မီးအိမ်ဖြူ
Vol. 13 Ch. 1227
ဆယ်နှစ်ကား မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွား၏။
ယပ်တောင်က အမှောင်ထုကို ဖြတ်၍ တဟုန်ထိုးသွားနေစဥ် ခပ်ဖျော့ဖျော့အလင်းက ၄င်းကို ဝန်းရံထားလေသည်။ ၄င်းက တရိပ်ရိပ်သွားနေစဥ် တောက်ပနေသော လမ်းကြောင်းတစ်ကြောင်း ၄င်း၏နောက်ဝယ် ဖြာထွက်နေရာ ကြယ်ပျံတစ်စင်းသဖွယ် ဖြစ်နေစေတော့သည်။
ပိုင်ရှောင်ချန်းက ယပ်တောင်၏ မျက်နှာပြင်အတွင်းရှိ မိုးမြေဧကရာဇ်လက်မောင်းအပေါ်တွင် တင်ပျဥ်ခွေလျက်ထိုင်နေ၏။ ရံဖန်ရံခါ သူသည် မျက်လုံးဖွင့်ပြီး မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေလျက် ဟင်းလင်းပြင်ထဲ့သို့ လှမ်းကြည့်တတ်လေသည်။
အနက်ရောင်က ဤနေရာတွင် တစ်ခုတည်းသောအရောင်သာ ဖြစ်ပုံရ၏။ သို့သော် ဟင်းလင်းပြင်ကို ဖြတ်သန်းရင်း ကုန်ဆုံးခဲ့သည့် ဆယ်နှစ်တာကာလအတောအတွင်း သူသည် ရံဖန်ရံခါ အပျက်အစီးများကိုသော်လည်းကောင်း၊ အကျိုးအပဲ့များကိုသော်လည်း တွေ့ခဲ့ပြီး ဝိညာဥ်များကောင်းကောင်း စုဆောင်းမိခဲ့လေသည်။
သူက သူ၏ပန်းတိုင် အောင်မြင်ရန် စိတ်စောနေပါသော်လည်း ပို၍မြန်အောင် သူလုပ်နိုင်သည့် အခြားအရာမရှိပေ။ ထိုမျှသာမက ယပ်တောင်က သိသာထင်ရှားစွာ သတ်မှတ်ထားသောလမ်းကြောင်းတစ်ခုအပေါ်တွင် ဖြစ်သည်။ သူသည် ၄င်း၏ အမြန်နှုန်းကို ပြောင်းလဲနိုင်ပြီး အခြားအရပ်မျက်နှာသို့ ယာယီရွေ့လျားနိုင်သော်လည်း အဆုံးသတ်တွင် ၄င်း၏ယခင်လမ်းကြောင်းကိုသာ အမြဲပြန်ရောက်သွားတတ်သည်။
သူက စိတ်ထဲ၌ ဦးတည်ရာသတ်သတ်မှတ်မှတ် မရှိသည်ကို ထည့်တွက်၍ နောက်ဆုံးတွင် လားရာဘက်ထိန်းညှိရန် လက်လျှော့လိုက်ပြီး ၄င်းစိတ်တိုင်းကျ ပျံသန်းရန် ခွင့်ပြုလိုက်တော့သည်။ ၄င်းက ထိုသို့ ပျံသန်းနေစဥ် သူက တင်ပျဥ်ခွေလျက် တရားထိုင်ကာ နှစ်ဆယ့်ငါးရောင်ခြယ်မီးတောင်အတွက် ဖန်တီးနည်းကို လုပ်ဆောင်နေလေသည်။
ပိုင်ရှောင်ချီက သူ့အား တချိန်လုံး ကပ်ဖားနေရာ သူက နောက်ဆုံးတွင် နာမည်ပြောင်းခွင့်ပေးရန် တွေးလာေတာ့သည်။
ပိုင်ရှောင်ချီမှာ ထိုအကြောင်းနှင့်ပတ်သက်၍ စိတ်လှုပ်ရှားသွားလေသည်။ ထိုမျှသာမက သူသည် ယခု အလိုအလျောက်နီးပါး ဖြစ်လာသည်အထိ ပိုင်ရှောင်ချန်းကို ဖားယားခြင်းဖြင့် အသားကျလာခဲ့လေသည်။
ယခုလောလောဆယ်တွင် သူသည် ပိုင်ရှောင်ချန်းကို ပခုံးနှိပ်နယ်ပေးရင်း ရံဖန်ရံခါ မျက်နှာရိပ်မျက်နှာကဲကြည့်၍ သူ၏နောက်တွင် ရပ်နေ၏။
