ကျောက်စိမ်းပမာ ချောမောခံ့ညားသော လူငယ်
Vol. 4 Ch. 49
ညအချိန် တောင်တန်းထဲရှိ တောအုပ်တစ်ခုထဲ၌ ဝံပုလွေအူသံများ ပဲ့တင်ထပ်လွင့်ပျံလာသည်။
သို့ပေသည့် ထိုအသံသည် တခဏသာ ပေါ်လာပြီး တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ၎င်းတို့ထက်ပင် ပို၍ ကြောက်စရာကောင်းသော သတ္တဝါတစ်ကောင်က ၎င်းတို့ထံ တစ်ကိုယ်တည်း လျှောက်လာနေသည့်အလားပင်။
ရွှီချင်းသည် အမှောင်ထုကြီးထဲ လျှောက်နေရင်း သူ့ရင်ထဲမှ စိတ်ပျက်အားလျော့စိတ်များကို အလွယ်တကူ မချိုးနှိမ်နိုင်အောင် ဖြစ်နေရသည်။ ဆင်းရဲသားရပ်ကွက်၌ ကြီးပျင်းခဲ့ရသော သူ့အတွက် ခွဲခွာသွားကြသည်များကို အသားကျနေပြီဖြစ်သည်။ သို့ပေသည့် ဤတစ်ကြိမ်က သူ့အတွက် ထူးထူးခြားခြား နက်ရှိုင်းလှသည်။
သူ၏နှလုံးသားထဲမှ ဘာမှမရှိတော့သည့်ပမာ ခံစားချက်က သူ့စိတ်အခြေအနေကို လေးလံထိုင်းမှိုင်းသွားစေသည်။ ပကတိတိတ်ဆိတ်ငြိမ်သက်ခြင်းကြားတွင် သူသည် တဖြည်းဖြည်း စိတ်ဓာတ်ကျလာသည်။
မိုးသောက်ယံရောက်သောအခါ တစ်ညလုံး ခရီးနှင်လာခဲ့သော ရွှီချင်းသည် အရုဏ်ဦးနေရောင်ခြည်တန်းလေးများအောက်ရှိ စခန်းကို မြင်လိုက်ရသည်။
စခန်း၌ အလင်းတန်းများက ကျိုးတိုးကျဲတဲ ကျရောက်နေသည်။
ရွှီချင်းသည် အတိတ်ကို ပြန်တွေးမိသွားသည်။ မည်မျှပင် သူ နောက်ကျနေပါစေ တားမြစ်နယ်မြေထဲမှ သူ ပြန်ရောက်လာသည့်အခါတိုင်း အိမ်တစ်အိမ်မှ မီးရောင်များကို သူ မြင်ရသည်။
သို့သော်လည်း ထိုအရပ်၌ မီးအလင်းတိုင်တစ်တိုင် ထာဝရ ပျောက်ကွယ်သွားခဲ့လေပြီ။
အဖော်မဲ့သည့်ခံစားချက်များက ပို၍သာ ကြီးမားလာသည်။ ရွှီချင်းသည် စခန်းထဲကို တိတ်ဆိတ်စွာ ဝင်ရောက်သွားပြီး မည်းမှောင်နေသော အိမ်ထဲကို ဝင်သွားသည်။ သူသည် ခြံတံခါးကို တွန်းဖွင့်လိုက်ပြီး ခြံထဲရှိ ခွေးရိုင်းဒါဇင်ကျော်ကို မြင်လိုက်ရသည်။ ၎င်းတို့အားလုံးသည်လည်း သူ့ကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။
သူသည် ခေါင်းမော့ကြည့်လိုက်ရာ မှောင်မည်းနေသော အိမ်သုံးလုံးကို မြင်လိုက်ရသည်။
လူတစ်ယောက်ယောက် နေထိုင်သည့်လက္ခဏာမရှိသလို မီးအလင်းရောင်လဲမရှိ၊ အသက်ရှူသံလည်း မရှိချေ။
မီးဖိုချောင်ထဲ၌ ယမန်နေ့ညက အကြွင်းအကျန်များ ရှိနေသေးသည်။
ရွှီချင်းသည် မီးဖိုချောင်ထဲ ဝင်သွားပြီး စားပွဲပေါ်ရှိ တူသုံးစုံနှင့် ပန်းကန်လုံးများကို ကြည့်လိုက်သည်။ ခေတ္တမျှ ငေးငိုင်နေပြီးနောက် သူသည် တိတ်ဆိတ်စွာ ထိုင်ကာ ခေါင်းငုံ့၍ အေးစက်စက်အစားအစာများကို စားလိုက်သည်။
