မကြောက်ပါနဲ့ အဖေရာ
Vol. 13 Ch. 1224
ပိုင်ရှောင်ချန်းမှာ ခေါင်းခဲစပင်ပြုလာပြီဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာတိုင်အောင် သူ့သား၏ မှားယွင်းနေသော ဘဝကြီးကိုရှုမြင်ပုံအား ပြုပြင်ရန်ကြိုးစားခဲ့ပါသော်လည်း လုံးဝ မအောင်မြင်ခဲ့ပေ။
ရှောင်ရှောင်ကို ဆိုဆုံးမရသည်မှာ အနည်းငယ် ပို၍လွယ်သေးသည်။ တပေါက်တစ်ယောက်သာ အမှန်တကယ်ခေါင်းခဲစရာတစ်ခု ဖြစ်ပြီး ယခုမြွေကြီးကိုပင်ကြည့်၍ သူမည်မျှ ဇွဲသတ္တိရှိကြောင်း မြင်နိုင်ပေသည်။ ထို့အပြင် ပိုင်ရှောင်ချန်းမှာ တပေါက်၏အခြားလုပ်ရပ်များစွာကိုလည်း ကြားသိထားသေးသည်။ သူထိုအသက်အရွယ်ဝန်းကျင်က လုံးဝမလုပ်ရဲခဲ့သည့် အရာများပင်ဖြစ်သည်။
ဥပမာဆိုရမည်ဆိုလျှင် လတ်တလောနှစ်အနည်းငယ်အတွင်း ဗဟိုဧကရာဇ်မင်းဆက် ပေါ်ထွက်လာမှုကြောင့် သရဲနှင့်ဝိညာဥ်များမှာ ပို၍များပြားလာဟန်တူသည်။ သို့သော်လည်း တပေါက်မှာ အပြင်သို့ တစ်ယောက်ထဲထွက်၍ သရဲအချို့ကိုပင် ဖမ်းဆီးခဲ့သေးသည်။ မိစ္ဆာဧကရာဇ်မင်းဆက်နှင့် သူတော်စင်ဧကရာဇ်မင်းဆက်တို့မှ စေလွှတ်ထားသော သူလျှိုများကိုပင် သူ အမိဖမ်းခဲ့သေးသည်။
ယခုတွင်လည်း သူသည် ဧရာမမြွေကြီးတစ်ကောင်ကို ဖမ်းလာပြန်ပြီဖြစ်သည်။ ဤကလေးနှစ်ယောက်မှာ သရဲများ၊မြွေများကဲ့သို့သော သတ္တဝါများကို နှစ်သက်နေကြသည့်အလားပင်။
သူတို့မှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးပေါ်ရှိ မည်သည့်အရာကိုမှလည်း မကြောက်ရွံ့ကြပေ။ တပေါက်ဆိုလျှင် သူ့အားစော်ကားသည့်လူတိုင်းအား အခွင့်ရေးရလျှင်ရသလို ပြန်၍တိုက်ခိုက်တတ်သေးသည်။ ပိုင်ရှောင်ချန်းမှာ တပေါက်သည် သူ၏သားအရင်း ဟုတ်၊မဟုတ် သိရှိနိုင်ရန်အတွက် နတ်ဘုရားအာရုံကိုပင်သုံး၍ တစ်ကြိမ်ထက်မနည်း စစ်ဆေးခဲ့ရသေးသည်။
သူ၏သွေးများထဲရှိ အငွေ့အသက်များက သားအရင်းဖြစ်ကြောင်း ဖော်ပြနေသည့်အချက်ကြောင့်သာ မဟုတ်ပါက ပိုင်ရှောင်ချန်းမှာ သံသယပင်ဝင်မိနေမည်ဖြစ်သည်။
