← Chapters

တဖြည်းဖြည်း အင်အားတောင့်တင်းလာပါသော

Vol. 13 Ch. 1222

တဖြည်းဖြည်း အင်အားတောင့်တင်းလာပါသော

Vol. 13 Ch. 1222

" ဒီနတ်ဘုရားအတတ်ကို အနာဂတ်ပါရမီကျမ်းလို့ခေါ်တယ်။ ပါရမီနှင်းပန်းကို ငါ့ရန်သူထဲ ထည့်သွင်းရင်း ငါ သူတို့နဲ့ဆက်သွယ်မှုတစ်ခု ဖန်တီးလိုက်တယ်။ ငါ ဒဏ်ရာရတဲ့အချိန်တိုင်း သူတို့လဲ ဒဏ်ရာရမယ်။ အဲဒီလိုပဲ ငါ ရန်သူတစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ရင် ငါ့ဆီလဲ တန်ပြန်သက်ရောက်လိမ့်မယ် "

ပိုင်ရှောင်ချန်းသည် သူ၏အနာဂတ်ကျမ်းကို အပြည့်အဝ ယုံကြည်မှုရှိ၏။ သူသည် ကျင့်စဥ်အား ပီပြင်အောင် မည်သို့လုပ်ရန် အတွေးများ မြှုပ်နှံခဲ့သည် မဟုတ်ပါလော။

သူ၏တောင့်တင်းသော အပြင်ခန္ဓာကိုယ်နှင့် ပြန်လည်ကုစားခြင်းစွမ်းအားများကြောင့် သူနှင့် ထိပ်တိုက်တွေ့သည့် ရန်သူမှာ သေချာပေါက် ကံဆိုးမည်ဖြစ်ပြီး သူ့အပေါ် လက်သီးလေးတစ်ချက်ထိုးရုံဖြင့် သူတို့ကိုယ်သူတို့ ထိခိုက်စေမည် ဖြစ်သည်။

" ဒီတော့ မင်း ဘယ်လိုသဘောရလဲ "

သူက လက်ကိုဝှေ့ယမ်း၍ သူမထံမှ အနီရောင်ပါရမီနှင်းပန်းကို နုတ်ယူ၍ ဂုဏ်ယူစွာ မေးလိုက်သည်။

အမှန်တွင် ပို၍ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော အနာဂတ်ကျမ်း၏ ဒုတိယအသုံးဝင်မှုရှိသေးသည်။ သူသည် သူ၏ရန်သူအပေါ်တွင် ဒဏ်ရာများရစေရန် သူ့ကိုယ်သူ တမင်တကာ ထိခိုက်အောင် လုပ်နိုင်လေသည်။

သူမက အချိန်အတော်ကြာ အံကြိတ်ထားပြီးနောက် ဖြေးဖြေးချင်းပြောသည်။

" လုံးဝအရှက်မရှိလိုက်တာ "

ထို့နောက် သူမက လက်ကိုဝှေ့ယမ်း၍ သူ့ထံ ပြန်လွှတ်လိုက်လေသည်။

သူက အနေရခက်စွာ နှာခေါင်းကိုပွတ်လိုက်သည်။ သူမက သူနှင့်အတူ စကားပြောရန် စိတ်မဝင်စားတော့ကြောင်းမြင်၍ သူ၏ သီးသန့်အခန်းသို့ ပြန်သွားလေ၏။ အချိန်များ ကုန်လွန်သွားစဥ် သူသည် တစ်ခါတရံ သူ၏မိသားစုနှင့်အတူ အချိန်များကုန်ဆုံးတတ်သော်လည်း အဓိကအားဖြင့် ကျင့်ကြံခြင်းနှင့် နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်အပေါ် အာရုံစိုက်ထားသည်။

သိသာစွာပင် သူသည် ရောင်စုံခြယ်မီးတောက်အပေါ် လက်မလျှော့သေးပေ။ ထို့ပြင် ပိုင်ဟောက်ကို အသက်ပြန်သွင်းရန်အထိ ယုံကြည်မှုရှိသောအဆင့်ကို ယခုထက်ထိ မရောက်သေးသော်လည်း နောက်ဆုံး၌ အောင်မြင်နိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် ရှိသေးသည်။

( ၂ ) နှစ်ကုန်ဆုံးသွားသဖြင့် နေနှင့်လက ဝေဝါးလာပုံရ၏။ သူသည် ကျင့်ကြံခြင်းအဆင့်မတက်သေးသော်လည်း မှန်မှန်တိုးတက်လာခဲ့သည်။

