အဖိုးတန်ရတနာ သဲနာရီ
Vol. 13 Ch. 1230
အဘွားကြီးကို အောင်မြင်စွာ မျက်ခြေဖြတ်နိုင်ခဲ့ပါသော်လည်း ပိုင်ရှောင်ချန်းမှာ အပြည့်အဝ စိတ်မအေးနိုင်သေးပေ။ သူက အံကိုကြိတ်၍ ယပ်တောင်ကြီးအား လအနည်းငယ်ထပ်၍ ပျံသန်းစေလိုက်တော့သည်။
ထိုသို့ လအနည်းငယ် ကုန်ဆုံးသွားပြီးနောက်တွင် သူသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော ပိုင်ရှောင်ချီအား လှမ်းကြည့်လိုက်ပြီး အနေရခက်နေသည့် အမူအရာဖြင့် သူ၏နှာခေါင်းကို ပွတ်လိုက်တော့သည်။
" အာ... ပိုင်လေးရေ။ မင်းသွားနားလိုက်ပါလား။ သုံးနှစ်တောင်မှ အကြာကြီး ဖြတ်သန်းခဲ့ရတာဆိုတော့... "
ပိုင်ရှောင်ချီမှာ သူ့အား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး စိတ်ထဲရှိသည့်အတိုင်း အော်ဟစ်ရန် စဥ်းစားလိုက်သေးသည်။ သို့သော်လည်း လက်ရှိတွင် သူက မောပန်းနွမ်းနယ်လွန်းနေပြီဖြစ်၍ မြင်ကွင်းမှသာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
အစောင့်အရှောက်ဝိညာဥ်လေး အိပ်စက်သွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါမှ ပိုင်ရှောင်ချန်းမှာ စိတ်အေးသွားပြီး သက်ပြင်းချနိုင်တော့သည်။ ယခုကိစ္စမှာ သူ၏အမှားဖြစ်ကြောင်း သူကသိထားသည် မဟုတ်ပါလော။ အကယ်၍ သူသာလောဘမကြီးခဲ့ပါက သူတို့က ဤကဲ့သို့ သုံးနှစ်တိတိ ထွက်ပြေးနေစရာ လိုမည်မဟုတ်ပေ။
သို့သော်လည်း လွန်ခဲ့သောသုံးနှစ်ခန့်က သူရရှိခဲ့သည့် အရာများကို ပြန်တွေးမိလိုက်သောအခါ သူ၏မျက်လုံးများမှာ အရောင်လက်လာတော့သည်။ သူသည် ခေါင်းငုံ့၍ သူ၏ထည့်စရာအိတ်ထဲတွင်ရှိနေမည့် ဝိညာဥ်ပေါင်းမြောက်မြားစွာ အကြောင်းကို တွေးနေတော့သည်။
" ဒီတစ်ခေါက်တော့ ပွတာပဲ။ အခုဆို ငါ့မှာ ရောင်စုံခြယ်မီးတောက်တွေအတွက် လိုအပ်တဲ့ ပစ္စည်း အများကြီးရှိသွားပြီ "
အန္တရာယ်အရိပ်အယောင် အနည်းငယ်မျှ ထပ်၍မတွေ့ရတော့သဖြင့် သူသည် ယပ်တောင်ကြီးအား အလိုအလျောက် မောင်းနှင်စေလိုက်ပြီး တံခါးပိတ်ကျင့်ကြံနိုင်မည့် နေရာကောင်းတစ်ခုကိုရှာ၍ မီးတောက်များကိုစတင် ဖော်စပ်ရန်ပြင်လိုက်တော့သည်။