တပေါက်ဖမ်းဆီးခဲ့သည့် ဧရာမမြွေကြီးမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်မှ စ၍ အသိဉာဏ်စတင်ဖွင့်ဖြိုးလာခဲ့သည်လည်း ဖြစ်သည်။ ထိုမြွေကြီးမှာ သူစားသုံးခဲ့သည့် အချို့သောသစ်သီးများကြောင့် အလွန်စွမ်းအားကြီးသော နတ်ဘုရားအာရုံတစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။ ဗဟိုဧကရာဇ်မှာ သူ့အတွက် ဝင်ပြောပေးနေသည်ကို အာရုံခံမိလိုက်သောအခါ ၎င်းမှာ စိုးရိမ်တကြီးနှင့် နတ်ဘုရားအာရုံအချို့ကို ထုတ်လွှတ်လိုက်ပြီး အသနားခံရန် ကြိုးစားလိုက်သည်။
သို့သော် ၎င်းက ထိုသို့ကြိုးစားလိုက်သည်နှင့် တပြိုင်နက် တပေါက်မှာ သတိထားမိသွားသည်။
" ဟေးးး " သူက လှမ်းအော်လိုက်သည်။
" အကြီးတွေ စကားပြောနေတာကို ဝင်နှောင့်ယှက်ရလောက်အောင် အတင့်ရဲနေပါလား။ မင်းတော့ နာချင်နေပြီနဲ့ တူတယ် "
သူသည် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းများဖြင့် ထိုမြွေကြီးအား အချက်ရေများစွာ ထိုးနှက်ကန်ကျောက်လိုက်တော့သည်။
မြွေကြီးမှာ ကြောက်ကြောက်လန့်လန့်နှင့် သနားစဖွယ်အော်ဟစ်မြည်တမ်းနေပါသော်လည်း မည်သည့်အရာမှ ပြန်မလုပ်နိုင်ပေ။ ပိုင်ရှောင်ချန်းမှာလည်း သက်ပြင်းများသာချ၍ ကြည့်နေရသည်။
" တပေါက်... "
သူသည် မြွေကြီးအတွက် စိတ်မကောင်းဖြစ်လာသောကြောင့် ဆိုလိုက်တော့သည်။ သူသည် သူ့သား၏ မဆီလျော်သော အပြုအမူကြီးအတွက် အမှန်တကယ် စိုးရိမ်နေပြီး ဆက်ပြောရမည့်စကားနှင့် ယခုထက်ပို၍ စည်းကမ်း တင်းတင်းကြပ်ကြပ် ပြုမူသင့်၊မပြုမူသင့် တွေးတောနေစဥ် ရှောင်ရှောင်မှာ ပြေးလာပြီး တပေါက်အား ဆွဲလိုက်တော့သည်။
" တပေါက်။ ဒီလိုမျိုးတိရစ္ဆာန်လေးတွေကို ကြင်ကြင်နာနာ ဆက်ဆံရမှာလေ။ ဒီလို ရိုက်နှက်နေလို့ ဖြစ်ပါ့မလား " ရှောင်ရှောင်၏အသံမှာ နွေးထွေးကာချိုသာလွန်းလှသည့်အတွက် သာယာနာပျော်ဖွယ်ကောင်းလှပေသည်။
သို့သော် တပေါက်မှာ သူ့အစ်မ၏ ထိုအမူအကျင့်ကို အကြောက်ဆုံး ဖြစ်သည်။ သူသည် သူ့အစ်မအား သူ၏အမေထက်ပင် အမြဲလိုလို ပို၍ကြောက်နေသည်ပင် ဖြစ်သည်။ ထို့ကြောင့် သူသည် နောက်သို့ချက်ချင်းဆုတ်သွားပြီး ရိုသေကျိုးနွံစွာဖြင့် မတ်တတ်ရပ်နေလိုက်တော့သည်။
ထို့နောက် ရှောင်ရှောင်မှာ လက်သီးလက်မောင်းတန်း၍ ထပ်ပြောလိုက်သည်။
