စူပါဟီးရိုး မျက်နှာဖုံး
Vol. 16 Ch. 229
လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ရဲ့လင်းချန်တို့ကို ဟိုတယ်က ကားလွှတ်၍ လာကြိုလေသည်။
ညဉ့်နက်နေပြီ ဖြစ်သော်လည်း လမ်းများက မီးရောင် ထိန်ထိန်လင်းနေပြီး လူသွားလူလာ များနေကာ အနားယူ ကြသည့် အရိပ်အယောင် မပေါ်ချေ။ ကလပ်များနှင့် ကာစီနိုများကို နေရာအနှံ့ တွေ့မြင်ရသည်။ တကယ်ပင် ဘယ်တော့မှ မအိပ်သည့် မြို့တစ်မြို့ပါတကား။
လမ်းတစ်လျှောက်တွင် ကားများက အရှိန်ဖြင့် သွားလာနေသည်။ လှပစွာ ဝတ်စားထားသော အမျိုးသမီးများစွာက ခရီးသွားများအား ဆွဲဆောင်နေသည်ကို ရဲ့လင်းချန် တွေ့နေရသည်။
ဤနေရာတွင် နိုင်ငံပေါင်းစုံမှ လူများကို မြင်နေရသည်။ တိုတောင်းလှသော အချိန်အတွင်း၌ မတူညီသော နိုင်ငံများမှ အနည်းဆုံး လူခုနစ်ယောက်ကို ရဲ့လင်းချန် မြင်ခဲ့ပြီးလေပြီ။
“ဆရာရဲ့ ကျွန်တော်တို့ ဘိုကင်လုပ်ထားတဲ့ ဟိုတယ်က ကာစီနိုဘေးနားကပါ၊ အဲ့ဒါက ဒီမှာ ဈေးအကြီးဆုံး ဟိုတယ်ပါ၊ အခန်းတိုင်းက ကျွန်တော်တို့နိုင်ငံက ဧည့်ခန်းပါတဲ့ ဟိုတယ်အခန်းထက် ပိုကြီးပါတယ်။ ပြီးတော့ ဟိုတယ်ရဲ့ အပေါ်ဆုံးအထပ်မှာ ဖောက်မြင်ရတဲ့ ရေကူးကန်ကြီးလည်း ရှိပါတယ်၊ အဲ့မှာ ရေကူးတဲ့အချိန်ဆို လေထဲမှာ ပျံနေရသလို ခံစားရမှာပါ၊ အဲ့ဒါက ဒီနေရာရဲ့ အထင်ကရပါပဲ”
လုဟောင်က ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
“အဲ့ဒါအပြင် တရုတ်နိုင်ငံမှာတုန်းက မရနိုင်တဲ့ ဝန်ဆောင်မှုတွေကို ခံစားလို့ရပါတယ်၊ သူတို့မှာ ကမ္ဘာတစ်ဝှမ်းက မိန်းကလေးတွေ ရှိပါတယ်၊ ခင်ဗျား ဘယ်တစ်ယောက်ကို ကြိုက် …”
ရဲ့လင်းချန်က လုဟောင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သဖြင့် သူ ချက်ချင်း ပြောလက်စစကားကို မျိုချလိုက်ရသည်။
“ဆရာရဲ့ ကာစီနိုက ကျွန်တော်တို့ရဲ့ အရှေ့မှာပါ”
လုထျန်းရှုံးက အသာချောင်းဟန့်ပြီး ပြောလိုက်သည်။
ရဲ့လင်းချန် ခေါင်းမော့ကြည့်လိုက်သောအခါ ကြီးမားသော မုခ်ခုံးပါ စင်္ကြံတစ်ခုကို တွေ့လိုက်ရသည်။ မုခ်ခုံးအား အရောင်စုံလင်သော အလင်းရောင်တို့ဖြင့် ဆင်ယင်ထားသည်။ မုခ်ခုံး၏ အလယ်တွင် “Las Vegas” ဟူသည့် စာလုံးအား တောက်ပသော ရွှေရောင်အလင်းတို့ဖြင့် ထိန်လင်းနေအောင် ပြုလုပ်ထားလေသည်။
