရာ သွားဝယ်လိုက်ဦးမယ် ”

ခေါင်းဆောင်လဲ့က ပြောလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်၍ ထွက်ခွာသွားသည်။

All Chapters