သူသည် လွန်ခဲ့သောသုံးနှစ်ခန့်က သူ၏နှစ်ဆယ့်ငါးရောင်ခြယ်မီးတောက်ဖော်စပ်နည်းကို အပြီးသတ်နိုင်ခဲ့ပါသော်လည်း စမ်းသပ်ရန်လိုအပ်သည့် ဝိညာဥ်များ ကုန်သွားခဲ့ရသည်။ ယခုတွင် သူ့ထံမှာ ဝိညာဥ်များစွာ ရှိနေပြီဖြစ်၍ မည်သည်ကိုမှ ချုပ်တည်းနေရန် မလိုအပ်တော့ပေ။
တစ်ခေါက်နှစ်ခေါက်လောက် ကျရှုံးခြင်းမှာ ကြီးကြီးမားမား မဟုတ်တော့ပေ။ ဆယ်လောက်အထိ ကျရှုံးလျှင်တောင် သူ ရပ်တန့်သွားမည် မဟုတ်ပေ။ ယခုအကြိမ်တွင်မူ တခဏလေးအတွင်း ဖော်စပ်နည်းတွင်ရှိနေသော ပြဿနာများအားလုံးကိုဖြေရှင်းနိုင်လိုက်ပြီး လိုအပ်သော စမ်းသပ်မှုများကို ပြုလုပ်နိုင်လိုက်သည်။ ထို့နောက် သူသည် နှစ်ဆယ့်ငါးရောင်ခြယ်မီးတောက်တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်လိုက်သည်။
ထို့အပြင် သူ့ထံတွင် ဝိညာဥ်များစွာ ကျန်ရှိနေသေးသည်ဖြစ်ရာ သူ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်သော အပြုံးတစ်စ ပေါ်ထွက်လာတော့သည်။
ထိုသို့ဖြင့် သူသည် နှစ်ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်ရန် ဆက်လက်၍ ကြိုးစားလိုက်ပြီး တချိန်ထဲမှာပင် သူ၏ကျင့်ကြံခြင်းကို တိုးတက်အောင် ပြုလုပ်နေတော့သည်။ အဆုံးသတ်တွင် ပိုင်ရှောင်ချီမှာ နိုးထလာပြီး ယပ်တောင်ကြီးကိုထိန်းချုပ်၍ ပို၍မြန်ဆန်သောအမြန်နှုန်းဖြင့် မောင်းနှင်လိုက်တော့သည်။
ပိုင်ရှောင်ချန်းက နှစ်ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ပထမဆုံးအကြိမ်အဖြစ် ဖန်တီးရန် ပြင်လိုက်သည့်အချ်ိန်တွင် ယပ်တောင်ကြီးမှာ ရုတ်တရက် တုန်ရီသွားတော့သည်။ ပိုင်ရှောင်ချန်းနှင့် ပိုင်ရှောင်ချီတို့ တအံ့တသြဖြင့် ဘေးဘီဝဲယာကို အကဲခတ်စဥ် သူတို့၏နားထဲ၌ သူတို့နှင်ရင်းနှီးနေသော ဒေါသတကြီးအော်ဟစ်သံ တစ်သံ ပေါ်ထွက်လာတော့သည်။
" နင်ထွက်ပြေးလို့ မလွတ်ပါဘူး "
ပိုင်ရှောင်ချန်းမှာ မျက်လုံးများပြူးသွားပြီး စီခနဲအော်ဟစ်လိုက်တော့သည်။
" အဲဒါ ဟိုသရဲအဘွားကြီးပဲ "
သူသည် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်သောအခါ လက်ထဲတွင် မီးအိမ်တစ်လုံးကို ကိုင်ထားသည့် စက္ကူလူသား အဘွားအိုကြီးကို တွေ့လိုက်ရပြန်သည်။
