အနာဂတ်ပါရမီကျမ်း
Vol. 13 Ch. 1221
သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့က ပိုင်ရှောင်ချန်းကို ထိုကဲ့သို့ စကားပြောရန် စိုးရွံ့ကြပေမည်။ လိပ်ကလေးသာ ထိုသို့ပြောရန် သတိရှိလောက်မည် ဖြစ်၏။
ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။ ထို့နောက် လိပ်ကလေးအသံ ပဲ့တင်ထပ်နေချိန်မှာပင် ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းလှမ်းပြီး ပျောက်ကွယ်သွား၏။
တခဏကြာသော် အစောပိုင်းက သူ ရပ်နေခဲ့သည့်နေရာ၏အနောက် မီတာသုံးရာခန့်ရှိ အလှကျောက်တုံးတချို့ဘေး၌ ပြန်ပေါ်လာသည်။ သူက အရှေ့ကို လက်ဆန့်ထုတ်၍ ဖမ်းဆုပ်သည့်လှုပ်ရှားမှု ပြုလုပ်လိုက်သည်။
သူ ထိုသို့လုပ်လိုက်သဖြင့် သူ၏ပတ်လည်ရှိ လေထု ကြေမွသွားပြီး အော်ဟစ်သံတစ်သံ ကြားလိုက်ရသည်။ လိပ်ကလေးက အံ့သြတုန်လှုပ်ဖွယ် အမြန်နှုန်းဖြင့် အရှိန်တင်နေရင်း ပုံရိပ်များအသွင်ဖြင့် ပေါ်လာ၏။
သို့သော် ဤသည်မှာ ယခင် ပိုင်ရှောင်ချန်း မဟုတ်တော့ပေ။ သူက အေးစက်စက်နှာမှုတ်၍ ခြေတစ်လှမ်းရှေ့တိုးလိုက်ရာ ပတ်ဝန်းကျင်ရှိ အရာအားလုံး အလိုအလျောက် လိပ်လာပုံပေါ်သွားသည်။ ၄င်းမှာ လှိုင်းဂယက်များထနေသည့်အလားပင်။ ထို့နောက် အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။ သူက အစွမ်းပိုထက်သည်မှအပ တစ်နေရာလုံးကို ချုပ်နှောင်လိုက်သော အချုပ်အနှောင်မှော်ပညာတစ်ရပ်ကဲ့သို့ တစ်စုံတခု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
လိပ်ကလေးက အရှိန်တင်ရန် မည်မျှကြိုးစားစေကာမူ နှေးသွားခြင်းဖြင့်သာ အဆုံးသတ်သွားလေသည်။ သူ၏မျက်လုံးများက မယုံကြည်နိုင်မှုများဖြင့် လင်းလက်သွားပြီး သူက အားနှင့်အင်နှင့် ရုန်းကန်သော်လည်း သူ့ကို ဖမ်းဆုပ်လိုက်သောလက်တွင်းမှ မလွတ်မြောက်နိုင်လိုက်ပေ။