မုခ်ခုံးအောက်၌ လူပေါင်းများစွာ ဖြတ်သန်းနေပြီး စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။
ဤနေရာမှလူများသည် ညအခါတွင်မှ ပို၍ တက်ကြွကြဟန် တူသည်။ လမ်း၏ တစ်ဖက်တစ်ချက်တွင် ပျံကျဈေးသည်များ၊ တီးမှုတ်ကခုန်သူများနှင့် ဈေးဆိုင်မျိုးစုံတို့ဖြင့် ပြည့်နှက်နေသည်။ အစားအသောက်ကလည်း စုံလင်လှသည်။ ညဈေးတန်းက သူ ထင်ထားသည်ထက် ပို၍ အသက်ဝင်နေ၏။
သူတို့ လူသွားလမ်းနားသို့ ရောက်လာကြပြီးနောက် ကားများကို ရှေ့ဆက်မမောင်းရန် တားမြစ်ထားလေသည်။ ရဲ့လင်းချန်တို့ ကားပေါ်မှဆင်း၍ လမ်းလျှောက်လိုက်ကြသည်။
မမျှော်လင့်ဘဲ သူ တရုတ်လူမျိုးများစွာကို တွေ့လိုက်ရသည်။ အများစုက လူငယ် အမျိုးသား၊ အမျိုးသမီးများ ဖြစ်ပြီး အားလပ်ရက်ခရီး ထွက်လာကြပုံပေါ်သည်။
သူ ဆက်လျှောက်လာသည်နှင့်အမျှ ဘေးပတ်လည်တွင် တရုတ်လူမျိုးများကို ပိုတွေ့လာရသည်။ ဘာသာစကားတောင်မှ အင်္ဂလိပ်လိုမှနေ၍ တရုတ်သို့ ပြောင်းလာလေသည်။
*ငါတို့ တရုတ်တန်းကိုများ ရောက်နေတာလား၊ ဒီလို မဖြစ်သင့်ဘူးလေ*
ရဲ့လင်းချန် အနည်းငယ် မှင်တက်နေသည်။ ခပ်လှမ်းလှမ်းနေ၍ အံ့ဩသော အာမေဋိတ်သံများကို ကြားနေရပြီး လက်ခုပ်သံများပါ ထွက်ပေါ်လာလေသည်။
“ဆရာရဲ့ အရှေ့မှာ တရုတ်လူမျိုး ဖျော်ဖြေရေးသမား တစ်ယောက် ရှိပါတယ်၊ သူ အဲ့လိုလုပ်နေတာ နှစ်ချီနေပြီ၊ မကြာသေးခင်က သူ Tik Tok ကြောင့် နာမည်ကြီးသွားပြီး တရုတ်လူမျိုး ဧည့်သည့်တွေကို အတော်လေး ဆွဲဆောင်နိုင်သွားတယ်”
လုဟောင်က အပြုံးနှင့် ရှင်းပြသည်။
“သူက ဘာကို ဖျော်ဖြေတာလဲ”
ရဲ့လင်းချန် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“တရုတ်ကွန်ဖူးပါ”
လုဟောင်က ရယ်လိုက်ပြီးမှ ထပ်ပြောသည်။
“ဆရာရဲ့နဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ဘူးပေါ့ဗျာ၊ သူ သရုပ်ပြတဲ့ တရုတ်ကွန်ဖူးက ဖျော်ဖြေရေး သက်သက်ပဲ၊ ခင်ဗျားနဲ့ မယှဉ်နိုင်ပါဘူး”
ရဲ့လင်းချန်၏ အစွမ်းအစကို သူ မြင်ခဲ့ဖူးပြီးသား ဖြစ်သည်။ ရဲ့လင်းချန်ထံမှ သူ သင်ခန်းစာ အပေးခံလိုက်ရ ပြီးကတည်းက ထိုအတွေ့အကြုံက သူ့ကို အချိန်တစ်ခုအထိ လိုက်လံ ခြောက်လှန့်ခဲ့သည်။ သူ့စိတ်ထဲတွင် ရဲ့လင်းချန်၏ စွမ်းရည်များက အလွန် ကြောက်စရာကောင်းသည်ဟု မှတ်ယူထားသည်။
မမျှော်လင့်ဘဲ လုဟောင်၏ စကားက လူတစ်ချို့ကို မကျေမနပ် ဖြစ်သွားစေသည်။ သူတို့က နောက်လှည့်လာပီဲး ရဲ့လင်းချန်ကို တစ်ချက်ကြည့်ကာ နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြောလာသည်။
