တောင်ပေါ်မှ ခေါင်းလောင်းသံ
Vol. 14 Ch. 207
နတ်ဘုရား၏ မျက်နှာပျက်ကြီး ရောက်လာပြီးနောက် ဤလောကပျက်ကြီးထဲတွင် ကျင့်ကြံသူအများစုမှာ ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ အခြေတည်အဆင့်သို့ ရောက်နိုင်သည့် ကျင့်ကြံသူများစွာ မရှိသည့်အတွက်ကြောင့် မြို့များတွင် ထိုကဲ့သို့ ကျင့်ကြံသူများကို မြင်ရခဲသည်။
ချီရွှဲ့ထုံဂိုဏ်းကဲ့သို့ ဂိုဏ်းကြီးတစ်ဂိုဏ်း၌သာ အခြေတည်အဆင့်ကျင့်ကြံသူများစွာ ရှိမည်ဖြစ်သည်။
ရွှီချင်း ရောက်ရှိလာခြင်းသည် အတန်ငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်မှာ သဘာဝပင်။ အစောင့်များ၏ လေးစားသောအကြည့်များအောက်တွင် ရွှီချင်းသည် တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်သို့ မရောက်ခင် အဝေးရှိ မြို့စားစံအိမ်မှ လာနေသော စွမ်းအားအငွေ့အသက်တစ်ခုကို အာရုံခံမိလိုက်သည်။
ရွှီချင်း မျက်မှောင်ကြုတ်သွားပြီး အေးတိအေးစက်လှမ်းကြည့်လိုက်သည်။
အလင်းစီးကြောင်းတစ်ခု ပျံသန်းရောက်ရှိလာပြီး ရွှီချင်းနှင့် ပေသုံးဆယ်အကွာတွင် ရပ်လိုက်ရာ အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းလူကြီးတစ်ယောက်ပုံစံ ပေါ်လာသည်။
ထိုသက်လတ်ပိုင်းလူသည် သာမန်ရုပ်ရည်သွင်ပြင်ရှိပြီး အခြေတည်အဆင့်ဓမ္မစွမ်းအားများကို ဖြန့်ကျက်၍ ရွှီချင်းကို မမှိတ်မသုန် ကြည့်နေသည်။
ရွှီချင်းသည်လည်း ထိုလူ၏ လည်ပင်းကို ကြည့်လိုက်ပြီး ထိုလူက ဓမ္မတံခါး မည်မျှများပြားစွာ ဖွင့်ထားလဲဆိုသည်ကို အကဲခတ်လိုက်သည်။
“ တာအိုရောင်းရင်း၊ ဘာကိစ္စကြောင့် ဒီကိုရောက်လာတာလဲ။ ကျုပ်က ကျိုးဟုန်လီပါ။ ကျစ်ထူဂိုဏ်းက ကျိုးမိသားစုဝင်တစ်ယောက်ပါ။ ဒီမြို့မှာ မြို့စားအနေနဲ့ တာဝန်ချခံထားရတာ။ ဒီမြို့က ကျစ်ထူဂိုဏ်း၊ လီထူဂိုဏ်းနဲ့ ချီရွှဲ့ထုံဂိုဏ်းတို့ ပူးပေါင်းတည်ထောင်ထားတဲ့ မြို့ပါ ”
“ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ကို သုံးဖို့ပဲ ကျုပ် ဒီကို ရောက်လာတာ ”
ရွှီချင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ တစ်ဖက်လူတွင် ဓမ္မတံခါးများစွာ မရှိဘဲ သက်စောင့်မီးတောက် ထုတ်ဖော်နိုင်သည့်အဆင့်သို့ မရောက်သေးကြောင်း သူ အကြမ်းဖျင်း သိလိုက်သည်။