တစ်လုပ်ပြီးတစ်လုပ် သူ ဖြည်းဖြည်းချင်း မျိုချလိုက်သည်။ ထို့နောက် သူက စားပွဲခင်းကို ပွတ်တိုက်ဆေးကြော၍ မီးဖိုချောင်ကို သန့်ရှင်းလိုက်သည်။ ပြီးသည်နှင့် သူသည် သက်ပြင်းရှည်ကြီးတစ်ချက်ချကာ အခန်းကို ပြန်သွားသည်။
သူသည် မျက်လုံးများကို မှိတ်၍ ကျင့်ကြံလိုက်သည်။
ထိုစဉ် ခြံဝင်းအပြင်ဘက်၌ ခရမ်းရောင်အဘိုးကြီးနှင့် သူ၏အစေခံတို့ ရပ်နေကြသည်။ သူတို့သည် အရာအားလုံးကို ဖောက်ထွင်းမြင်နေရသည့်အလား အခန်းထဲရှိ ရွှီချင်းကို ကြည့်နေသည်။
သူတို့နှစ်ဦးလုံး ငြိမ်သက်နေကြ၏။ ခဏအကြာ ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးကြီးက သက်ပြင်းတစ်ချက် ချလိုက်သည်။
“ သစ္စာရှိတဲ့ကလေးတစ်ယောက်ပဲ ”
“ အမှတ်ခုနစ်သခင်ကြီး၊ ကျုပ်တို့ သူ့ကို တံဆိပ်ပြား ပေးတော့မလား ”
အစေခံက ခရမ်းရောင်ဝတ်ရုံနှင့် အဘိုးအိုကို ကြည့်လိုက်သည်။
“ တားမြစ်နယ်မြေထဲက သမားတော်ကြီးပိုင် လိုချင်တဲ့ အိပ်မက်တိမ်လွှာပန်းပွင့်ကို ငါတို့ ရှာပြီးတဲ့အချိန်အထိ စောင့်ဦး ”
ထိုစကားပြောပြီးသည်နှင့် ခရမ်းရောင်ဝတ်ရုံဝတ်အဘိုးအို၏ခန္ဓာကိုယ်က တဖြည်းဖြည်း လွင့်ပါးသွားသည်။ သူ့ဘေးရှိ အစေခံသည်လည်း ခေါင်းညိတ်လိုက်ပြီး ပျောက်ကွယ်သွားလေသည်။
***
ထိုသို့ဖြင့် ညတစ်ည ကုန်လွန်သွားခဲ့၏။
နောက်တစ်နေ့ မနက်ခင်း၌ အခန်းအပြင်ဘက်သို့ ရွှီချင်း ထွက်လာသောအခါ ခေါင်းဆောင်လဲ့၏ နေအိမ်ဘက်ကို အလိုလို လှမ်းကြည့်မိလိုက်သည်။ သို့သော်လည်း သူသည် ချက်ချင်း အကြည့်လွှဲလိုက်ပြီး သမားတော်ကြီးပိုင်၏ သင်ခန်းစာများကို သွားရောက်နားထောင်ကာ ပြန်ရောက်လာသည်။
သူသည် ဟင်းလျာကို ကိုယ်တိုင်ချက်ပြုတ်သည်။ စားပွဲပေါ်တွင် တူသုံးစုံနှင့် ပန်းကန်လုံးများ ရှိနေဆဲဖြစ်ပြီး သူကတော့ ငြိမ်သက်စွာ စားလေသည်။
ထမင်းစားစဉ်အတောအတွင်း သူက ခေါင်းမော့ကာ ခေါင်းဆောင်လဲ့ ထိုင်လေ့ရှိသည့် ထိုင်ခုံကို တစ်ချက် တစ်ချက် လှမ်းကြည့်သည်။ ယခုတွင် လူတစ်ယောက် လျော့သွားပြီဖြစ်သလို အသံများလည်း နည်းပါးလာသည်။
ထမင်းစားပွဲလေးက အလွန်ငြိမ်သက်နေတော့၏။ အထီးကျန်သည့်ခံစားချက်များက ရွှီချင်း၏နှလုံးသားကို လွှမ်းခြုံလာပါသော်လည်း ထိုခံစားချက်ကို သူ အတင်းအကြပ် ဖိနှိပ်လိုက်သည်။
သူသည် တစ်ယောက်တည်း စားသောက်ပြီး စားပွဲကို ရှင်းပြီးနောက် ခွေးရိုင်းများအတွက် အစာကို ယူကာ ခြံဝင်းထဲကို ပစ်လိုက်သည်။
ရွှီချင်းသည် အခန်းသို့ ပြန်သွားပြီး ခွေးရိုင်းအုပ်ကြီး စားသောက်နေကြသည်ကို ထိုင်၍ ကြည့်လေသည်။
နေ့ရက်အတိုင်းက ထိုနည်းအတိုင်း ဖြတ်သန်းသွားသည်။ များမကြာခင် ခေါင်းဆောင်လဲ့ထွက်ခွာသွားသည်မှာ ခြောက်ရက် ရှိလာပြီဖြစ်သည်။