" ကျွန်တော် အားအရမ်းပါနေလား သခင်လေး။ ဟိုတလောကဗျာ ကျွန်တော် အနှိပ်နည်းလမ်းအသစ်တချို့ လေ့လာထားနဲ့ စမ်းကြည့်ချင်နေခဲ့တာ "
ပိုင်ရှောင်ချန်းမှာ ဖားယားခြင်းအဆင့်နှင့်ပတ်သက်၍ အလွန်ကျေနပ်နေလေသည်။ သူစိတ်ကောင်းဝင်လျှင် ပိုင်ရှောင်ချီကို အပြုံးတစ်ခုဖြင့် ဆုချတတ်ရာ အစောင့်အရှောက်ဝိညာဥ်လေးအား ထိုတစ်နေ့လုံး စိတ်လှုပ်ရှားနေေစသည်။
ယခုအခိုက်အတန့်၌ လောကနတ်ဘုရားကျွန်တစ်ယောက်ကိုသာ ဆင့်ခေါ်ရန် ဖြစ်နိုင်သည်။ သို့သော် ယခုတွင် လောကနတ်ဘုရားကျွန်၏ အကွာအဝေးနယ်ပယ်ကား ယပ်တောင်မျက်နှာ၏ ကမ္ဘာတွင်သာ ကန့်သတ်မခံထားရတော့ပေ။ သူသည် ယခု ယပ်တောင်မျက်နှာပြင်ပေါ်တွင် ရပ်ရန် ထိုကမ္ဘာမှ ထွက်နိုင်လေပြီ။ ယပ်တောင်မှ မထွက်ခွာနိုင်သေးသော်လည်း သူ့အား ၄င်းကို ကာကွယ်နိုင်စွမ်းပို၍ ရှိသွားစေလေသည်။ မိစ္ဆာဧကရာဇ်က သူတို့ကို အခု တစ်နည်းနည်းဖြင့် ရှာနိုင်လျှင်ပင် ရေးကြီးခွင်ကျယ် ဖြစ်တော့မည် မဟုတ်ပေ။
သူတို့ကြုံ့တွေ့ရသော မည်သည့်ခြိမ်းခြောက်မှုအန္တရာယ်ကိုမဆို ရင်ဆိုင်ရာတွင် ယပ်တောင်မှာ အကာအကွယ်ပေါင်းများစွာရှိပြီး ၄င်းတို့အားလုံးက အတော်လေးရှိန်စရာကောင်းလေသည်။ အမှန်တကယ်ဆိုရလျှင် လွန်ခဲ့သောဆယ်နှစ်အတောအတွင်း ၄င်းက အပျက်အစီးများ၊ အကျိုးအပဲ့များ တစ်ကြိမ်ထက်ပို၍ ဝင်တိုက်ခဲ့သည်။
သို့နှင့် ပိုင်ရှောင်ချန်း၏ ဟင်းလင်းပြင်ခရီးကား ဆက်သွားနေ၏။ နောက်ထပ်သုံးနှစ်ကုန်ဆုံးသွားပြန်သည်။ သူသည် ယခုတွင် နှစ်ဆယ့်ငါးရောင်ခြယ်မီးတောက်နှင့် ပတ်သက်သော လေ့လာသုံးသပ်မှုများ ပြီးလုနီးပါးဖြစ်နေလေပြီ။ သူစုဆောင်းရရှိခဲ့သည့် ဝိညာဥ်အရေအတွက်ကို ထည့်တွက်ပါက စမ်းသပ်ချက်နှစ်ခုကို သူ လုပ်နိုင်ခဲ့ပြီး နှစ်ခုလုံးမအောင်မြင်ပေ။
တစ်နေ့ သူက တင်ပျဥ်ခွေလျက် တရားထိုင်နေစဥ် သူ့တကိုယ်လုံး တုန်တက်သွား၏။ အများအားဖြင့် သူက သူ၏ပတ်လည်ရှိ ဟင်းလင်းပြင်ထဲက အရာဝတ္ထုများကို စစ်ဆေးရန် သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားလေ့ရှိသည်။ ယခုအချိန်တွင် သူ၏မျက်လုံးများ ပွင့်လာပြီး တလက်လက် တောက်ပနေလျက် ယပ်တောင်အစွန်းကို အပြေးအလွှားသွား၍ အမှောင်ထုအတွင်းသို့ လှမ်းကြည့်လိုက်သည်။