လေထဲရှိ ကျိုးဟုန်လီသည် အပြင်ပန်းတွင် ဘာမှမဖြစ်ဟန်ရှိသော်လည်း စိတ်ထဲတွင် သတိထားနေ၏။ သူ့ရှေ့ရှိ ဝါကြင့်ကြင့်မျက်နှာနှင့် လူငယ်ထံမှ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါတစ်ခုကို သူ အာရုံခံမိနေသည်။
သို့ဖြစ်၍ တစ်ဖက်လူက လူအမြောက်အမြား သတ်ဖြတ်ခဲ့သည့် လူတစ်ယောက် ဖြစ်သည်မှာ သိသာသည်။ ထို့ပြင် ထိုသူ၏ အဝတ်အစားအရ ဇစ်မြစ်ကိုလည်း တပ်အပ်ပြောရန် မဖြစ်နိုင်ပေ။ ယင်းကြောင့် သူ အလွန် သတိထားသွားပြီး တစ်ဖက်လူ၏ အကြည့်က သူ့လည်ပင်းပေါ် ကျရောက်နေဟန်တူသည်ကို မြင်သောအခါတွင် သူ့ဆံပင်များ အဆုံးစွန်ထိ ထောင်သွားလေသည်။
သူ့ကို အထိတ်လန့်ဆုံး ဖြစ်သွားစေသည့်ကိစ္စမှာ သူ့ရှေ့မှ လူ၏ ကျင့်ကြံခြင်းအခြေခံကို မမြင်နိုင်ခြင်း ဖြစ်သည်။ သက်စောင့်မီးတောက်နှင့် လူတစ်ယောက်အား ထိပ်တိုက်ကြုံတွေ့လိုက်ရမည်ကို သူ စိုးရိမ်သွားသည်။
“ ကြွပါ ”
ကျိုးဟုန်လီသည် ရင်ထဲတွင် တုန်ရီနေပါသော်လည်း မျက်နှာပေါ်တွင် မပြပေ။ သူက ခပ်တိုးတိုးပြောလိုက်ပြီး ချက်ချင်းပင် စီစဉ်လိုက်သည်။
ရုတ်တရက် ရွှီချင်းရှေ့မှ အစောင့်အားလုံး လူစုခွဲသွားပြီး တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင်သို့ သွားသည့်လမ်းအား ဖွင့်ပေးလိုက်ကြသည်။
ရွှီချင်းမှာ တည်ငြိမ်နေသည်။ တစ်ဖက်လူက သူ့အား မကြိုဆိုသည်ကို သူ သိသည်။ သူ့ကို မြန်မြန် ထွက်သွားစေချင်နေသည်မှာ သိသာသည်။ ယင်းအပြင် မြို့ထဲမှ လွင့်ပျံလာနေသော အရှိန်အဝါတချို့ကိုလည်း သူ အာရုံခံမိလိုက်သည်။
ယင်းသည် ကျင့်ကြံသူများထံမှ ထွက်ပေါ်လာခြင်းမဟုတ်ဘဲ အသက်သွင်းခံလိုက်ရသည့် မန္တန်အစီအရင်တချို့မှ ထွက်ပေါ်လာသည်နှင့် ဆင်တူသည်။
ထိုသို့ သတိထားသည်မှာ ပုံမှန်သာဖြစ်သည်ဟု ရွှီချင်း ခံစားလိုက်ရသည်။ မြေရိုင်းဒေသထဲရှိ မြို့တစ်မြို့အတွက် မျက်နှာစိမ်းအခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဝင်လာခဲ့ပါက သတိထားနေသည်မှာ ပုံမှန်မဟုတ်ပါလား။
ရွှီချင်းက ခေါင်းညိတ်ပြလိုက်ပြီး ဆက်အချိန်ဆွဲမနေရန် ဆုံးဖြတ်လိုက်သည်။ သူက လှစ်ခနဲ ပြေးထွက်သွားပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ဆီသို့ ပျံသန်းသွားသည်။ သူက မြန်ဆန်လွန်း၍ ဘေးပတ်လည်တွင် လေပြင်းများပင် တိုက်ခတ်သွားသည်။
