ဒေါသထွက်နေသော ပိုင်ရှောင်ချန်း
Vol. 13 Ch. 1223
ယခုမှစ၍ ဗဟိုဧကရာဇ်မင်းဆက်တွင် ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူသုံးယောက် ရှိသွားပြီဖြစ်သည်။
ထိုအရေအတွက်မှာ အခြားတော်ဝင် မင်းဆက်နှစ်ဆက်လောက် မများပါသော်လည်း မကြာခင် လိုက်မီတော့မည်ဖြစ်သည်။ အသေးစား ပဋိပက္ခများ ဖြစ်ပွားလာသည့်အခါတိုင်း ကုန်းစွန်းဝမ်အာတစ်ယောက်ထဲ အမြဲတမ်း ဖြေရှင်းနေစရာ လိုတော့မည် မဟုတ်ပေ။ မဟာကောင်းကင်သခင်နှင့် သရဲကြီးဘုရင်တို့သည်လည်း တိုက်ပွဲတွင် ဝင်ရောက်ဆင်နွှဲနိုင်ပြီဖြစ်သည်။
ထို့အပြင် ပိုင်ရှောင်ချန်း၏ အနာဂတ်စိတ်ဆန္ဒမှာ အလွန်အသုံးဝင်ကြောင်း သိလိုက်ရပြီးနောက် မဟာကောင်းကင်သခင်မှာ စစ်အောင်ဘုရင်နှင့် အခြားသောနတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများ ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများရရှိရန် အစီအစဥ်များ ချမှတ်လိုက်တော့သည်။
သူတော်စင်ဧကရာဇ်မင်းဆက်နှင့် မိစ္ဆာဧကရာဇ်မင်းဆက်တို့မှာ ထိုအချင်းအရာကြောင့် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများ၏ တိုက်ခိုက်ရေးအင်အားနှင့်ပတ်သတ်လာလျှင် မကြာမီ ဗဟိုဧကရာဇ်မင်းဆက်မှာ နေရာကောင်းတစ်ခုကို ပိုင်ဆိုင်လာတော့မည်ဖြစ်သည်။
ထိုတော်ဝင်မင်းဆက်နှစ်ဆက်မှာ ဤအချင်းအရာကို ကောင်းကောင်းသိပါသော်လည်း အခြေအနေကို ပြောင်းလဲသွားအောင် မစွမ်းဆောင်နိုင်ပေ။ သူတော်စင်ဧကရာဇ်မှာ ကြောက်ကြောက်လန့်လန့်ဖြင့် ပိုင်ရှောင်ချန်းနှင့် အကောင်မွန်ဆုံးဆက်ဆံရေးတစ်ခု ရှိနေစေရန် အတတ်နိုင်ဆုံးကြိုးစားလိုက်ပြီး မိစ္ဆာဧကရာဇ်မှာမူ တံခါးပိတ်တရားကျင့်စဥ်အတွင်းသို့ ဝင်သွားတော့သည်။
ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ဗဟိုဧကရာဇ်မင်းဆက်၏ ခြိမ်းခြောက်နိုင်စွမ်းမှာ ပို၍ကြီးထွားလာပါသော်လည်း အနှုတ်လက္ခဏာဆောင်သော ဂယက်များ ပေါ်ထွက်မလာပေ။ သူတို့၏ အင်အားနှင့် ဂုဏ်ကျက်သရေမှာ ဆက်လက်၍သာ တိုးပွားလာနေတော့သည်။
လက်ရှိတွင် အဆင့်တက်နိုင်ရန် ကြိုးပမ်းနေကြသည့် နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများမှာလည်း အားအလွန်တက်သွားကြတော့သည်။ မဟာကောင်းကင်သခင်နှင့် ပိုင်ရှောင်ချန်းတို့ထံမှရသော အကူအညီနှင့် ဆေးလုံးများကြောင့် သူတို့အားလုံး ကျင့်ကြံခြင်းနှင့်ပတ်သတ်၍ အရူးအမူးဖြစ်ကုန်ကြတော့သည်။ သူတို့၏ တိုးတက်နှုန်းမှာ လက်ဖျားခါရလောက်အောင် လျင်မြန်နေပြီဖြစ်သည်။