" ပြီးတော့ နင်အဖေ့ကိုလည်း ဒီလိုပြန်မပြောရဘူး တပေါက်ရဲ့။ အဖေက ငါတို့ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်းနေနိုင်အောင်လို့ အလုပ်တွေကြိုးစားနေရတာ။ အခုချက်ချင်း ပြန်တောင်းပန်လိုက် "
ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာများအားလုံးကို မြင်လိုက်ရသောအခါ သူ၏စိတ်နှလုံးမှာ ပို၍ ပျော့ပျောင်းသွားရပြီး သမီးများသာ အကောင်းဆုံးဟု ပို၍ခံစားနေရတော့သည်။ သူမသည် မွေးကင်းစအရွယ်ထဲကပင် သူပွေ့ချီခဲ့သည့်အချိန်တိုင်း ရယ်မောနေခဲ့သည်ကို ပြန်တွေးမိလိုက်သောအခါ သူ၏စိတ်နှလုံးထဲတွင် အနွေးဓာတ်များဖြင့် ပြည့်နှက်လာတော့သည်။
သူထိုသို့ ကြည်နူးနေစဥ်မှာပင် ရှောင်ရှောင်က တပေါက်အား ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းနေတော့သည်။
" တပေါက်ရယ် အဖေက ဘယ်တုန်းကမှ သတ္တိမရှိခဲ့တာ နင်လည်းသိတာပဲ။ သူက ကလေးဘဝထဲက အဲဒီလိုပဲလေ။ သူက သေရမှာကြောက်ပါတယ်ဆိုနေမှ နင်က ဧရာမမြွေကြီးတစ်ကောင်ယူလာပြီး သူ့ကိုခြောက်လှန့်ရသလား "
ပိုင်ရှောင်ချန်းမှာ သူ၏သမီးဖြစ်သူက သားဖြစ်သူကို ကျယ်လောင်စွာ ဆူပူကြိမ်းမောင်းနေသည်ကိုကြည့်ရင်း မျက်လုံးများပြူးသွားတော့သည်။ သူ အနည်းငယ်ခန့်ပင် မူးဝေစပြုလာတော့သည်။ သူ၏ကလေးများအတွက် သင့်တင့်လျောက်ပတ်သော ဘဝသင်ခန်းစာကို သင်ပေးနိုင်မည့် နည်းလမ်းများကို တွေးတောနေစဥ်မှာပင် ရှောင်ရှောင်က တပေါက်သည် မြွေကြီးကိုခေါ်လာပြီး သူ့အားခြောက်လှန့်ရန်ကြိုးစားနေသည်ဟု စွပ်စွဲလိုက်သည် မဟုတ်ပါလော။
ပိုင်ရှောင်ချန်းမှာ ဆွံ့အနေရတော့သည်။
" ရှောင်ရှောင်... " သူကလှမ်းခေါ်လိုက်သည်။
" သမီးရေ... "
သို့သော် သူစကားမဆုံးခင်မှာပင် ရှောင်ရှောင်က သူ့အားလှည့်ကြည့်လိုက်ပြီး နှစ်လိုဖွယ်ကောင်းကာ အပြစ်ကင်းသော အပြုံးမျက်နှာဖြင့် ကြားဖြတ်၍ ဝင်ပြောလိုက်တော့သည်။
" အဖေရေ။ ဖိုးဖိုး ချင်းဟောက်က အဖေငယ်ငယ်လေးတုန်းက ကြောက်ခဲ့ရတဲ့ မြွေတွေအကြောင်း သမီးကို အကုန်ပြောပြထားပြီးသား။ အဲဒီအချိန်ကစပြီး အဖေ့ဘဝမှာ အကြောက်ဆုံးသုံးခုက သေရမှာရယ်၊ သရဲတွေရယ်၊ မြွေတွေရယ်ဆိုပြီး ဖြစ်သွားတာတဲ့။ မကြောက်ပါနဲ့ အဖေ။ သမီး တပေါက်ကို မမေ့နိုင်လောက်အောင် သင်ခန်းစာ ပေးလိုက်ပါ့မယ် "