ရွှီချင်းသည် စိတ်ပျက်အားလျော့စိတ်များကို ရင်ထဲတွင် မြှုပ်နှံထားနိုင်ခဲ့ပြီဖြစ်ပြီး သူ၏ပုံမှန် အေးစက်စက်အသွင်ကို ပြန်လည်ရရှိသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း အနီးကပ်ကြည့်ရှုမည်ဆိုပါက သူ၏အေးစက်စက်အသွင်အပြင်သည် ယခင်ကထက်ပင် ပို၍ အေးစက်နေသည်ကို တွေ့မြင်ရပေမည်။
သမားတော်ကြီးပိုင်၏ အတန်းချိန်မှလွဲ၍ တခြားအချိန်များတွင် ရွှီချင်းသည် အမြဲသတိထားနေသည်။ သူသည် သတိကြီးကြီးထားရသည့် အကျင့်နှင့် မရင်းနှီးနေသည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုရသော် လွန်ခဲ့သော ခြောက်နှစ်အတွင်း ယင်းသည် သူ၏ပုံမှန်အကျင့်ဖြစ်သည် မဟုတ်ပါလား။
သူက အထီးကျန်ဝံပုလွေတစ်ကောင်အလားပင်။
သူသည် ယခင်ကထက် ဇွဲလုံ့လစိုက်ထုတ်၍ ကျင့်ကြံသည်။ ထိုသို့ကျင့်ကြံခြင်းသည်သာ သူ၏အထီးကျန်ဝေဒနာကို ဖြေဖျောက်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေသည့်အလားပင်။ ခုနစ်ရက်မြောက်ည၌ ရွှီချင်းသည် အဆင့်တက်သွား၏။
သူသည် တောင်တန်းပင်လယ်ပညာရပ်အဆင့်လေးမှနေ၍ အဆင့်ငါးသို့ ရောက်သွားသည်။
သူ၏ခန္ဓာကိုယ်ထဲတွင် တဝုန်းဝုန်းမြည်ဟည်းသံများ ပဲ့တင်ထပ်လာပြီး အပြင်ဘက်ရှိ ခွေးရိုင်းများသည်လည်း ဖိအားများကို ခံစားလိုက်ရကာ တုန်ရီနေကြသည်။ ရွှီချင်း၏အခန်းထဲ၌ ၎င်းတို့ကို ကြောက်လန့်တုန်ရီသွားစေနိုင်သည့် အရှိန်အဝါတစ်ခု ရှိနေသည့်အလားပင်။
ဤတစ်ကြိမ်တွင် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ တဝုန်းဝုန်းမြည်ဟည်းသံများက အချိန်အတော်ကြာသွားသည်။
အမှန်စင်စင် ယခင်အဆင့်တက်ခဲ့သည့်အချိန်ကထက် ပို၍ ကြာမြင့်ပေသည်။
တစ်နာရီကြာပြီးနောက် ရွှီချင်း၏ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်နေသော အညစ်အကြေးများက ၎င်း၏ကန့်သတ်ချက်ကို ရောက်သောအခါ ရွှီချင်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။
ထိုအခါ အခန်းတစ်ခုလုံး ခရမ်းရောင်အလင်းတစ်ချက် ဝင်းလက်သွားသည်။
သူ မျက်လုံးများ ဖွင့်လိုက်သည့်အချိန်မှာပင် သူ၏ခန္ဓာကိုယ်ထဲမှ တဖျစ်ဖျစ်မြည်သံများ ပဲ့တင်ထပ်လာသည်။ သူ့အရိုးများ ကြီးထွားလာပြီး သူ၏အသွေးအသားများ ဆန့်ထွက်လာကြသည့်အလားပင်။ ဆုတ်ဖြဲခံနေရသည့်ပမာ သူ ခံစားလိုက်ရသည်။
သို့ပေသည့် ထိုနာကျင်မှုများကို ရွှီချင်း တောင့်ခံနိုင်သေးသည်။
သူ တည်ငြိမ်စွာ တောင့်ခံနေစဉ် နောက်ထပ်တစ်နာရီ ကုန်လွန်သွားသည်။ ထိုအခြင်းအရာအားလုံး တဖြည်းဖြည်း အဆုံးသတ်သွားသောအခါ ရွှီချင်းက မတ်တတ်ရပ်လိုက်သည်။ သူ ဝတ်ဆင်ထားသည့် အဝတ်အစားများက အနည်းငယ် တိုသွားသည်။