“ဘရို ကြွားတာက ကြွားလို့ရတယ်၊ ဒါပေမဲ့ တရုတ်ကွန်ဖူးကို ရယ်စရာလို မပြောနဲ့”
“ငါတို့အားလုံးက တရုတ်လူမျိုးတွေပဲ၊ နိုင်ငံခြားမှာ တရုတ်ကွန်ဖူးကို မြင်ရတုန်း အေးအေးဆေးဆေး ကြည့်ထား၊ ကိုယ့်ကိုယ်ကိုယ် ကြည့်ကောင်းစေချင်တာနဲ့ပဲ အခြားသူတွေကို ဆွဲမချနဲ့”
ဤလူများအားလုံးက သိုင်းပညာအပေါ် စိတ်အားထက်သန်သူများ ဖြစ်ပုံပေါ်ပြီး တရုတ်ကွန်ဖူးကို ကြည့်ချင်၍ သည်နေရာသို့ လာခဲ့ကြသည့်ပုံပင်။
လုဟောင်က သူတို့ကို ပြန်ပြောချင်သော်လည်း ရဲ့လင်းချန်၏ တားဆီးခြင်း ခံလိုက်ရသည်။ သူက နှာခေါင်းပွတ်၍ အေးအေးလူလူ အမူအရာဖြင့် ပြုံးနေသည်။
လူအုပ်နှင့်အတူ ကြည့်လိုက်ပြီးနောက် ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ ဖျော်ဖြေနေသူက လူလတ်ပိုင်းအရွယ် အမျိုုးသားတစ်ယောက် ဖြစ်သည်။ သူက အရပ်မရှည်သော်လည်း ခန္ဓာကိုယ် တည်ဆောက်ပုံ ကောင်းသည်။ သူ၏ ကြွက်သား အမြောင်းမြောင်း ထနေသော ခန္ဓာကိုယ်က ဟန်ချက်ညီပြီး မျက်လုံးများက စိတ်အားထက်သန်ဟန် ပေါ်နေကာ သန်မာသော အရှိန်အဝါမျိုး ပေးစွမ်းနေ၏။
*သူက … သိုင်းလက်သီးကို လေ့ကျင့်တာလား*
ရဲ့လင်းချန်က ထိုလက်သီးသိုင်းအား အလွန် ရင်းနှီးပါသည်။ သို့သော် ဤလူက သိုင်းလက်သီး၏ အခြေခံကို မွမ်းမံထားသဖြင့် ပို၍ ကြည့်ကောင်းနေသည်။ တစ်ချို့သော လှုပ်ရှားမှုများက အလွန် ခက်ခဲပြီး ခန္ဓာကိုယ်၏ ကောင်းမွန်သော ဟန်ချက်ညီမှုလည်း လိုအပ်သည်။
ထိုအခိုက်တွင် လူလတ်ပိုင်းအရွယ် အမျိုးသားက လေထဲတွင် တစ်မီတာမျှ ခုန်၍ ကျွမ်းထိုးလိုက်ကာ မြေကြီးပေါ်သို့ ကြော့ကြော့မော့မော့ ပြန်ကျလာ၏။
“ကောင်းလိုက်တာ၊ မိုက်တယ်ဟေ့”
“ချီးပဲ၊ Tik Tok ကနေ ကြည့်တာနဲ့ မတူဘူးကွ၊ အရမ်း မိုက်တယ်”
“ဟုတ်တယ်မလား၊ ခုနက ငါ့မျက်နှာကို လေတိုးလာတယ်လို့တောင် ခံစားမိတယ်၊ ဒါက တကယ့် ကျွမ်းကျင်သူကွ”
“ငါတို့ တရုတ်ကွန်ဖူးပညာက အကောင်းဆုံး ဖြစ်နေတုန်းပဲ၊ ပြည်ပအထိ ပျံ့နှံ့နေတာကို မြင်ရတာ အံ့ဩဖို့ ကောင်းတယ်”
ထိုစဉ် လူလတ်ပိုင်းအရွယ် အမျိုးသားက အသက်ပြင်းပြင်းရှူ၍ ကိုယ်နေဟန်ထားကို ထိန်းညှိလိုက်သည်။ သူက လက်သီးနှစ်ဖက်ကို ဆုပ်၍ ပရိသတ်များအား ကျေးဇူးတင်စကား ဆိုလေသည်.
“အားပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ဆယ်မိနစ် နားပါမယ်၊ ပြီးရင်တော့ နောက်ထပ် သိုင်းကွက်ကို ဖျော်ဖြေပါ့မယ်”
လူအုပ်ကြီးက အကြွေတစ်ချို့ ထုတ်၍ လူလတ်ပိုင်းအရွယ် အမျိုးသား ချထားသော မြေကြီးပေါ်မှ ခရီးဆောင်အိတ်ထဲ ထည့်လိုက်ကြသည်။
ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။ ထိုသူက မဆိုးပါ။ သူက စစ်သည်တော်ဌာနမှ အနားယူသွားသော သိုင်းပညာရှင် ဖြစ်ရမည်ဟု သူ ခန့်မှန်းမိသည်။ သူ၏ ခြေထောက် လှုပ်ရှားမှုက မသိမသာ ကို့ရို့ကားယား နိုင်နေကာ ဒဏ်ရာဟောင်းကြောင့် ဖြစ်မည့်ပုံပင်။
“ဖေဖေ ချွေးသုတ်လိုက်ပါဦး”
ချစ်စရာကောင်းသော ကောင်လေးတစ်ယောက်က ရှေ့တိုးလာပြီး ကြိုပြင်ထားသော ပုဝါကို လူလတ်ပိုင်းအရွယ် အမျိုးသားအား လှမ်းပေးလေသည်။
ထိုကောင်လေးတွင် ကြီးမား၍ ရွှန်းစိုသော အနက်ရောင် မျက်လုံးတစ်စုံရှိကာ အားအင်တို့ဖြင့် ပြည့်နှက်နေ၏။ ပုဝါကို လှမ်းပေးလိုက်ပြီးနောက် သူက အနားက ဆိုင်တစ်ဆိုင်ထံ ခပ်သွက်သွက် လျှောက်သွားပြီး အဆုတ်ကွဲမတတ် အော်ပြောလေသည်။
“စူပါဟီးရိုးတွေရဲ့ မျက်နှာဖုံးတွေ ရမယ်နော်၊ အရည်အသွေး မြင့်ပြီး ဈေးချိုတယ်၊ မူလလက်ရာတွေနော်၊ ကျွန်တော်တို့ Alipay, WeChat Pay အပြင် အခြား အွန်လိုင်း ငွေပေးချေမှု အားလုံးကို လက်ခံပါတယ်၊ တစ်ချက်လောက် ကြည့်ကြည့်ကြပါ”
ရုတ်တရက် အပြောင်းအလဲကြောင့် လူအုပ်ကြီးက ကျယ်လောင်စွာ ရယ်မောနေကြပြီး ကောင်လေး၏ အပြုအမူကို သဘောကျနေလေသည်။
“ဝါး … သူက အဲ့သိုင်းပညာရှင်ရဲ့ ကလေးပဲ”
“သူက လိုင်းပေါ်ကလိုပဲ ချစ်စရာကောင်းပါလား”
“သူက လိုင်းပေါ်က ဓာတ်ပုံတွေထက် အပြင်မှာ ပိုချစ်ဖို့ကောင်းတယ်လို့ ငါ ထင်တယ်”
ကောင်လေးက မိန်းမပျိုလေးများ၏ စိတ်ဝင်စားခြင်းကို ခံလိုက်ရပြီး သူမတို့ ဝိုင်းတာကို ခံလိုက်ရလေသည်။