ပိုင်ရှောင်ချန်းမှာ ရူးသွပ်လုမတတ် ဖြစ်သွားပြီး ပိုင်ရှောင်ချီမှာမူ ပင့်သက်များရှိုက်ကာ အငြှိုးအတေးကြီးလှသော သရဲအဘွားကြီးကြောင့် အံ့သြမှင်တက်နေရတော့သည်။ အနီးသို့ သူမ ရောက်လာသောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများမှာ နီမြန်းသွားပြီး သူနှင့် ပိုင်ရှောင်ချီတို့က ယပ်တောင်ကြီးအား စွမ်းအားမြှင့်တင်၍ အရှိန်ပြင်းစွာဖြင့် အဝေးသို့ ပျံသန်းသွားစေလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ အလွယ်တကူ အခြိမ်းခြောက်မခံလိုသဖြင့် ထိုစက္ကူလူသားအဘွားကြီး ပြာကျသွားစေရန် ရည်ရွယ်၍ သူ၏လက်ထဲတွင်ကိုင်ထားသည့် တစ်ဝက်ခန့်ပြီးနေပြီဖြစ်သော နှစ်ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို သူ၏နောက်သို့လှမ်း၍ ပစ်လိုက်သည်။ သို့သော် သူမက ထိုမီးတောက်များကို အသာအယာပင် ဝါးမျိုလိုက်လေသည်။
ပိုင်ရှောင်ချန်းမှာ ဦးရေခွံများပင် ထံုကျဥ်သွားရပြီး ထိုကဲ့သို့သော စမ်းသပ်မှုများကို ထပ်မလုပ်ရဲတော့ပေ။ ထိုသို့ဖြင့် ယပ်တောင်ကြီးမှာ အဝေးသို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားနေပြီး သူတို့က ဟင်းလင်းပြင်ကြီးထဲတွင် နောက်ထပ်တစ်ကြိမ်ထပ်၍ အချိန်ကြာမြင့်စွာ လိုက်တန်းပြေးတန်း ကစားနေရပြန်တော့သည်။
ပိုင်ရှောင်ချန်းမှာ ထွက်ပြေးခြင်းဖြင့် သူ၏အချိန်များကို မကုန်ဆုံးလိုသဖြင့် စူပုတ်နေပါသော်လည်း သူ့မှာ အခြားရွေးချယ်စရာ မရှိပေ။ ထိုသရဲအဘွားကြီးကို သူ မတိုက်ခိုက်နိုင်သည့်အချက်မှာ အသေအချာပင်။ သူ ထွက်ပြေးနေခဲ့ရသည့် နောက်ဆုံးအခေါက်က ထိုအချက်ကို သိရှိခဲ့ပေသည်။ သူမထံသို့ သူထုတ်လွှတ်ခဲ့သည့် တိုက်ကွက်တိုင်းမှာ အလုပ်မဖြစ်ခဲ့သည် မဟုတ်ပါလော။
ထိုလိုက်တန်းပြေးတန်း ကစားပွဲကြီးမှာ သုံးနှစ်တိတိ ကြာမြင့်သွားပြန်သည်။ ထိုအချိန်တွင် စက္ကူလူသား အဘွားကြီးမှာ အရှိန်လျော့လာပြီး သူတို့ကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်း ကြီးထွားလာတော့သည်။ ပိုင်ရှောင်ချန်းမှာ သူမ၏ အော်ဟစ်သံများနှင့် ဟိန်းဟောက်သံများကို ကျင့်သားရနေပြီပင် ဖြစ်သည်။