သူ၏ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က အသစ်တစ်ဖန် မွေးဖွားလိုက်သည့်အလား မဖြစ်နေပါသော်ငြား အပြောင်းအလဲများစွာ ဖြစ်သွားခဲ့သည်။
အထူးသဖြင့် သူ၏ရုပ်ရည်သွင်ပြင်ပင်။ သူ့ခန္ဓာကိုယ်ထဲ၌ ဓာတ်နှောဟူသမျှ မရှိတော့ဘဲ ပကတိ သန့်စင်ကြည်လင်နေသည်။
ယင်းသည် သူ၏ရှိရင်းစွဲ ချောမွေ့သော ရုပ်ရည်သွင်ပြင်ကို ပို၍ သိသာထင်ရှားသွားစေသည်။
သူ၏အေးစက်စက်အမူအရာနှင့် ပေါင်းစပ်လိုက်သောအခါ အညစ်အကြေးများသည်ပင် ဖုံးကွယ်နိုင်စွမ်းမရှိသည့် ထူးခြားသော ဆွဲဆောင်မှုတစ်ရပ် ဖြစ်သွားသည်။
သို့သော်လည်း ထိုသို့ဖြစ်သွားသည်ကို ရွှီချင်း ဂရုမစိုက်ချေ။ သူသည် အိမ်ထဲမှ ထွက်ကာ သူ၏အမြန်နှုန်းကို စမ်းသပ်လိုက်သည်။ ပြီးသည်နှင့် သူက လေထဲတွင် လက်သီးချက်များ ထိုးလိုက်ရာ တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေသည့်အလား ထင်နေရပေသည်။ သူ၏ခွန်အားသည်လည်း ယခင်အဆင့်လေးတုန်းကထက် နှစ်ဆ ပို၍ တိုးတက်လာခဲ့သည်။
ပို၍ အံ့သြတုန်လှုပ်စရာ အကောင်းဆုံးအချက်သည် သူ လက်သီးဖြင့် ထိုးလိုက်သည့်အခါ ဝိညာဉ်စွမ်းအားအငွေ့အသက်များ ပြင်းထန်လာပြီး အစွယ်များနှင့် ဝံပုလွေတစ်ကောင်၏ ပုံရိပ်ဖျော့ဖျော့ ပေါ်လာသည်။ ၎င်းသည် ရက်စက်ကြမ်းကြုတ်သော တစ္ဆေတစ်ကောင်အလားပင်။
“ ဒါက ရှောင်တစ်ကောင်ရဲ့ စွမ်းအားလား ”
ဘေးပတ်ဝန်းကျင်ရှိ ခွေးများ တုန်လှုပ်နေကြပြီး ရွှီချင်းကတော့ သူ့လက်သီးကို ကြည့်၍ ရေရွတ်လိုက်သည်။
တောင်တန်းပင်လယ်ပညာရပ်ထဲ၌ အဆင့်တစ်ဆင့်စီ၌ လူတစ်ယောက်၏ခွန်အားက ကျားပျိုတစ်ကောင်၏ခွန်အားနှင့် ညီမျှပြီး ကျားငါးကောင်က ရှောင်တစ်ကောင်ဖြစ်ကာ ရှောင်နှစ်ကောင်ပေါင်းလျှင် ကွေ့တစ်ကောင် ဖြစ်ကြောင်း ဖော်ပြထားခဲ့ပေသည်။
သို့သော်လည်း ခဏအကြာ တွေးတောလိုက်ပြီး အထက်ပါ ဖော်ပြချက်သည် သူ သိထားသည့် တောင်တန်းပင်လယ်ပညာရပ်နှင့် ကိုက်ညီမှုမရှိကြောင်း သူ ခံစားလိုက်ရသည်။
ယခုအခါ သူ၏ခွန်အားသည် ကျားခုနစ်ကောင်၊ ရှစ်ကောင်ခန့်၏ ခွန်အားမျိုး ရှိနေပြီး သူ၏အမြန်နှုန်းသည်လည်း အလားတူပင်။ သူသာ တောင်တန်းပင်လယ်ပညာရပ်၏ အဆင့်ခြောက်ကို အောင်မြင်သွားခဲ့လျှင် ရှောင်နှစ်ကောင်၏ ခွန်အားမျိုး ပိုင်ဆိုင်သွားမည်ဟူ၍ပင် သူ ယုံကြည်နေသည်။
“ ခရမ်းရောင်သလင်းကျောက်နဲ့ ဘုရားကျောင်းထဲက ရုပ်ထုကြီးရဲ့ ဓားချက်ကြောင့် အဲဒီလို ဖြစ်နေတာဖြစ်မယ် ”
