← Chapters

မင်းရဲ့စိတ်ပျက်မှုက ငါတို့ရှင်သန်ဖို့ အခွင့်အရေးပဲ

Vol. 29 Ch. 393

မင်းရဲ့စိတ်ပျက်မှုက ငါတို့ရှင်သန်ဖို့ အခွင့်အရေးပဲ

Vol. 29 Ch. 393

အခန်း (၃၉၃) မင်းရဲ့စိတ်ပျက်မှုက ငါတို့ရှင်သန်ဖို့ အခွင့်အရေးပဲ

လူသူကင်းမဲ့သည့် ကျောက်တုံးသစ်တောအတွင်းမှ ကျန်းလန် ညတွင်းချင်း ထွက်ပြေးလာခဲ့သည်။

သို့သော် သူက ခွန်လွန်တောင်သို့ တန်းပြန်ခြင်း မဟုတ်ပေ။

တောင်ဘက်ပိုင်းသို့ လမ်းလွှဲကာ ထွက်ပြေးလာခြင်း ဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာမရှိကြောင်း အတည်ပြုပြီးမှ ခွန်လွန်တောင်ရှိရာဘက်သို့ ပြန်လှည့်ခဲ့သည်။

သူ့ကို ပစ်မှတ်ထားသူမရှိကြောင်းသေချာစေရန် ထိုသို့ပြုလုပ်ရခြင်း ဖြစ်သည်။

ဤအချိန်များအတွင်း ရန်သူက သူ၏ တည်နေရာနှင့် လျှို့ဝှက်ချက်များကို စောင့်ကြည့်နေနိုင်သည်ဖြစ်ရာ သူ့အနေဖြင့် ပြင်ဆင်မှုများ ပြုလုပ်ထားသည်က အကောင်းဆုံးပင်။

လူမရှိသည့် ကျောက်တုံးသစ်တောထဲတွင် ဖြစ်ခဲ့သည့်ကိစ္စကို နတ်မိစ္ဆာများဘက်မှ အချိန်တိုအတွင်း သတိထားမိသွားမည်လား ၊ မသိမထားမိဘူးလားဆိုသည့်အပေါ်တွင် မူတည်သည်။

နတ်မိစ္ဆာများသည်လည်း နတ်ဘုရားရာထူးတစ်ခု ရရှိထားလေရာ အလျှင်အမြန် သတင်းရယူနိုင်စွမ်းရှိပြီး သူ့နောက်သို့ လိုက်လာနိုင်သည်။

"ဘုန်း"

ရုတ်တရက်…

ကောင်းကင်ထက်မှ ကျယ်လောင်သည့်အသံကြီးတစ်သံထွက်ပေါ်လာသဖြင့် ကျန်းလန် ခေါင်းမော့ကြည့်လိုက်၏။

ကောင်းကင်ယံမှ အသံတစ်ခု...။

"တစ်ယောက်ယောက် နတ်ဘုရားရာထူး ထပ်ရပြန်ပြီလား"

ကျန်းလန် ပဟေဠိ ဖြစ်သွားသည်။

ဤတစ်ကြိမ် နတ်ဘုရားရာထူး ရရှိသူများမှာ ဇာမဏီမျိုးနွယ်များ ဖြစ်နိုင်သလို နတ်လူသားမျိုးနွယ်များလည်း ဖြစ်နိုင်သည်။ ယခုနှစ်များအတွင်း သူတို့သည်လည်း အကျိုးအမြတ်အနည်းငယ် ရရှိခဲ့ကြဟန်ပင်။

သို့သော် ကျန်းလန်က ထိုအသံကို အရေးမစိုက်ပေ။

သူက နောက်မှ နတ်မိစ္ဆာများလိုက်လာမည်ကို စိုးရိမ်သောကြောင့် ဆက်လက်ထွက်ပြေးနေခဲ့သည်။ သူ့ကို တစ်စုံတစ်ယောက်က ပစ်မှတ်ထားလာလျှင် အလွန်အန္တရယ်များသည် မဟုတ်ပါလား။

