← Chapters

သာမန်အခြေအနေကို ကျော်လွန်၍

Vol. 14 Ch. 206

သာမန်အခြေအနေကို ကျော်လွန်၍

Vol. 14 Ch. 206

သူ့မျက်လုံးများ ပွင့်လာသည်နှင့် ပေသုံးသောင်းပတ်ချာလည်အတွင်းရှိ အပူဓာတ်က ပိုမိုပြင်းထန်လာပြီး အပူငွေ့များ ကောင်းကင်ယံသို့ ထိုးတက်သွားကာ ထီးနက်အသွင် ပြောင်းလဲသွားပြီး ဤနေရာရှိ အငွေ့အသက်များကို ဖိနှိပ်ကာ ဖုံးကွယ်နေသည်။

ယင်းအတွက်ကြောင့် ဤနေရာရှိ အခြေအနေများကို တစ်ယောက်မှ အာရုံမခံနိုင်တော့ပေ။ သို့ပါသော်ငြား အနီးအနားရှိ တောရိုင်းသတ္တဝါများအားလုံး တုန်ရီနေကြ၏။

၎င်းတို့အားလုံး မလှုပ်ရှားဝံ့ကြဘဲ မြေပြင်ပေါ် လှဲနေကြသည်။

တစ်ဖက်တွင် အခြေတည်အဆင့်သို့ ရောက်သွားပြီ ဖြစ်သော ရွှီချင်းကြောင့် ဖြစ်ပြီး အခြေတည်အဆင့်ဖိအားမှာ ပြင်းထန်လွန်းသည် မဟုတ်ပါလား။ တခြားတစ်ဖက်တွင် ရွှီချင်း၏ ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးအိမ်ကြောင့် ဖြစ်ပေသည်။

အတိတ်က ထိုသက်စောင့်မီးအိမ် မည်သို့ဖြစ်ပျက်ခဲ့သည်ကို မသိပါသော်ငြား ၎င်း၏ အသတ်အဖြတ် အငွေ့အသက်များမှာ အလွန် အားကောင်းပေသည်။

ခေါင်းဆောင်၏ ပြောစကားအရ ရှေးဘုရင်များနှင့် အရှင်သခင်များ၏ သွေးမျိုးဆက်ကျင့်ကြံသူများသည်သာ သက်စောင့်မီးအိမ်ထွက်ပေါ်လာအောင် ကျင့်ကြံနိုင်ကြသည်။

နတ်ဘုရား၏ မျက်နှာပျက်ကြီး မပေါ်လာခင် ခေတ်ကတည်းကပင် ထိုကဲ့သို့ လူများမှာ ဖီးနစ်ငှက်မွေးများနှင့် ချီလင်ဦးချိုများကဲ့သို့ ရှားပါးသည်။ သူတို့ထဲမှ မည်သူမဆို နယ်မြေတစ်ခုကို ချုပ်ကိုင်နိုင်ကြသည်။ သူတို့နှင့် ယှဉ်တိုက်နိုင်သည့်လူများမှာ သက်စောင့်မီးအိမ်များကို စုစည်းနိုင်ကြသည့် ရှေးဘုရင်များနှင့် အရှင်သခင်များ၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများသာ ဖြစ်ပေသည်။

နတ်ဘုရား၏ မျက်နှာပျက်ကြီး ရောက်လာခြင်းသည် ရှေးဘုရင်အများစုနှင့် အရှင်သခင်များကို ထွက်သွားစေသည်။ သို့ဖြစ်၍ ဤလောကကြီးထဲတွင် သက်စောင့်မီးအိမ်ပေါ်အောင် လုပ်နိုင်သည့်လူမှာ အလွန့်အလွန် ရှားသည်။ ဂိုဏ်းကြီးများနှင့် အင်အားစုကြီးများမှ လက်ရွေးစင်ပါရမီရှင်များသည်သာ သက်စောင့်မီးအိမ်များနှင့် ပေါင်းစည်းရန် အခွင့်အရေး ရကြသည်။