ရွှီချင်းသည် စိတ်ထဲမှနေ၍ တီးတိုးရေရွတ်လိုက်ပြီး သူ၏ညာလက်ကို ကြည့်လိုက်သည်။ ခဏအကြာ ငြိမ်သက်နေပြီးနောက် သူ၏ညာလက်ကို ဖြည်းဖြည်းချင်း ပင့်လိုက်သည်။ နတ်ဘုရားရုပ်ထုက ဓားမော့ကြီးကို လွှဲယမ်းနေသည့်ပုံရိပ်သည် သူ၏ခေါင်းထဲ ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ လေများက သူ့ထံ အလုအယက် စုစည်းလာကြဟန်တူသည်။
အတန်ငယ်ကြာသောအခါ ရွှီချင်းသည် ဆက်မလုပ်တော့ဘဲ ညာလက်ကို အောက်ချလိုက်သည်။
“ နည်းနည်းလောက် လိုသေးတယ် ”
ရွှီချင်းသည် ဓားကွက်အား တုပခြင်းက မလုံလောက်သေးကြောင်း ခံစားနေရသည်။ ထို့နောက် သူသည် အသက်ဝဝရှူသွင်းလိုက်ပြီး အခန်းသို့ ပြန်ရန် ပြင်လိုက်သည်။ သို့သော် သူ လှည့်ထွက်သွားသောအခါ လရောင်အောက်၌ ထင်ဟပ်နေသော သူ့အရိပ်ကို မြင်လိုက်ရသည်။
မကြာသေးခင်က သူ အဆင့်တက်သွားခဲ့သည့်အခါတုန်းက ဓာတ်နှောများသည် သူ့အရိပ်ထဲကို ပုံမှန်အတိုင်း ပေါင်းစည်းသွားခဲ့သည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အတွင်းအပြင် ကြည်လင်နေကာ ဓာတ်နှောများ လုံးဝ ရှိမနေခြင်း ဖြစ်သည်။
ရွှီချင်းသည် အရိပ်ကို စူးစိုက်ကြည့်လိုက်ပြီးနောက် အကြံတစ်ခု ရသွားသည်။
“ ဒီအရိပ်ကို ငါ ထိန်းချုပ်နိုင်မလား မသိဘူး ”
သူ့စိတ်ထဲတွင် ထိုအတွေးက တဖြည်းဖြည်း ကြီးစိုးလာပြီး အရိပ်ကို သူ မမှိတ်မသုန် ကြည့်လိုက်သည်။ သူသည် စိတ်ထဲမှနေ၍ အရိပ်၏လက်ချောင်းများကို လှုပ်ကြည့်လိုက်သည်။ အချိန်အတော်ကြာသည်အထိ သူ ကြိုးစားသည့်တိုင်အောင် မထူးခြားပေ။
ရွှီချင်းက သက်ပြင်းချလိုက်၏။ သူ လောဘကြီးလွန်းသွားသည်ဟု ခံစားလိုက်ရပြီး လက်လျော့ရန် ပြင်လိုက်သည်။ ထိုအချိန်၌ အရိပ်၏လက်တစ်ဖက်က ရုတ်တရက် တုန်ခါလာသည်။
ထိုမြင်ကွင်းသည် ရွှီချင်း၏မျက်လုံးများကို ပြူးကျယ်သွားစေပြီး သူ၏အသက်ရှူသံကို မြန်ဆန်သွားစေသည်။
သူ အမြင်မှားသွားခြင်း မဟုတ်သည်မှာ သေချာသည်။ အစောပိုင်းက သူသည် လက်မလှုပ်ခဲ့သည်ဖြစ်၍ အကြည့်စူးစူးဖြင့်သာ ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။
ခဏအကြာ ရွှီချင်းသည် လက်မလှုပ်ပါဘဲ အရိပ်၏လက်က အနည်းငယ် လူးလွန့်လာသည်။
ထိုတဒင်္ဂတွင် ရွှီချင်းသည် ခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရပြီး လုံးဝ ဟာလာဟင်းလင်းဖြစ်သွားသည်။
သူ ခေါင်းကိုက်ဝေဒသနာ သက်သာစေရန် အချိန်အတော်ယူလိုက်ရသည်။ သူသည် မောဟိုက်နွမ်းနယ်နေပြီး သူ၏မျက်ဝန်းများထဲမှ စူးရှတောက်ပသောအလင်းများ ဖြာထွက်နေသည်။
“ ငါ အရိပ်ကို ထိန်းချုပ်နိုင်တယ် ”
ရွှီချင်းသည် အရိပ်ကို စူးစိုက်၍ ငုံ့ကြည့်လိုက်သည်။
ယခုအခါတွင် အရိပ်ကို ထိန်းချုပ်ရသည်မှာ အလွန် ခက်ခဲပြီး သူ့ဦးနှောက်တစ်ခုလုံး ဗလာကျင်းသွားကာ ခေါင်းတဆစ်ဆစ် ကိုက်ခဲလာခြင်းကြောင့် ထိုသို့ထိန်းချုပ်ခြင်းသည် အားအင်များစွာ ကုန်ခမ်းစေကြောင်း သူ့ကို ပြောပြနေသည်။