ထို့ပြင် ရွှေခန္ဓာမဟာစွမ်းအားဆေးလုံးကလည်း တဖြည်းဖြည်း စွမ်းအားလျော့နည်းသွားပြီဖြစ်ရာ သူ အလွန်အားနည်းလာပြီ ဖြစ်သည်။

ထို့ကြောင့် ပုန်းအောင်ရန်အတွက် နေရာတစ်ခု ရှာဖွေရပေတော့မည်။

***

နောက်တစ်နေ့။

အလွန်တရာ တန်ခိုးစွမ်းအားကြီးမားသူတစ်ယောက် တစ္ဆတိုင်းပြည် နယ်နိမိတ်အတွင်းသို့ ဝင်ရောက်လာသည်။ ထိုသူ၏ ရောင်ဝါက လောကတစ်ခုလုံးကို အလင်းပေးသည့် နေရောင်ခြည်အလား ထွန်းလင်းတောက်ပလျှက် ရှိ၏။

တစ်ချိန်တည်းမှာပင် တစ္ဆတိုင်းပြည်ဘက်မှ တိုင်ပြည်ကံကြမ္မာချီစွမ်းအားသည်လည်း ထိုနေရာသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်တစ်ခုလုံး အနက်ရောင်မြူခိုးများ ဖုံးလွှမ်းသွားသည်။

"ဘာလဲ ၊ နတ်မိစ္ဆာတွေက ကျုပ်တို့တစ္ဆေတိုင်းပြည်ထဲကို ကျူးကျော်ဝင်ရောက်ပြီး အန္တရယ်ပြုချင်တာလား"

စကားသံနှင့်အတူ အနက်ရောင်မြူခိုးများအတွင်းမှ တစ္ဆေမျက်နှာကြီးတစ်ခု ထွက်ပေါ်လာသည်။

"မင်းတို့က လူတွေကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်နော်"

တစ္ဆေတိုင်းပြည်မှ တန်ခိုးစွမ်းအားရှင်က တစ္ဆေမျက်နှာကြီးကိုကြည့်ရင်း ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။

ထိုနတ်မိစ္ဆာ၏အမည်က တိကျင်း ဖြစ်သည်။ သူက သက်လတ်ပိုင်းလူရွယ်တစ်ယောက်ဖြစ်ပြီး ကြောက်မက်ဖွယ်ရာကောင်းအောင် အမူအရာက အေးစက်သည်။

တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက တိကျင်းကို ကြည့်လိုက်ရင်း…

"လူတွေကို ခေါင်းစဉ်တပ်ရတယ်ပြောရအောင် မင်းက လူမှမဟုတ်တာ"

တစ္ဆေချီစွမ်းအားက ဆက်ပြောသည်။

"နတ်မိစ္ဆာက နတ်မိစ္ဆာပဲလေ ၊ မင်းက လူသားအသွင်ယူထားရင်တောင်မှ မင်းက လူမဟုတ်ဘူး"

တိကျင်းက တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာချီစွမ်းအား၏စကားကို စိတ်မဝင်စားဘဲ လိုရင်းကိုသာ မေးလိုက်သည်။

"တစ္ဆေတံခါးကို ဖွင့်နိုင်တဲ့အခွင့်အရေးကို တစ္ဆေတိုင်းပြည်က အခြားသူတွေကို ပေးထားသေးလား"

တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက…

"ကျုပ်ဦးနှောက်က သိပ်မကောင်းပေမယ့် ဒီကိစ္စကို မင်းကို မပြောနိုင်ဘူး ၊ တစ္ဆေတိုင်းပြည်ဆိုတာ ကိုယ့်ရဲ့မိတ်ဆွေသင်္ဂဟအပေါ် ဘယ်တော့မှ သစ္စာမဖောက်တတ်ဘူး"

တိကျင်းက အေးစက်သည့်လေသံဖြင့်…

"အဲဒီလူက ကျုပ်တို့တွေရဲ့ အရေးကြီးတဲ့စခန်းတစ်ခုကို ဖျက်ဆီးပစ်လိုက်တယ် ၊ ဆိုတော့ မင်းတို့က ဘာတာဝန်ယူပေးမှာလဲ"

တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားက ပြတ်သားသည့်လေသံဖြင့်…

"မင်းက ကျုပ်တို့ကို တာဝန်ယူစေချင်တာလား"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"တစ္ဆေတိုင်းပြည်ရဲ့ မိတ်ဆွေက မင်းတို့ရဲ့စခန်းကိုတိုက်ခိုက်ဖို့ ကျုပ်တို့ နာမ်လောကက တစ္ဆေစစ်သည်တော်တွေကို အသုံးပြုခဲ့တယ်ဆိုရင် အဲဒီနေရာကို ဖျက်ဆီးဖို့ ကျုပ်တို့ တစ္ဆေစစ်သည်တော်တွေမှာ တဝန်ရှိတယ် ၊ ဒီတော့ မင်းတို့ဘက်က တစ္ဆေတိုင်းပြည်က လုပ်တယ်လို့ ယူဆရင်လည်း အရေးမကြီးပါဘူး ၊ မင်းတို့ဘက်က တာဝန်ယူစေချင်တယ်ဆိုရင်တော့… လာလေ ၊ တိုက်ပွဲပြန်စကြမယ်"

တိကျင်းက…

"တာဝန်ယူဖို့ပြောတာ စစ်တိုက်ဖို့လိုလို့လား"

တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားက...

"စစ်မတိုက်ဘူးဆိုရင် မင်းတို့ကို တိုက်ခိုက်တာ တစ္ဆေစစ်သည်တော်တွေလို့ ဘယ်လို သက်သေပြမလဲ"

တိကျင်းက တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားကို ကြည့်လိုက်သည်။

ထို့နောက် မည်သည့်စကားမှ မဆိုတော့ဘဲ လှည့်ထွက်သွားသည်။

တစ္ဆေတိုင်းပြည်နဲ့ ထပ်ပြီးစစ်တိုက်ရအောင် သူက အရူးလား။

ပျက်သုဉ်းတစ်စပြင်လောကြီးရှိ အင်အားကြီးအုပ်စုများစွာတွင် စစ်တိုက်ရသည့်အကြောင်းပြချက်များစွာ ရှိကြသော်လည်း တစ္ဆေတိုင်းပြည်ကတော့ စစ်တိုက်ချင်သောကြောင့်သာ စစ်ပွဲထဲ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

နတ်မိစ္ဆာများကို လာရောက်တိုက်ခိုက်ရသည့်အကြောင်းရင်းက ပိုလို့တောင် ရယ်စရာကောင်းသေးသည်။

တစ်လောကလုံးစစ်တိုက်နေချိန် တစ္ဆေတိုင်းပြည်က စစ်မတိုက်လျှင် ရှက်စရာကောင်းသဖြင့် နတ်မိစ္ဆာများကို လာရောက်စစ်တိုက်ရခြင်း ဖြစ်သည်ဟူ၏။

ထို့ပြင် ခွန်လွန်တောင်ကို အနိုင်မယူနိုင်သဖြင့် နတ်မိစ္ဆာများကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်တဲ့။

ထိုအကြောင်းအရာများက တစ္ဆေ

တိုင်းပြည် စစ်တိုက်ရသည့်အကြောင်းအရင်းများဖြစ်သည်။

တစ္ဆေတိုင်းပြည်မှ တိကျင်းထွက်ခွာလာပြီးနောက် သူ့အနားတွင် နတ်မိစ္ဆာတစ်ယောက် ပေါ်လာသည်။

"ဆရာ ၊ တစ္ဆေတိုင်းပြည်က ဆရာ့ကို မလေးမစားလုပ်လိုက်သေးလား"

တိကျင်းက...