ထိုသို့ဆိုကာ သူမသည် ခေါင်းငုံ့နေဆဲဖြစ်သော တပေါက်ဘက်သို့ ပြန်လှည့်သွားသည်။
" တပေါက်… နင်အခုလိုလုပ်တာ အရမ်းအရမ်း မှားတယ်။ ငါပြောတာနားထောင်။ နင်အဖေ့ကို ထပ်ပြီး ခြောက်လှန့်ဖို့ကြိုးစားမယ်ဆိုရင် နင့်ကိုအသက်ထွက်တဲ့အထိ ရိုက်ရလိမ့်မယ် "
တပေါက်မှာ မျက်စိပျက် မျက်နှာပျက်ဖြစ်သွားပြီး နှုတ်ခမ်းစူ၍ ခပ်တိုးတိုး ဆိုလိုက်လေသည်။
" ကျွန်တော် အဖေ့ကို ထပ်မခြောက်လှန့်တော့ပါဘူး မမ "
ပိုင်ရှောင်ချန်းမှာ လုံးဝအံ့သြမှင်တက်နေရပြီ ဖြစ်သည်။ သူ၏သမီးမှာ ရှင်းလင်းနေသော ကြည်ပြာရောင်ကောင်းကင်ကြီးထဲတွင် ချက်ချင်းပင် မိုးကြိုးတိမ်တိုက်များပြည့်သွားအောင် ဖန်တီးနိုင်စွမ်း ရှိနေသည့် အလားပင်။ ဘေးနားတွင်မူ လုယွမ်တောက်မှာ မရယ်မိအောင် မနည်းထိန်းနေရသည်။
ပိုင်ရှောင်ချန်းမှာ ငိုချလိုက်ချင်ပါသော်လည်း မျက်ရည်ထွက်မလာသဖြင့် သူ့ကိုယ်သူ အဖေတစ်ယောက်နှင့်တူအောင် နေမှရမည်ဟု ဆုံးဖြတ်လိုက်တော့သည်။ ထို့ကြောင့်သူသည် အတည်ကြည်ဆုံးသော လေသံဖြင့်ဆိုလိုက်တော့သည်။
" ရှောင်ရှောင်ရေ။ သမီးစောစောက ပြောလိုက်တဲ့စကားက မမှန်ပါဘူး "
သူသည် ရင်ဘတ်ကိုပုတ်၍ ဆက်ပြောရန်ပြင်လိုက်သည်။
" သမီးရဲ့ အဖေက... "
သို့သော် သူမည်သည့်စကားမှ ဆက်မပြောရသေးခင် ရှောင်ရှောင်မှာ နှစ်လိုဖွယ်ကောင်းစွာ ပြုံးလိုက်ပြီး သူ၏ခြေထောက်ကိုလှမ်းဖက်လိုက်တော့သည်။ ထို့နောက်သူ့အားမော့ကြည့်၍ ချော့မော့သည့်လေသံဖြင့် ဆိုလိုက်တော့သည်။
" မကြောက်ပါနဲ့ အဖေရယ်။ တပေါက်က ဒါတွေကိုနားမလည်သေးတာမှန်ပေမဲ့ သမီးက သူ့ကိုသင်ပေးလိုက်ပါ့မယ်။ ပြီးတော့ သမီးတို့နှစ်ယောက်က အသက်မကြီးခင်ထဲက ဗဟိုဧကရာဇ်မင်းဆက်ထဲမှာရှိတဲ့ မြွေတွေနဲ့သရဲတွေအကုန်လုံးကို အမိဖမ်းမယ်လို့ ဆုံးဖြတ်ထားကြတာ "
" သမီးတို့ ကြီးလာတဲ့အချိန်ရောက်ရင် အဲဒီကောင်တွေအကုန်လုံးလည်း မရှိလောက်တော့ဘူးလေ။ အဲဒါဆိုရင် သူတို့က အဖေ့ကို ခြောက်လှန့်လို့မရတော့ဘူးပေါ့။ မပူပါနဲ့ သမီးနဲ့တပေါက် အဖေ့ကို ဘေးကင်းအောင်ထားမှာပါ "