ပိုင်ရှောင်ချန်းက တိုင်းထွာ၍မရလောက်အောင် သူ့ကိုယ်သူ ဂုဏ်ယူနေ၏။ ကုန်လွန်သွားခဲ့သည့် နှစ်ပေါင်းများစွာတစ်လျှောက် ဤသည်မှာ လိပ်ကလေး ထွက်မပြေးနိုင်ခင် အောင်အောင်မြင်မြင်ဖမ်းမိသော ပထမဆုံးအကြိမ် ဖြစ်သည်မဟုတ်ပါလော။ သူက မျက်နှာရှေ့သို့ သူ့ကို မြှောက်၍ ပြောသည်။
" မင်း အခုလေးတင် ဘာပြောလိုက်တာလဲ လိပ်ကလေး။ ငါ သေချာမကြားလိုက်လို့ "
လိပ်ကလေးမှာ သိသိသာသာအံ့သြသွားသော်လည်း တချိန်တည်းမှာပင် အရှုံးကို အလွယ်တကူလက်ခံသူ မဟုတ်ပေ။ သူက စိန်းစိန်းဝါးဝါးကြည့်၍ တသီတသန်းကြီး ဆဲရန် ပြင်လိုက်သည်။ သူ မဆဲနိုင်ခင် သူနှင့်အလွန်ရင်းနှီးလွန်းသော ပိုင်ရှောင်ချန်းက သူ့ကို အကြမ်းပတမ်း ရှေ့နောက်ခါရမ်းတော့သည်။
လိပ်ကလေးက စူးစူးဝါးဝါးအော်၏။
" အို လေးစားကြည်ညိုရပါသော သခင်၊ ကျွန်ုပ်ရဲ့ ပိုင်ရှင်ဖြစ်သော ကိုယ်တော်ပိုင် ... ခါမနေပါနဲ့တော့။ ချီးလိုပဲ။ မင်း ဘယ်တုန်းက ဒီလောက် အစွမ်းထက်လာတာတုန်း “
" ငါ စနေတာပါကွာ။ မင်းရဲ့သားအပေါ်မှာ ဘယ်လိုလုပ် လိပ်အမှတ်အသား ထားနိုင်မှာလဲ ကိုယ်တော်ပိုင်ရယ်။ ငါ ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ သူ့အတွက် ငါ့အချစ်တွေကလေ အကန့်အသတ်ကို မရှိတာ။ ဟားဟားဟား။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာကြာပြီ ငါ နည်းနည်းလေး စလို့နောက်လို့မရဘူးလား "
သို့သော် သူ၏အသနားခံမှုများမှာ လျစ်လျူရှုထားခံရပြီး ပိုင်ရှောင်ချန်းက သူ့ကို ထပ်ကာထပ်ကာ လှုပ်နေတော့သည်။
" မင်း သူတော်စင်ဧကရာဇ်နိုင်ငံမှာ နေသင့်တာလေ။ ဘာအတွက် ထွက်ပြေးသွားတာတုန်း။ မင်းကျေးဇူးကြောင့် ငါ့ရည်းစားစာတွေအကုန် မရှိတော့ဘူး "
ရည်းစားစာများအကြောင်း တွေးလိုက်ရုံနှင့် ပိုင်ရှောင်ချန်း၏နှလုံးသားကို ချက်ချင်းကြေကွဲသွားစေတော့သည်။
ဤအချိန်တွင် လိပ်ကလေးမှာ ဒေါသမထွက်ဘဲ မနေတော့ပေ။
" ငါ ထွက်သွားချင်တယ်လို့ မင်းထင်လား။ သူတော်စင်ဧကရာဇ်နိုင်ငံမှာ အကုန်လုံးက အိုကေစိုပြေနေခဲ့တာလေ။ ဒါပေမဲ့ မင်းက လာပြီး ငါသာ နည်းနည်းလောက် ထပ်နေပေးရင် ငါ့ကို သားရဲနတ်ဘုရားအဖြစ် တင်မြှောက်မယ်ဆို “