"သူတို့သာ အကောင်းအဆိုး ပိုင်းခြားတတ်ရင် သူတို့ကို တစ္ဆေတိုင်းပြည်လို့ ခေါ်နေမှာတောင် မဟုတ်တော့ဘူး ၊ ပြီးတော့ ကျုပ်သိချင်တာလည်း သိခဲ့ရပြီဆိုတော့ ဒီနေရာမှာ ဆက်နေဖို့ မလိုတော့ဘူး"

ပြောပြီးသည်နှင့် တိကျင်း လေထဲသို့ ပျံသန်းထွက်ခွာသွားသည်။

တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်၏ ရောင်ဝါက ပတ်ဝန်းကျင်မှ အရာအားလုံးကို မှေးမှိန်သွားစေသည်။

"ဒါဖြင့် ဘယ်လူလုပ်တာလဲ ဆရာ သိခဲ့ပြီပေါ့"

နောက်လိုက်တပည့်နတ်မိစ္ဆာက စပ်စုလိုက်သည်။

တိကျင်းက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်လိုက်သည်နှင့် အဆုံးမဲ့ အကွာအဝေးကို ချက်ချင်း ဖြတ်သန်းသွားသည်။

တိကျင်းက...

"တစ္ဆေတိုင်းပြည်နဲ့ မိတ်ဆွေဖြစ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ၊ မကြာခင်အချိန်က တစ္ဆေတိုင်းပြည်ရဲ့ ခင်မင်မှုကိုရရှိထားတဲ့ တစ်ယောက်တည်းသောသူက လက်သီးနတ်ဘုရားပဲ"

ခြေလှမ်း (၂)လှမ်းလှမ်းပြီးနောက် တိကျင်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး စကားဆက်ပြောသည်။

"လက်သီးနတ်ဘုရားက မရိုးရှင်းဘူး ၊ သူက အခြားသူတွေနဲ့လည်း မတူဘူး ၊ ပြီးတော့ သူ ကျုပ်တို့စခန်းကို ရောက်လာတာ ကျုပ်တို့တွေကို တိုက်ခိုက်ဖို့လား ၊ မရဏလောကနဲ့သက်ဆိုင်တဲ့ကိစ္စအတွက် ရောက်လာတာလား မသိနိုင်ဘူး"

"သူ့ကို ကျုပ်တို့ အာရုံစိုက်သင့်တယ် ၊ ပြီးတော့ သူ ခွန်လွန်တောင်ကနေ ထွက်သွားနိုင်ခြင်း ရှိ မရှိဆိုတာလည်း ကျုပ်သိချင်မိတယ် ၊ အခွင့်အရေးရရင်တော့ သူ့ကို စမ်းသပ်ကြည့်ရမယ်"

***

အလယ်ပိုင်းလွင်ပြင်ဒေသ ၊ တောအုပ်တစ်ခု။

ထိုတောအုပ်က နတ်လူသားမျိုးနွယ်များနှင့် ဇာမဏီမျိုးနွယ်များ တိုက်ခိုက်နေကြသည့် နေရာဖြစ်သည်။

ထိုနေရာတွင် လူ (၃)ယောက်ပါဝင်သည့် အုပ်စုတစ်စုသည် ဟုန်ယာကို နတ်လူသားမျိုးနွယ်များဆီသို့ အလျှင်အမြန် ခေါ်ဆောင်လာကြသည်။

ဟုန်ယာက သူတို့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်ရင်း...

"ရှင်တို့တွေ သစ္စာဖောက်တာလား ၊ နတ်လူသားမျိုးနွယ်တွေက ရှင်တို့ကို ဘာအကျိုးအမြတ်တွေများပေးခဲ့လို့ ဇာမဏီမျိုးနွယ်တွေကို သစ္စာဖောက်ရတာလဲ"

"မင်း နားမလည်တာတွေရှိတယ် ၊ ပြီးတော့ ငါတို့က ဇာမဏီမျိုးနွယ်တွေလည်း မဟုတ်ဘူးလေ"

အုပ်စုခေါင်းဆောင်ဖြစ်သည့် မိန်းမပျို ယန်ယန်က ပြောလိုက်သည်။

သူမက ကျက်သရေရှိစွာလှပသည့် မိန်းမပျိုတစ်ယောက်ကို ဖက်ထားရင်း အေးစက်သည့်လေသံဖြင့်...