ပိုင်ရှောင်ချီက ဖြစ်ပျက်နေသည်များကို သတိထားမိ၍ သူ့ဘေးတွင် ပေါ်ပေါက်လာကာ သူသည်လည်း ဟင်းလင်းပြင်အတွင်းသို့ စိတ်လှုပ်တရှား မျှော်ကြည့်လိုက်လေသည်။
ထိုနေရာ၊ ခပ်ဝေးဝေးတွင်ကား အလင်းပြောက်လေးတစ်ပြောက်ဖြစ်သည်။
၄င်းက နီးကပ်လာစဥ် ဧရာမမီးအိမ်တစ်လုံးဖြစ်ကြောင်း သိသာသွားလေသည်။
၄င်းသည် အမြင့်အားဖြင့် မီတာ သုံးထောင်တိတိရှိပြီး ဟင်းလင်းပြင်ကိုဖြတ်၍သာ လွင့်မျောနေပုံ ပေါ်လေသည်။ တစ်နေရာတွင် မီးအိမ်နောက်မှ ဝိညာဥ်အမြောက်အမြားလိုက်လာကြောင်း သဘောပေါက်လိုက်သဖြင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပြူးကျယ်သွား၏။
သူပြောနိုင်သည်မှာ ၄င်းတို့က သန်းပေါင်းများစွာ ရှိမည်ဖြစ်သည်။ ၄င်းတို့အားလုံး အမူအရာကင်းမဲ့နေပြီး သေခြင်းအရှိန်အဝါတစ်ခု အသက်ဝင်နေပုံရလေသည်။
၄င်းမှာ မြင်လိုက်ရသည်နှင့် အလွန်အံသြတုန်လှုပ်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်တော့သည်။
ဟင်းလင်းပြင်ကိုဖြတ်၍ ခရီးနှင်ခဲ့သော နှစ်များတလျှောက် ဤသည်မှာ ပိုင်ရှောင်ချန်းအတွက် ယခုကဲ့သို့ အရာမျိုးကို ပထမဆုံးအကြိမ်မြင်ရခြင်း ဖြစ်လေသည်။ သူက စိတ်လှုပ်ရှားနေလျက် ယပ်တောင်ကို နှေးသွားစေလိုက်သည်။
" ဝိညာဥ်တွေ အများကြီးပဲ "
သူက နှုတ်ခမ်းကို သပ်ရင်း ကောက်ချက်ချလိုက်၏။ ဝိညာဥ်များအား ရှာနေခဲ့သော နှစ်များအားလုံးတွင် ဤသည်မှာ သေချာပေါက် ကြီးမားသောအရေအတွက် ဖြစ်လေသည်။
" မင်း ဒီလိုဟာမျိုး မြင်ခဲ့ဖူးလား ပိုင်ရှောင်ချီ " သူက မေးသည်။
ပိုင်ရှောင်ချီမှာ သူ၏နာမည်ကို သဘောမကျသေးသော်လည်း ယခု သူ မြင်နေသည့်အရာကြောင့် အလွန်အံသြတုန်လှုပ်နေ၍ ချက်ချင်း ခေါင်းခါပြီး ပြောလေသည်။
" ကျွန်တော် အချိန်တော်တော်များအိပ်ပျော်နေခဲ့ပေမယ့် သခင်လေး ကျွန်တော် နှစ်တွေ အများမှအများကြီး နိုးနေခဲ့သေးတယ်။ ဒီလိုဟာမျိုး ကျွန်တော် တစ်ခါမှ မတွေ့ခဲ့ဖူးဘူး။ အဲဒီဝိညာဥ်တွေ..... ဘုရားရေ ။ သူတို့အကုန်လုံး ဘယ်ကို ဦးတည်နေကြတာလဲ "
ပိုင်ရှောင်ချန်းက မျက်လုံးများ ကျဥ်းမြောင်းလျက် ကြည့်နေ၏။ ၄င်းမှာ ထူးဆန်းသော အခြေအနေတစ်ရပ်ဖြစ်၍ သူ အလျင်စလို မလုပ်ချင်ပေ။
ဝိညာဥ်များမှာ ယပ်တောင်အား သတိထားမိသည့်ပုံမပေါ်သည်ကို စဥ်းစားကြည့်လျှင် ပို၍ပင် ထူးဆန်းလေသည်။ ယပ်တောင်ထံ နောက်ထပ်အမိန့်တစ်ခု ဂရုတစိုက်ပေးရင်း သူက ဝိညာဥ်များ ဦးတည်နေသောနေရာကို ရှာတွေ့ရန် မျှော်လင့်၍ ၄င်းကို ဝိညာဥ်များနောက် လိုက်စေလိုက်သည်။