“ ငါ့သက်စောင့်မီးအိမ်က ဘယ်ရှေးဘုရင်တွေနဲ့ အရှင်သခင်တွေရဲ့ သွေးမျိုးဆက်တွေကနေ စုစည်းပြီး ဖြစ်လာတာလဲ မသိဘူး ”

ရွှီချင်းက သာမန်ဝတ်ရုံအပိုတစ်စုံကို ထုတ်၍ ဝတ်လိုက်ပြီး ထီးနက်အရိပ်ပုံစံဖြစ်နေသော မိုးသားတိမ်စိုင်ကို လှမ်းကြည့်လိုက်သည်။ ခဏအကြာ သူက အသက်ရှူသွင်းလိုက်ရာ ရုတ်တရက် ပေသုံးသောင်းနယ်နိမိတ်အတွင်းရှိ နီမြန်းနေသော အခိုးအငွေ့များအားလုံး ချက်ချင်း လိမ့်တက်လာသည်။

ရွှီချင်းက လေပွေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား အနီရောင်အခိုးအငွေ့များအားလုံး သူ့ပါးစပ်နှင့် နှာခေါင်းထဲသို့ အလုအယက် ပြေးဝင်သွားကြသည်။

အခိုးအငွေ့များ ပျောက်ကွယ်သွားသည်နှင့် ရွှီချင်း၏ မျက်လုံးများ တောက်ပသည်ထက် တောက်ပလာသည။ သူ့မျက်လုံးများထဲ ကြယ်ပွင့်များ ရှိနေသည့်အလားပင် ဝိညာဉ်တုန်ရီသွားစေနိုင်သည့် အလင်းတစ်ခု လက်နေသည်။ သူ၏ဓမ္မစွမ်းအားများသည်လည်း အလွန် ပြင်းထန်နေပြီး အလိုလို အပြင်ထွက်နေသည်။

ရွှီချင်းမှာ ပုံမှန်အတိုင်း တည်ငြိမ်နေပြီး ထိုသို့ဖြစ်နေသည်မှာ အခြေတည်အဆင့်သို့ ရောက်နေသည်မှာ မကြာသေးသည်ဖြစ်၍ သူ့ခန္ဓာကိုယ်က ထိုကြောက်မက်ဖွယ်အစွမ်းနှင့် အပြည့်အဝ အလိုက်သင့် မပြောင်းလဲသေးခြင်းကြောင့်ဖြစ်ကြောင်း သူ သိသည်။

“ အခြေတည်အဆင့်ကျင့်ကြံသူတွေက ဓမ္မတံခါးတွေနဲ့ သက်စောင့်မီးတောက်ကို ကျင့်ကြံကြတယ်။ သက်စောင့်မီးလုံးသုံးလုံးအထိ ကျင့်ကြံနိုင်သွားရင် နောက်ထပ်တစ်ဆင့်ကို ရောက်မှာပဲ။ ငါ့ဓမ္မတံခါးက သက်စောင့်မီးလုံးလေးလုံးအထိ ဖြစ်လာနိုင်တယ် ”

ရွှီချင်းက သူ့ကိုယ်ထဲမှ တဖြည်းဖြည်း ငြိမ်သက်လာသော ထီးနက်ပုံစံ သက်စောင့်မီးအိမ်ကို အာရုံခံကြည့်လိုက်ပြီး မျှော်လင့်ချက်များဖြင့် မျက်လုံးများ ဝင်းလက်သွားသည်။

သက်စောင့်မီးအိမ်နှင့် ပတ်သက်ပြီး ခေါင်းဆောင်ပြောခဲ့သည်မှာ နတ်ဘုရား၏ မျက်နှာပျက်ကြီး မရောက်ခင် ခေတ်မှာပင် သက်စောင့်မီးအိမ်တစ်လုံး ပေါ်လာအောင် လုပ်နိုင်သော ရှေးဘုရင်နှင့် အရှင်သခင်များ၏ သွေးမျိုးဆက်များ များစွာ မရှိပေ။ ထို့ပြင် ထိုသို့လုပ်နိုင်သည့်မျိုးဆက်များမှာလည်း သက်စောင့်မီးအိမ်တစ်လုံးကိုသာ လုပ်နိုင်ကြသည်။