"မင်း ဘယ်နည်းနဲ့မှ မလွတ်နိုင်ဘူး ၊ ဒီနေ့ ဒီလိုအခွင့်အရေးရအောင် ငါတို့ အချိန်အတော်ကြာအောင် စီစဉ်ခဲ့ရတာ ၊ မင်းပျောက်သွားတာကို ဇာမဏီမျိုးနွယ်တွေလည်း တော်တော်နဲ့သိမှာ မဟုတ်သလို သိသွားလို့ ရှာဖွေချင်ရင်လည်း လွယ်မှာ မဟုတ်ဘူး"

သူမက ဆက်ပြောသည်။

"တကယ်လို့ သူတို့ ငါတို့ကို ရှာတွေ့တဲ့အချိန်ရောက်ရင်လည်း ငါတို့က နတ်လူသားမျိုးနွယ်တွေရဲ့ ပိုင်နက်ထဲရောက်နေလောက်ပြီ ၊ ဒါကြောင့် မင်းအနေနဲ့ အေးအေးဆေးဆေးသာ လိုက်ခဲ့တော့"

ဟုန်ယာက...

"ဘာလို့လဲ ၊ ဘာလို့ ရှင်တို့က ကျွန်မကို ဖမ်းလာတာလဲ"

သူမတော့ ဘဝဆုံးတော့မည်ဟု ဟုန်ယာ ခံစားနေရသည်။

ယန်ယန်တို့က ကြိုတင်ကြံစီပြီးမှ လှုပ်ရှားသည်ဖြစ်ရာ ကျရှုံးရန် မဖြစ်နိုင်ပေ။

သူမကို ဇာမဏီမျိုးနွယ်များ ရှာဖွေတွေ့ရှိသည့်အချိန်တွင် အချိန်နှောင်းနေလောက်ပေပြီ။

ယန်ယန်က...

"မင်းရဲ့ခန္ဓာကိုယ်မှာ နတ်လူသားမျိုးနွယ်တွေလိုချင်တဲ့အရာတစ်ခု ရှိတယ် ၊ အဲဒါက အရမ်းအရေးကြီးတယ်လေ"

"ဒါကြောင့် နတ်လူသားမျိုးနွယ်တွေရဲ့ ပိုင်နက်ထဲကိုရောက်တာနဲ့ မင်းက သေလူဖြစ်သွားပြီပဲ ၊ ဒီတော့ လမ်းတစ်လျှောက် မင်းရဲ့ မွေးရပ်မြေကို အလွမ်းပြေ ကြည့်သွားပေါ့"

ထိုစကားများကို ပြောချိန်တွင် ယန်ယန်၏ မျက်နှာအမူအရာက ပုံမှန်အတိုင်းပင် ဖြစ်သည်။

ဟုန်ယာတိတ်ဆိတ်ငြိမ်သက်သွား၏။

ယန်ယန်က...

"တန်ခိုးစွမ်းအားရှင်တစ်ယောက်က မင်းကိုလာကယ်မယ်လို့တော့ စိတ်ကူးယဉ်မနေနဲ့ ၊ များသောအားဖြင့် မိန်းကလေးတွေက အဲဒီလို စိတ်ကူးယဉ်တတ်ကြတယ်လေ"

"ပြီးတော့ အခုလို အခြေအနေမျိုးမှာ ဘယ်သူမဆို ကောင်းကင်ဘုံက ကယ်တင်ရှင်ရောက်လာဖို့ မျှော်လင့်ကြတာပဲ မဟုတ်လား ၊ ဒါပေမဲ့ လက်တွေ့ဆိုတာ စိတ်ကူးယဉ်တာနဲ့မတူဘူး ၊ ရက်စက်ကြမ်းတမ်းတယ် ၊ ဒီတော့ မင်းကို ဘယ်သူမှ လာကယ်မှာ မဟုတ်ဘူး"

သူမ၏အသံက အပြောင်းအလဲမရှိ တစ်သမတ်တည်း ဖြစ်သည်။

သူမစကားကြောင့် ဟုန်ယာမှာ အားငယ်သလိုပင် ဖြစ်သွားမိသည်။

ဟုန်ယာက...