ဤအခြေအနေတစ်ရပ်လုံး၏ စိတ်ဓာတ်ကျစရာအကောင်းဆုံးအချက်မှာ ပိုင်ရှောင်ချန်းသည် သူ၏စွမ်းအင်အားလုံးကို ယပ်တောင်ကြီးအား အားဖြည့်၍ ၎င်း၏ လမ်းကြောင်းကို ထိန်းကြောင်းရာတွင် အသုံးပြုနေရသည်ဖြစ်၍ သူ၏မီးတောက်ဖော်စပ်ခြင်းအလုပ်ဘက်သို့ အာရုံမစိုက်နိုင်ခဲ့ခြင်းပင်။ အဆိုးထဲမှ အကောင်းမှာမူ သူသည် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို စဥ်ဆက်မပြတ်ထုတ်ယူသုံစွဲနေရသည်ဖြစ်၍ သူ၏ကျင့်ကြံခြင်းအဆင့်မှာ တချိန်လုံး ဖြည်းဖြည်းနှင့် မှန်မှန် တိုးတက်လာနေခြင်းပင်ဖြစ်သည်။
အဆုံးသတ်တွင် ပိုင်ရှောင်ချန်းသည် ထိုအဘွားကြီးမှာ သူ့အားဖမ်းမိသည်အထိ လိုက်ဖမ်းရန် ဆန္ဒပြင်းပြနေပြီး သူ မျက်ခြေဖြတ်လိုက်နိုင်လျှင်တောင် သူ့ကို ထပ်၍ရှာတွေ့သွားမည်သာ ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် အချိန်အနည်းငယ်ဆွဲရန်ဟူသော ရည်ရွယ်ချက်ဖြင့် ယပ်တောင်ကြီးကို အခြားအရပ်မျက်နှာတစ်ဖက်သို့ စေလွှတ်လိုက်သည်။ အဆုံးသတ်တွင် သူသည် မီးတောက်ဖော်စပ်ခြင်းလုပ်ငန်းထဲတွင် ပြန်၍စိတ်နှစ်သွားနိုင်တော့သည်။
ထိုသို့ဖြင့်် နှစ်များစွာ ကုန်ဆုံးသွားပြန်သည်။ သူ မည်မျှလျင်မြန်စွာ ထွက်ပြေးပါစေ၊ ထိုအဘွားကြီးအား မည်သည့်နေရာတွင် မျက်ခြေဖြတ်နိုင်ခဲ့ပါစေ ရလဒ်မှာမထူးပေ။
သူမသည် သူ့အား သုံးနှစ်အတွင်း ပြန်၍ရှာတွေ့သွားခဲ့သည်သာ ဖြစ်သည်။ သူသည် ထိုအခြေအနေကို ကျင့်သားရနေပြီဖြစ်ပါသော်လည်း ထိုအဘွားကြီး သူ့ကိုမီလာတိုင်း နည်းလမ်း အကုန်ထုတ်၍ ထွက်ပြေးနေရဆဲပင် ဖြစ်သည်။ သူမသည် တစ်ကြိမ်ပြီးတစ်ကြိမ် ယခင်အကြိမ်များကထက် ပိုမိုလျင်မြန်လာသည်ဖြစ်၍ ပိုင်ရှောင်ချန်းမှာ ငိုမဲ့မဲ့ဖြစ်နေရပြီး တချိန်ထဲမှာပင် အခွင့်အရေးရတိုင်း သူ၏ကျင့်ကြံခြင်းထဲတွင် အာရုံအပြည့်စိုက်နေတော့သည်။
သူ ရင်ဆိုင်နေရသည့် ဖိအားကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံမှာ အဆက်မပြတ်တိုးတက်နေခဲ့သဖြင့် ကောင်းကင်ဧကရာဇ် မဟာစက်ဝန်းအဆင့်နားအထိ ရောက်လာတော့သည်။
ထိုသရဲဘွားကြီး အနီးနားတွင်ရှိမနေသည့် အချိန်တိုင်း သူက မီးတောက်ဖော်စပ်ခြင်းကို ကြိုးစားနေခဲ့သည်။ အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားသည်နှင့်အမျှ သူသည် အဆုံးသတ်တွင် နှစ်ဆယ့်ခြောက်ရောင်ခြယ်မီးတောက်ကို ဖန်တီးနိုင်သည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။
သူ၏လက်ဖမိုးပေါ်ရှိ မီးလောင်ရာထဲသို့ မီးတောက်များကို သူ ထည့်သွင်းလိုက်သည့်အခါတိုင်း ပိုင်ဟောက်၏အငွေ့အသက်မှာ ပို၍အားကောင်းလာပြီး ပို၍သိသာထင်ရှားလာသည်။