ဗဟိုဧကရာဇ်မင်းဆက်မှာ ထိုကဲ့သို့ ဆက်လက်၍ အင်အားကြီးထွားနေရင်း အချိန်ငါးနှစ်တိတိ ကုန်ဆုံးသွားသည်။ ထိုအချိန်တွင် ပိုင်တပေါက်နှင့် ပိုင်ရှောင်ရှောင်တို့နှစ်ယောက်မှာ အသက်ခုနစ်နှစ်အရွယ်သို့ ရောက်လာကြပြီဖြစ်သည်။ သူတို့မှာ ချောမောလှပသော ကလေးငယ်များဖြစ်ပြီး ပြုံးရယ်လိုက်တိုင်း ပေါ်ထွက်လာသည့် နှစ်လိုဖွယ် ပါးချိုင့်များကို ပိုင်ဆိုင်ထားကြသည်။
ပိုင်ရှောင်ရှောင်၏ မျက်ဝန်းများမှာ အထူးတလည်တောက်ပနေပြီး သူမ၏ ရုပ်ရည်သွင်ပြင်ကြောင့် အရွယ်ရောက်လာပါက လွန်စွာ ဆွဲဆောင်မှုအားကောင်းနေမည်မှာ အမှန်ပင်။ ပိုင်တပေါက်မှာမူ ဖြူစင်သည့် ပုံပန်းသွင်ပြင်ရှိပြီး အနည်းငယ်ခေါင်းမာပေသည်။ ဗဟိုဧကရာဇ်မြို့တော်ထဲမှ လူတိုင်း ထိုကလေးများကို ချစ်မြတ်နိုးကြပြီး သူတို့အား ကောင်းကင်ဘုံမှလက်ရွေးစင်များကဲ့သို့ ဆက်ဆံကြပေသည်။
တော်ဝင်နန်းတော်မှာ သူတို့၏ကစားကွင်းဖြစ်နေပြီး သူတို့၏နောက်တွင် သူတို့အား အရှိန်လျှော့ကာ မပြေးလွှားရန် လိုက်လံဆုံးမနေကြသည့် အထူးအစောင့်များနှင့် အမျိုးသမီးကျင့်ကြံသူများ အမြဲတစေ ရှိနေတတ်သည်။
ထိုကလေးများမှာ အံ့သြဖွယ်ကောင်းသော မွေးရာပါအရည်အချင်းများ ပိုင်ဆိုင်ထားကြသည်ဖြစ်၍ မဟာကောင်းကင်သခင်ကိုယ်တိုင် အံ့သြတုန်လှုပ်သွားရသည့်အထိပင်။ ခုနစ်နှစ်သားအရွယ်သို့ ရောက်သောအခါတွင် သူတို့မှာ အမြုတေအဆင့် ကျင့်ကြံခြင်းအခြေခံများကို ပိုင်ဆိုင်ထားကြြပီဖြစ်သည်။ ထို့အပြင် အကြီးမဖြစ်သော ပိုင်ရှောင်ရှောင်မှာ နှောင်းပိုင်းအမြုတေအဆင့်သို့ပင် ရောက်နေပြီဖြစ်သည်။
အပြင်ခန္ဓာကိုယ်အပိုင်းတွင်မူ ပိုင်ရှောင်ရှောင်မှာ သာမန်မျှသာဖြစ်သော်လည်း ပိုင်တပေါက်မှာ ယင်ယန်ဝိညာဥ်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
သူတို့နှစ်ယောက်စလုံး၏ အမူအကျင့်များမှာမူ ပိုင်ရှောင်ချန်းနှင့် လုံးဝမတူကြပေ။ ပိုင်ရှောင်ရှောင်မှာ စိတ်ဆတ်ပြီး ပိုင်တပေါက်မှာမူ စိတ်လိုက်မာန်ပါလုပ်တတ်ပြီး သေရမည်ကို ကြောက်ရွံ့နေသည့်ပုံ မပေါ်ပေ။ သူသည် အရာရာတိုင်းကို စူးစမ်းလိုစိတ်ရှိနေပြီး လူများစွာကိုပင် သူနှင့်တိုက်ခိုက်ရန် စိန်ခေါ်တတ်သေးသည်။