"ရှင် အရင်ကရော ဒီလိုမျိုးအလုပ်တွေ လုပ်ဖူးတာလား"

ယန်ယန်က သူမ၏ မေးခွန်းကို ပြန်မဖြေပေ။

သူမက ရှေ့သို့ကြည့်လိုက်ပြီး ဆက်ပြောသည်။

"ငါတို့ ရောက်ခါနီးပြီ ၊ မင်းရဲ့ကံတရားကတော့ အတော်လေးကို ဝမ်းနည်းစရာကောင်းတဲ့ပုံပဲ"

ဟုန်ယာ ရှေ့သို့ကြည့်လိုက်သည်။

နတ်လူသားမျိုးနွယ်များ၏ အငွေ့အသက်ကို သူမ ခံစားလိုက်ရပြီး သေခြင်းတရားကိုပါ တွေ့မြင်လိုက်ရသလိုပင်။

သူမ ဒီအတိုင်း သေဆုံးသွားရတော့မည်လား။

ယန်ယန်က...

"ဒီအချိန်မှာ တစ်ယောက်ယောက်က မင်း ပျောက်သွားတာကို သတိထားမိပြီး လိုက်ရှာမယ်လို့ မျှော်လင့်နေသေးတာလား"

"ဒါပေမဲ့ အခုတော့ ဘယ်သူမှ လိုက်မမီနိုင်တော့ဘူး ၊ ဒါ ငါတို့ရဲ့ ကြိုးစားမှု ရလဒ်ပဲလေ ၊ မင်းရဲ့စိတ်ပျက်မှုက ငါတို့ရှင်သန်ဖို့ အခွင့်အရေးပဲ ၊ စိတ်မကောင်းလိုက်တာဟာ"

ထိုအချိန်...

"ဂရား"

သူတို့နောက်မှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် ပြင်းထန်သည့် အငွေ့အသက်များက လျှင်မြန်စွာချဉ်းကပ်လာသည်ကို ခံံစားလိုက်ရသည်။

ယန်ယန်တို့အုပ်စုထဲမှ တစ်ယောက်က...

"ဒီ အငွေ့အသက်တွေက ပြင်းထန်လိုက်တာ ၊ ပြီးတော့ ငါတို့ဆီ လာနေသလိုပဲ ၊ ဒါ မဖြစ်နိုင်ဘူး ၊ ဇာမဏီမျိုးနွယ်တွေလည်း ဟုန်ယာပျောက်သွားတာကို သိမှာ မဟုတ်သေးဘူး"

သူတို့အားလုံး အံ့အားသင့်သွားကြသည်။

နောက်တစ်ယောက်က...

"အဲဒါ နတ်မိစ္ဆာတွေများလား ၊ ဒါပေမဲ့ ဒီလောက် ပြင်းထန်တဲ့ အငွေ့အသက်မျိုး ထုတ်လွှတ်နိုင်တဲ့ နတ်မိစ္ဆာမျိုး တစ်ခါမှ မတွေ့ဖူးဘူး ၊ နည်းနည်းတော့ထူးဆန်းတယ် ၊ ဒါပေမဲ့ အဲဒီလူက ငါတို့နောက်လိုက်လတာ ဟုတ်ချင်မှဟုတ်မှာပါ"

ဟုန်ယာက သူမနောက်သို့ လှည့်ကြည့်လိုက်ပြီး လိုက်လာသူ မည်သူဖြစ်ကြောင်း သိလိုက်သည်။

ထိုအချိန်မှာပင် အဆုံးမရှိသည့် ဟိန်းဟောက်သံကြီးတစ်သံထွက်ပေါ်လာပြီး...

"ဟုန်ယာကို လွှတ်လိုက်"

All Chapters