" သားရဲနတ်ဘုရား။ အဲဒါက သူတော်စင်လိပ်ထက် ပိုကောင်းတဲ့ အသံပေါက်တယ်။ မင်းသိလား ငါ့မှာ မင်းလာမှာကို စောင့်ရင်း မျှော်လင့်ရင်း ဆုတောင်းရင်း ထိုင်နေခဲ့တာကွ။ ဒါပေမဲ့ မင်း ဘယ်တော့မှ ရောက်မလာခဲ့ဘူး။ ဒါကြောင့် ဟုတ်တာပေါ့ ငါမင်းကို ရှာဖို့ လာရတာပဲ "
လိပ်ကလေးက စကားတစ်ခွန်းစီတိုင်းအား ပို၍ကြီးမားသောဆုံးဖြတ်ချက်ဖြင့် ပြောလေသည်။ အဆုံးသတ်တွင် သူက ပိုင်ရှောင်ချန်းကို မျက်စောင်းခဲနေပြီး ပိုင်ရှောင်ချန်းကလည်း သူ့ကို မျက်စောင်းခဲနေလေသည်။ တင်းမာသောအခိုက်အတန့်တစ်ခု ကုန်လွန်သွားချိန် ပိုင်ရှောင်ချန်းက ရယ်တော့သည်။ သူသည် လိပ်ကလေး သူ့ကိုနောက်နေခဲ့ကြောင်း သေချာပေါက်သိလေသည်။ လိပ်ကလေးကလည်း သူနောက်နေကြောင်းသိသည်။ သူတို့နှစ်ယောက်လုံး ရယ်လိုက်ကြချိန် ပိုင််ရှောင်ချန်းက ဆုပ်ကိုင်ထားရာမှ လွှတ်ပေးလိုက်၏။
" အာ ဘာပဲဖြစ်ဖြစ် ၊ အခုကစပြီး မင်းက ဗဟိုဧကရာဇ်နိုင်ငံရဲ့ သားရဲနတ်ဘုရားပဲ "
သူ၏ပါးစပ်မှ စကားလုံးများထွက်သွားချိန်မှာပင် ပိုင်ရှောင်ချန်းပင် သတိမထားမိသည့် ထူးဆန်းသော စွမ်းအားတစ်ခု ထုတ်လွှတ်ခံလိုက်ရလေသည်။ ရလဒ်အနေဖြင့် လိပ်ကလေးမှာ တဆတ်ဆတ်တုန်ယင်သွားပြီးနောက် သူ၏မျက်လုံးများ တောက်ပစွာ လင်းလက်လာတော့သည်။ ကြည့်ရသရွေ့ သူ့ကို ထူးဆန်းသော စွမ်းအားများဖြင့် ပြည့်နှက်သွားစေသည့် မမြင်ရသော သဘာဝနိယာမတစ်ခု အလုပ်လုပ်နေပုံရလေ၏။
ကောက်ကာငင်ကာ လိပ်ကလေးက စူးရှတောက်ပသော အလင်းများ ထုတ်လွှတ်လာတော့သည်။
" ဝိုး ... ဟိုးး "
လိပ်ကလေးက ပျော်ရွှင်မြူးထူးစွာ လှည့်ပတ်ပျံသန်းနေရင်း အော်လိုက်သည်။ ပိုင်ရှောင်ချန်းက ဆက်လက်ရယ်နေလေသည်။ သူသည် လိပ်ကလေးကြောင့် သူတော်စင်ဧကရာဇ်အတွက် ပြဿနာ မဖြစ်စေချင်သော်လည်း ယခု လိပ်ကလေးက သူ့သဘောနှင့်သူ ပြန်လာခဲ့ပြီဖြစ်၍ သူ့ကို ပေးခြင်းဖြင့် သစ္စာဖောက်တော့မည် မဟုတ်ပေ။
သို့သော် သူ ကိစ္စတစ်ရပ်လုံးကို စဥ်းစားရန် လိုအပ်သေးသည်။