သို့သော်လည်း သူ ပို၍ ကျွမ်းကျင်လာပြီး ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ အနှေးနှင့်အမြန် အရိပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သူ ယုံကြည်သည်။
ထိုအချိန်ကျလျှင် အရိပ်သည် သူ၏ လျှို့ဝှက်လက်နက်ဖြစ်လာပေလိမ့်မည်။
“ အဲဒီနေ့က သိပ်မကြာခင် ရောက်လောက်မှာပါ ”
ရွှီချင်းသည် အသက်ဝဝရှူသွင်းလိုက်ပြီး နဖူးကို ပွတ်သပ်လိုက်သည်။ ထို့နောက် အခန်းသို့ပြန်ကာ တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံလိုက်သည်။
မနက်ခင်း ရောက်သောအခါမှသာ သူ တစ်ဝက်ပြန်လည်သက်သာလာပြီး သူ၏အမူအရာသည်လည်း ညှိုးလျော်နွမ်းလျနေသည့်ပုံ ဖြစ်နေပေသည်။
သူသည် အားယူကာ ထလိုက်ပြီး အနည်းငယ် ကြီးမားသော အဝတ်အစားဟောင်းများကို ဝတ်ဆင်ကာ သမားတော်ကြီးပိုင်၏ ရွက်ဖျင်တဲကို အပြေးသွားလေသည်။
ထိုနေရာ၌ သမားတော်ကြီးပိုင်သာမက ချန်ဖေးယွမ်ပင် မရောက်သေးချေ။ ဆေးစာအုပ်ကို ကျောတွင် လွယ်ပိုးလာသော ထင်းယွီတစ်ယောက်သာ ရှိနေသည်။ ထင်းယွီသည် ရွှီချင်း လာနေသည်ကို မြင်သောအခါ ပုံမှန်အတိုင်း လက်ကိုဝှေ့ယမ်းကာ နှုတ်ဆက်စကားပြောပြီးနောက် စာကျက်နေလေသည်။
ဤရက်ပိုင်းအတွင်း ထိုသို့ဖြစ်သည်မှာ ပုံမှန်ပင်။ မကြာသေးခင်က အပြင်လောကမှ ရောက်လာကြသော လူငယ်လေးများနှင့် မိန်းကလေးများသည် ချန်ဖေးယွမ်၏သူငယ်ချင်းများ ဖြစ်ကြောင်း ထင်းယွီပြောပြ၍ ရွှီချင်း သိခဲ့ရသည်။ သို့ဖြစ်၍ ချန်ဖေးယွမ်သည် မကြာခဏ သူ့သူငယ်ချင်းများထံ သွား၍ ကစားလေ့ရှိသည်။
သမားတော်ကြီးပိုင်သည်လည်း ဤရက်ပိုင်းအတွင်း အလုပ်ရှုပ်နေဟန်တူသည်။ သူသည် နေ့တိုင်း နောက်ကျမှ ရောက်လာတတ်ပြီး အတန်းဆင်းသည်နှင့် မြန်မြန်သွက်သွက် ထွက်ခွာသွားတတ်သည်။
ရွှီချင်းသည် ခေါင်းညိတ်ပြလိုက်ပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူသည် ဝါးပေလွှာကို ထုတ်၍ ယမန်နေ့က အိမ်စာကို စိတ်ထဲမှနေ၍ ပြန်ကျက်လိုက်သည်။ သူ့ကို နှုတ်ဆက်ပြီးနောက် ခေါင်းငုံ့၍ စာကျက်နေခဲ့သော ထင်းယွီသည် ရုတ်တရက် ခေါင်းမော့လာပြီး ရွှီချင်းကို သံသယရှိနေဟန်ဖြင့် ကြည့်လိုက်သည်။
“ ဘာလို့ နင့်ခန္ဓာကိုယ်က ပြောင်းလဲနေတယ်လို့ ငါ ခံစားနေရတာပါလိမ့် ”
ရွှီချင်းသည် ခေါင်းမော့မကြည့်ဘဲ ဆက်ကိုသာ ဆက်နွှေးနေသည်။
ထင်းယွီ၏ ဝင်းလက်တောက်ပသော မျက်လုံးလေးများသည် ပြူးကျယ်သွားပြီး စေ့စေ့စပ်စပ် ကြည့်ရှုလိုက်သည်။