ရှောင်ရှောင်မှာ ထိုစကားများအားလုံးကို ရိုးသားမှုအပြည့်ဖြင့် ဆိုနေသည်ဖြစ်ရာ ပိုင်ရှောင်ချန်း၏စိတ်နှလုံးမှာ စူးခနဲစူးခနဲ နာကျင်လာရသည်အထိပင်။
တပေါက်မှာမူ စိတ်မပါလက်မပါနှင့် ခေါင်းညိတ်ပြလိုက်ပြီး ဆိုလိုက်သည်။
" အဖေဘာလို့ မြွေတွေသရဲတွေက်ို ကြောက်ရသလဲဆိုတာတော့ သားမသိဘူး။ ဒါပေမဲ့ မမပြောတာမှန်တယ်။ အခုကစပြီး အဖေ ဘာမှကြောက်စရာ မလိုတော့ဘူး။ သားတို့နှစ်ယောက်က အဖေ့ကိုဘေးကင်းအောင် ထားမှာ။ ဘယ်မြွေဖြစ်ဖြစ် ဘယ်သရဲဖြစ်ဖြစ် အဖေ့ကို မခြောက်လှန့်စေရဘူး "
ထိုကလေးနှစ်ယောက်မှာ အမှန်အတိုင်း ပြောနေခြင်းသာဖြစ်သည်။ သူတို့ နန်းတော်အပြင်ဘက်သို့ မကြာခဏ ခိုးထွက်နေရသည်မှာ ပျော်စရာကောင်းသည်ဟု သူတို့ထင်နေသောကြောင့်ဖြစ်ပါသော်လည်း အကြောင်းအရင်းအမှန်မှာမူ လီချင်းဟောက်က သူတို့အား ပိုင်ရှောင်ချန်း၏အတိတ်အကြောင်းကို ပြောပြထားသောကြောင့်ဖြစ်သည်။ သူ့အားခြောက်လှန့်ခဲ့သည့် အရာများအကြောင်းကို သူတို့ကြားသိလိုက်ရပြီးနောက် သူ့အား ဘေးကင်းအောင်ထားရန်မှာ သူတို့၏တာဝန်ဖြစ်ကြောင်း သူတို့က ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
ကလေးများက ထိုသို့ရင်ထဲမှလာသော စကားများကိုဆိုနေသည်ဖြစ်ရာ လုယွမ်တောက်၏အပြုံးမှာ ကွယ်ပျောက်သွားရပြီး သူမ၏မျက်ဝန်းများမှာ ခံစားချက်များဖြင့် အရောင်လက်လာတော့သည်။
ပိုင်ရှောင်ချန်းမှာလည်း အလားတူစိတ်နှလုံးလှုပ်ရှားသွားရတော့သည်။ သူသည် လက်ရှိအခြေအနေကို ရိပ်မိလိုက်သဖြင့် ယခုမှာ သူ၏ကလေးများကို ဆုံးမရန်သင့်တော်သည့်အချိန် မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူတို့၏ဆံပင်များကို ထိုးဖွလိုက်ပြီး ထွက်သွားရန်ပြင်လိုက်သည်။ သို့သော် သူမထွက်သွားခင် နောက်သို့ပြန်၍ လှည့်ကြည့်ကာ ပြောလိုက်ပြန်သည်။
" မင်းတို့ရဲ့ ဘဘချင်းဟောက်ပြောတာတွေက အမှားတွေကွ။ မင်းတို့အဖေက တကယ်တမ်းတော့ ဘာမြွေတွေ သရဲတွေကိုမှမကြောက်ဘူး။ သတ္တိအရမ်းရှိတာ "