" မင်း သိုသိုသိပ်သိပ်နေနော်။ ခေါင်းကို ငုံ့ထား။ သူတော်စင်ဧကရာဇ်က မင်းကိုရှာဖို့ ပြန်လာရင် တကယ်စိတ်ပျက်စရာကောင်းမှာ "
ထို့နောက် သူက စိတ်လှုပ်ရှားနေသော လိပ်ကလေးကို လျစ်လျူရှုပြီး နန်းတော်ကို ပြန်သွားလိုက်လေသည်။
သူက ကလေးများကို ကြည့်ရှုပြီး စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုတို့ဖြင့် စကားစမြည်ပြောရင်း အချိန်အနည်းကုန်ဆုံးပြီးနောက် တရားအားထုတ်ရန်အတွက် အားရကျေနပ်စွာ တံခါးပိတ်ကျင့်ကြံလိုက်လေသည်။
သူ၏ယခင်ကဏ္ဍမှာ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့သော်လည်း သူ၏ အနာဂတ်စိတ်ဆန္ဒ ပြည့်စုံအောင် လုပ်ရန် လိုအပ်သော အလုပ်များအားလုံး ယခုထက်ထိ မပြီးမြောက်သေးသည် မဟုတ်ပါလော။
ပထမဆုံး သူသည် ကိုယ်တွယ်ရန်လိုအပ်သော အသေးစိတ်အရာအမျိုးမျိုးကို လုပ်ဆောင်ရင်း အချိန်အနည်းကုန်ဆုံးလိုက်သည်။ ထို့နောက် သူက သူ့အတွက် အတော်လေး အလိုအလျောက်ဖြစ်လာခဲ့ပြီးဖြစ်သော ကျင့်စဥ်၏စွမ်းအားများကို ဆင့်ခေါ်ရင်း ဆက်လက်လုပ်ဆောင်သည်။ ဤအချိန်တွင် သူသည် ပဝေသဏီအတွဲ၏ တတိယမြောက်အဆင့် သရုပ်သကန်ဖြစ်မည့် နတ်ဘုရားအတတ်ကို ဖန်တီးရန် စတင်သည်။
" ငါ့မှာ အတိတ်ကျမ်းနဲ့ ပစ္စုပ္ပန်ကျမ်းရှိတယ်။ ငါ့ရဲ့ တတိယမြောက် နတ်ဘုရားအတတ်က အနာဂတ်ကျမ်းဖြစ်သင့်တယ် "
သူ၏အတိတ်ကျမ်း၊ ပစ္စုပ္ပန်ကျမ်းတို့နှင့် ပတ်သက်လျှင် သူ၏ယခင်ကျင့်ကြံခြင်းအခြေခံကန့်သတ်ချက်များမှာ ၄င်းတို့၏ စစ်မှန်ပြီး အထွတ်အထပ်ဖြစ်သော စွမ်းအားအဆင့်ကို မထုတ်လွှတ်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။
သို့သော် ယခု သူက လောကနတ်ဘုရား အတိုက်အခိုက်စွမ်းရည်ရှိ၍ အခြားကျမ်းနှစ်ခုက ယခင်ကထက်ပို၍ အံ့သြဖွယ်ကောင်းမည်ဖြစ်ကြောင်း ယုံကြည်ချက်ရှိလေသည်။ ထိုမျှသာမက သူက ၄င်းတို့ကို မကြာခဏ မသုံးခဲ့သောကြောင့် သေချာပေါက် ဝှက်ဖဲအစုအဝေးထဲ ကျရောက်သွားလေသည်။