ပိုင်ရှောင်ချန်းမှာ ထိုအချက်များကို အစောကြီးထဲကသတိထားမိ၍ သူတို့၏ မှားယွင်းနေသောအမူအရာများကို ပြုပြင်ပေးရန် ကြိုးစားကြည့်ခဲ့သေးသည်။ သို့သော်လည်း သူမည်မျှပင် နားချစေကာမူ ထူးမလာပေ။
သူ၏ကလေးနှစ်ယောက်စလုံးမှာ သူ့အားအနည်းငယ်မျှပင် မကြောက်ကြပေ။ သို့သော် သူတို့မှာ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ကိုမူ ကြောက်ကြသည်။ ထို့အပြင် ကမ္ဘာပေါ်ရှိ အခြားမည်သည့်အရာကိုမှမကြောက်သော ပိုင်တပေါက်မှာ သူ၏အစ်မကို အကြောက်ဆုံးဖြစ်နေသည်။
***
တော်ဝင်နန်းတော်ထဲရှိ လူသူပြတ်သော နေရာတစ်နေရာတွင် ပိုင်ရှောင်ရှောင်မှာ ပိုင်တပေါက်အား ဒေါသတကြီး စိုက်ကြည့်နေသည်။
" ဒါနင့်အပြစ်တွေချည်းပဲ တပေါက် "
ပိုင်တပေါက်မှာ ခေါင်းငုံ့လျက် ရပ်နေပြီး မည်သည့်စကားမှ ပြန်မပြောရဲပေ။ သူမွေးကင်းစအရွယ်ထဲမှ ယခုအသက်ခုနစ်နှစ်အရွယ် ရောက်လာသည်အထိအောင် သူ့အစ်မနှင့်ပတ်သတ်လာလျှင် အရှုံးပေးရစမြဲပင်ဖြစ်သည်။ သူ မည်သည့်အခါမှ အသာစီးမရခဲ့ပေ။ သူတို့နှစ်ယောက် ပြဿနာရှာမိပါက သူ၏အမှားကြောင့်ဖြစ်ပြီး သူတို့နှစ်ယောက် ချီးကျူးထိုက်သော လုပ်ရပ်တစ်ခုခုကို လုပ်မိလျှင်မူ သူ၏အစ်မသာ ချီးကျူးခံရစမြဲဖြစ်သည်။
သူတို့မိဘများ၏အမြင်တွင် သူမသည် နှစ်လိုဖွယ်ကောင်းကာ အမိန့်နာခံသည့်ပုံပေါ်နေပါသော်လည်း သူ၏အမြင်တွင်မူ သူမမှာ လူဆိုးကြီးတစ်ယောက်အလားပင်။
သူမတစ်ချက်လောက်ငိုပြလိုက်ရုံနှင့် သူတို့၏မိဘများမှာ ပြေးလာပြီး သူမကို ချော့မော့တတ်သည်။ သူကမူ မတ်တတ်ရပ်လျက်သားဖြင့် မိဘများ၏ ဆူပူကြိမ်းမောင်းမှုကိုသာ ခံရတတ်သည်။
ပိုင်တပေါက်မှာ တစ်ဖက်တွင်သူ၏အစ်မကို ရိုသေလေးစားပါသော်လည်း အခြားတစ်ဖက်တွင်မူ ကြောက်ရွံ့နေရသည်။ တချိန်ထဲမှာပင် သူသည် သူမကို ချစ်လည်းချစ်ပေသည်။ သူမသည် အရသာရှိသော စားစရာအသစ်တစ်ခုခု ရသည့်အခါတိုင်း အမြဲတမ်း သူ့ကိုအရင်ဆုံး သတိရလိုက်သည်သာဖြစ်သည်။ သူမ၏ ထိုသို့သောမက်လုံးများကြောင့် သူသည် သူမအား တစ်ကမ္ဘာလုံးတွင် အကောင်းဆုံးသောအစ်မတစ်ယောက်အဖြစ် သတ်မှတ်ထားလေသည်။