ကျိုးဟုန်လီ၏ မျက်လုံးများ ပို၍ ကျဉ်းမြောင်းသွားပြီး နောက်မှ ချက်ချင်း လိုက်သွားသည်။
မကြာခင် တည်နေရာရွှေ့ပြောင်းသည့်နေရာသို့ ရွှီချင်း ရောက်သွားသည်။ ထိုနေရာကို ရှင်းလင်းထားပြီး ဘေးပတ်လည်တွင် တစ်ယောက်မှ မရှိပေ။ မန္တန်အစီအရင်အသက်သွင်းရန် တာဝန်ယူရသည့် အစောင့်အကြပ်အနည်းအကျဉ်းသည်သာ တုန်ရီနေလျက် လေးစားစွာဖြင့် ရွှီချင်းကို နှုတ်ဆက်လိုက်ကြသည်။
“ ဆရာကြီးကို နှုတ်ဆက်ပါတယ်။ မန္တန်အစီအရင် အဆင်သင့်ဖြစ်ပါပြီ။ ဘယ်သွားမှာလဲ ခင်ဗျာ ”
ရွှီချင်းက သူတို့ကို ကြည့်လိုက်ပြီးနောက် ခပ်လှမ်းလှမ်းအကွာမှ လိုက်ပါလာသည့် မြို့စားကို လှမ်းကြည့်လိုက်သည်။ ယင်းမှာ သာမန်ဖြစ်ပါသော်လည်း ထိုမြို့စားက အလွန် သတိထားနေသည်ကို သူ သိလိုက်ပြီး အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်၏ အဆင့်အတန်းကို သူ နက်နက်ရှိုင်းရှိုင်း နားလည်သွားသည်။
သူက တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်သို့ လျှောက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ ချီရွှဲ့ထုံဂိုဏ်း ပင်မမြို့ ”
သူ့စကားဆုံးသည်နှင့် မန္တန်အစီအရင်ကို တာဝန်ယူထားသည့် အစောင့်အရှောက်များက ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်ကြပြီး သူ့အတွက် မန္တန်အစီအရင်ကို စတင်ထိန်းညှိလိုက်သည်။ မည်သည့်ပြဿနာမှမရှိကြောင်း အကြိမ်ကြိမ် အခါခါ စစ်ဆေးကြည့်ပြီးနောက် သူတို့က ပေတစ်ရာကျော်အကွာအထိ နောက်ဆုတ်သွားကြသည်။
ရွှီချင်းက မန္တန်အစီအရင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။ မန္တန်အစီအရင်ကို သူ နားမလည်ပါသော်လည်း ကြိမ်ဖန်များစွာ တည်နေရာရွှေ့ပြောင်းပြီးနောက် တချို့အရာများကို သူ နားလည်လာခဲ့သည်။ သူက လှမ်းကြည့်ပြီးနောက် အထဲသို့ ဝင်လိုက်၏။ တည်နေရာရွှေ့ပြောင်းခြင်း မန္တန်အစီအရင် ဝင်းလက်သွားပြီး သူ့ခန္ဓာကိုယ် ချက်ချင်း ပျောက်ကွယ်သွားသည်။
မန္တန်အစီအရင်မှ ရွှီချင်း ပျောက်ကွယ်သွားသောအခါမှသာ ခပ်လှမ်းလှမ်းတွင် ရှိနေသည့် ကျိုးဟုန်လီမှာ စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပါသော်လည်း ထိုကဲ့သို့ လူသတ်သမားတစ်ယောက်ကို ရန်မစချင်ပေ။