တပေါက်နှင့် ရှောင်ရှောင်မှာ သန်သန်မာမာ၊ ကျန်းကျန်းမာမာ ကြီးပြင်းလာနေ၏။ ပိုင်ရှောင်ချန်းက သူတို့ကို ပေးခဲ့သည့် နာမည်ကြောင့် စုန့်ကျင်းဝမ်နှင့်ကျိုးကျစ်မိုမှာ မကြာခဏ မျက်စောင်းထိုး၍ နာမည်ပြောင်းရန် သူ့ကို ထပ်တလဲလဲ ဖျောင်းဖျခဲ့ကြလေသည်။ သို့သော် သူက တုတ်တုတ်မှမလှုပ်ပေ။

နောက်ဆုံး အမျိုးသမီးနှစ်ယောက်မှာ နာမည်များအား အသားကျလာတော့သည်။

ထို့ပြင် နာမည်များက မိခင်ဖြစ်သူများ၏ ကျင့်ကြံခြင်းတိုးတက်မှုအပေါ် အပျက်သဘောဆောင်သောလွှမ်းမိုးမှု တစ်စုံတရာမရှိပေ။ သူတို့အလိုရှိသလိုရရှိနိုင်သည့် အဆုံးမရှိလုနီးပါး ရင်းမြစ်များ၏ကျေးဇူးကြောင့် စုန့်ကျင်းဝမ်သည် နတ်အဆင့်သို့ အဆင့်တက်သွားပြီး ကျိုးကျစ်မိုမှာ နောက်ဆုံးတွင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားလေပြီ။

သို့သော် ဟိုရှောင်မေ့နှင့်ယှဥ်လျှင် သူတို့က အမှန်တွင် အနည်းငယ် နှေးကွေးနေ၏။ ကုန်းစွန်းဝမ်အာ၏အကူအညီဖြင့် ဟိုရှောင်မေ့က လျင်မြန်စွာ တိုးတက်သွားလေသည်။ ( ၂ ) နှစ်တာလေးအတွင်း အလယ်ပိုင်းနတ်အဆင့်မှ နှောင်းပိုင်းနတ်အဆင့်သို့ တက်သွား၏။ မကြာမီအချိန်အတွင်း သူမသည် ကျိုးကျစ်မိုကို မီသွားကာ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာတော့ပေမည်။

ကံဆိုးစွာပင် ဟိုရှောင်မေ့မှာ ကိုယ်ဝန်ရှိကြောင်း မည်သည့်အာရုံမှ မရသဖြင့် စိတ်မချမ်းမသာဖြစ်နေ၏။ လက္ခဏာပြရန် အချိန်အတော်ကြာကြောင်း စုန့်ကျင်းဝမ်ထံမှ သိခဲ့ရသည့်တိုင် ဟိုရှောင်မေ့မှာ အလွန်စိုးရိမ်လွန်း၍ ပိုင်ရှောင်ချန်းထံ ချောင်းပေါက်မတတ် နှစ်ယောက်တည်းသီးသန့် သွားရောက်လည်ပတ်လေသည်။

နှစ်နှစ်တာကာလတစ်လျှောက် ကောင်းကင်တံတားကျင့်ကြံသူများက တိုးတက်စည်ပင်နေသော ဗဟိုဧကရာဇ်နိုင်ငံသို့ အစုလိုက်အပြုံလိုက် ရောက်ရှိလာကြလေသည်။ စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းက နိုင်ငံ၏မဏ္ဍိုင်ဖြစ်လာပြီး တစတစ လူဦးရေတိုးတက်လာတော့သည်။ ထာဝရအင်မော်တယ်နယ်မြေများအားလုံးတွင် ဂုဏ်သတင်းကျော်ကြားလာကာ ထွန်းတောက်လာကြသော မဟာအကြီးအကဲများ ပို၍များလာသည်။

ငြိမ်းချမ်းရေးသဘောတူစာချုပ်ကြောင့် သူတော်စင်ဧကရာဇ်နိုင်ငံ၊ မိစ္ဆာဧကရာဇ်နိုင်ငံတို့နှင့် ဆက်ဆံရေးအဆင်ပြေကြ၏။ တစ်ခုတည်းသောမကောင်းသည့်အချက်မှာ ဗဟိုဧကရာဇ်နိုင်ငံတွင် ကောင်းကင်ဧကရာဇ်အဖြစ် ကုန်းစွန်းဝမ်အာတစ်ယောက်တည်းသာ ရှိခြင်းပင်။