" ငါဒီအစီအစဥ်ကို ဆွဲဖို့ အချိန်ဘယ်လောက်ပေးလိုက်ရသလဲဆိုတာနင်သိလား "
ပိုင်ရှောင်ရှောင်က ဒေါသတကြီး ဟောက်လိုက်သည်။
" ငါဘယ်လို ပြင်ဆင်ခဲ့ရလဲ နင်သိလား။ အဲဒါကိုနင်က အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာလောက် နောက်ကျပြီး ရောက်လာရလား။ ဒီအစီအစဥ်သာ အလုပ်မဖြစ်လို့ကတော့ နင့်ကိုငါ တွယ်ပြီသာမှတ် တပေါက် "
" အမေ့ကြောင့် နောက်ကျသွားတာဟ " ပိုင်တပေါင်က လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
" ငါ...ငါဒီတစ်ခေါက် ပိုပြီးကြိုးစားပါ့မယ်ဟာ ဟုတ်ပြီလား "
ပိုင်ရှောင်ရှောင်မှာ အားပါပါဖြင့် ပြန်၍ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်သူမ၏လက်ကိုဝှေ့ယမ်းလိုက်ပြီး တမူထူးခြားလောက်အောင် များပြားလှသော စိတ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည့် အင်မော်တယ်သစ်သီးတစ်လုံးကို ထုတ်လိုက်သည်။ ပိုင်တပေါက်မှာ ချက်ချင်းပင် မျက်လုံးများပြူးသွားတော့သည်။ သူ၏ဖခင်ပေးသော အင်မော်တယ်စားစရာများမှာ အပြင်ခန္ဓာကိုယ်အတွက် အလွန်အထောက်အကူပြုကြောင်း သူက သိသည်။ သို့သော်လည်း သူသည် ထိုသို့သောအစားအသောက်များကို စားနိုင်သည့် အခွင့်အရေး များများစားစား မရခဲ့ပေ။
ပိုင်ရှောင်ရှောင်မှာ သူမ မောင်လေး၏ မျှော်လင့်ချက်ရောင်ခြည်များသန်းနေသော မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ပြုံးလိုက်သည်။
" ရော့။ ဒါကိုနင်ယူလိုက်။ ငါက အပြင်ခန္ဓာကိုယ်ကျင့်ကြံခြင်းအတတ်ကို မလေ့ကျင့်ဘူးဆိုတော့ ဒီဟာက နင့်ကိုပိုပြီး အထောက်အကူပြုပေးနိုင်လိမ့်မယ် "
ထို့နောက် သူမ၏မောင်ဦးခေါင်းကို အသာအယာထုလိုက်ပြီး သစ်သီးကို သူ့ဆီသို့ ပေးလိုက်သည်။
ပိုင်တပေါက်မှာ ထိုသစ်သီးကို လှမ်းယူလိုက်ပြီး တစ်ကိုက်ထဲကိုက်ကာ အငမ်းမရ မျိုချလိုက်တော့သည်။ ထို့နောက် သူ၏ရင်ဘတ်အား ပုတ်ပြလိုက်သည်။
" မပူပါနဲ့အစ်မရာ။ ဒီတစ်ခေါက် အစ်မအတွက် တကယ်အံံ့သြဖို့ကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင် သေချာပေါက်မိအောင် ဖမ်းပေးမယ် "