သူထိုသို့ပြောလိုက်ပြီးနောက်တွင် သူ၏နောက်ဘက်မှ ချောင်းဟန့်သံများကို ကြားလိုက်ရတော့သည်။ ထို့ကြောင့် လှည့်ကြည့်လိုက်သောအခါ ပဟေဋိဆန်ဆန်ပြုံး၍ သူ့အားကြည့်ကာ အနားသို့ ချဥ်းကပ်လာနေကြသည့် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုတို့ကို မြင်လိုက်ရသည်။ ထိုအခါ သူသည် ရုတ်တရက် အနေရခက်သွားပြီး ဆင်ခြေတစ်ခု ခပ်မြန်မြန်ပေးကာ ထွက်ခွာသွားတော့သည်။
သူ၏ကိုယ်ပိုင် တရားထိုင်သည့်အခန်းသို့ ပြန်ရောက်သွားသောအခါ သူသည်ထိုင်ချလိုက်ပြီး ထိုစကားများကို ပြန်၍တွေးတောလိုက်သည်။ သူသည် စိတ်နှလုံးလှုပ်ရှားနေဆဲဖြစ်ပါသော်လည်း စိုးလည်းစိုးရိမ်နေပြီး မည်သို့ဆက်လုပ်ရမှန်း မသိလောက်အောင် ဖြစ်နေတော့သည်။
" ကြည့်ရတာ သူတို့ရဲ့ အမူအကျင့်တွေကို အတင်းအကြပ်ကြီး ပြောင်းခိုင်းလို့ရမယ်မထင်ဘူး။ သူတို့ရဲ့ကိုယ်ပိုင်လမ်းကိုလျှောက်ပြီး သူတို့ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးခိုင်းရမှာပဲ။ ငါလုပ်နိုင်တဲ့တစ်ခုထဲသောအရာက သူ့တို့ကိုကာကွယ်နိုင်အောင် အကောင်းဆုံးကြိုးစားဖို့ပဲ "
သူသည်ထိုသို့တွေး၍ ပြုံးလိုက်တော့သည်။
" ကိုယ့်ကို ဘေးကင်းအောင်ထားနိုင်ဖို့ ကြိုးစားနေတဲ့လူတွေရှိတာ ကောင်းတော့အကောင်းသား။ ကိုယ့်သားသမီးတွေဖြစ်နေတော့ ပိုတောင် ကောင်းသေးတယ် "
သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးများမှိတ်ကာ နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက်နှင့်ပတ်သတ်၍ ထပ်ပြီးနိမိတ်ဖတ်လိုက်တော့သည်။
သူနှစ်ပေါင်းများစွာ စမ်းသပ်လေ့လာခဲ့ပြီးနောက် ကိုးဆယ်ရာခိုင်နှုန်းခန့် ဉာဏ်အလင်းပွင့်နေပြီဖြစ်သည်။ ယခုတွင် သူသည် အသေးစား အတိုးအလျှော့များပြုလုပ်ရန်သာ လိုတော့သည်။ မကြာခင် နှစ်ဆယ့်သုံးရောင်ခြယ်မီးတောက် ဖန်တီးနည်းကို အပြီးတိုင် ဖန်တီးနိုင်လိမ့်မည်ဟု သူကယုံကြည်ထားသည်။
အချိန်တစ်နှစ်ထပ်၍ ကုန်ဆုံးသွားပြီးနောက် ဖန်တီးနည်း ပြီးစီးသွားတော့သည်။ ထိုအချိန်တွင် သူသည်မျက်လုံးများပွင့်လာပြီး သူ၏ညာလက်ကိုဝှေ့ယမ်းလိုက်သောအခါ သူ၏ထည့်စရာအိတ်ထဲမှ ဝိညာဥ်အမြောက်အမြား ပျံထွက်လာကြသည်။
သို့သော် ထိုအချိန်တွင် သူသည် ကုန်းစွန်းဝမ်အာနေထိုင်သည့်ဘက်တွင် အလွန်ထူးဆန်းသောအရာတစ်ခုကို အာရုံခံမိလိုက်သည်။
" အဲဒီအငွေ့အသက်..... တစ်ခုခုတော့ လွဲနေပြီ "