စက္ကူအဘွားအိုကြီး
Vol. 13 Ch. 1229
ပိုင်ရှောင်ချန်းမှာ ယခုကဲ့သို့ ကြောက်စရာကောင်းသော အခြေအနေမျိုးနှင့် ပက်ပင်းမကြုံတွေ့ခဲ့ရဖူးပေ။ ထို့အပြင် ဟင်းလင်းပြင်ကြီးထဲတွင် အန္တရာယ်ထဲသို့ အမှန်တကယ် ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်သည်။
စက္ကူလူသားများ သက်သက်ဆိုပါက အလွန် စိတ်ပူစရာလိုမည် မဟုတ်ပေ။ သူတို့ကိုရင်ဆိုင်ရသည်မှာ ခဲယဉ်းပါသော်လည်း နောက်ဆုံးတွင်မူ ထိုစက္ကူလူသားများကို သူအနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ နတ်ဘုရားအစွမ်းများမှာ သူတို့အပေါ်တွင် သက်ရောက်မှုမရှိပါသော်လည်း သူ၏ဝိညာဉ်စုစည်းဆေးလုံးများကြောင့် ထိုစက္ကူလူသားများကို အနိုင်ယူနိုင်မည့် အခွင့်အရေးတစ်ခုတော့ ရှိနေသေးသည်။
သို့သော် ဤကမ္ဘာကြီးက သည်းထိတ်ရင်ဖိုစရာ ကောင်းလှ၍ သူ၏ခေါင်းပေါ်တွင် အသွားထက်သော ဓားတစ်ချောင်း ဟီးလေခိုနေသကဲ့သို့ ခံစားနေရသည်။ အကယ်၍ ယခုအတိုင်းသာ ဆက်ဖြစ်နေမည်ဆိုပါက အဆုံးသတ်တွင် သူကိုယ်တိုင်ပါ စက္ကူလူသားတစ်ယောက်အသွင် ပြောင်းလဲသွားမည့်ပုံ ပေါ်နေသည်။
ထိုအရာများအားလုံးထက် ပို၍ဆိုးဝါးသည်မှာ ကောင်းကင်ယံတွင်ရှိနေသော အဘွားအိုကြီး၏ မျက်နှာများနှင့် သူ့အားဤကမ္ဘာထဲသို့တွန်းချလိုက်သည့် လျှို့ဝှက်ဆန်းကြယ်သော သတ္တဝါကြီးပင်ဖြစ်သည်။ ထိုအချင်းအရာများကြောင့် သူ ထိတ်လန့်ကြောက်ရွံ့လာပြီး ဦးရေခွံများပင် ထုံကျဉ်လာတော့သည်။
ယခုတွင် သူလိုချင်သည့်အရာ တစ်ခုတည်းသာ ရှိတော့သည်။ ဤနေရာကြီးမှ တတ်နိုင်သမျှ အမြန်ဆုံးထွက်ခွာသွားနိုင်ရန် ဖြစ်သည်။
ထို့ကြောင့် သူသည် ယပ်တောင်ကြီးနှင့် လှမ်း၍ချိတ်ဆက်လိုက်ပြီး လောကနတ်ဘုရားအလင်းတန်း ဆယ်တန်းကို တပြိုင်နက်ထဲ ဆင့်ခေါ်လိုက်တော့သည်။ ထိုအခါ ဟင်းလင်းပြင်ကြီးထဲတွင် တည်ရှိနေသည့် ယပ်တောင်ကြီးမှာ မျက်စိကျိန်းမတတ် စူးရှေသာ အလင်းရောင်များဖြင့် တောက်ပလာပြီး လျင်မြန်စွာ ပျောက်ကွယ်စပြုနေပြီဖြစ်သော ရေတွင်းကြီးထဲသို့ အလင်းတန်းဆယ်တန်းကို ပစ်လွှတ်လိုက်တော့သည်။
လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် တစ်ပြိုင်နက်ထဲ ဆယ်ကြိမ်တိတိ တိုက်ခိုက်လိုက်သည့် ပြင်းအားနှင့်တူညီသော လောကနတ်ဘုရား အလင်းတန်းများ ကျဆင်းလာသောအခါ ကမ္ဘာကြီးထဲတွင် တဂျိန်းဂျိန်းမြည်သံများဖြင့် ပြည့်နှက်သွားသည်။ ထိုအားကြီးမှာ ပြင်းထန်လွန်းလှ၍ ကောင်းကင်ကြီးထဲတွင် အပေါက်တစ်ပေါက်ပင် ပွင့်ထွက်သွားတော့သည်။
