← Chapters

လူတစ်ယောက်၏ နေဝင်ချိန် ( ၂ )

Vol. 4 Ch. 48

လူတစ်ယောက်၏ နေဝင်ချိန် ( ၂ )

Vol. 4 Ch. 48

ယင်းသည် ရွှီချင်းနှင့် ခေါင်းဆောင်လဲ့အကြား သဘောတူညီချက်တစ်ခုလည်း ဖြစ်သည်။ ခေါင်းဆောင်လဲ့က ဟင်းချက်စရာ သွားဝယ်ရသည်ဖြစ်ပြီး ရွှီချင်းအနေဖြင့် မငြင်းနိုင်တော့ဘဲ အခကြေးငွေကိုသာ ပို၍ ပေးလေသည်။

ခေါင်းဆောင်လဲ့နှင့်သူက ကိုယ့်တာဝန်ကိုယ် ယူနေကြသည့်အလားပင်။

ယနေ့ ခေါင်းဆောင်လဲ့က ခါတိုင်းထက် စောစောပြန်ရောက်လာသည်။ ရွှီချင်းက မီးဖိုချောင်ကို သန့်ရှင်းပြီးရုံသာ ရှိသေးသည်။ ခေါင်းဆောင်လဲ့က အသားအနည်းငယ်ကို ယူဆောင်ကာ ပြန်ရောက်လာပေသည်။ သူက ရွှီချင်းကို ပြုံးပြလိုက်ပြီး စတင်ချက်ပြုတ်လိုက်သည်။

ပုံမှန်အတိုင်း ရွှီချင်းသည် ဘေးတွင်ထိုင်၍ စာလေ့လာနေသည်။ သို့သော်လည်း သူသည် စာလေ့လာနေရင်း တစ်ခုခုလွဲမှားနေသလို ခံစားလာရသည်။ ယခုအတိုင်းသာ ဆက်သွားလျှင် ညစာစားချိန်က စောနေမည်ဖြစ်ပြီး ညနေခင်းမှာသာ ရှိနေဦးမည် ဖြစ်သည်။

ထိုအကြောင်း တွေးတောပြီးနောက် ရွှီချင်းသည် ရင်ထဲတွင် တစ်စုံတစ်ခုကို နားလည်သွားသည်။ သူက အလုပ်ရှုပ်နေသော ခေါင်းဆောင်လဲ့ကို ကြည့်၍ တစ်ခုခု ပြောချင်ပါသော်လည်း ချီတုံချတုံ ဖြစ်သွားရသည်။ နောက်ဆုံး၌ သူ ငြိမ်သက်သွားသည်။

ပုံမှန်အတိုင်း ခေါင်းဆောင်လဲ့က ချက်ပြုတ်ရင်း စကားပြောနေသည်။

ညနေမစောင်းခင် ဟင်းလျာများကို ချက်ပြုတ်ပြီးစီးသွားသည်။ ထို့နောက် ဟင်းလျာများကို စားပွဲပေါ် တင်ထားလိုက်ပြီး ခေါင်းဆောင်လဲ့က ငြိမ်သက်နေသော ရွှီချင်းကို ကြည့်၍ ခေါင်းကို ပုတ်လိုက်သည်။

“ ကလေး၊ စုန့်တောက်မြို့ကို ဝင်ခွင့် ငါ ဝယ်လိုက်ပြီ။ ခဏနေရင် ငါ့ပစ္စည်းတွေ သိမ်းတော့မှာ။ မနက်ဖန်မနက်စောစောလောက် ငါ ထွက်သွားဖြစ်မယ် ”

ခေါင်းဆောင်လဲ့သည် မကြာသေးခင်က သူ့အတွက် ဝယ်လာခဲ့သော အရပ်ပုလင်းကို ယူလာကာ တစ်ကျိုက် မော့သောက်လိုက်သည်။