သူသည် ၄င်းတို့နောက် နှစ်ပေါင်း များစွာကြာသည်အထိ လိုက်သွား၏။ မရေမတွက်နိုင်သော အကြိမ်အခါများစွာတွင် ယပ်တောင်သည် ၄င်း၏အဓိကလမ်းကြောင်းထံပြန်ရန် ကြိုးစားတတ်လေရာ နောက်ဆုံး ပိုင်ရှောင်ချန်းမှာ စိတ်မရှည်တော့၍ ဝိညာဥ်များအား ဖြေးဖြေချင်း ဖမ်းရန် ဝိညာဥ်စုစည်းဆေးလုံးကို စတင်အသုံးပြုတော့သည်။
အမှောင်သမားေတာ်များမှာ ဝိညာဥ်စုစည်းဆေးလုံးများကို နေ့နေ့ညည ဖော်စပ်နေခဲ့ကြရသောကြောင့် သူ စိတ်တိုင်းကျသုံးနိုင်သည်အထိ ပေါများလေသည်။ နောက်ဆုံး၌ သူက ဝိညာဥ်သန်းပေါင်းများစွာ ဖမ်းဆီးနိုင်လိုက်၏။
ထိုမျှများပြားသော ဝိညာဥ်များဖြင့် ဆယ့်ငါးရောင်ခြယ်မီးတောက်အောင်မြင်ရန် စမ်းသပ်မှုအနည်းငယ်သာ လုပ်လိုက်ရပြီး သူက နှစ်ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဆက်လက်လေ့လာသုံးသပ်တော့သည်။
သူက ယပ်တောင်ကို သူ၏မူလလမ်းကြောင်းထံ ပြန်သွားခွင့်ပေးရန် စိတ်ယိုင်သွားသော်လည်း ဤမီးအိိမ်၏ နောက်ဆုံးဥိီးတည်ရာကိုလည်း သိချင်နေသေးသည်။ သူသိသမျှအားလုံးအရ ထိုနေရာတွင် ဝိညာဥ်များ ပို၍ပင် များလောက်မည်။
လအနည်းငယ်ကြာသော် ထိုနောက်ဆုံးဦးတည်ရာနှင့် နီးကပ်လာ၏။ ပိုင်ရှောင်ချန်းမှာ ၄င်းက မည်သည့်အရာဖြစ်သည်ကို တွေ့သောအခါ သူ၏စိတ်အစဥ် ချာချာလည်သွားတော့သည်။ ဟင်းလင်းပြင်ရှိ ထိုနေရာတည့်တည့်၊ မီးအိမ်၏ အရှေ့တွင်ကား ဧရာမရေတွင်းကြီးတစ်ခု ဖြစ်လေသည်။
၄င်းမှာ ထောင့်ဖြတ် မီတာ သုံးသောင်းတိတိရှိပြီး ပတ်ဝန်းကျင်တွင် ပြည့်နှက်နေသည့် တအိအိလှုပ်နေသောမြူထုတစ်ခုဖြင့် သက်ဝင်နေလေသည်။
ပို၍ အံသြတုန်လှုပ်ဖွယ်ကောင်းသည်မှာ ကြုံရာအရပ်မျက်နှာများမှ ချဥ်းကပ်လာနေသော အခြားမီးအိမ် ဆယ်လုံးကျော်ကျော်ကို ပြတ်ပြတ်သားသားမြင်လိုက်ရသော အချက်ကြောင့်ပင်။ ထို့ပြင် တစ်လုံးစီက ရေတွင်းထဲ ဝင်သွားကြလေသည်။
" ဝိညာဥ်တွေ အများကြီးပဲ "
သူက စိတ်လှုပ်ရှားစွာ ကောက်ချက်ချလိုက်သည်။ သို့သော် ၄င်းမှာ ထူးဆန်းသောမြင်ကွင်းတစ်ခုဖြစ်၍ သူက ဝိညာဥ်များအား ဖမ်းသင့်၊ မဖမ်းသင့်နှင့်ပတ်သက်၍ ချီတုံချတုံဖြစ်နေလေသည်။
"ဘုရားရေ အဲဒါ ဘာနေရာတုန်း "
ပိုင်ရှောင်ချီက သိသိသာသာ မှင်သက်ပြီး သူမည်သည့်အရာကို ကြည့်နေကြောင်း မစဥ်းစားမိဘဲ ကောက်ချက်ချလိုက်သည်။