ထိုစဉ် သမားတော်ကြီးပိုင် ရောက်လာ၍ သူမ လက်လျော့လိုက်ရ၏။ သို့သော်လည်း ယနေ့ စာသင်နေစဉ်အတောအတွင်း သူမသည် ရွှီချင်းကို ကြိမ်ဖန်များစွာ လှမ်းကြည့်လေသည်။
ယခင်ကသာဆိုလျှင် သမားတော်ကြီးပိုင်သည် စည်းကမ်းတင်းကြပ်လေ့ရှိသည်။ သို့သော်လည်း ယနေ့ သူ၏ခေါင်းထဲတွင် တစ်ခုခု ရှိနေဟန်တူသည်။ သူသည် သတိပေးစကားအနည်းငယ် ပြောပြီးနောက် လျစ်လျူရှုထားသည်။
သင်ခန်းစာအချိန် ပြီးသောအခါ မနက်ဖန်တွင် စစ်ဆေးမည့်အခန်းများကို စီစဉ်လိုက်ပြီး အလျဉ်စလို ထွက်ခွာသွားသည်။
သမားတော်ကြီးပိုင် ထွက်ခွာသွားပြီးနောက် ရွှီချင်းသည် မတ်တတ်ထရပ်ကာ ထွက်သွားမည်ပြုစဉ် ထင်းယွီ၏ခန္ဓာကိုယ်လေး လှုပ်ရှားသွားပြီး တံခါးဝကို ပိတ်ဆို့ထားလေသည်။
ရွှီချင်းသည် အတန်ငယ် မျက်မှောင်ကြုတ်သွားပြီး ထင်းယွီကို ကြည့်လိုက်သည်။
ထင်းယွီသည် အလျော့ပေးရန် စိတ်ကူးမရှိချေ။ သူမက ခေါင်းကလေးကိုမော့၍ ရွှီချင်းအား ကြယ်ကလေးများပမာ မျက်လုံးရွဲကြီးများဖြင့် စူးစိုက်ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးလေးများက သူ၏အရပ်အမောင်းနှင့် မျက်နှာပေါ် ဝေ့ဝဲကျရောက်သွားပြီး အံ့အားသင့်စွာ ပြောလိုက်သည်။
“ ငါ သိပြီ။ နင်က ပိုအရပ်ရှည်လာတာပဲ ”
“ အင်း ”
ရွှီချင်းသည် ခေါင်းညိတ်၍ ထင်းယွီကို ကျော်ထွက်သွားရန် ပြင်လိုက်သည်။ သို့သော်လည်း ထင်းယွီ၏ခန္ဓာကိုယ်လေးက လှစ်ခနဲ လှုပ်ရှားသွားပြီးကို သူ့ကို ထပ်မံဟန့်တားလိုက်သည်။ ကြယ်ပွင့်လေးများအလား တဖျပ်ဖျပ်လက်နေသော သူမ၏မျက်ဝန်းလေးများထဲတွင် သိချင်စိတ်များဖြင့် ပြည့်နှက်နေသည်။
“ ကလေး၊ နင့်မျက်နှာက နေ့တိုင်း သိပ်ညစ်ပတ်နေတာပဲ။ နင် ဘယ်လိုပုံရှိလဲတောင် ငါ မသိဘူး။ နင်က ဒီနေ့ ထပ်ပြောင်းသွားပြန်ပြီ။ မဟုတ်သေးဘူး။ နင့်မျက်နှာကို သုတ်ပစ်ပြီး နင်ဘယ်လိုပုံရှိလဲ ငါ ကြည့်ချင်တယ် ”
ထင်းယွီသည် ပြောရင်းဆိုရင်း လက်ကိုင်ပုဝါကို ထုတ်ကာ မျက်နှာကို သုတ်ပေးရန် ပြင်လိုက်သည်။
ရွှီချင်းက တွန်းထုတ်လိုက်ရာ ထင်းယွီသည် နောက်ဆုတ်သွားပြီး ဟွန့်ခနဲ နှာမှုတ်လိုက်သည်။
“ ကလေး၊ ငါ နင့်ကို ခွင့်တိုင်ပေးထားတာနော်။ ဒါတော့ နင် လိုက်လျောပေးရမှာ ”
ရွှီချင်းသည် လှုပ်ရှားနေရာမှ ရပ်သွား၏။ ထိုသို့ သူ ရပ်သွားသည့်အခိုက် ထင်းယွီ၏ခန္ဓာကိုယ်လေးက လှစ်ခနဲ ရောက်လာသည်။ သူမ၏လက်ထဲရှိ လက်ကိုင်ပုဝါတွင် ဝိညာဉ်စွမ်းအားများဖြင့် ပြည့်နှက်လာပြီး စိုစွတ်လာကာ ရွှီချင်း၏မျက်နှာကို ညင်သာစွာ သုတ်ပေးလိုက်သည်။
သုတ်ပြီးသွားသော ပါးပြင်နေရာများသည် ဖြူဖွေးနေ၏။ ရွှီချင်းသည် စိတ်မရှည်ဖြစ်လာပြီး အတင်းအကြပ် ထွက်သွားရန် ကြိုးစားလိုက်သည်။