သို့သော်လည်း သူသည် နှစ်ဆယ့်ခုနစ်ရောင်ခြယ်မီးတောက်ဖော်စပ်နည်းကို ဖန်တီးရာတွင် အခက်တွေ့နေရတော့သည်။ ယခုဖော်စပ်နည်းမှာ အခြားဖော်စပ်နည်းများကဲ့သို့ ချောချောမွေ့မွေ့ မရှိခဲ့သည့်အပြင် အဆုံးသတ်တွင် သူသည် မည်သို့ရှေ့ဆက်ရမှန်း မသိတော့သည့် အခြေအနေသို့ ရောက်သွားတော့သည်။
သူသည် နိမိတ်ဖတ်ခြင်းအတတ်များနှင့် ခွဲခြမ်းစိတ်ဖြာမှုများဖြင့်သာ အချိန်ကုန်နေရတော့သည်။ အဆုံးတွင် ဆယ်နှစ်တိတိ ကုန်ဆုံးသွားတော့သည်။ ပိုင်ရှောင်ချန်းမှာ ရှုပ်ပွနေသည့် ဆံပင်များဖြင့် ယပ်တောင်အစွန်းတွင်ရပ်၍ ဟင်းလင်းပြင်ကြီးထဲသို့ ငေးကြည့်နေ၏။ သူ၏ဘေးတွင်မူ ပိုင်ရှောင်ချီမှာ ယပ်တောင်ကြီးအား အမြန်ဆုံးသောအရှိန်ဖြင့် မောင်းနှင်းနိုင်ရန် ကူညီပေးနေသည်။
သရဲအဘွားကြီးမှာ အော်ဟစ်၍သူတို့ကို လိုက်ဖမ်းနေဆဲဖြစ်ပြီး သူမ၏မီးအိမ်ထဲမှ ထွက်ပေါ်လာသည့် အလင်းရောင်များနှင့် ထိသွားသည့်အရာတိုင်း စက္ကူများအသွင် ပြောင်းလဲသွားနေတော့သည်။
" ဘယ်လိုနည်းနဲ့များ ဒီသရဲအဘွားကြီးက အမြဲတမ်း ပေါ်ပေါ်လာရတာတုံး။ ငါတို့သူ့ကို အရင်တုံးက တစ်ခါမှလည်း မမြင်ဖူးပါဘူး "
ထိုကိစ္စရပ်ကြီးမှာ အမှန်တကယ်ပင် ခေါင်းခဲစရာ ကောင်းနေပြီဖြစ်သည်။ သူမသည် အမြဲတမ်း ကြုံသလို ပေါ်ပေါ်လာတတ်သည်ဖြစ်ရာ ပိုင်ရှောင်ချန်းမှာ ပြုသမျှ နုနေရတော့သည်။ အဆုံးတွင် သူမ၏အမြန်နှုန်းမှာ လျော့ကျသွားပြီး သူတို့ကြားရှိ အကွာအဝေးမှာ ကြီးထွားလာပြန်သည်။
ထိုအခါမှသာ သူ မျက်မှောင်ကြုတ်သွားပြီး စိတ်အေးလက်အေးနှင့် သက်ပြင်းချလိုက်နိုင်တော့သည်။ ဘေးနားတွင်မူ ပိုင်ရှောင်ချီမှာ ယခင်ကအတိုင်း ဒေါသထွက်မြဲထွက်နေဆဲပင်။
" ဒါတွေအကုန်လုံးက မင်းအပြစ်တွေချည်းပဲ။ ဘာလို့များ ဒီလောက်ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးကို သွားပြီး ရန်စခဲ့ရတာတုံး။ မင်းက အမြဲတမ်း ထွက်ပြေးသွားလို့ရပေမဲ့ ငါကမရဘူးဟ "
ပိုင်ရှောင်ချီမှာ ထိုစက္ကူအဘွားအိုကြီး သူတို့နောက်သို့ အဆက်မပြတ်လိုက်ဖမ်းနေသည်ကို လုံးဝ စိုးရိမ်နေသည်။