“ ချီရွှဲ့ထုံဂိုဏ်းက မျက်နှာစိမ်းအခြေတည်အဆင့်ကျင့်ကြံသူတွေကို လက်မခံတဲ့ စည်းမျဉ်းရှိတာကို သူက သွားတယ်ဆိုတော့ ရာဇဝတ်ကောင်မဟုတ်ဖို့ များတယ်။ ချီရွှဲ့ထုံဂိုဏ်းက အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေနိုင်မလား ”
ကျိုးဟုန်လီက သူ့လည်ပင်းကို ပွတ်သပ်လိုက်ပြီး ခေါင်းယမ်းကာ ထိုကိစ္စအကြောင်း ဆက်တွေးမနေတော့ပေ။ သူ့အတွက် မျက်နှာစိမ်းအခြေတည်အဆင့်ကျင့်ကြံသူအားလုံးက အန္တရာယ်များသည်။ ထိုကျင့်ကြံသူများထဲတွင် သက်စောင့်မီးတောက်နှင့် လူတစ်ယောက်သာ ပါလာခဲ့ပါက သူ ချက်ချင်း သေကောင်းသေသွားနိုင်သည်။ သို့ဖြစ်ပေရာ ထိုသူများကို အဝေးသို့ တတ်နိုင်သမျှ မြန်ဆန်စွာ ပို့လွှတ်ရန်သည်သာ အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ထိုသို့မဟုတ်ဘဲ ပြဿနာတက်သွားခဲ့ပါက မိသားစုနှင့်ဝေးရာ ဤမြေရိုင်းဒေသရှိမြို့လေးထဲတွင် အဓိပ္ပာယ်မရှိဘဲ သူ သေသွားရမည်ဖြစ်သည်။ သူ့မိသားစုမှာလည်း အဖြစ်အပျက်အမှန်ကို သိရန် ခက်ခဲမည်ဖြစ်သည်။
အမှန်တရားတောင်တန်းကြီးနှင့် ပင်လယ်ပြင် ထိစပ်ရာ နန်းဟွမ်ကျွန်းကြီး၏ အရှေ့ဘက်ပိုင်း၌ ဧရာမသွေးမျက်လုံးကြီးခုနစ်လုံး၏ အကြည့်အောက်တွင် လူစည်ကားရာ ပင်မမြို့ကြီး၏ အလယ်ဗဟိုရှိ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်ထဲ ရုတ်တရက် ရွှီချင်း ရုပ်လုံးပေါ်လာသည်။
သူ ပေါ်လာသည်နှင့် ခေါင်းမော့၍ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
ပင်မမြို့ကြီးထဲရှိ အရပ်မျက်နှာအနှံ့မှ လာနေသော ပြင်းထန်သော အရှိန်အဝါတစ်ခုက သူ့အား လွှမ်းခြုံနေသည်ကို သူ ခံစားလိုက်ရသည်။ မည်သည့်လှုပ်ရှားမှုမှ သူ မလုပ်ပါသော်လည်း ယင်းအရှိန်အဝါသည် စောင့်ကြည့်ကင်မရာတစ်လုံးကဲ့သို့ပင်။
ထိုအရှိန်အဝါကို ရွှီချင်း မရင်းနှီးသည်တော့ မဟုတ်ပေ။ ယင်းသည် ချီရွှဲ့ထုံဂိုဏ်းမန္တန်အစီအရင်ကြီး၏ စွမ်းအားဖြစ်သည်။
ယခင် သူ ပြန်ရောက်စဉ်အခါက ထိုသို့ သူ တစ်ခါမှ မခံစားခဲ့ရပေ။
သို့သော်လည်း ယခု အခြေတည်အဆင့်သို့ ရောက်သွားပြီး ပြန်လာသောအခါတွင် မည်သည့်အတွက်ကြောင့် မျက်နှာစိမ်းအခြေတည်အဆင့် ကျင့်ကြံသူများ ချီရွှဲ့ထုံဂိုဏ်းသို့ အတင်းကာရော မဝင်ရဲသည်ကို သူ ချက်ချင်း နားလည်သွားရသည်။