“မမလှလှ သားမှာ Captain Marvel, Iron Man နဲ့ Captain America ရဲ့ ဒိုင်းတောင် ရှိသေးတယ် … အမှတ်တရ လက်ဆောင်အဖြစ် တစ်ခုလောက် ဝယ်ပါလား”
ကောင်လေးက သူ့ပစ္စည်းများကို တစ်ခုပြီးတစ်ခု မိတ်ဆက်လေသည်။
ရဲ့လင်းချန် လှမ်းကြည့်လိုက်သောအခါ ထိုဆိုင်က စူပါဟီးရိုးများ၏ မျက်နှာဖုံးများနှင့် ကစားစရာတို့ဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရသည်။ ထိုစဉ် ဆိုင်ပေါ်မှ ထူးခြားသော မျက်နှာဖုံးတစ်ခုကို တွေ့လိုက်ရသဖြင့် သူ့အကြည့်များ တန့်သွားသည်။
ထိုမျက်နှာဖုံးက အနက်ရောင် ဖြစ်ပြီး နဖူးအလယ်တည့်တည့်တွင် အနီရောင်ဖြင့် ဝိုင်ဟူသော စာလုံးခပ်ကြီးကြီးကို ရေးထိုးထားသည်။
သူ ထိုဆိုင်သို့ လျှောက်သွားပြီး လက်ထဲမှ မျက်နှာဖုံးကိုကိုင်၍ ပြုံးကာ မေးလိုက်သည်။
“ဒါ နောက်ထပ် စူပါဟီးရိုးလား”
“အင်း ဟုတ်တယ်”
ထိုကောင်လေး၏ မျက်နှာတွင် ဂုဏ်ယူဟန်တို့ဖြင့် ပြည့်နှက်နေသည်။
“ကိုကြီး ကိုကြီးကလည်း တရုတ်လူမျိုးပဲ မဟုတ်လား၊ ဒါ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် စူပါဟီးရိုးနော်၊ ပြီးတော့ နိုင်ငံခြား ရုပ်ရှင်တွေမှာ ပါတဲ့ စူပါဟီးရိုးတွေနဲ့ မတူဘူး၊ သားတို့ စူပါဟီးရိုးက တကယ့် အစစ်၊ ပြီးတော့ ဝိုင်တွေက အများကြီး ရှိတာ၊ သူတို့က အရာအားလုံးမှာ တော်တယ်၊ ပြီးတော့ လူတွေအများကြီးကိုလည်း ကယ်ခဲ့တာ၊ သူတို့က တအား နာမည်ကြီးတာ”
“အဲ့လိုလား၊ သူက မင်းအဖေလောက် အံ့ဩဖို့ ကောင်းလား”
ရဲ့လင်းချန်က ပြုံးကာ မေးလိုက်သည်။
ကောင်လေးက မျက်မှောင်ကြုတ်သွားပြီး ဘယ်လို ဖြေရမလဲမသိ ဖြစ်သွားလေသည်။ တစ်ခဏမျှ တွေဝေနေ ပြီးနောက် သူက ပြန်ဖြေလာသည်။
“ဝိုင်က နည်းနည်းလေး ပိုတော်တယ်လို့ သား ထင်တယ်”
ရဲ့လင်းချန် ခပ်ဖွဖွ ပြုံးလိုက်သည်။ သူက လုဟောင်ထံမှ ပိုက်ဆံတောင်း၍ ပေးလိုက်ပြီး ထွက်လာလိုက်သည်။