သူက သူ၏အနာဂတ်ကျမ်းနှင့်ပတ်သက်ပြီး အတွေးပေါင်းများစွာ စဥ်းစားခဲ့ရာ အမှန်တကယ် လုပ်ဆောင်သောအခါ ပို၍အဆင်ပြေချောမွေ့လာ၏။ သူက တင်ပျဥ်ခွေထိုင်လျက် သူ၏မိုးမြေဧကရာဇ်အရှိန်အဝါဖြင့် ၄င်းတို့ကို မြန်စေပြီး နိမိတ်များဖတ်နေလေသည်။အခြားနည်းများအရ ၄င်းသည် ဆေးဖော်စပ်နည်းတစ်ခုလုပ်ဆောင်နေသည့်အလားပင်။
နှစ်ဝက်ခန့် လျှပ်တပြက် ကုန်ဆုံးသွား၏။ သူက လောကနတ်ဘုရားအလင်းကို မိစ္ဆာဧကရာဇ်နှင့် တိုက်ပွဲအတောအတွင်း အသုံးပြုခဲ့သောအချိန်မှစ၍ ရေတွက်လျှင် တစ်နှစ်ရှိပြီဖြစ်ရာ ယခုတွင် သူ၏စိတ်တိုင်းကျ ဆယ့်ငါးချက်ပြန်ခဲ့ပြီဟု ဆိုနိုင်သည်။
ယခု သူက လုံခြုံေသာကွန်ယက်အတွင်း ရောက်ရှိနေပြီဖြစ်၍ သူ၏နိမိတ်ဖတ်ခြင်းတွင် အာရုံစိုက်ရန် ပိုလွယ်ကူလေသည်။
လအနည်းငယ်ထပ်မံကုန်ဆုံးသွား၏။ တစ်ညနေ ၊ သူ၏သီးသန့်အခန်းထဲ ထိုင်နေစဥ် သူ၏မျက်လုံးများကို ဖွင့်လိုက်ရာ ထိုမျက်ဝန်းများထဲ ပွင့်နေဆဲ အနီရောင်ပန်းပွင့်တစ်ပွင့်နှင့်တူသော အရာရှိနေသည်။ ပန်းကား ပန်းတစ်ပွင့်ပုံစံဖြစ်ပေါ်ရန် တစ်ခုနှင့်တစ်ခု တွယ်ဆက်လျက်ရှိသော မရေတွက်နိုင်သည့် မှော်သင်္ကတသေးသေးလေးများမှ ဖန်တီးခံထားရခြင်းဖြစ်သည်။ အနီးကပ်ကြည့်လျှင် ၄င်းသည် မရဏနယ်မြေတွင် ပေါက်ရောက်သော ဒဏ္ဍာရီလာ ပါရမီနှင်းပန်းနှင့် အလွန်တူလေသည်။
အနီရဲရဲ ပါရမီနှင်းပန်း ပုံစံဖြစ်လာစဥ် ပိုင်ရှောင်ချန်း၏ အရှိန်အဝါသည် ကမ္ဘာပေါ်တွင် မရှိတော့သည့်အလား ဗလာကျင်းလာလျက် သိသိသာသာပြောင်းလဲလာလေသည်။
နောက်ဆုံး၌ သူက ဦးညွှတ်ပြီး သူ၏ညာလက်ကို မြှောက်လိုက်သည်။ ထိုသို့လုပ်လိုက်သဖြင့် ပါရမီနှင်းပန်းဖြစ်စေသော မှော်သင်္ကေတများသည် စူးရှတောက်ပသောအလင်းများဖြင့် တောက်ပလာကာ သူ၏လက်ဖဝါးပေါ်တွင် အနီရဲရဲပါရမီနှင်းပန်းတစ်ပွင့် ဖြစ်တည်လာသည်။
" ဒါက ငါ့ ပဝေသဏီအတွဲရဲ့ တတိယအဆင့်အတွက် နတ်ဘုရားအတတ်ဖြစ်တဲ့ .... အနာဂတ် ပါရမီကျမ်း “
" ဒါ ဘယ်လောက် အားပြင်းလဲဆိုတာကတော့...."