ရှောင်ရှောင်မှာ ကျေနပ်အားရစွာဖြင့် မျက်ခုံးပင့်လိုက်ပြီး တပေါက်အား လူသူပြတ်သောနေရာတစ်နေရာသို့ ဆွဲခေါ်သွားတော့သည်။ ထိုနေရာသို့ရောက်သော် သူမ၏ထည့်စရာအိတ်ထဲမှ အလံငယ်လေးတစ်ခုကို ထုတ်ယူ၍ လေထဲတွင်ဝေ့ယှမ်းလိုက်သောအခါ တိမ်တိုက်ငယ်လေးတစ်ခုပေါ်ထွက်လာပြီး သူတို့နှစ်ယောက်မှာ ထိုပေါ်သို့တက်သွားလိုက်ကြသည်။ ထို့နောက် ထိုတိမ်တိုက်မှာ သူတို့ကိုတင်၍ နန်းတော်အပြင်ဘက်သို့ ပျံထွက်သွားတော့သည်။
တော်ဝင်နန်းတော်ကို စွမ်းအားကြီးမန္တန်အစီအရင်တစ်ခုဖြင့် တင်းကြပ်စွာ ပိတ်လှောင်ထားသည်။ သို့သော် မန္တန်အစီအရင်များ၏ အလုပ်လုပ်ပုံကို ရင်းနှီးနေသူများမှာ ၎င်းတို့ကို အလွယ်တကူကျော်ဖြတ်နိုင်သည် မဟုတ်ပါလော။ ထို့အပြင် ပိုင်ရှောင်ရှောင်မှာ မန္တန်အစီအရင်များနှင့် ပတ်သတ်လာလျှင် ကျွမ်းကျင်သော ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သည်။ သူမသည် ကြိမ်ဖန်များစွာလေ့လာခဲ့ပြီးနောက် အားနည်းချက်တစ်ခုကို ရှာတွေ့ခဲ့သဖြင့် ထိုအားနည်းချက်ကိုကျော်ဖြတ်နိုင်မည့် ဤအလံငယ်လေးကို ဖန်တီးခဲ့ပေသည်။
ယခုမှာ သူတို့နှစ်ယောက် ဤကဲ့သို့ အပြင်ခိုးထွက်သည့် ပထမဆုံးအကြိမ် မဟုတ်နိုင်ပေ။ သူတို့ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ရှိနေခဲ့သောနေရာတွင် လူတစ်ယောက် ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုလူမှာ ကလေးများကို လျှို့ဝှက်စွာ စောင့်ကြည့်နေသည့် နတ်ဆရာ၏တာအိုလက်တွဲဖော်ဖြစ်သော လုယွမ်တောက်ပင်ဖြစ်သည်။ သူမသည် ခေါင်းယမ်းလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။
လုယွမ်တောက်မှာ ဗဟိုဧကရာဇ်မင်းဆက်၏ တရားဝင် ပြည်သူတစ်ယောက်ဖြစ်သွားပြီဖြစ်ပြီး သူမသည် အနည်းအကျဥ်းမျှသာရှိသော အမျိုးသမီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်၍ သူမအား နန်းတွင်းထဲမှ အမျိုးသမီးအစေခံများကို ကြီးကြပ်ရန် တာဝန်ပေးထားသည်။
တပေါက်နှင့် ရှောင်ရှောင်တို့မှာ အသက်ကြီးလာသည်နှင့်အမျှ ပို၍ဆိုးသွမ်းလာကြပြီး နန်းတော်အပြင်သို့ထွက်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားလာကြသည်ဖြစ်၍ လုယွမ်တောက်မှာလည်း သူတို့ကို ဘေးကင်းစေရန်အတွက် ပို၍ ကြိုးစားအားထုတ်နေရပြီဖြစ်သည်။ စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့မှာ ကလေးများကို မည်မျှပင် ဆိုဆုံးမစေကာမူ ရှောင်ရှောင်နှင့်တပေါက်တို့မှာ မည်သည့်အခါမှ နားမထောင်ပဲ နည်းလမ်းအသစ်များဖြင့် ဆက်လက်ဆိုးသွမ်းနေကြဆဲပင်။