မဟာကောင်းကင်သခင်မှာ နတ်ဘုရားတစ်ပိုင်းအဆင့်၏ မဟာစက်ဝန်းတွင် နှစ်ပေါင်းများစွာ ဖြစ်နေခဲ့သော်လည်း နိုင်ငံ့အရေးကိစ္စများဖြင့် အမြဲအလုပ်ရှုပ်နေခဲ့လေသည်။ သို့သော် ယခုတွင် ဗဟိုဧကရာဇ်နိုင်ငံမှာ မှန်ကန်သောလမ်းကြောင်းပေါ်တွင်ဖြစ်၍ ပိုင်ရှောင်ချန်းနှင့် ကုန်းစွန်းဝမ်အာတို့နှစ်ယောက်လုံး သူ့ကို ကျင့်ကြံခြင်းတွင် အားပိုစိုက်ရန် တိုက်တွန်းနေတော့သည်။ သူတို့၏အကူအညီနှင့် ပိုင်ရှောင်ချန်းက သူ၏ရတနာယပ်တောင်မှ ထောက်ပံ့ပေးသော အင်မော်တယ်ဆေးလုံးများကြောင့် မဟာကောင်းကင်သခင်သည် နောက်ဆုံး အဆင့်တက်ခါနီးနေရာသို့ ရောက်ရှိသွား၏။

၄င်းမှာ ပိုင်ရှောင်ချန်းအတွက် အလွန်အရေးကြီးပြီး မဟာကောင်းကင်သခင်ကိုယ်တိုင်အတွက် အဓိကမှတ်ကျောက်တစ်ခုဖြစ်ကာ ဗဟိုဧကရာဇ်တစ်နိုင်ငံလုံးအတွက် အခရာ ဖြစ်ပေသည်။ ကောင်းကင်ဧကရာဇ်အရေအတွက်များကို တိုးစေခြင်းဖြင့်သာ သူတို့၏နိုင်ငံ အမှန်တကယ် တောင့်တင်းခိုင်မာကြောင်း သေချာစေနိုင်လေသည်။

သရဲကြီးဘုရင်သည်လည်း အဆင့်တက်တော့မည့်နေရာရောက်နေရာ ပိုင်ရှောင်ချန်းမှာ များစွာဝမ်းမြောက်နေတော့သည်။

ယခင်က သရဲကြီးဘုရင်မှာ လျင်မြန်သော တိုးတက်မှု မရှိနေခဲ့သောကြောင့် ပိုင်ရှောင်ချန်းသည် စစ်အောင်ဘုရင်က အရင်ဆုံး အဆင့်တက်လိမ့်မည်ဟု ယူဆခဲ့သည်။ သို့သော် သရဲကြီးဘုရင်က မည်မျှသတိရှိကြောင်း သူ မေ့လျော့ထားခဲ့မိ၏။

သရဲကြီးဘုရင်သည် သူ့မြေးက နိုင်ငံတွင် အဆင့်အမြင့်ဆုံးမင်းသားဖြစ်သည့်အကြောင်း မတွေးဘဲ မနေနိုင်၍ သူ့ကို အလွန်စိုးရိမ်နေစေသည်။ သူ့အမြင်တွင် ယခုလက်ရှိ အရေးကြီးဆုံးတာဝန်က သူ့မြေး အန္တရာယ်ကင်းကြောင်း သေချာစေရန် ဖြစ်သည်။

မြေရိုင်းဒေသ၏ ကောင်းကင်ဘုရင်လေးပါးထဲက တစ်ပါးအဖြစ် သူသည် အင်ပါယာနန်းတော် မည်သို့အလုပ်လုပ်သည်ကို အတိအကျ သိသည်။ ကိုယ်လုပ်တော်တစ်ယောက်အတွက် သူမ၏သားအရင်း အရိုက်အရာဆက်ခံရန်အလို့ငှာ အဆင့်မြင့်ဆုံးမင်းသားကိုသတ်ခြင်းမှာ မကြားဖူးသောအရာ မဟုတ်ပေ။ ပိုင်ရှောင်ချန်းက ထိုကဲ့သို့ အခြေအနေကို ထိန်းချုပ်နိုင်စွမ်း ရှိမည် မဟုတ်ပေ။ ထို့ကြောင့် သရဲကြီးဘုရင်အတွက် သူ့မြေးက မဟာမင်းသားရာထူးကို ထိုက်ထိုက်တန်တန် ဆုပ်ကိုင်ထားစေရန် တစ်ခုတည်းသောနည်းလမ်းသာ ရှိသည်။ သူ ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာရန် လိုအပ်လေသည်။

ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာမှသာ သူ့မြေးကို အမှန်တကယ်စောင့်ရှောက်နိုင်ပေမည်။ သူသည် ပိုင်ရှောင်ချန်း၌ အမျိုးသမီးအပေါင်းအဖော်အမျိုးမျိုးနှင့်မပြတ်သားသော ပတ်သက်မှုများရှိကြောင်း သိထား၍ အနာဂတ်တွင် ကလေးများထပ်ရလာမည်ကို ကောင်းကောင်းပြောနိုင်လေသည်။ အနာဂတ်တွင် လက်ဖျားခါလောက်အောင် ပါရမီထူးသည့်ပြိုင်ဘက်တချို့ ပေါ်ထွက်လာရန်မှာ မဖြစ်နိုင်သည် မဟုတ်ပေ။

အားလုံးအထဲ အကြီးမားဆုံးအန္တရာယ်က ကုန်းစွန်းဝမ်အာဖြစ်လောက်သည်။ သူမနှင့်ပိုင်ရှောင်ချန်းတွင် ထူးဆန်းသောပတ်သက်မှုရှိသည်မှာ ဗဟိုဧကရာဇ်နိုင်ငံတွင် လူသိများသောအကြောင်း ဖြစ်လေသည်။ ထိုကဲ့သို့ ကောလဟလများမှာ ပိုင်ရှောင်ချန်း သူတော်စင်ဧကရာဇ်မြို့တော်ကို စရောက်ကတည်းက ပျံ့နှံ့နေခဲ့သည်။

ထို့ပြင် မဟာကောင်းကင်သခင်က အောင်သွယ်တော်လုပ်ချင်နေပုံရသည့်အချက်က သရဲကြီးဘုရင်ကို ပို၍ပင် စိုးရိမ်သွားစေလေသည်။

" ကုန်းစွန်းဝမ်အာ မိဖုရားတစ်ပါးဖြစ်လာပြီး နောက်ထပ် သားတစ်ယောက်မွေးဖွားရင်တော့ သူက ကောင်းကင်ဧကရာဇ်ဖြစ်နေတာ ထည့်စဥ်းစားရင် ငါ့မြေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်တယ် "

ထိုအခြေအနေကို ကြောက်လန့်နေလျက် သရဲကြီးဘုရင်က သူ၏ကျင့်ကြံခြင်းတိုးတက်အောင် ကြိုးစားရာတွင် ရေကုန်ရေခမ်းအားထုတ်လိုက်တော့သည်။

ပိုင်ရှောင်ချန်းမှာ သရဲကြီးဘုရင်၏စိတ်ထဲတွင် မည်သည်တို့ဖြစ်ပျက်နေသည်ကို မသိသဖြင့် တဟုန်ထိုး တိုးတက်နေသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားလေသည်။

တချိန်တည်းမှာပင် စစ်အောင်ဘုရင်၊ သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် ဝိညာဥ်ခရီးဘုရင်တို့အပြင် အရှေ့ပိုင်းနှင့်မြောက်ပိုင်းသား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများသည်လည်း တုန်လှုပ်သွားကြပြီး သူတို့၏အဆင့်တက်လှမ်းခြင်းအား ဆက်လက်လုပ်ဆောင်ရန် တံခါးပိတ်ကျင့်ကြံသွားကြလေသည်။

ပိုင်ရှောင်ချန်းသည် ထိုအရာအားလုံးနှင့်ပတ်သက်၍ အလွန်ကျေနပ်နေ၏။ ဖြစ်လတ္တံအဆင့်တက်မှုများစွာကြောင့် ၄င်းမှာ သူတော်စင်ဧကရာဇ်နိုင်ငံအတွက် ခေတ်သစ် တစ်ခေတ် ရောက်ရှိတော့မည့်ပုံပေါ်လေသည်။

သုံးလကြာသော် မဟာကောင်းကင်သခင်၏ ကောင်းကင်ဧကရာဇ်အဆင့်စမ်းသပ်ချက် ကျရောက်လာ၏။ မဟာကောင်းကင်သခင် လုပ်ဆောင်ခဲ့သည့် အမျိုးမျိုးသော ပြင်ဆင်ချက်များကျေးဇူးကြောင့် သူသည် စမ်းသပ်ချက်ကို အလွယ်တကူ ကျော်ဖြတ်သွားလေသည်။

သူက သချိုင်းစောင့်ကြီးနှင့် ကောင်းကင်တံတားတာအိုပြီးလျှင် ကောင်းကင်တံတားဒေသ၌ တတိယမြောက် အစွမ်းထက်ကျင့်ကြံသူ ဖြစ်ခဲ့သည် မဟုတ်ပါလော။