ပိုင်ရှောင်ချန်းက မည်သို့လုပ်ရန် ဝေခွဲရခက်နေလျက် စောင့်နေလေသည်။ သို့သော် သူက မီးအိမ်များ ရေတွင်းအထဲသာ ဝင်ရောက်ပျောက်ကွယ်နေသည်ကို ကြည့်ရင်း ထပ်ခံမသည်းခံနိုင်တော့ပေ။
" ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ရေတွင်းက အန္တရာယ်များရင်များလိမ့်မယ်" သူက အံကြိတ်ထားသည့်ကြားမှ ပြောသည်။
" ဒါပေမဲ့ ဒိီနေရာက ကျော်သွားဖို့ ခဲယဥ်းလွန်းနေတယ်။ ငါ မီးအိမ်တစ်လုံး ဒီကိုရောက်လာတဲ့အထိပဲ စောင့်လိုက်မယ်။ တစ်လုံးပဲ။ ငါရေတွင်းနား ကပ်မသွားသရွေ့ အဆင်ပြေလောက်တယ် "
သူသည် အထူးသဖြင့် နှစ်ဆယ့်ခြောက်ရောင်ခြယ်မီးတောက်အတွက် ဝိညာဥ်မည်မျှလိုအပ်သည်ကို စဥ်းစား၍ ဤအခွင့်အရေးကို လက်လွတ်မခံနိုင်ပေ။ ရူးသွပ်မှုများဖြင့် သူ၏မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေပြီး သူက ထိုင်စောင့်လိုက်သည်။
လဝက်ကြာသော် ရေတွင်းထံ ပျင်းရိပျင်းတွဲ မျောလွင့်လာသော အခြားမီးအိမ်တစ်လုံးကို တွေ့လိုက်ရ၏။ သူ့ မျက်လုံးများ လင်းလက်လာပြီး ယပ်တောင်ကို ၄င်းထံ စေလွှတ်၍ ဝိညာဥ်စုစည်းဆေးလုံးများ တစ်ပုံတခေါင်းကြိီး ပစ်ပေါက်တော့သည်။ ပေါက်ကွဲသွများ ကြားလိုက်ရပြီး ဝိညာဥ််များမှာ လျင်မြန်စွာပင် ပိုင်ရှောင်ချန်း ၏ဖမ်းဆီးခြင်း ခံလိုက်ရသည်။
" ပွပြီ "
သူက ကောက်ချက်ချလိုက်သည်။ ယပ်တောင်အပေါ် အလျင်အမြန်ပျံသွားရင်း သူက တစ်ခုခုဖြစ်မည်လား ရင်ခုန်စွာဖြင့် ထိုင်ကြည့်လိုက်လေသည်။ ရက်အနည်းငယ်ကြာသော် သတ္တိရှိလာတော့သည်။
" ဟားဟားဟား။ ဘာမှလဲမဖြစ်ပါလား။ ဒီနေရာကတော့ ပိုင်ရှောင်ချန်းအတွက် နတ်ပြည်ပဲဟေ့ "
သူက မျက်လုံးများ တောက်ပနေလျက် နောက်ထပ်မီးအိမ်ပေါ်လာမည်ကို စောင့်ရန် ဆုံးးဖြတ်လိုက်သည်။
ရက်အနည်းငယ်ကြာသော် ၄င်း ရောက်ရှိလာ၏။
သို့နှင့် ပိုင်ရှောင်ချန်းသည် ချဥ်းကပ်လာသော မည်သည့်မီးအိမ်ကိုမဆို ပြောင်းတလင်းခါပစ်စေလျက် ဝိညာဥ်များအား အရူးအမူးစုဆောင်းနေတော့သည်။
သို့သော် ပိုင်ရှောင်ချီမှာ ဖြစ်ပျက်နေသည့်အရာများနှင့် ပတ်သက်၍ အလွန်မကောင်းသော ခံစားချက်တစ်ခု ရနေပြီဖြစ်ပြီ ပိုင်ရှောင်ချန်းကို သူလုပ်နေသည့်အရာနှင့်ပတ်သက်၍ ထပ်တလဲလဲ သတိပေးလေသည်။
" သခင်လေး အခြေအနေကောင်းတုန်း ရပ်တာကောင်းမယ်နော်။ ကျွန်တော့် ခံစားချက်တွေ မကောင်းဘူး....."