ရှေးဘုရင် သို့မဟုတ် အရှင်သခင်ဖြစ်ရန် အလားအလာရှိသည့် တစ်မိုးအောက်တစ်ယောက်ဖွား ပါရမီရှင်မျိုးဆက်မှသာ သက်စောင့်မီးအိမ်အများအပြား လုပ်နိုင်ပေမည်။ သက်စောင့်မီးအိမ်များ၏ အကန့်အသတ်သည်လည်း သက်စောင့်မီးတောက်များနှင့် ဆင်တူပေသည်။

“ တစ်ခုဆို ငါ ကျေနပ်နေသင့်ပြီ။ ဓမ္မတံခါးသုံးဆယ်ပွင့်အောင် ငါ မြန်မြန် လုပ်ရမယ် ”

ရွှီချင်းက သူ့လက်ရှိခန္ဓာကို အာရုံခံကြည့်လိုက်သည်။ ထီးနက်၏ အကာအကွယ်အောက်တွင် သူ့ကျင့်ကြံခြင်းအဆင့်အငွေ့အသက်များက ပေါ်လွင်မနေတော့ပေ။ ယင်းမှာ ထီးနက်၏ တည်ရှိနေခြင်းသည် သူကိုယ်တိုင်ထက် ပို၍ သိသာထင်ရှားနေခြင်းကြောင့် ဖြစ်ပေသည်။

ရွှီချင်းက အရိပ်ကို ကြည့်လိုက်ပြီး တွေးတောလိုက်ရာ အရိပ်အမျှင်တန်းတစ်ခုက သူ့ကိုယ်ထဲသို့ ချက်ချင်း ပေါင်းစည်း၍ သက်စောင့်မီးအိမ်ထီးနက်ကို လွှမ်းခြုံလိုက်သည်။

အရိပ်မှာ ခုခံသည့်အနေဖြင့် ပြင်းထန်စွာ တုန်ခါသွားပါသော်လည်း ရွှီချင်း၏ တည်ကြည်သောအကြည့်ကြောင့် မခုခံဝံ့တော့ပေ။ ၎င်းမှာ ရွှီချင်းကို ထိန်းချုပ်ခွင့်ပေးလိုက်ပြီး အဝတ်အလွှာတစ်ခုအသွင် ပြောင်းလဲ၍ သက်စောင့်မီးအိမ်ကို ဖုံးကွယ်လိုက်သည်။

ရွှီချင်း၏ခန္ဓာကိုယ်အရောင်အဝါ ချက်ချင်း မှိန်ဖျော့သွားသည်။ အခြေတည်အဆင့် ကျင့်ကြံခြင်း အငွေ့အသက်များ ရှိနေသေးပါသော်ငြား သက်စောင့်မီးအိမ်ကို မမြင်ရတော့ပေ။

“ တောင်တန်းပင်လယ်ပညာရပ်က နိမ့်လွန်းနေတာ နှမျောစရာပဲ။ ဒါမှမဟုတ် အဲဒီပညာရပ်က နောက်ဆုံးကန့်သတ်ချက်ကို ရောက်သွားလို့ ငါ ဆက်ပြီး တိုးတက်အောင် မလုပ်နိုင်တော့ပဲ ဖြစ်မယ် ”

ရွှီချင်း အနည်းငယ် နောင်တရသွားသည်။

တောင်တန်းပင်လယ်ပညာရပ်သည် သူ့ကို ကြီးစွာသော အထောက်အကူ ဖြစ်စေခဲ့ပါသော်လည်း အထွတ်အထိပ်ထိ သူ ကျင့်ကြံပြီးခဲ့ပြီ ဖြစ်သည်။ သို့ဖြစ်၍ သူ ဆက်မတိုးတက်တော့ဘဲ အခွင့်အရေး ကင်းမဲ့နေသလို သူ ခံစားနေရသည်။