ရွှီချင်းသည် ကျောက်ရုပ်ပမာ ဖြစ်နေ၏။ ခဏအကြာ ငြိမ်သက်နေပြီးနောက် သူသည် ခေါင်းငုံ့ကာ လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။

“ ဒီတော့ မကြာခင် သွားတော့မှာပေါ့ ”

ခေါင်းဆောင်လဲ့သည် စကားမဆိုပေ။ အတန်ငယ်ကြာပြီးနောက် သူက တဟားဟား ရယ်မောလိုက်သည်။

“ တကယ်တော့ အဲဒါကို ငါ ဝယ်ထားတာကြာနေပြီ။ မင်းကို မပြောဖြစ်သေးတာ။ မင်းက အဲဒီလိုကြီး လုပ်မနေနဲ့လေ။ ဒီလောကကြီးထဲမှာ မပြီးတဲ့ ထမင်းစားပွဲဆိုတာ မရှိဘူးမလား ”

ခေါင်းဆောင်လဲ့က စကားပြောရင်း အရက်နောက်တစ်ကျိုက် မော့သောက်လိုက်သည်။

“ လာ၊ စားကြမယ် ”

ရွှီချင်းက အိုမင်းရင့်ရော်နေသော ခေါင်းဆောင်လဲ့ကို ကြည့်၍ တူများကို ယူကာ တိတ်ဆိတ်စွာ စားလိုက်သည်။ ယနေ့ဟင်းလျာများသည် အလွန် အရသာရှိပါသော်လည်း ရွှီချင်း၏ ပါးစပ်ထဲတွင် မည်သည့်အရသာကိုမှ ခံစားမရနိုင်အောင် ဖြစ်နေသည်။

ခေါင်းဆောင်လဲ့သည် ထိုအခြင်းအရာအားလုံးကို ကြည့်၍ ရင်ထဲတွင် သက်ပြင်းမျှင်မျှင်ကလေး ချလိုက်သည်။ သို့ပေမည့် သူသည် မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်း၍ စခန်းထဲတွင် ဖြစ်ပျက်ခဲ့သော အသေးအဖွဲကိစ္စများကို ပြောလိုက်သည်။ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန် ကြာပြီးနောက် ရွှီချင်းက ရုတ်တရက် ပြောလိုက်၏။

“ ကျနော်တို့ အစ်ကိုကြက်ခြေခတ်နဲ့ အစ်မ လွမ်ယာတို့ကို မစောင့်တော့ဘူးလား။ သူတို့လဲ မကြာခင် ပြန်လာတော့မှာလေ ”

“ မစောင့်တော့ပါဘူးကွာ။ ငါ စောင့်နေရင် ဝမ်းနည်းစရာတွေ ထပ်တိုးလာမှာပဲ ရှိမှာ။ ပြီးတော့ နောင် မင်းအချိန်ရရင် ငါ့ဆီကို လာလည်လို့ရတာပဲ ”

ခေါင်းဆောင်လဲ့သည် ဆေးတံကြီးကို ထုတ်ယူလိုက်ပြီး တစ်ရှိုက် ဖွာလိုက်သည်။ သူ မှုတ်ထုတ်လိုက်သော မီးခိုးငွေ့များသည် သူ့မျက်နှာသွင်ပြင်ကို ဖုံးလွှမ်းသွားပြီး သူ့ကို ဝိုးတဝါးဖြစ်သွားစေသည်။

ခေါင်းဆောင်လဲ့က ညစာကို မြန်ဆန်စွာ အပြီးသတ်လိုက်သည်။

သူက အထုတ်အပိုးပြင်ဆင်ရန် ထွက်သွားသည့်တိုင်အောင် ရွှီချင်းသည် နေရာမှာပင် တိတ်ဆိတ်စွာ ထိုင်နေသည်။ သူသည် စားပွဲပေါ်ရှိ အစားအသောက်ကို ကြည့်ပြီး နောက်ထပ် မစားနိုင်တော့ပေ။ ခဏအကြာ သူ မတ်တတ်ရပ်လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ပန်းကန်ခွက်ယောက်များကို သူ မဆေးတော့ဘဲ ခေါင်းဆောင်လဲ့အခန်းကို တန်းသွားလိုက်သည်။