ရှောင်ရှောင်နှင့်တပေါက်တို့အတွက်မူ ဗဟိုဧကရာဇ်မြို့တော်အပြင်ဘက်ရှိ လွင်ပြင်ကျယ်ကြီးများနှင့် အဆုံးမဲ့တောနက်ကြီးများမှာ အကောင်းမွန်ဆုံး ကစားကွင်းများဖြစ်နေတော့သည်။ ထိုနေရာများတွင် နေထိုင်ကျက်စားနေကြသည့် မြောက်မြားစွာသော သားရိုင်းများမှာလည်း သူတို့အတွက် အကောင်းဆုံး သားကောင်များဖြစ်နေတော့သည်။
ညနေခင်းအချိန်သို့ရောက်သော် ရှောင်ရှောင်မှာ အော်ဟစ်ကြွေးကြော်ကာ တပေါက်မှာ အသက်ပြင်းပြင်းရှူရင်း ဧရာမ အနာကွန်ဒါမြွေကြီးတစ်ကောင်ကိုဆွဲ၍ တော်ဝင်နန်းတော်ဆီသို့ ပြန်ရောက်လာကြသည်။
ထိုမြွေကြီးမှာ ယခင်က ရက်စက်ကြမ်းကြုတ်သည့်အသွင်အပြင် ရှိခဲ့ပါသော်လည်း ယခုတွင်မူ ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထို့အပြင် ထိုမြွေကြီး ရုန်းကန်လိုက်သည့်အချိန်တိုင်း တပေါက်မှာ ၎င်းကို အပြင်းအထန် ထိုးနှက်ကန်ကျောက်နေသည်ဖြစ်ရာ အဆုံးတွင်၎င်းမှာ ကြောက်ကြောက်လန့်လန့်နှင့် ငြိမ်ကုတ်နေရတော့သည်။
" မင်းရုတ်ရုတ် ရုတ်ရုတ်လုပ်ရဲလုပ်ကြည့်။ အသက်ထွက်အောင် ရိုက်သတ်ပစ်မယ် " တပေါက်က အော်ဟစ်လိုက်သည်။
" ငါ့အစ်မရဲ့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်အဖြစ် လိမ်လိမ်မာမာနေလိုက်စမ်းပါ။ ဘာမှမပူနဲ့။ သူက မင်းကို သေချာဂရုစိုက်ပေးလိမ့်မယ် " သူတို့မှာ နန်းတော်ဆီသို့ပြန်ရောက်သောအခါ ရှောင်ရှောင်၏အလံကို အသုံးချလိုက်ပြီး မြွေကြီးကို အတွင်းသို့ခေါ်သွားတော့သည်။
သူတို့နှစ်ယောက်မှာမူ သူတို့၏လုပ်ရပ်များကို မည်သူမှမသိလိုက်ဟု ထင်နေကြပါသော်လည်း အမှန်တွင် ပိုင်ရှောင်ချန်းသည် နတ်ဘုရားအာရုံမှတစ်ဆင့် သူတို့ကို တချိန်လုံးစောင့်ကြည့်နေခဲ့သည်။ သူတို့မှာ အသက်ငယ်သေးပါသော်လည်း အပြင်သို့ထွက်၍ ဤကဲ့သို့ကြောက်မက်ဖွယ် သတ္တဝါကြီးတစ်ကောင်ကို ဖမ်းခဲ့သည့်အချက်ကြောင့် သူ မျက်မှောင်ကြုတ်နေရတော့သည်။ အကယ်၍သူတို့သာ ဤကဲ့သို့ဆက်လုပ်နေပါက ဖြစ်ပေါ်လာနိုင်သည့် ပြဿနာကြီးများကိုကြိုတွေး၍ သူ စိတ်ပူနေမိတော့သည်။
" သူတို့နှစ်ယောက်က နမော်နမဲ့နိုင်တယ်ဆိုတာ ငါသိပေမဲ့ ဒီလိုမြွေကြီးတစ်ကောင်ကို ထွက်ဖမ်းရလောက်တဲ့အထိ ဖြစ်သွားမယ်ဆိုတာ မယုံနိုင်လောက်ပဲ။ ငါခုနစ်နှစ်သားတုံးက ဒီလိုမျိုး အန္တရာယ်များတဲ့အလုပ်တွေလုပ်ဖို့ တွေးတောင် မတွေးမိခဲ့ပါဘူး "