ထိုအခါ စက္ကူလူသားများအားလုံးနှင့် ဝိညာဉ်များမှာ စူးရှကျယ်လောင်စွာအော်ဟစ်လိုက်ကြတော့သည်။ သို့သော် ထိုအပေါက်ကြီးမှာ ချက်ချင်းပင် ပြန်၍ ပိတ်စပြုလာတော့သည်။ ထိုအပျက်အစီးမှာ တစ်ခဏလေးအတွင်း အကောင်းပတိပြန်ဖြစ်သွားမည်မှာ အထင်အရှားပင်။
ပိုင်ရှောင်ချန်းမှာ ဤအခွင့်အရေးကို လက်မလွှတ်လိုသောကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားအကုန်လုံးကို ထုတ်လိုက်ပြီးနောက် ဝိညာဉ်ဆေးလုံးများကိုသုံး၍ သူ၏ရှေ့တွင်ပိတ်ဆို့နေသည့် စက္ကူလူသားများနှင့် ဝိညာဉ်များကိုဖြတ်ကာ လမ်းတစ်ခုဖန်တီးလိုက်ပြီး အပေါက်ကြီးဆီသို့ ဦးတည်သွားလိုက်သည်။
သူ၏အံံ့သြဖွယ်ကောင်းသော အမြန်နှုန်းကြောင့် တခဏအကြာတွင် သူသည် အပေါက်ကြီး၏ ရှေ့တည့်တည့်သို့ ရောက်သွားတော့သည်။ အပြင်ဘက်ရှိဟင်းလင်းပြင်ကြီးထဲမှ အငွေ့အသက်များက အပေါက်ကြီးကိုဖြတ်၍ စက္ကူကမ်ဘာထဲသို့ ဝင်ရောက်လာသည်နှင့် သူသည် သူ၏နတ်ဘုရားအစွမ်းများကို ပြန်၍အသုံးပြုနိုင်သွားသည်ဖြစ်ရာ အရှိန်ထပ်တင်နိုင်ရန်အတွက် ထာဝရပြုစားခြင်းအတတ်နှင့် တောင်ဖြိုသိုင်းတို့ကို ထပ်၍အသုံးပြုလိုက်တော့သည်။ သူသည် အပေါက်ကြီးမပိတ်ခင် နောက်ဆုံးအချိန်လေးတွင် ကြယ်ပျံတစ်စင်းကဲ့သို့ အပြင်ဘက်သို့ ပျံထွက်သွားတော့သည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်၏ သုံးဆယ်ရာခိုင်နှုန်းမှာ စက္ကူအသွင် ပြောင်းလဲနေပြီဖြစ်သည်။ သို့သော် ဟင်းလင်းပြင်ထဲသို့ ပြန်ရောက်သွားသည်နှင့် ကံကောင်းထောက်မစွာပင် သူ၏ထာဝရအပိုင်းမှာ ထိုဒဏ်ရာများကို ပြန်လည်ကုသပေးလိုက်တော့သည်။
သူစိတ်အေးလက်အေးဖြင့် သက်ပြင်းမချရသေးချိန်တွင် သူ၏နောက်မှ ချောင်းဟန့်သံတစ်သံနှင့် ဗလုံးဗထွးဖြစ်နေသော အော်ဟစ်သံများကို ကြားလိုက်ရတော့သည်။
ထိုချောင်းဟန့်သံမှာ သူ့အား ဤရေတွင်းကဲ့သို့ တွန်းချခဲ့သောသူထံမှ ထွက်ပေါ်လာသည့် ချောင်းဟန့်သံဖြစ်နိုင်ကြောင်း ပိုင်ရှောင်ချန်းက တွေးမိလိုက်သောအခါ ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထသွားတော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ထွက်ပြေးရန် ပြင်လိုက်တော့သည်။ သူ ထိုသို့ပြင်လိုက်ချိန်မှာပင် အရိုးစုတစ်စု၏ လက်တစ်ဖက်ဟုထင်ရလောက်အောင် ခြောက်ကပ်နေသည့် လက်ကြီးတစ်ဖက်က သူ့အားဖမ်းဆုပ်တော့မည့်အလား သူရှိရာဘက်သို့ ဆန့်ထွက်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေပြီ ဖြစ်သည်။ သူ၏အမြင်တွင် ထိုလက်ကြီးမှာ မိုးမြေဧကရာဇ်တစ်ပါးထံမှ လက်တစ်ဖက်နှင့် မတူပါသော်လည်း လောကနတ်ဘုရားအဆင့်၏ အထွတ်အထိပ်သို့ ရောက်နေသည့်ပုံပင်။
" ဘာကြီးလဲကွာ "
သူက ငိုမဲ့မဲ့ဖြင့် တွေးလိုက်သည်။ ထို့နောက် လုံးဝတေွဝေမနေဘဲ သူ့ထံတွင် ကျန်ရှိနေသေးသည့် လောကနတ်ဘုရားအလင်းတန်းငါးတန်းကို ဆင့်ခေါ်လိုက်ပြီး ထိုလက်ကြီးထံသို့ ပစ်လွှတ်လိုက်သည်။
သူ၏ လောကနတ်ဘုရားအလင်းတန်းများက ထိုလက်ကြီးကို ဝင်တိုက်မိသွားသောအခါ တအုန်းအုန်း မြည်သံများ ပေါ်ထွက်လာပြီး ထိုလက်ကြီးမှာ တုန့်ခနဲ ရပ်တန့်သွားသည်။ ထို့နောက် ပိုင်ရှောင်ချန်းက ထိုရိုက်ခတ်မှုမှ ထွက်ပေါ်လာသည့် တုန်ခါလှိုင်းများကို အသုံးချ၍ လက်ကြီးနှင့်ဝေးရာသို့ ဦးတည်သွားလိုက်တော့သည်။ တချိန်တည်းမှာပင် ပိုင်ရှောင်ချီကလည်း ယပ်တောင်ကြီးအား ပိုင်ရှောင်ချန်းထံ ပျံသန်းသွားစေလိုက်သည်။ တခဏအတွင်း ပိုင်ရှောင်ချန်းမှာ ယပ်တောင်အပေါ်သို့ ပြန်ရောက်သွားတော့သည်။
ယပ်တောင်ပေါ်သို့ သူခြေချလိုက်သည်နှင့် တစ်ပြိုင်နက် လက်ကြီးမှာ ပြန်လည်လှုပ်ရှားလာပြီး ယခင်ကထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည့် အမူအရာကြီးဖြင့် ယပ်တောင်ကြီးဆီသို့ ဦးတည်လာတော့သည်။
ပိုင်ရှောင်ချီမှာ စီခနဲအော်ဟစ်လိုက်ပြီး ယပ်တောင်အတွင်း ပုန်းကွယ်နိုင်ရန် အလုအယက် ကြိုးပမ်းလိုက်သည်။ ထိုစဉ် ပိုင်ရှောင်ချန်းမှာမူ ကြောက်လန့်လွန်း၍ ဖြူဆုတ်နေသော မျက်နှာကြီးဖြင့် အော်ဟစ်လိုက်ပြီး ယပ်တောင်ကြီးကိုထိန်းချုပ်ကာ ၎င်းအား လက်ကြီးနှင့်ဝေးရာသို့မဟုတ်ပဲ လက်ကြီးထံသို့ စေလွှတ်လိုက်တော့သည်။
ထိုနှစ်ခု ဝင်တိုက်သွားသောအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံပေါ်ထွက်လာသည်။ လက်ကြီးမှာ ချက်ချင်းပင် နောက်သို့တွန်းထုတ်ခံလိုက်ရပြီး ယပ်တောင်ကြီးမှာမူ ဆန့်ကျင်ဘက်အရပ်သို့ လွင့်စင်သွားတော့သည်။
ထိုမျှလောက်သာဆိုပါက ပိုင်ရှောင်ချန်းမှာ ယပ်တောင်ကြီးအား ဆုတ်ခွာရန်အမိန့်ပေးလိုက်မည်သာဖြစ်သည်။ သို့သော် ထိုအချိန်တွင် ခြောက်သွေ့နေသော ဒုတိယလက်ကြီးတစ်ဖက် ရုတ်တရက် ထပ်၍ပေါ်ထွက်လာပြီး ယပ်တောင်ကြီးဆီသို့ အရှိန်ဖြင့် ဦးတည်လာပြန်တော့သည်။