သူ လှုံ့ဆော်လိုက်သည့် စမ်းသပ်ချက်က ပိုင်ရှောင်ချန်း၏စမ်းသပ်ချက်ကဲ့ကို့ အံ့သြတုန်လှုပ်ဖွယ်မကောင်းသော်လည်း ကြောက်စရာကောင်းလေသည်။ သို့သော် သူက ပြင်ပအကူအညီတစ်စုံတရာ မလိုချေ။ မကြာခင် ထာဝရမယ်တော်၏အသံက ထာဝရနယ်မြေများရှိ သက်ရှိသတ္တဝါများအားလုံး၏ နားထဲသို့ စကားပြောလိုက်ရာ ဗဟိုဧကရာဇ်နိုင်ငံအတွင်း ကြွေးကြော်သံများ တစ်ခဲနက် ထွက်ပေါ်သွားစေတော့သည်။

ကုန်းစွန်းဝမ်အာက တကယ်တမ်း ကောင်းကင်တံတားဒေသမှ မဟုတ်သောကြောင့် ပိုင်ရှောင်ချန်းက သူတို့၏ ပထမဆုံးကောင်းကင်ဧကရာဇ်ဖြစ်ပြီး မဟာကောင်းကင်သခင်က ဒုတိယမြောက်ဟု ဆိုနိုင်သည်။

မဟာကောင်းကင်သခင်က သူ့တာအိုသစ်စေ့၏ တစ်စိတ်တပိုင်းကို ယူ၍ ပိုင်ရှောင်ချန်းထံပေးအပ်လိုက်ရာ သူက အင်ပါယာနန်းတော်တွင် ဌာပနာထားလိုက်၏။

မဟာကောင်းကင်သခင် အဆင့်တက်ပြီး မရှေးမနှောင်းမှာပင် သရဲကြီးဘုရင်၏ ကောင်းကင်ဧကရာဇ်အဆင့်စမ်းသပ်ချက် ရောက်လာသောအခါ ဗဟိုဧကရာဇ်နိုင်ငံကြောင့် ထာဝရအင်မော်တယ်နယ်မြေမှာလူများ ထပ်မံအံ့သြတုန်လှုပ်သွားကြရပြန်သည်။

မဟာကောင်းကင်သခင်နှင့်မတူ၊ သရဲကြီးဘုရင်က ရှေ့နောက်မစဥ်းစားဘဲ အလွန်တွန်းပို့ခဲ့၍ သူ၏စမ်းသပ်ချက် စတင်စဥ်မှာပင် သူ ကျရှုံးရန် ကံပါလာကြောင်း သိသာလာသည်။

သရဲကြီးဘုရင်က ထိုအကြောင်းသိသော်လည်း ပိုင်ရှောင်ချန်းက ထိုသို့ဖြစ်ခွင့်ပေးမည်မဟုတ်ကြောင်း သိသည်။ ပထမဆုံး မဟာကောင်းကင်သခင်က ဝင်ရောက်ကူညီပြီး ကုန်းစွန်းဝမ်အာပင် ကူညီလေသည်။ နောက်ဆုံး ထိုသည်က မလုံလောက်သောအခါ ပိုင်ရှောင်ချန်းက သက်ပြင်းချပြီး ညာဖက်လက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်ရာ ကြက်သွေးရောင် ပါရမီနှင်းပန်းတစ်ပွင့် ပေါ်ပေါက်လာ၏။

ပန်းက သရဲကြီးဘုရင်၏ ကိုယ်ထဲ ဝင်ရောက်သွားပြီးနောက် စမ်းသပ်ချက်၏ ဆိုးရွားသော သက်ရောက်မှုများ ပိုင်ရှောင်ချန်းထံ လွှဲပြောင်းခံလိုက်ရလေသည်။ ထိုအကူအညီကြောင့် သရဲကြီးဘုရင်၏ စမ်းသပ်ချက်မှာ များစွာပို၍ လွယ်ကူလာတော့သည်။

သို့နှင့် အသတ်ခံရလုနီးပါးဖြစ်ခဲ့ရသည့်တိုင် သရဲကြီးဘုရင်မှာ သူ၏စမ်းသပ်ချက်ကို အောင်မြင်သွား၏။

ထာဝရမယ်တော်၏အသံက သက်ရှိသတ္တဝါများအားလုံးထံ စကားပြောလိုက်ချိန် သရဲကြီးဘုရင်က အားတင်းကာထရပ်ပြီး ခေါင်းနောက်လှန်၍ အားပါးတရရယ်လိုက်လေသည်။

ဗဟိုဧကရာဇ်နိုင်ငံ၌ နောက်ထပ် ကောင်းကင်ဧကရာဇ်ရှိသွားလေပြီ။

All Chapters