“ နောက်ကျ တောင်တန်းပင်လယ်ပညာရပ်ကို တိုးတက်ဖို့ ငါ နည်းလမ်းရှာရမယ် ”

“ ငါ့ကျင့်ကြံခြင်းအခြေခံ တည်ငြိမ်သွားရင် ငါ့ကျင့်ကြံခြင်းအဆင့်ကို မှတ်တမ်းတင်ဖို့ တောင်ထိပ်ကို သွားရမယ်။ အဲဒီမှာ အခြေတည်အဆင့်ကျင့်ကြံခြင်းပညာရပ်တစ်မျိုးကိုလဲ ငါ ယူရမယ် ”

ယခု ရွှီချင်း၌ အခြေတည်အဆင့်ကျင့်ကြံခြင်းပညာရပ် မရှိသည့်အတွက်ကြောင့် ဓမ္မတံခါးအသစ်ကို မဖွင့်နိုင်တော့ပေ။ သူ အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် လုပ်လိုက်သည်။

ထိုသို့ဖြင့် တစ်လတာ ကုန်လွန်သွားသည်။

ဂိုဏ်းမှ ရွှီချင်း ထွက်သွားသည်မှာ သုံးလနီးပါးရှိသွားပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှ အငွေ့အသက်များသည်လည်း ငြိမ်သက်သွားပြီဖြစ်သည်။ ယင်းအပြင် သက်စောင့်မီးအိမ်ကို အရိပ်က ထိန်းချုပ်ထားခြင်းကြောင့် သူ့ကို မည်မျှပင် ကြည့်သည်ဖြစ်စေ သူ့ပုံစံက သာမန်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်နှင့် ခြားနားနေတော့မည် မဟုတ်ပေ။

ထိုလအတွင်း သူ့ခန္ဓာကိုယ်ထဲရှိ သက်စောင့်မီးအိမ်ကို သူ ပို၍ နားလည်လာပြီး ထိန်းချုပ်လာနိုင်သည်။

သူ့မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ့မျက်လုံးများထဲတွင် လျှပ်စီးများ ဝင်းလက်သွားပြီး သူက လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်ဖော်၍ ဝေဟင်ကို ညွှန်လိုက်သည်။

သူ့ကိုယ်ထဲမှ ဓမ္မတံခါးက တဟုန်းဟုန်းလောင်ကျွမ်းလာပြီး ဒုတိယမြောက်ဓမ္မတံခါးမှ ကြောက်ခမန်းလိလိ အားတစ်ခု လွင့်ပျံလာကာ သူ့သွေးကြောများမှတစ်ဆင့် လက်ချောင်းသို့ စီးဆင်းသွားပြီး ပြင်းထန်သော စွမ်းအားတစ်ခု ဝေဟင်သို့ လွင့်ပျံတက်သွားသည်။

ထိုစွမ်းအင်များက ဖောက်ထွင်းမြင်ရသော ပစ္စည်းတစ်ခု ဖြစ်လာသည်။ ယင်းပစ္စည်းက အဆက်မပြတ် ပြန့်ကားလာပြီး နောက်ဆုံးတွင် ရှဲကျင်းလုံအသွင် ပြောင်းလဲသွားသည်။ ၎င်း ပေါ်လာသည်နှင့် ဝေဟင်ကို ဟိန်းဟောက်မာန်ဖီလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နေရာမှ အလုံးအထည်ဖြင့် ဖြစ်လာသည်။

၎င်း၏ခန္ဓာကိုယ်တွင် အဆက်မပြတ်စုစည်းလာနေသော ပြင်းထန်သည့် အရှိန်အဝါတစ်ခုလည်း ရှိသည်။ ၎င်းက အလုံးအထည်ဖြင့် ဖြစ်လာပြီး ရှဲကျင်းလုံအစစ်တစ်ကောင်နှင့် ခွဲမရအောင် တူလာသောအခါတွင် ၎င်းထံမှ အခြေတည်အဆင့်အရှိန်အဝါတစ်ခု လွင့်ပျံလာ၏။