" ဖြစ်ချင်ရာဖြစ် စွန့်စားရတော့မှာပဲ "
သူက အော်ဟစ်လိုက်၏။ ကြောက်ရွံ့တုန်လှုပ်ကာ တွေဝေနေရန်အချိန်မရှိတော့ပေ။ ယခုတွင် အစွမ်းကုန် မထုတ်ပါက အန္တရာယ်မှာ ပိုမိုကြီးမားလာတော့မည် ဖြစ်ကြောင်း သူ တန်းသိလိုက်သည်။
ယပ်တောင်ကြီးထံမှ မျက်စိကျိန်းစရာကောင်းသော အလင်းရောင်များ တောက်ပလာပြီး ယပ်တောင်မျက်နှာပြင်ထဲမှ မိုးမြေဧကရာဇ်လက်ကြီး တစ်ဖန်ပြန်၍ ထွက်ပေါ်လာတော့သည်။ ပိုင်ရှောင်ချန်းနှင့် ပိုင်ရှောင်ချီတို့မှာ ယပ်တောင်ကြီးကို ကာကွယ်ရန် ထပ်၍ပူးပေါင်းလိုက်ကြပြီပင် ဖြစ်သည်။ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးပင် မိုးမြေဧကရာဇ်လက်ကြီး၏ စွမ်းအားကိုသုံး၍ ယပ်တောင်ထဲမှ ပေါ်ထွက်လာပြီး ရန်ပြုရန်ပြင်နေသော ရန်သူထံ ဦးတည်သွားတော့သည်။
ထိုမိုးမြေဧကရာဇ် လက်ကြီး ပျံထွက်လာသောအခါ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာ တုန်ရီသွားသည်။ ထိုစဥ် ခြောက်ကပ်နေသော လက်ကြီးမှာ ဤကဲ့သို့ အဆင့်မြင့်မားလှသော အရာတစ်ခုကို ရင်ဆိုင်လိုက်ရသဖြင့် တုန်လှုပ်ခြောက်ခြားသွားသည့်အလား ရုတ်တရက် ရပ်တန့်သွားတော့သည်။ သို့သော်လည်း ကံမကောင်းစွာပင် လက်ကြီးအတွက် ထွက်ပြေးဆုတ်ခွာရန်အချိန်မရှိလိုက်ပဲ မိုးမြေဧကရာဇ်လက်ကြီးက ၎င်းအား ဝင်တိုက်သွားတော့သည်။
ထိုအခါ အုန်းခနဲအသံကြီးတစ်သံပေါ်ထွက်လာပြီး ခြောက်ကပ်နေသောလက်ကြီးမှာ ပထမဆုံးအကြိမ်အဖြစ် ဒဏ်ရာရသွားပြီး ကြေမွပျက်စီးစပြုလာတော့သည်။ သို့သော် မိုးမြေဧကရာဇ်လက်ကြီးမှာလည်း ဒဏ်ရာရသွားပြီး လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးမှာလည်း သွေးများအန်ထွက်လာရတော့သည်။ ထို့နောက် ထိုနှစ်ခုမှာလည်း ချာခနဲလှည့်ကာ ယပ်တောင်ကြီးထံသို့ ပြန်ရောက်လာကြတော့သည်။
ထိုအချင်းအရာများမှာ ဖော်ပြရသည်သာကြာသော်လည်း တစ်ခဏလေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ တုန်တုန်ရီရီဖြင့် ယပ်တောင်ကြီးအား ဆုတ်ခွာရန် အမိန့်ပေးလိုက်တော့သည်။
" သောက်ကျိုးနည်းကွာ "
ပိုင်ရှောင်ချီက အော်ဟစ်လိုက်သည်။
" ဒါမင်းအပြစ်တွေချည်းပဲ။ သွားရအောင်လို့ ငါပြောနေတာကို မင်းကလောဘကြီးတာကိုးကွ "