ဤမန္တန်အစီအရင်က သာမန်ဂိုဏ်းသားများထက် အခြေတည်အဆင့်ကျင့်ကြံသူများအား ပို၍ ဦးစားပေးကာ အာရုံစိုက်မှန်း သိသာသည်။ ထိုအချိန်၌ ရွှီချင်း၏ ဂိုဏ်းတံဆိပ်ပြားက ဝင်းလက်နေပါသော်လည်း တောင်ပေါ်သို့ တက်၍ စာရင်းမသွင်းရသေးသည့်အတွက်ကြောင့် စောင့်ကြည့်ခံနေရသည့် ခံစားချက်ကို ပျောက်အောင် မဖြေရှင်းနိုင်သေးပေ။
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အကြည့်လွှဲကာ တည်နေရာရွှေ့ပြောင်းခြင်းမန္တန်အစီအရင်အောက်သို့ တည်ငြိမ်စွာ လျှောက်လာသည်။
မန္တန်အစီအရင်၏ မမြင်ရသော လွှမ်းခြုံမှုကို တခြားကျင့်ကြံသူများ ဖြစ်စေ၊ သာမန်လူများ ဖြစ်စေ သတိမထားမိပေ။ ရွှီချင်းက ထွက်လာပြီးနောက် သူ ပြင်ထားခဲ့သည့် တာအိုဝတ်ရုံကို လဲလှယ်လိုက်သည်။
ယခင် ပင်လယ်ဖွတ်ကျွန်းသို့ သွားခဲ့စဉ်က သူ အတွေ့အကြုံအနည်းငယ် ရခဲ့သည်ဖြစ်၍ သိုလှောင်အိတ်ထဲတွင် တာအိုဝတ်စုံများစွာ ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ရွှီချင်းက ချီရွှဲ့ထုံဂိုဏ်း၏ မီးခိုးရောင်တာအိုဝတ်ရုံကို ဝတ်ဆင်၍ လမ်းများထက် လျှောက်လာခဲ့သည်။ သူက ကျင့်ကြံခြင်းအခြေခံကို ကြိုးစားထိန်းချုပ်၍ မန္တန်အစီအရင်တွင် အပြောင်းအလဲများ ရှိ၊ မရှိကို လေ့လာလိုက်သည်။
သူ့ကျင့်ကြံခြင်းအခြေခံကို သူ အဆုံးစွန်ထိ ဖုံးကွယ်ထားခဲ့ပြီး ဘေးမှ ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများက သူ့ကို အာရုံမခံမိပါသော်လည်း မန္တန်အစီအရင်က ဆက်လက်စောင့်ကြည့်နေဆဲပင်။ ယင်းကြောင့် ချီရွှဲ့ထုံဂိုဏ်း၏ မန္တန်အစီအရင်ကို သူ နက်ရှိုင်းစွာ နားလည်လာရသည်။
“ ငါ့အရိပ်နဲ့ ငါ့ကိုယ်ငါ ဖုံးပြီး မန္တန်အစီအရင် စောင့်ကြည့်မခံရအောင် လုပ်ရင် ဘယ်လိုနေမလဲ မသိဘူး ”
ရွှီချင်းက စဉ်းစားကြည့်လိုက်ပါသော်လည်း မစမ်းသပ်ပေ။ သူ့အမြင်အရ ထိုသို့ စမ်းသပ်ရန် မလိုအပ်ပေ။ ယင်းစမ်းသပ်ခြင်းသည် အလုပ်ဖြစ်သည်ဖြစ်စေ၊ အလုပ်မဖြစ်သည်ဖြစ်စေ အန္တရာယ်များလာနိုင်သည်။
“ ဒီတော့ တောင်ပေါ်ကို သွားတာပေါ့ ”
ရွှီချင်းက ခပ်တိုးတိုးရေရွတ်လိုက်ပြီး အဝေးမှ သတ္တမမြောက်တောင်ထိပ်ကို ကြည့်၍ လျှောက်သွားလိုက်သည်။