သူသည် အေးစက်စက်နှာမှုတ်လိုက်ပြီး သူ၏ကလေးများကို သင်ခန်းစာကောင်းကောင်းပေးရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုသို့ဖြင့် သူ၏ကိုယ်ပိုင်အခန်းထဲမှ ပျောက်ကွယ်သွားပြီး ရှောင်ရှေုာင်နှင့် တပေါက်တို့၏ရှေ့တွင် ရုတ်ချည်းဆိုသလို ပေါ်ထွက်လာတော့သည်။
အကယ်၍ စုန့်ကျင်းဝမ် သို့မဟုန် ကျိုးကျစ်မိုသာ ရောက်လာခဲ့သည်ဆိုပါက တပေါက်မှာ ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားမည်သာဖြစ်သည်။ သို့သော် ယခုမှာ သူ၏ဖခင်သာဖြစ်ကြောင်း သိလိုက်ရသောအခါ သူသည် လုံးဝကြောက်ရွံ့မနေတော့ပေ။ သူသည် ပိုင်ရှောင်ချန်းအား အနည်းငယ်စူးရှနေသော မျက်ဝန်းများနှင့်ပင် စိုက်ကြည့်လိုက်သေးသည်။
ဘေးနားတွင်ရှိနေသော ရှောင်ရှောင်မှာမူ သူ့အားနှစ်လိုဖွယ် ပြုံးပြလိုက်တော့သည်။
" အဖေ "
သူမသည် အော်ခေါ်လိုက်ပြီး သူ့ဆီသို့အပြေးသွားလိုက်သည်။
သူမ၏ အသံကြောင့် ပိုင်ရှောင်ချန်း၏ ဒေါသများမှာ ခုနစ်ဆယ်ရာခိုင်နှုန်းအထိ လွင့်ပါးပျောက်ကွယ်သွားရပါသော်လည်း သူသည် ကြိုးစား၍ ဒေါသထွက်နေသေးသည့်ပုံ ဖမ်းလိုက်သည်။ ထို့နောက် သူ၏ အင်္ကျီလက်ကိုခါလိုက်ပြီး ခပ်သွက်သွက် တရားချလိုက်တော့သည်။
" ရှောင်ရှောင်၊ တပေါက်။ မင်းတို့တွေ ဒီလိုလုပ်နေလို့ မရဘူးလေ။ အဖေ့စကားနားထောင်… နေရာတိုင်းမှာ သတိကြီးကြီးထား။ ပေါ့ပေါ့ဆဆ နေလို့မရဘူး။ မင်းတို့မှာ အသက်တစ်ချောင်းပဲပါတာ။ အဲဒီေတာ့ ဘယ်တော့မှ အသက်နဲ့ရင်းပြီး မစွန့်စားနဲ့။ အဖေ့ကိုပဲကြည့်။ အဖေက အဲဒီလို တစ်သက်လုံးနေလာတာ။ အဲဒါကြောင့်လဲ အခုအချိန်အထိ အဖေအသက်ရှင်နေနိုင်သေးတာ။ မင်းတို့နှစ်ယောက်လိုသာ ဖေဖေ စိတ်လိုက်မာန်ပါလုပ်ခဲ့မယ်ဆိုရင် အဖေ့ရဲ့သနားစရာကောင်းတဲ့ အသက်ကလေး ပျောက်နေတာကြာလှပေါ့ "
သူ၏စကားကြောင့် ရှောင်ရှောင်မှာ နှုတ်ခမ်းစူသွားပြီး တပေါက်မှာမူ ဒေါသတကြီးဖြင့် ခြေဆောင့်လိုက်တော့သည်။
" သားကတော့ အဖေပြောတာကို လုံးဝလက်မခံနိုင်ဘူး အဖေရာ "
တပေါက်က ပြန်၍ပြောလိုက်သည်။
" သားကို လာနှောင့်ယှက်နေတဲ့လူရှိရင် သားကတော့ ချပစ်မှာပဲ။ ဘာလို့ ဇယားတွေရှုပ်အောင် လုပ်နေရမှာလဲဗျ "