“ အဘိုး တကယ် ထွက်သွားတော့မှာလား ”

ရွှီချင်းက ခပ်တိုးတိုး မေးလိုက်သည်။

“ အဲဒီလောက်လဲ ဝမ်းနည်းမနေပါနဲ့ကွ။ ငါက မြို့ကို သွားနေမှာလေ။ မင်း င့ါအတွက် ပျော်တောင်ပျော်နေသင့်တယ် ”

ခေါင်းဆောင်လဲ့က ရယ်မော၍ သူ့အဝတ်အစားများကို ကူခေါက်ပေးရန် ရွှီချင်းကို လှမ်းခေါ်လိုက်သည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ လျှောက်လာ၏။ ပထမဆုံး သူက လက်နှစ်ဖက်ကို ဆေးကြောလိုက်ပြီး အဝတ်အစားများကို သပ်ရပ်စွာ ခေါက်လိုက်သည်။

သူ၏ အကူအညီဖြင့် ခေါင်းဆောင်လဲ့၏ခရီးဆောင်အိတ်ကို မြန်ဆန်စွာ ထုပ်ပိုးပြီးသွားသည်။ ခေါင်ဆောင်လဲ့က သူ့ပစ္စည်းအများစုကို မယူသွားဘဲ ရွှီချင်းအတွက် ချန်ထားခဲ့သည်။

“ ဒီအိမ်ကလည်း မင်းအတွက်ပဲ ”

“ ကျနော် အိမ်ငှားခပေးမှာပါ ”

ရွှီချင်းက လေးနက်စွာ ပြောလိုက်သည်။

ထိုစကားကြောင့် ခေါင်းဆောင်လဲ့ ပြုံးသွားပါသော်လည်း ဆက်မပြောပေ။ ထိုအစား သူက ရွှီချင်းကို ဆွဲခေါ်လိုက်ပြီး ထိုင်နေစေလိုက်သည်။ ခဏအကြာ စခန်းအတွင်းရှိ ရတနာမုဆိုးများ၏စရိုက်များကို ရွှီချင်းအား ပြောပြလေသည်။ စခန်းခေါင်းဆောင်အကြောင်းကိုလည်း အထူးအလေးထားကာ ပြောပြလေသည်။

“ စခန်းခေါင်းဆောင်က သာမန်လူတစ်ယောက်မဟုတ်ဘူးကွ။ သူ့နောက်မှာ ကျင်းကန်းဂိုဏ်းရှိတယ် ”

“ ကျင်းကန်းဂိုဏ်းဆိုတာ ဒီနယ်မြေတစ်ကြောမှာ နံပါတ်တစ်ဂိုဏ်းပဲ။ မြို့တွေ၊ စခန်းတွေက သူ့လက်အောက်မှာ။ သူတို့ဘိုးဘေးက အခြေတည်အဆင့်တောင် ရောက်နေပြီ။ နောက်ကျ မင်း ဒီမှာနေရင် စခန်းခေါင်းဆောင်ကို သတိထားပြီး ဆက်ဆံ ”

ထိုအချိန်တွင် အပြင်ဘက်၌ ညနက်နေပြီဖြစ်သည်။ ရွှီချင်းသည် ပင်ပန်းနွမ်းနယ်နေသော ခေါင်းဆောင်လဲ့၏ မျက်နှာကိုကြည့်၍ ထွက်ခွာရန် တိတ်ဆိတ်စွာ မတ်တတ်ရပ်လိုက်သည်။

သူ ထွက်ခွာသွားသည်ကို ကြည့်၍ အချိန်အတော်ကြာပြီးနောက် ခေါင်းဆောင်လဲ့က သက်ပြင်းချလိုက်သည်။