ရွှီချင်း၏မျက်လုံးများထဲ ကောင်းကင်ရှိ ရှဲကျင်းလုံ ပေါ်လာသည်။ ၎င်း၏ မည်းနက်တောက်ပြောင်နေသော ခန္ဓာကိုယ်သည် ရက်စက်ကြမ်းကြုတ်သော ခံစားချက်မျိုး ဖြစ်စေပြီး ၎င်း၏ လည်ပင်းရှည်ရှည်က အလွန် မြန်ဆန်သွက်လက်သည်။ ၎င်း၏ လည်ပင်းပေါ်တွင် ဆူးချွန်များလည်း အတန်းလိုက်အစီအရီ ရှိနေသည်။ ၎င်း၏ မျက်လုံးနှစ်လုံးက ဝင်းလက်တောက်ပနေပြီး အသက်ဝင်နေဟန်တူသည်။

အမှန်စင်စစ် တားမြစ်ပင်လယ်ထဲတွင်သာ ရှိနေပါက ထိုရှဲကျင်းလုံကို မတိုက်ခိုက်လျှင် မန္တန်ဖြင့် ဖန်ဆင်းထားသော သတ္တဝါတစ်ကောင်ဖြစ်မှန်း ရိပ်စားမိမည် မဟုတ်ပေ။

၎င်းက လိပ်သဏ္ဍာန်ခန္ဓာကိုယ်ကြောင့် ခုခံအား အလွန်ကောင်းသည်။ ၎င်း၏ပါးစပ်ကို ဖွင့်လိုက်သောအခါ စူးရှချွန်ထက်သော သွားများကို မြင်နိုင်၏။ ၎င်း၏ ကြီးမားကျယ်ပြန့်သော ရေယပ်ကြီး လေးခုကြောင့်လည်း ၎င်းက ပင်လယ်ထဲတွင် ကြောက်ခမန်းလိလိမြန်ဆန်စွာ သွားနိုင်မည် ဖြစ်သည်။

ကောင်းကင်ဝေဟင်ပြင်ရှိ ပေသုံးထောင်ကျော် ရှဲကျင်းလုံကို ကြည့်၍ ရွှီချင်းက ရှေ့တစ်လှမ်းတိုးသွားသည်။ သူက ပျံသန်းစေနိုင်သော အဆောင်ကို အသုံးမပြုဘဲ လေထဲသို့ ခုန်တက်လိုက်ခြင်း ဖြစ်သည်။

သူက ကောင်းကင်လှေကားထစ်များပေါ် နင်းလျှောက်နေသည့်အလား ရှဲကျင်းလုံထံသို့ တစ်လှမ်းချင်း သွားလိုက်သည်။

ရွှီချင်းက ခြေလှမ်း ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် လှမ်းပြီးသွားသည်နှင့် သဘောကျကျေနပ်စွာ ခံစားနေရလျက် ရှဲကျင်းလုံအနီးသို့ အလွယ်တကူ ရောက်သွားသည်။

ရှဲကျင်းလုံသည် ခေါင်းငုံ့လိုက်ပြီး ရွှီချင်းက ရှေ့တိုးသွားကာ ၎င်း၏ခေါင်းထိပ်ပေါ် မတ်တတ်ရပ်လိုက်သည်။ ရှဲကျင်းလုံက ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ရေယပ်ကြီးများကို တဖပ်ဖပ်ခတ်၍ မိုးကုတ်စက်ဝိုင်းဆီသို့ တဟုန်ထိုး ပျံသန်းသွားသည်။

၎င်းမှာ အလွန် မြန်ဆန်သည်။

သာမန်လူများ၏ မျက်လုံးများဖြင့် ၎င်းကို မမြင်နိုင်ပေ။ အမှန်စင်စစ် ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများသည်ပင် ဝိညာဉ်စွမ်းအားများကို စုစည်း၍ ကြည့်သောအခါမှသာ အသေးစိတ် မြင်ရမည်ဖြစ်သည်။

ဖျတ်ခနဲ ကြည့်ပါက ရွှီချင်းသည် လက်နှစ်ဖက်ကိုနောက်ပစ်၍ ဝေဟင်ထဲ ရွေ့လျားနေသည်ဟု ထင်ရမည်ဖြစ်သည်။