လမ်းတစ်လျှောက်တွင် ဈေးဆိုင်များစွာကို သူ ကျော်ဖြတ်လာခဲ့သည်။ မထူးခြားသည့်အသွင်အပြင်ဖြင့် ခပ်မြန်မြန်သွားနေသော လမ်းသွားလမ်းလာများနှင့် ရံဖန်ရံခါ ပေါ်လာတတ်သော မီးခိုးရောင်ဝတ်ရုံဝတ် ဂိုဏ်းသားများကို ကြည့်၍ ချီရွှဲ့ထုံဂိုဏ်းသို့ သူ စရောက်ကတည်းက ယခုတိုင်အောင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများစွာကို ပြန်တွေးမိသွားသည်။
သူ ရင်ထဲတွင် သက်ပြင်းချလိုက်ပါသော်လည်း နောင်တွင် တစ်လလျှင် အနိမ့်ဆုံး ဝိညာဉ်ကျောက်တုံးငါးထောင် ရမည်ဆိုသော မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။
သူက တဖြည်းဖြည်း ခပ်သွက်သွက်လျှောက်လာစဉ် အဝေးမှနေ၍ ရင်းနှီးသော လူရိပ်တစ်ရိပ်ကို မြင်လိုက်ရသည်။
တစ်ဖက်လူ ရောက်ရှိလာခြင်းကြောင့် ဘေးပတ်လည်မှ သာမန်လူများက ချက်ချင်းပင် လေးစားကြည်ညိုစွာ နှုတ်ဆက်လိုက်ကြသည်။ သူတို့က ဘေးသို့ ဖယ်ပေးလိုက်ရာ လူအုပ်ထဲရှိ သာမန်ဂိုဏ်းသားများမှာ ပို၍ လေးစားလာကြသည်။ သို့သော် သူတို့မျက်လုံးများထဲမှ မနာလိုစိတ်များကို ဖုံးကွယ်ရန် ခဲယဉ်းလှပေသည်။
ယင်းလူရိပ်မှာ ခရမ်းရောင်ဖျော့ဖျော့တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ဖြစ်သည်။ လူအုပ်ကြီးထဲ သူ ဖြတ်လျှောက်လာသည့်အခါ ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံက သူ၏အဆင့်အတန်းကို ဖော်ပြနေသည်။ သူ၏ ထူးခြားသော ရုပ်ရည်သွင်ပြင်နှင့် ကြောက်မက်ဖွယ် ကျင့်ကြံခြင်းအရှိန်အဝါတို့ကို တွဲဖက်လိုက်သည့်အခါတွင် လူအားလုံး၏ အမြင်၌ လူ့လောကသို့ ဆင်းသက်လာသည့် နတ်ဘုရားသားတော်တစ်ပါးအလား ထင်မှတ်ရပေသည်။
ယင်းလူရိပ်မှာ ကျောက်ကျုံးဟန်ပင်။
ရွှီချင်းက သူ့ကို မြင်သောအခါ သူသည်လည်း ရွှီချင်းကို မြင်သွားသည်။
ယခင်ကဆိုလျှင် ကျောက်ကျုံးဟန်သည် ရွှီချင်းကို စကားတစ်ခွန်းမဆိုဘဲ ချက်ချင်း လှည့်ထွက်သွားမည် ဖြစ်သည်။ သို့သော်လည်း ယနေ့ ရွှီချင်းကို မြင်ပြီးနောက် သူက နှာမှုတ်ကာ ဝေဟင်ကို ချက်ချင်း ညွှန်ပြလိုက်သည်။
ရုတ်တရက် လေထဲတွင် တားမြစ်ပင်လယ်ဝေလနဂါးတစ်ကောင် ပေါ်လာသည်။ ၎င်းက ကောင်းကင်တွင် ဟိန်းဟောက်မာန်ဖီပြီးနောက် ပျောက်ကွယ်သွားသည်။