ဤကာလအတွင်း ထိုညသည် ရွှီချင်း မကျင့်ကြံသည့် ပထမဆုံးည ဖြစ်ပေသည်။

သူသည် ရောင်နီသမ်းလာသည့်အချိန်တိုင်အောင် နေရာမှာပင် ထိုင်၍ အပြင်ဘက်ရှိ ညကောင်းကင်ကြီးကို အဓိပ္ပာယ်မဲ့ ငေးမောကြည့်နေသည်။

“ အချိန်တွေကုန်တာ အရမ်းမြန်တာပဲ ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ဝမ်းနည်းကြေကွဲစိတ်များက သူ့ရင်ထဲ လွှမ်းမိုးလာသည်။ သူသည် ခါတိုင်းလို အခန်းထဲမှ ထွက်မသွားသေးဘဲ ခေါင်းဆောင်လဲ့အခန်းထဲမှ တံခါးဖွင့်သံ ကြားရသည်အထိ စောင့်နေ၏။ ထို့နောက်မှသာ သူက ဖြည်းညင်းစွာ ထွက်လာသည်။

အရုဏ်ဦးရောင်ခြည်တန်းလေးများက လောကတစ်ခွင် ဖြာကျနေသည်။ လူငယ်လေးနှင့် အဘိုးအိုတစ်ဦးသည် ခြံဝင်းထဲ၌ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြ၏။

“ ကလေး၊ ငါ သွားတော့မယ် ”

ခဏအကြာ ခေါင်းဆောင်လဲ့၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်လာသည်။

“ ကျနော် လိုက်ပို့မယ် ”

“ ရတယ်။ အတန်းကို မြန်မြန်သွားတော့ ”

“ ကျနော် လိုက်ပို့မယ် ”

“ မင်း …”

“ ကျနော် လိုက်ပို့မယ် ”

ရွှီချင်းသည် ခေါင်းဆောင်လဲ့ကိုကြည့်၍ ထပ်ခါထပ်ခါ ပြောလိုက်သည်။

ခေါင်းဆောင်လဲ့က ရွှီချင်းကိုကြည့်လိုက်သည်။ ခဏအကြာ သူသည် ကူကယ်ရာမဲ့နေဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုသို့ဖြင့် အဘိုးအိုတစ်ဦးနှင့် လူငယ်လေးတစ်ယောက်သည် တခြားရတနာမုဆိုးများ အိပ်မောကျနေချိန် မနက်ခင်းစောစော၌ စခန်းထဲမှ ထွက်ခွာလာကြသည်။ သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲကို ဖြတ်ကျော်လာသောအခါ ရွှီချင်းက ရွက်ဖျင်တဲဆီ ပြေးသွားလိုက်သည်။

ရွက်ဖျင်တဲထဲ၌ သမားတော်ကြီးပိုင် မရောက်သေးဘဲ လူငယ်လေးချန်ဖေးယွမ်သည်လည်း မရောက်သေးပေ။ ဆေးစာအုပ်များကို သယ်ထားသော ထင်းယွီသည်သာ ရှိနေသည်။

“ တစ်ရက်လောက်ခွင့်တိုင်ပေးဖို့ ငါ မင်းကိုပဲ ဒုက္ခပေးရတော့မယ် ”

ထင်းယွီကို မြင်သောအခါ ရွှီချင်းက ခပ်သွက်သွက်ပြောလိုက်သည်။ ထို့နောက် သူက အရိုအသေပေးလိုက်ပြီး လှည့်ထွက်သွားသည်။

ထင်းယွီ အနည်းငယ် အံ့အားသင့်သွား၏။ သူမ အပြင်ဘက် ထွက်လာသည့်အခါ ထွက်ခွာသွားသော ခေါင်းဆောင်လဲ့နှင့် ရွှီချင်းတို့ကို မြင်လိုက်ရသည်။