ပိုင်ရှောင်ချန်းမှာ သက်ပြင်းချလိုက်ပါသော်လည်း ပိုင်ရှောင်ချီအား ချော့မော့လိုစိတ်ရှိမနေပေ။ သူသည် ထိုသရဲအဘွားကြီးအား ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းကို တွေးတောစဥ်းစားနေစဥ်မှာပင် ပိုင်ရှောင်ချီထံမှ ရုတ်တရက် အသံတစ်သံထွက်ပေါ်လာသည်။
" အီးး "
ထိုအခါ ပိုင်ရှောင်ချန်းမှာ ထိတ်လန့်သွားပြီး သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်ကာ သရဲအဘွားကြီးပေါ်လာသည့်နေရာကို ရှာဖွေရန်ပြင်လိုက်သည်။ သို့သော် သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။
သူသည် ထိုအဘွားကြီးထက် ပို၍ထူးဆန်းသော အချင်းအရာတစ်ခုကို မြင်တွေ့လိုက်ရသည်။ သူတို့၏ပတ်ပတ်ရှိ ဟင်းလင်းပြင်ကြီးမှာ အောက်သို့အိကျနေသည့်ပုံ ပေါ်နေခြင်းပင် ဖြစ်သည်။
ယေဘုယျဆိုရမည်ဆိုလျှင် ဟင်းလင်းပြင်ကြီးတွင် အပေါ်၊ အောက်၊ ဘယ်၊ ညာဟူ၍ မရှိပေ။ သို့သော် ယခုတွင်မူ သူတို့၏ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာ အောက်ဘက်သို့ သိသိသာသာ အိကျလာနေသည်ဖြစ်ပြီး ကတော့ကြီးတစ်ခု သို့မဟုတ် လည်ပတ်နေသောလေပွေကြီးတစ်ခုနှင့်ဆင်တူသော အရာကြီးတစ်ခုအသွင် ပြောင်းလဲသွားနေသည်။
ထိုအချင်းအရာကို ထူးဆန်းသော သဘာဝဖြစ်ရပ်တစ်ခုဟု မှတ်ယူက မှတ်ယူနိုင်သည်။ သို့သော်ငြား ထိုအခိုက် ထိုအိကျနေသောနေရာ၏အောက်၌ အခြားကမ္ဘာတစ်ခုရှိနေသည်ကို ပိုင်ရှောင်ချန်းက မြင်တွေ့လိုက်ရသည်။ သူ၏နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ထိုကမ္ဘာကြီးထဲတွင် မရေမတွက်နိုင်လောက်အောင် များပြားသော သဲနာရီများဖြင့် ပြည့်နှက်နေကြောင်း သိလိုက်ရသည်။
အရွယ်အစား အမျိုးမျိုးရှိနေသော သဲနာရီများမှာ ထိုကမ္ဘာကြီးတစ်ခုလုံးတွင် ပြည့်နှက်နေသည်။ တစ်လုံးတစ်လေပင် ပျက်စီးယိုယွင်းနေခြင်းမရှိပေ။ အားလုံး အလုပ်လုပ်နေကြပြီး ၎င်းတို့၏အတွင်းတွင် သဲများ စီးဆင်းနေသည်။ ထိုမြင်ကွင်းမှာ ကျောချမ်းစရာကောင်းလှပြီး အံ့ဩဖွယ်လည်း ကောင်းလှပေသည်။
" ဘာ....ဘာနေရာကြီးလဲဟ "
သူ၏နှုတ်မှ ထိုသို့ရေရွတ်လိုက်မိစဥ် ပိုင်ရှောင်ချီမှာ မျက်လုံးများပြူးသွားပြီး အသက်ရှူကြပ်နေသည့်လေသံဖြင့် တအံ့တသြ ဆိုလိုက်တော့သည်။
" အချိန်ရဲ့အနှစ်သာရပါလား။ ဘုရားရေ။ အဲ့နေရာမှာ အချိန်ရဲ့အနှစ်သာရ ရှိနေတာပဲ "