သို့သော်လည်း အန္တရာယ်ကြီးမှာ မပြီးဆုံးသွားသေးပေ။ ပိုင်ရှောင်ချီနှင့် ပိုင်ရှောင်ချန်းတို့ ယပ်တောင်ကြီးနှင့်အတူ ထွက်ပြေးနေစဥ် ရေတွင်းထဲမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ပဲ့တင်ထွက်လာတော့သည်။
ထို့နောက် ရေတွင်းကြီးမှာ ပိုင်ရှောင်ချန်း မယုံကြည်နိုင်လောက်အောင် အရွယ်အစားကြီးမားလာပြီး တွန့်လိမ်ကွေးကောက်ကာ မီးအိမ်တစ်လုံးအသွင် ပြောင်းလဲသွားတော့သည်။
ရေတွင်းကြီးမှာ မီးအိမ်၏ အပေါ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ထိုမီးအိမ်ကြီးမှာ တစ်ခုလုံးပေါ်ထွက်လာပြီးနောက် ၎င်းထက်များစွာပို၍ ကြီးမားနေသည့် အရာကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် ဟင်းလင်းပြင်ကြီးထဲသို့ အငွေ့အသက်များစွာ ပြန့်ထွက်သွားတော့သည်။ ထိုသို့ပေါ်ထွက်လာသည်မှာ တစ်ကိုယ်လုံးကို စက္ကူများဖြင့် ဖွဲ့စည်းထားသည့် ဧရာမအဘွားအိုကြီးတစ်ယောက်ပင် ဖြစ်သည်။
သူမသည် စက္ကူများဖြင့်ဖန်တီးထားသော အသုဘအဝတ်အစားများကို ဆင်မြန်းထားပြီး သူမ၏မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များဖြင့် တောက်ပနေသည်ကို မြင်နိုင်သည်။
" နင်ထွက်ပြေးလို့ မလွတ်ပါဘူး "
သူမက မရေမတွက်နိုင်သော လူပေါင်းများစွာ တစ်ပြိုက်နက်ထဲ အော်ပြောနေသည့်အသံနှင့်တူသော လေသံကြီးဖြင့် ဆိုလိုက်သည်။ ထို့နောက် သူမသည် ဟင်းလင်းပြင်ကြီးကို ဖြတ်လျှောက်၍ ယပ်တောင်ကြီးနှင့် ပိုင်ရှောင်ချန်းတို့ထံသို့ ဦးတည်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ ကြောက်လန့်လွန်းလှသဖြင့် မျက်လုံးများပြူးသွားပြီး ချုံးပွဲချ အော်ငိုချင်စိတ်များ ပေါက်လာတော့သည်။
" မင်းမေဘ "
သူ၏နှုတ်မှ ရုတ်တရက် ရေရွတ်မိလိုက်တော့သည်။
" ငါက ဝိညာဥ်လေးတွေပဲ စုနေတာပါကွာ။ ဘယ်လိုနည်းနဲ့များ ဒီလိုထူးဆန်းတဲ့ သတ္တဝါကြီးကို ရန်စမိသွားရတာတုန်း "
ပိုင်ရှောင်ချီမှာလည်း ပိုင်ရှောင်ချန်းနည်းတူ ကျယ်လောင်စွာ အော်ဟစ်နေပြီး သူ့အား တတ်နိုင်သမျှ အမြန်ဆုံးထွက်ပြေးရန် ဆော်သြနေတော့သည်။
" အဲ့အဘွားကြီးက မိုးမြေဧကရာဇ်အဆင့် မရောက်သေးပေမဲ့ ထူးမခြားနားပဲ "
ပိုင်ရှောင်ချန်းမှာ ရင်တဒိန်းဒိန်းခုန်နေပြီဖြစ်ပြီး ထာဝရအင်မော်တယ်နယ်မြေများထဲသို့ ဆုတ်ခွာရန်ပင် စဥ်းစားနေပြီဖြစ်သည်။