မနက်ခင်းရောင်ခြည်တန်းလေးများက လောကတစ်ခွင် အလင်းပေးနေပြီး ရွှီချင်းနှင့် ခေါင်းဆောင်လဲ့တို့အပေါ် ကျရောက်နေသည်။ သူတို့နှစ်ဦးသည် နေရောင်ခြည်တန်းများကို လွှမ်းခြုံလျက် တရွေ့ရွေ့ ဝေးသွားလေသည်။

လမ်းခရီး၌ ရွှီချင်းသည် ခေါင်းဆောင်လဲ့ထံမှ ခရီးဆောင်အိတ်ကို ယူကာ ကျောထက်တွင် ထမ်းလိုက်သည်။

ခေါင်းဆောင်လဲ့သည် ခံစားချက်များ ရောပြွမ်းနေလျက် ခေါင်းမာသောလူငယ်လေးကို ကြည့်လိုက်သည်။ သူသည် ခါတိုင်းကဲ့သို့ စခန်းရှိ အိမ်နီးနားချင်းများအကြောင်း အသေးအဖွဲကိစ္စများကို ပြောပြချင်ပါသော်လည်း အနည်းငယ် စကားပြောပြီးသည်နှင့် ဆက်မပြောနိုင်တော့ပေ။

သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာ ခရီးဆက်နေကြပြီး တစ်ခါက သူတို့ အနားယူခဲ့ဖူးသည့် တောင်တစ်လုံးပေါ်ကို ရောက်လာကြသည်။ ထိုအခါကလည်း သူတို့နှစ်ယောက်တည်း ဖြစ်ပြီး ခေါင်းဆောင်လဲ့က ထောင်ထောင်မောင်းမောင်းဖြင့် ရှေ့မှသွားကာ ရွှီချင်းက နောက်မှ သတိကြီးကြီးဖြင့် လိုက်ပါလာခဲ့သည်။

ခေါင်းဆောင်လဲ့သည် ဓားတစ်လက်ကဲ့သို့ စူးရှပြတ်သားနေဟန်ရှိခဲ့ပြီး ရွှီချင်းကတော့ ဝံပုလွေပေါက်လေးတစ်ကောင်အလား ထီမထင်ဟန် ရှိခဲ့ပေသည်။

ယနေ့တွင်မူ ရွှီချင်းသည် ရှေ့မှသွားနေပြီး ခေါင်းဆောင်လဲ့က နောက်မှ လိုက်ပါလာသည်။

ရှေ့မှသွားသူသည် တောင်တစ်လုံးပမာ ထောင်ထောင်မောင်းမောင်းရှိပြီး နောက်မှလိုက်ပါလာသူသည် ဘဝနေဝင်ချိန်ကို ရောက်နေပြီဖြစ်သည်။

ထိုနေရာအရောက်တွင် ရွှီချင်းသည် မရမက ပြော၍ ခေါင်းဆောင်လဲ့ကို တောအုပ်ထဲကအတိုင်း ကျောတွင် ပိုးလိုက်သည်။

ခေါင်းဆောင်လဲ့သည် ရင်ထဲတွင် သက်ပြင်းမျှင်မျှင်ကလေး ချလိုက်ပြီး သူ့ရှေ့ရှိလူငယ်၏မျက်နှာတစ်ခြမ်းကို ကြည့်၍ ခေတ္တမျှ ငြိမ်သက်နေပြီးနောက် ဖျော့တော့စွာ ပြောလိုက်သည်။

“ ဒီကပြန်ရောက်ရင် စခန်းထဲက အဲဒီရတနာမုဆိုးတွေကို ပိုပြီး သတိထား ”

“ မင်းက တိုက်ရည်ခိုက်ရည်ကောင်းတာကို ငါ သိတယ်။ ဒါပေမဲ့ သူတို့ကိုလည်း လျော့တွက်လို့မရဘူး။ ရတနာမုဆိုးတွေက လူဆိုးလူညစ်တွေကွ။ သူတို့အတွက် ယုတ်မာကောက်ကျစ်တယ်ဆိုတာ ထမင်းစားရေသောက်အလုပ်တစ်ခုလိုပဲ ”