ယင်းမြင်ကွင်းကြောင့် ဘေးပတ်လည်မှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာသည်။ သာမန်ဂိုဏ်းသားအများစုက ချီကျူးဂုဏ်ပြုစကားများ ပြောရန်လည်း မေ့မနေပေ။
ကျောက်ကျုံးဟန်က ဘဝင်ခိုက်နေသည့်အမူအရာဖြင့် မျက်နှာသေနှင့် ရွှီချင်းကို ကြည့်ကာ ဝင့်ကြွားစွာ ပြောလိုက်သည်။
“ တားမြစ်ပင်လယ်ဝေလနဂါးကို ငါလည်း ကျင့်နိုင်ခဲ့ပြီကွ ”
ရွှီချင်းသည် မျက်နှာအမူအရာပြောင်းလဲမသွားဘဲ ကျောက်ကျုံးဟန်ကို လျစ်လျူရှု၍ သတ္တမမြောက်တောင်ထိပ်သို့ ဆက်လျှောက်သွားသည်။
ကျောက်ကျုံးဟန် မျက်မှောင်ကြုတ်သွားပြီး ရွှီချင်း၏ အံ့အားသင့်နေသည့်အမူအရာကို မမြင်လိုက်ရသည့်အတွက်ကြောင့် စိတ်မသက်မသာ ဖြစ်သွားရသည်။ သို့သော်လည်း ပင်လယ်ပြင်မှ ဖြစ်ရပ်က သူ့ခေါင်းထဲတွင် အရိပ်ပမာ ထင်ဟပ်နေဆဲပင်။ ထို့ကြောင့် သူက အံကြိတ်၍ ဆက်ကြွားလုံးထုတ်မနေတော့ဘဲ သတ္တမမြောက်တောင်ထိပ်သို့ လျှောက်သွားသည်။
ယခုတစ်ခေါက် တောင်အောက်သို့ သူ ဆင်းသွားခဲ့ခြင်းသည် လူတစ်ယောက်အား လက်ရာမြောက်သော ဖီးနစ်ဆံထိုး လုပ်ပေးရန် တောင်းဆိုခြင်းဖြစ်ပြီး ယခု တောင်ပေါ်သို့ သူ ပြန်သွားခြင်းသည် ထိုဆံထိုးအား ဂိုဏ်းတူအစ်မတင်းကို သွားပေးရန် ဖြစ်သည်။
မြို့တောင်ဘက်၌ သတ္တမမြောက်တောင်ထိပ်သို့ သွားရာ လမ်းတစ်လမ်းတည်းသာ ရှိပြီး လမ်းသွားလမ်းလာများ နည်းပါးသည်ထက် နည်းပါးလာသည်။ ထို့ကြောင့် ရှေ့ဆက်သွားနေသော ရွှီချင်းကို ကြည့်၍ ကျောက်ကျုံးဟန် အံ့အားသင့်သွားရသည်။
ရွှီချင်းက တောင်ထိပ်ဝင်ပေါက်သို့ သွားနေသည်ကို သူ သတိပြုမိလိုက်သည်။
သူ သိချင်စိတ်ပြင်းပြလာရပါသော်လည်း မာနခံနေသောကြောင့် မမေးတော့ပေ။ သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ရွှီချင်းက သတ္တမမြောက်တောင်ပေါ်လမ်းနှင့် ပေတစ်ထောင်သာ ကွာဝေးတော့သည့်အချိန်သို့ ရောက်သောအခါတွင် ကျောက်ကျုံးဟန်မှာ မနေနိုင်တော့ဘဲ မေးလိုက်သည်။
“ ရွှီချင်း၊ ဘယ်သွားမှာတုံး ”
ကျောက်ကျုံးဟန်သည် ခပ်သွက်သွက်လျှောက်ကာ ရွှီချင်းအနီးသို့ ရောက်သည်နှင့် မေးလိုက်သည်။
“ တောင်ပေါ်လေ ”