ယင်းသည် အခြေတည်အဆင့်ပင်။

ယခင်က တားမြစ်နယ်မြေထဲရှိ ဆင်းရဲသားရပ်ကွက်များထဲ ရွှီချင်း ထွက်ပြေးရစဉ်အခါက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးက သူ့နောက်မှ ယခုလို လိုက်ပါလာခြင်း ဖြစ်သည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ကင်းကောင်ကြီး၏ အပေါ်တွင် မတ်မတ်ရပ်၍ လိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ ကင်းကောင်ကြီးသည် ရွှီချင်း၏ ရှဲကျင်းလုံနှင့် ယှဉ်ပါက အရှိန်အဝါအရဖြစ်စေ၊ အလုံးအထည်အရဖြစ်စေ များစွာ နိမ့်ကျနေပေသည်။

သူတို့နှစ်ယောက်လုံး အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်ပါသော်ငြား သူတို့ကြားရှိ ကွာခြားချက်က မိုးနှင့်မြေပမာပင်။

ရွှီချင်းသည် ရှဲကျင်းလုံ၏ ခေါင်းပေါ်ရပ်နေရင်း မြေပြင်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ရှဲကျင်းလုံကို ထိန်းချုပ်၍ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်ရှိနေသည့် အနီးဆုံးမြို့သို့ ပျံသန်းစေလိုက်သည်။

သူက ပျံသန်းနေရင်း မြေပြင်ပေါ်ရှိ ခြောက်ကပ်ကပ်နေရာများ၊ ဆိုးဝါးစုတ်ပြတ်သော ပတ်ဝန်းကျင်နှင့် အရိုးများစွာကို မြင်လိုက်ရသည်။

ဤလောကရှိ သာမန်လူများမှာ သနားစရာကောင်းလှသည်။

သာမန်လူများနှင့်ယှဉ်လျှင် ကျင့်ကြံသူများတွင် ပို၍ ရွေးချယ်စရာများ ရှိဟန်တူသည်။ သို့သော် သူတို့သည်လည်း ဓာတ်နှောများကြောင့် သန္ဓေပြောင်းသွားမည့်အန္တရာယ်ကို ရင်ဆိုင်ကြရသည်။ ထို့အပြင် ကျင့်ကြံခြင်းရင်းမြစ်များ၏ ဈေးနှုန်းများ ခေါင်ခိုက်နေခြင်းသည်လည်း ကျင့်ကြံသူများကို စိတ်ဓာတ်ကျသွားစေသည်။

ကျင့်ကြံခြင်းရင်းမြစ်များကို မဝယ်ဘဲ ရယူချင်ပါက တိုက်ခိုက်ရမည်ဖြစ်ပြီး ထိုတိုက်ပွဲများသည် သက်စွန့်ဆံဖျားတိုက်ပွဲများသာ ဖြစ်ပေသည်။

ထို့ကြောင့် ဤလောကကြီးထဲရှိ ကျင့်ကြံသူများမှာ ကူကယ်ရာမဲ့နေရတော့သည်။

သို့ဖြစ်၍လည်း ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးတို့ကဲ့သို့ လူများ ရှိလာသည်။ ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် ခမ်းနားသော အတိတ်နေ့ရက်များကို ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ခဲ့ပါသော်လည်း ခါးသီးစွာ ရုန်းကန်ရပြီးနောက် နယ်မြေတစ်ခုကို ရွေးချယ်ကာ တခြားလူများကို အုပ်ချုပ်၍ လောကပျက်ကြီးထဲတွင် လက်ကျန်ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းလေသည်။

ထိုရွေးချယ်မှုတွင်လည်း အဆိုးနှင့်အကောင်း ဒွန်တွဲနေသည်။

ရွှီချင်းက ထိုသို့ လုပ်ချင်သည်။ သို့သော်လည်း ထိုဘဝက ကြာရှည်မခံဘဲ မမြင်နိုင်သော အန္တရာယ်ကြောင့် ပျက်စီးသွားမည်ကို သူ စိုးရိမ်သည်။ သို့ဖြစ်၍ သူသာ အမှန်တကယ် အခြေကျပြီး အသက်ရှင်လိုပါက ပို၍ အစွမ်းထက်ရမည် ဖြစ်သည်။