“ ညရောက်ရင် ခွေးတွေကို အစာကျွေးဖို့လဲ မမေ့နဲ့ဦး။ အဲဒီကောင်လေးတွေက စခန်းမှာ အယုံကြည်ရဆုံးပဲ ”

“ မင်းလည်း အစားကို ပုံမှန်စား။ အအေးစာတွေ မစားနဲ့။ ချက်ရပြုတ်ရတာကို မပျင်းနဲ့။ ပူပူနွေးနွေးစား။ မင်းက ခန္ဓာကိုယ် ထွားနေတဲ့အရွယ်ရောက်နေတော့ သတိထားမှရမယ် ”

“ ဒီလိုမှမဟုတ်လို့ မင်းအသက်ကြီးလာတဲ့အခါကျရင် ဘဝက ဘယ်လောက်ကြမ်းတမ်းလဲ မင်း သိလာလိမ့်မယ်။ အဲ မေ့နေတာ၊ နောက်ကျရင် ခုတင်အလွတ်ပေါ်လဲ မအိပ်နဲ့။ အိပ်ရာခင်းတွေ ညစ်ပတ်သွားတာက ဘာမှမဖြစ်ဘူး။ မင်း ရေချိုးပြီးရင် နေပူဆာလှုံဖို့လဲ မှတ်ထားဦး ”

“ ပြီးတော့ …”

ခေါင်းဆောင်လဲ့က လေသံဖျော့ဖျော့ဖြင့် ပြောလိုက်သည်။ သူ့လေသံက ပြတ်တောင်းပြတ်တောင်း ဖြစ်လာပြီး စိုးရိမ်ပူပန်စိတ်အပြည့်ရှိနေပေသည်။

ရွှီချင်းသည် ခေါင်းဆောင်လဲ့ကို ကျောတွင်ပိုးထားလျက်မှ ခေါင်းဆောင်လဲ့၏ စကားများကို မှတ်ထားကာ ခေါင်းကို ညိတ်ပြလိုက်သည်။

ခေါင်းဆောင်လဲ့သည် စကားပြောနေရင်း အားပျော့သော ခန္ဓာကိုယ်ကြောင့် နှစ်ခြိုက်စွာ အိပ်မောကျသွားသည်။ ရွှီချင်းသည် ခေါင်းဆောင်လဲ့၏ ဟောက်သံများကို ကြားရသောအခါ သူ့ခြေလှမ်းများသည်လည်း ညင်သာလာသည်။

သူက အတတ်နိုင်ဆုံး မခုန်မိစေရန် သွားသည်။ ကွေ့ပတ်သွားရမည်ဆိုလျှင်တောင် ပြန့်ပြူးသောနေရာကို ရွေးချယ်၍ သွားသည်။

ထိုသို့ဖြင့် သူသည် ခေါင်းဆောင်လဲ့ကို ကျောတွင် ထမ်းပိုးထားပြီး တောတောင်များကို ဖြတ်ကျော်၍ စမ်းချောင်းလေးများကို ကျော်လွန်လာသည်။ ဆည်းဆာချိန်ရောက်လာပြီး အမှောင်ထုကြီးစိုးလာကာ ရှည်လျားလာသော သူတို့အရိပ်များကို သူ့မျက်လုံးထောင့်စွန်းမှနေ၍ မြင်လာရသောအခါတွင် ရှေ့တူရှု၌ မြို့တစ်မြို့ပေါ်လာသည်။

“ ကျနော်တို့ ရောက်ပြီ ”

ရွှီချင်းသည် ရင်ဘတ်ထဲမှ စို့တက်လာသည်ကို ခံစားလိုက်ရပါသော်လည်း ညင်သာစွာ လှုပ်နိုးလိုက်သည်။ ခေါင်းဆောင်လဲ့၏ တောင်းဆိုမှုကြောင့် သူက ခေါင်းဆောင်လဲ့ကို အောက်သို့ ခပ်ဖြည်းဖြည်း ချပေးလိုက်သည်။