သူသည် စက္ကူလူသားများ၏ ကမ္ဘာထဲတွင် ရှိခဲ့စဥ်က ထိုသို့ဆုတ်ခွာရန် ကြိုးပမ်းခဲ့ပါသော်လည်း မအောင်မြင်ခဲ့ပေ။ ယခုတွင်မူ သူသည်ယပ်တောင်ပေါ်သို့ရောက်နေပြီဖြစ်၍ ထိုသို့ဆုတ်ခွာရန် ကြိုးစားကြည့်ပါက အောင်မြင်မည်မှာ သေချာသလောက်ပင်။ သို့သော်လည်း သူသည် စုန့်ချွဲနှင့် ပိုင်ရှောင်ချီတို့ကို အန္တရာယ်တောထဲတွင် ပစ်မထားခဲ့ရက်ပေ။ ထို့အပြင် ထိုသို့ဆုတ်ခွာလိုက်ပါက သူဖောက်နေသည့်လမ်းမှာ ပြတ်တောက်သွားမည်ဖြစ်၍ သူက မလုပ်လိုပေ။
ထို့ကြောင့် သူသည် အံကြိတ်လိုက်ပြီး အခြားရွေးချယ်စရာလုံးဝမရှိတော့သည့်အချိန်အထိ လက်မလျှော့ရန် ဆုံးဖြတ်လိုက်သည်။ ကံကောင်းသည့်အချက်မှာ ရတနာယပ်တောင်ကြီးသည် အံ့သြဖွယ်ကောင်းလောက်အောင် လျင်မြန်နေသည်ဖြစ်၍ အဘွားကြီးမှာ နောက်မှမျက်ခြေမပျက် လိုက်နေနိုင်ပါသော်လည်း သူတို့ကို ဖမ်းမမိနိုင်ပေ။
ထိုစဥ် ပိုင်ရှောင်ချန်းမှာ အကယ်၍သူသာ အနည်းငယ်ချွတ်ချော်သွားခဲ့ပါက ထိုအဘွားကြီးမှာ သူတို့ကိုလိုက်မီသွားကာ သတ်ဖြတ်ပစ်မည်ဖြစ်ကြောင်းသိသဖြင့် အမြင့်ဆုံးသောအမြန်နှုန်းကို ထိန်းထားနိုင်ရန် အာရုံအပြည့်စိုက်နေတော့သည်။
သူသည် ငိုမဲ့မဲ့ဖြင့် ယပ်တောင်ကြီး ရှေ့သို့ဆက်၍ရွေ့လျားနေစေရန် ကြိုးစားနေရတော့သည်။ လဝက်ဆိုသောအချိန်မှာ တစ်ခဏအတွင်း ကုန်ဆုံးသွားပြီး ထိုအတောအတွင်း အဘွားကြီးမှာ သူတို့အား အဆက်မပြတ်လိုက်ဖမ်းနေခဲ့သည်သာဖြစ်သည်။
အဘွားကြီးမှာ ထိုကဲ့သို့ သုံးနှစ်တိတိ လိုက်ဖမ်းနေတော့သည်။
ထိုသုံးနှစ်အတွင်း ပိုင်ရှောင်ချီမှာ စဥ်ဆက်မပြတ် မြည်တွန်တီးတောက်ကာ စောဒကများ တက်နေခဲ့တော့သည်။
နောက်ဆုံးတွင် ပိုင်ရှောင်ချန်းမှာ ထိုအချင်းအရာများကို ကျင့်သားရသွားတော့သည်။ သူသည် အလွန်အမင်း ကြောက်ရွံ့မနေတော့ပါသော်လည်း မောပန်းနွမ်းနယ်စပြုလာပြီဖြစ်ပြီး ဆံပင်များပင် ရှုပ်ပွကာ မျက်ဝန်းများနီမြန်း၍ မျက်ကွင်းများညိုမည်းနေပြီဖြစ်သည်။
သုံးနှစ်တိတိ ကုန်ဆုံးသွားပြီးနောက် အဘွားကြီး၏ အမြန်နှုန်းမှာ လျော့ကျလာတော့သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ ပျော်မြူးသွားပြီး ဆေးလုံးအချို့သောက်ကာ အရှိန်တင်လိုက်တော့သည်။ လအနည်းအကြာတွင် သူ၏နောက်မှာပင် ထိုအဘွားကြီးကို မမြင်ရတော့ပေ။
" တော်တော် ကပ်စေးနှဲလှပါလား။ ငါက ဝိညာဥ်လေးနည်းနည်းပါးပါး ယူတာကို သူကငါ့ကို သုံးနှစ်တိတိ လိုက်ဖမ်းရတယ်လို့ "
နာကျည်းမှုများဖြင့်ပြည့်နှက်နေသော ထိုသုံးနှစ်တာအကြောင်းကို တွေးမိလိုက်ရုံနှင့် သူသည် စိတ်ဓာတ်များ ကျဆင်းလာရတော့သည်။