“ ဒီလောကကြီးထဲမှာ အေးအေးဆေးနေပြီး ဘဝကို ကောင်းကောင်းမွန်မွန်လေးပဲ ငါ ဖြတ်သန်းချင်တာ ”

ရွှီချင်းက တည်ငြိမ်စွာ ကြည့်နေပြီး သူ့အောက်မှ ရှဲကျင်းလုံက ပို၍မြန်ဆန်စွာ ခရီးဆက်နေသည်။

တဖြည်းဖြည်း လေတဟူးဟူး တိုက်ခတ်လာသည်နှင့်အမျှ ရှေ့တူရှုတွင် မြို့တစ်မြို့ ပေါ်လာသည်။

ယင်းသည် ရွှီချင်းလာခဲ့သည့် မြို့မဟုတ်ဘဲ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ရှိသည့် တခြားမြို့တစ်မြို့ ဖြစ်သည်။

ရွှီချင်းက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာသည့်တိုင်အောင် ချီစုစည်းခြင်းအဆင့်တွင် ရှိစဉ်ကအတိုင်း သတိကြီးနေဆဲပင်။

သူက ရောက်သည်နှင့် ခြေတစ်လှမ်း လှမ်းလိုက်သည်။ ရှဲကျင်းလုံ ပျောက်ကွယ်သွားပြီး ရွှီချင်းသည်လည်း မြေပြင်ပေါ်သို့ ငြိမ်သက်စွာ ရောက်သွားသည်။

သူက အဝတ်အစားများကို သပ်သပ်ရပ်ရပ်လုပ်လိုက်ပြီး ဝါကြင့်ကြင့်မျက်နှာနှင့် သက်လတ်ပိုင်းလူတစ်ယောက်အသွင် ပြောင်းလဲကာ မြို့ထဲသို့ တဖြည်းဖြည်း လျှောက်သွားသည်။

ထိုမြို့သည် ချီရွှဲ့ထုံဂိုဏ်းပိုင်သည့်မြို့ မဟုတ်ပေ။

ယင်းသည် ချီရွှဲ့ထုံဂိုဏ်း၊ ကျစ်ထူဂိုဏ်းနှင့် လီထူဂိုဏ်းတို့ ပူးပေါင်းတည်ဆောက်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်းဆုံမှတ်ရှိရာမြို့ဖြစ်သည်။ ထိုကဲ့သို့ ကိစ္စမျိုးသည် နန်းဟွမ်ဒေသကြီးတွင် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။

လူသားမျိုးနွယ်စုက နန်းဟွမ်ဒေသကြီး၏ နေရာအများစုတွင် နေထိုင်ကြသည်ဖြစ်ပြီး အင်အားစုအသီးသီးကြားတွင် မည်သည့်အင်အားစုမှပိုင်ဆိုင်ထားခြင်း မရှိသော နေရာလွတ်များစွာ ရှိပေသည်။

ထိုနေရာများသည် အင်အားစုအသီးသီး၏ ဆုံမှတ်နေရာများ သို့မဟုတ် ရင်းမြစ်ပစ္စည်းများ ရှားပါးသည့်နေရာများသာ ဖြစ်ပေသည်။ ထိုနေရာများကို စွန့်ပစ်ထားသည်မှာ နှမျောစရာကောင်းပါသော်လည်း သိမ်းပိုက်ထားရန်လည်း မလိုအပ်ပေ။

သို့သော်လည်း လမ်းပန်းဆက်သွယ်ရေးအတွက် ထိုနေရာများတွင် အင်အားစုသုံးစုက ပူးပေါင်း၍ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်များ တည်ဆောက်ကာ ထိုနေရာများကို ထိန်းသိမ်းထားကြသည်။