ခေါင်းဆောင်လဲ့သည် ရွှီချင်းထံမှ ခရီးဆောင်အိတ်ကို ယူလိုက်ပြီးနောက် မြို့ရိုးကို လှမ်းကြည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။ ခေတ္တမျှ ငြိမ်သက်နေပြီးနောက် သူက ပြုံး၍ ရွှီချင်း၏ခေါင်းကို ပွတ်သပ်လိုက်ရာ ရွှီချင်း၏ဆံပင်များ အနည်းငယ် ရှုပ်ပွသွားသည်။

“ ကလေး၊ အခု မင်း ပြန်လို့ရပြီ။ နောက်ကျ ငါ့လိုအဘိုးကြီးကို သတိရရင် ငါ့ဆီ အချိန်မရွေး လာခဲ့ပေါ့ကွာ။ ငါက မြို့တောင်ပိုင်းက ရွှေချင်းလမ်း၊ အမှတ်သုံးရပ်ကွက်မှာ နေတာ ”

ထို့နောက် ခေါင်းဆောင်လဲ့က ခရီးဆောင်အိတ်ကို ယူ၍ မြို့တံခါးဆီ လျှောက်သွားသည်။

ရွှီချင်းသည် နေရာမှာပင် ရပ်၍ တဖြည်းဖြည်း ဝေးကွာသွားသော ခေါင်းဆောင်လဲ့ကို ကြည့်နေသည်။ သူ၏ရင်ထဲတွင် ပြောစရာစကားများစွာ ရှိနေပါသော်လည်း မည်သို့ပြောရမည်ကို မသိချေ။ သူ ငေးမော၍သာ ကြည့်နေနိုင်သည်။

ခေါင်းဆောင်လဲ့သည် မြို့ဂိတ်တံခါးကို ရောက်သွားပြီး မြို့ဝင်ခွင့်ကို ပြသပြီးနောက် ရုတ်တရက် လှည့်ကြည့်လိုက်သည်။

သူသည် ရွှီချင်းကို လေးနက်စွာ ကြည့်၍ လက်ကိုဝှေ့ယမ်းပြလိုက်သည်။ ထိုစဉ် မြို့စောင့်များက အတင်းလော်ဆောလာပေရာ သူသည် မြို့ထဲသို့ လျှောက်သွားပြီး ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် အထီးကျန်နေသည့်အသွင် ဖြစ်နေ၏။ အချိန်အတော်ကြာသည်အထိ စောင့်နေပြီးနောက် နေရောင်ခြည်ဖြိုးဖျဖျသာ ရှိတော့ပြီး မြို့ဂိတ်တံခါး ပိတ်သွားသောအခါ သူ၏နှလုံးသားတစ်ခုလုံး ဟာလာဟင်းလင်းဖြစ်သွားသည့်ပမာ ခံစားလိုက်ရသည်။

“ ဂရုစိုက်ပါ …”

ခေတ္တမျှကြာပြီးနောက် ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး ခါးသက်သက်ဖြင့် လှည့်ပြန်သွားသည်။ အဖော်မဲ့သော ခံစားချက်များက သူ၏တစ်ကိုယ်လုံးတွင် တဖန် ပြည့်ကြပ်လာသည်။

ညအမှောင်ထုက သူ၏အထီးကျန်ပုံရိပ်ကို တဖြည်းဖြည်း ဝါးမျိုသွားသည်။

သူသည် တောအုပ်ထဲကို တစ်ယောက်တည်း လျှောက်လာပြီး စမ်းချောင်းကလေးကို တစ်ယောက်တည်း ကျော်ဖြတ်ကာ တောင်တန်းများကိုလည်း တစ်ယောက်တည်း တက်လာခဲ့သည်။

တဖြည်းဖြည်း သူ့ပုံရိပ်က ဝေးသည်ထက် ဝေးသွားခဲ့ပေသည်။

All Chapters