သူက ရုတ်တရက်ပျောက်သွားပြီး ကုန်းစွန်းဝမ်အာ၏တရားဝင်နေအိမ်အတွင်း ပြန်ပေါ်လာ၏။ သူမသည် ဒဏ်ရာများမှ ပြန်လည်သက်သာအောင်လုပ်ရန် တရားပိတ်ကျင့်ကြံနေဆဲဖြစ်ရာ အန္တရာယ်များသည်။
သူ လုပ်ချင်လျှင် သူ၏တည်ရှိမှုကို သူမ သတိမထားမိအောင် ဖုံးကွယ်နိုင်လေသည်။ သို့သော် သူက မဖုံးကွယ်ပေ။ သူက သူ၏အရှိန်အဝါကို ဖြန့်လိုက်ပြီး သူမက သူ့ကိုအာရုံရသောအခါ မျက်လုံးများဖွင့်လိုက်ရာ သူ့လက်ထဲရှိ အနီရောင်ပါရမီနှင်းပန်းကို မြင်လိုက်ရသည်။
ချက်ချင်းပင် သူမက သိသာထင်ရှားစွာ သေခြင်းခံစားချက်တစ်ခု ထုတ်လွှတ်နေသော ပန်း၏ ဆွဲဆောင်ခြင်းခံနေရသည်ကို ခံစားလိုက်ရသည်။ အမှန်တွင် သူမက ပန်းကို ကြည့်လိုက်သည်နှင့်အမျှ ပန်းတွင် သူမ တောင့်ခံရန် မဖြစ်နိုင်သော လျှို့ဝှက်ဆန်းကြယ်သော အားတစ်စုံတရာပါဝင်နေသည့်အလား မောဟိုက်ပင်ပန်းစွာ အသက်ရှူနေရတော့သည်။
" ဒါက ... "
ပိုင်ရှောင်ချန်းက ဘာမှခွန်းတုံ့မပြန်ပေ။ သူ၏လက်ချောင်းကို သူမထံ ဝှေ့ယမ်း၍ သူက ပါရမီနှင်းပန်းကို သူမ မရှောင်တိမ်းစေနိုင်သော အမြန်နှုန်းဖြင့် သူမထံသို့ ပျံသန်းသွားစေလိုက်သည်။ ၄င်းက သူမကို ထိသွားသည်နှင့်တစ်ပြိုင်နက် သူမကိုယ်အတွင်း နစ်မြုပ်သွားလေသည်။
" ဒါက ငါ့ရဲ့ နတ်ဘုရားအတတ်အသစ်။ လာ ငါ့ကို တိုက် "
ထို့နောက် သူက မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်စဖြင့် တိတ်ဆိတ်စွာ ရပ်နေလေသည်။
ကုန်းစွန်းဝမ်အာက တခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမ၏မျက်ဝန်းလေးများရိပ်ခနဲ ဖြစ်သွားပြီး မန္တန်လက်ကွက်တစ်ကွက်ဖော်ကာ သူ့ထံ လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မကောင်းဆိုးဝါးသရဲများဖြင့် ပြည့်နှက်နေသော အနက်ရောင်မီးခိုးစီးကြောင်းတစ်ခုက ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ဝင်ရောက်သွားပြီးနောက် သူ့ရင်ဘတ်ကို ဝင်တိုက်လိုက်လေသည်။
သူက ထိုနေရာတွင် မလှုပ်မယှက်ရပ်နေစဥ် ကုန်းစွန်းဝမ်အာမှာ ရင်ဘတ်ကို ဆုပ်ကိုင်၍ နောက်သို့ယိမ်းယိုင်သွားလေသည်။ ကံကောင်းထောက်မစွာ သူမသည် တိုက်ကွက်တွင် သူမစွမ်းအား၏ ရှစ်ဆယ်ရာခိုင်နှုန်းကသာ အသုံးပြုခဲ့ခြင်းဖြစ်သည်။ သူ့ကို မယုံကြည်နိုင်စွာ ကြည့်၍ သူမက ပြောသည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
#ပါရမီနှင်းပန်း ( paramita lilly ) က ကောင်းကင်တံခါးကို ငါပိတ်မယ်စာစဥ်ထဲမှာလဲ ပါဝင်ပါတယ်။ ဒါပေမဲ့ ( rescurrection lilly ) လို့ English translator က ရေးထားတဲ့အတွက် ဘယ်လိုပြန်မယ်ဆိုတာ မသိလို့ Ergen ရဲ့စာစဥ်တွေကို ဘာသာပြန်ပြီးတဲ့အခါ ပြန်ပြင်ပြီး အဆက်အစပ်မိအောင် တင်ပေးပါမယ်။