ရွှီချင်းက မျက်မှောင်ကြုတ်၍ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ တောင်ပေါ်လား။ မီးခိုးရောင်ဝတ်ရုံဝတ်သာမန်ဂိုဏ်းသားတွေက ဆင့်ခေါ်မခံရဘဲ တောင်ပေါ်ကို သွားလို့မရဘူးလေ။ ဆင့်ခေါ်ခံရတယ်ဆိုရင်တောင် လမ်းပြတစ်ယောက်ပါမှ သွားလို့ရတာ။ အဓိကဂိုဏ်းသားတွေပဲ တောင်ပေါ်ကို တစ်ယောက်တည်း တက်ခွင့်ရှိတာ ”
ကျောက်ကျုံးဟန်က ရွှီချင်းကို အကြိမ်အနည်းငယ် စေ့စေ့စပ်စပ်ကြည့်လိုက်ပါသော်လည်း ရွှီချင်းထံမှ မည်သည့်အရှိန်အဝါကိုမျှ မမြင်ရသည့်အပြင် ရှေ့တူရှုရှိ တောင်ပေါ်လမ်းတွင် စောင့်နေသည့် လူတစ်ယောက်ကိုမှလည်း မမြင်ရသည့်အတွက်ကြောင့် အေးတိအေးစက်ပြောလိုက်သည်။
ရွှီချင်းက ကျောက်ကျုံးဟန်ကို ဂရုမစိုက်ဘဲ ရှေ့ဆက်သွားကာ တောင်ပေါ်လမ်းရှိ လှေကားထစ်များပေါ်သို့ ရောက်သွားသည်။
ထိုမြင်ကွင်းကို မြင်သောအခါ ကျောက်ကျုံးဟန်က သရော်စကားဆိုလိုက်သည်။
“ သာမန်ဂိုဏ်းသားတစ်ယောက် တောင်ပေါ်ကို အကြောင်းအရင်း မရှိဘဲ တက်ရင် မန္တန်အစီအရင်က သတ်ပစ်တာနော်။ ရွှီချင်း … ငါထင်တာတော့ မင်း … ”
ကျောက်ကျုံးဟန် စကားမဆုံးခင် သူ့ရှေ့မှ ရွှီချင်းက ပုံမှန်မျက်နှာအမူအရာဖြင့် ပထမလှေကားထစ်ပေါ်သို့ ခြေချလိုက်သည်။
သူ့ညာခြေထောက် ခြေချလိုက်သည့်အခိုက် သတ္တမမြောက်တောင်ထိပ်၏ တောင်ပေါ်လမ်းရှိ လှေကားထစ်များ ချက်ချင်း ဝေဝါးသွားသည်။ တစ်ခုခုကို အသိအမှတ်ပြုသည့်အလား သူ့ထံသို့ မမြင်နိုင်သော အားတစ်ခု ချက်ချင်း ဝင်ရောက်လာသည်။
ရွှီချင်းက ခေါင်းမော့၍ ခပ်လှမ်းလှမ်းရှိ တောင်ထိပ်ကို ကြည့်လိုက်သည်။ ထိုအချိန်၌ သူ့ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပေါက်ကွဲထွက်လာပြီး အခြေတည်အဆင့်အရှိန်အဝါများ အရှိန်အဟုန်ပြင်းစွာ လွင့်ပျံလာသည်။ သတ္တမမြောက်တောင်ထိပ်ပေါ်မှ ခေါင်းလောင်းသံ တဒေါင်ဒေါင် မြည်လာ၏။
ချိုလွင်ကြည်အေးသော ခေါင်းလောင်းသံများကြားတွင် ရွှီချင်းက လှေကားထစ်များပေါ် နင်းလျှောက်သွားသည်။ သူ့နောက်တွင် ရှိနေသော ကျောက်ကျုံးဟန်မှာ သူ၏ အခြေတည်အဆင့် အရှိန်အဝါကြောင့် နောက်လန်သွားသည်။ ကျောက်ကျုံးဟန်၏ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်နှာဖြူရော်သွားသည်။ သူ့စိတ်ထဲတွင် ခံစားချက်လှိုင်းများ တဝုန်းဝုန်းရိုက်ခတ်နေပြီး သူ့မျက်လုံးများ ပြုတ်ကျလုမတတ် ဖြစ်နေသည်။
“ အ … အ … အခြေတည်အဆင့် ”