ရွှီချင်း ရောက်လာခြင်းသည် မြို့ထဲရှိ အစောင့်အရှောက်များကို အထိတ်တလန့် ဖြစ်သွားစေသည်။ ရွှီချင်းက သက်စောင့်မီးအိမ်ကို ဖုံးကွယ်၍ ရှဲကျင်းလုံကို မသုံးဘဲ မြို့ထဲ ဝင်လိုက်သည့်တိုင်အောင် မြို့ထဲ ရောက်သည်နှင့် သူက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း သိသွားသေးသည်။

အခြေတည်အဆင့်ကျင့်ကြံသူများက သူတို့၏ အရှိန်အဝါများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ခြင်းမပြုလျှင် သူတို့အရှိန်အဝါအမျှင်တန်းလေးတစ်ခုသည်ပင် ချီစုစည်းခြင်းအဆင့်ကျင့်ကြံသူများကို ရင်တဒိန်းဒိန်းခုန်သွားအောင် လုပ်နိုင်ပေသည်။

ရွှီချင်း ချီစုစည်းခြင်းအဆင့်မှာ ရှိနေပြီး အခြေတည်အဆင့်ကျင့်ကြံသူများကို တိုက်ခိုက်ရန် အစွမ်းမရှိသေးစဉ်အခါက ထိုနည်းတူသာ ခံစားခဲ့ရသည်။ ပထမဆုံးအကြိမ် ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးနှင့် သူ ကြုံခဲ့စဉ်အခါက ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုး၏ အဝေးမှ အကြည့်တစ်ချက်သည်ပင် သူ့စိတ်ကို တုန်ရီသွားစေခဲ့သည်။

ထိုစဉ်က ကျင်းကန်းဂိုဏ်းစောင့်ဘိုးဘိုးသည် သက်စောင့်မီးတောက်ကို မထုတ်ဖော်နိုင်သေးသည်ဖြစ်ရာ ရွှမ်ယောက်အသွင်သဏ္ဍာန်ကို မပြောင်းလဲနိုင်သေးပေ။ ပုံမှန်အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေသည်နှင့်အမျှ ပို၍ ထိတ်လန့်တုန်လှုပ်သွားရမည်ဖြစ်သည်။ ချီစုစည်းခြင်းအဆင့်ရှစ်သို့ ရောက်သောအခါမှသာ ခုခံနိုင်သည်။ ထိုသို့ ခုခံနိုင်သည်မှာလည်း ဓမ္မတံခါးသုံးဆယ်အထိ မဖွင့်နိုင်သေးဘဲ သာမန်ကျင့်ကြံခြင်းပညာရပ်များသာ ရှိသည့် ဂိုဏ်းငယ်လေးများမှ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများကို ကြုံတွေ့သောအခါတွင် ဖြစ်ပေသည်။

ဂိုဏ်းကြီးများမှ အခြေတည်အဆင့်ကျင့်ကြံသူသာ ဆိုပါက မည်မျှပင် ထူးချွန်သော ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်စေ သက်စောင့်မီးတောက်ကို ထုတ်ဖော်နိုင်ပြီး ရွှမ်ယောက်အသွင်သဏ္ဍာန် ပြောင်းလဲနိုင်သည့် အခြေတည်အဆင့်ကျင့်ကြံသူကို ခုခံနိုင်မည် မဟုတ်ပေ။

သူတို့က လုံးလုံးလျားလျား ကွဲပြားခြားနားသော အဆင့်များတွင် ရှိကြပေသည်။

ရေကြောင်းပြဌာနအပြင်ဘက်တွင် ဂိုဏ်းထောက်လီ ရောက်လာပြီး သူ၏ အော်ဟစ်သံကြောင့် ရွှီချင်း၏အသိစိတ် ဗြောင်းဆန်သွားရသကဲ့သို့ပင်။

ယခု သူ ရောက်ရှိလာခြင်းသည်လည်း ဤမြို့လေးထဲရှိ ကျင့်ကြံသူများကို ထပ်တူ ခံစားသွားရစေသည်။

All Chapters