“ ကလေး၊ ငါက နင့်ဆရာတူအစ်မနော် ”
ထင်းယွီက ထပ်အော်ပြောလိုက်ပြီး “ ဆရာတူအစ်မ ’’ ဆိုသည့်စကားလုံးက လွန်စွာ ကြီးလေးလှသည်ဖြစ်၍ ရွှီချင်း၏ခန္ဓာကိုယ်ကို အလိုလို တောင့်တင်းသွားစေသည်။
ထင်းယွီ၏မျက်ဝန်းလေးများသည် လခြမ်းသဏ္ဍာန် ကွေးညွတ်နေပြီး ထိုမျက်ဝန်းများထဲ၌ လိမ္မာပါးနပ်ခြင်းနှင့် စိတ်အားတက်ကြွခြင်းတို့ ကိန်းအောင်းနေသည်။ ဤတစ်ကြိမ်၌ သူမသည် မြန်ဆန်သွက်လက်စွာ လုပ်လိုက်ပြီး လက်ကိုင်ပုဝါကိုယူ၍ ရွှီချင်း၏မျက်နှာအနှံ့ သုတ်ပေးလိုက်သည်။
ရွှီချင်းသည် အကြောက်အကန် ငြင်းဆန်ချင်ပါသော်လည်း “ ဆရာတူအစ်မ ” ဆိုသည့်စကားလုံးက သူ့ကို ထိုသို့မလုပ်စေရန် ဟန့်တားထားသည်။
ထိုသို့ဖြင့် ထင်းယွီ သုတ်နေသည်နှင့်အမျှ ရွှီချင်း၏မျက်နှာ တဖြည်းဖြည်း ပေါ်လွင်လာသည်။
ထင်းယွီ၏လှုပ်ရှားမှုများသည်လည်း နှေးကွေးလာသည်။ သူမသည် မျက်လုံးများ ပြူးကျယ်နေလျက် ရွှီချင်း၏ရုပ်သွင်အား ငေးစိုက်ကြည့်နေမိသည်။ သူမ၏စိတ်ထဲတွင် နေရောင်ခြည်အလင်းတန်းတစ်တန်း ဖြာကျလာသည့်အလားပင်။
ယင်းသည် ပြီးခဲ့သော ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရွှီချင်းသည် မျက်နှာကို သန့်စင်ဖူးခြင်း ဖြစ်သည်။ ထိုသို့သန့်စင်ခြင်းက သူ့ကို လွန်စွာ အနေရခက်စေသည်။ ထင်းယွီ ငေးမောနေသည်ကို သူ အခွင့်အရေးယူ၍ ချက်ချင်း လှည့်ပတ်ပြေးကာ ရွက်ဖျင်တဲထဲမှ ထွက်ခွာလိုက်သည်။
နေရောင်ခြည်က သူ့မျက်နှာပေါ် ကျရောက်လာသောအခါ သူ ပို၍ အနေရခက်လာသည်။ အပြင်ဘက်ကို ကိုယ်လုံးတီးဖြင့် လျှောက်နေသည့်အလား သူ ခံစားနေရ၏။
ထို့ကြောင့် သူသည် ခေါင်းငုံ့၍ မြေပြင်ပေါ်ရှိ ရွှံ့များကို ကောက်ယူလိုက်ပြီး သူ့မျက်နှာပေါ် လိမ်းကျံလိုက်သည်။ ထိုအခါမှသာ သူ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်၏။ သူ့စိတ်ထဲတွင် နေသာထိုင်သာ ရှိလာပြီး မထူးခြားသောအသွင်ကို ပြန်လည်ဆင်မြန်း၍ တားမြစ်နယ်မြေထဲ ဝင်ရောက်သွားသည်။
သူ ထွက်သွားသောအခါမှသာ ရွက်ဖျင်တဲထဲတွင် ကျန်နေခဲ့သော ထင်းယွီသည် သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ဟင် … သူက ချောလိုက်တာ ”
သူမသည် စကားပြောနေရင်း ရွက်ဖျင်တဲတံခါးကို အလိုလို ပင့်မကာ အဝေးသို့ ရောက်သွားပြီဖြစ်သော ရွှီချင်း၏နောက်ကျောကို လှမ်းကြည့်လိုက်သည်။ သူမ၏နူးညံ့လှပသော မျက်နှာလေးသည် နီမြန်းနေပြီး သူမကိုကြည့်ရသည်မှာ စိတ်ရှုပ်ထွေးနေဟန်ရှိသည်။
“ သူက ချန်ဖေးယွမ်ထက်တောင် အများကြီး ချောတာပဲ။ မဟုတ်သေးဘူး၊ ချန်ဖေးယွမ်က သူ့ကို လုံးဝကို မယှဉ်နိုင်တာ ”