ရူးသွပ်မှုအတွင်း သက်ဆင်း၍
Vol. 13 Ch. 1232
ပိုင်ရှောင်ချန်းက အဆုံးမရှိသော သဲနာရီများကို လေးနက်စွာ ဝေ့ဝိုက်ကြည့်ရင်း မလှုပ်မယှက် ရပ်နေလေသည်။ နောက်ဆုံးတွင် သူသည် အချိန်၏အနှစ်သာရကို ဉာဏ်အလင်းရရှိရန်နှင့်ပတ်သက်၍ ပိုင်ရှောင်ချီ ပြောခဲ့သည့်အရာကို ပြန်သတိရလိုက်သည်။
" ငါ့ရဲ့ ပဝေသဏီအပိုင်းက အချိန်ရဲ့အနှစ်သာရနဲ့ သေချာပေါက် တစ်ခုခုပတ်သက်နေတယ် "
သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။
ရှေးမဆွက ပိုင်ရှောင်ချန်းသည် အနှစ်သာရအကြောင်း ကြားခဲ့သော်လည်း သိပ်နားမလည်ပေ။ ယပ်တောင်အစုတ်ကြီးနှင့် ပိုင်ရှောင်ချီကို ကြုံတွေ့ပြီးနောက် သူ၏အသိအမြင်များ တိုးပွားလာခဲ့သည်။ နောက်ဆုံး၌ သူသည် ယပ်တောင်၏ ပိုင်ရှင်ဖြစ်လာပြီး ယပ်တောင်မျက်နှာရှိ ရှင်သန်ခြင်းနှင့်သေခြင်းတရား တာအိုမျှော်စင်အရှေ့တွင် ကျင့်ကြံအားထုတ်သည်။ ထိုအခါ သူ၏အသိအမြင်မှာ တဖြေးဖြေး ပို၍ ပြည့်စုံလာခဲ့ရသည်။
သို့သော် သူက ထိုအသိအမြင်ကို စကားထဲ ထည့်မပြောနိုင်သေးပေ။
ယခုအချိန်တွင် သူသည် အနှစ်သာရများ ကိန်းအောင်းနေသော ရတနာအစစ်တစ်ပါးအထဲတွင် ရပ်နေသည့်အလား ခံစားရလေသည်။ သို့သော် သူ၏သဘောပေါက်နားလည်နိုင်စွမ်းမှာ မပြည်စုံသေးသောကြောင့် ၄င်း၏အဓိပ္ပါယ်ကို မဖမ်းဆုပ်နိုင်ပေ။ သူက အလွန်အရေးပါသောသော့ချက်တစ်ခုခု လွတ်နေသည့်အလား ဖြစ်နေတော့သည်။
တခဏတိတ်ဆိတ်နေပြီးနောက် သူက စိတ်ပိုင်းဖြတ်ထားခြင်းနှင့် အာရုံစူးစိုက်ခြင်းတို့ဖြင့် မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေလျက် ခေါင်းမော့လိုက်သည်။
" ငါ အသိအမြင်ကို တိုက်ရိုက် မရှာဖွေနိုင်ရင် ဒီအတိုင်းထိုးဖောက်လိုက်မယ် "
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ သူ၏အရပ်လောက်ရှိသော သဲနာရီတစ်ခုထံ လမ်းလျှောက်သွားလိုက်သည်။ အနားအလွန်ကပ်မသွားရဲဘဲ ၄င်းကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီး ၄င်းအတွင်းရှိ အချိန်စီးဆင်းမှုမှာ ပုံမှန်ထက် သုံးဆမြန်ကြောင်း သူ တွေ့လိုက်ရလေသည်။ သူက တင်ပျဥ်ခွေထိုင်၍ တရားထိုင်တော့သည်။
ဤနေရာသည် ပင်ကိုယ်အားဖြင့် အန္တရာယ်များသည့်ပုံ မပေါ်သော်လည်း အမှန်တကယ်တွင် အလားအလာရှိသော ဘေးအန္တရာယ်များက သဲနာရီများအသွင်ဖြင့် ပြည့်နှက်နေကြောင်း ပိုင်ရှောင်ချန်း သိသည်။
တည်ရှိသမျှထဲ စွမ်းအားအကြိီးဆုံး တာအိုမှော်အတတ်အချို့က အချိန်စီးဆင်းမှုနှင့် ပတ်သက်၏။ သူ ဂရုမစိုက်လျှင် ဤကမ္ဘာ၏အပြင်ဘက်ထက် သိန်းပေါင်းများစွာ သို့မဟုတ် သန်းပေါင်းများစွာပင် ပို၍မြန်သော အချိန်စီးဆင်းနေသည့် သဲနာရီတစ်လုံးကို အမှတ်မထင် တွေ့ဆုံမိနိုင်သည်။ ထိုဖြစ်ရပ်၌ အပြင်ဘက်တွင် အချိန်အနည်းငယ်လေးမျှသာ ကုန်ဆုံးပြီး သူ့အတွက် အချိန်ပမာဏများစွာ ကုန်ဆုံးသွားနိုင်လေသည်။
ထိုကဲ့သို့ အခြေအနေတစ်ရပ်သည် ကြီးကြီးမားမားကိစ္စမဖြစ်လောက်ပေ။ သို့သော် ဆန့်ကျင်ဘက်အခြေအနေဆိုပါက မည်သို့ဖြစ်မည်နည်း။အသက်တစ်ရှိုက်လေးအတွက် အပြင်ဘက်တွင် တစ်နှစ်ကုန်သွားစေမည့် သဲနာရီတစ်ခုကိုသာ ဝင်ရောက်မိပါက မည်သို့လုပ်မည်နည်း။
တစ်ချက်က အကယ်၍ သူ ထာဝရအင်မော်တယ်နယ်မြေများမှ အလွန်ကြာမြင့်စွာ အဝေးရောက်နေလျှင် ဗဟိုဧကရာဇ်နိုင်ငံတော်အတွက် အလွန်အန္တရာယ်များနိုင်သည်။ နောက်တစ်ချက်မှာ ထိုကဲ့သို့ အတွေ့အကြုံတစ်ခုက သူ၏သက်တမ်းကို မည်သို့ ထိခိုက်စေမည်ဖြစ်ကြောင်း အတိအကျ မသိပေ။ သူ၏သက်တမ်းမှာ ထာဝရအင်မော်တယ်နယ်မြေများ၏ တည်ရှိမှုဖြင့် ဆက်နွယ်နေသည်လော။ သို့တည်းမဟုတ် သူ၏ အတွေ့အကြုံနယ်ပယ်အပေါ် အခြေခံ၍ ကုန်လွန်မည်လော။
သက်မဲ့အရာများအတွက် အကဲဖြတ်ရန် ပို၍လွယ်ကူလောက်ပေမည်။ သို့သော် ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်ပြီး သူ၏ဖြစ်တည်မှုမှာ ထာဝရအင်မော်တယ်နယ်မြေများဖြင့် လေးနက်စွာ ဆယ်နွှယ်နေလေသည်။ သူ၏ကမ္ဘာမှ အချိန်အတော်ကြာ ထွက်ခွာလာခြင်းက သူ၏တာအိုသစ်စေ့ကို တစ်နည်းနည်းဖြင့် သက်ရောက်မည်လား၊ ၄င်းကို ထိခိုက်စေလောက်မည်လား၊ သူ ဘယ်နည်းနှင့်မှ မသိနိုင်ပေ။
ထို့ကြောင့် သူသည် ဤနေရာ၌ ရွေးချယ်မှုများပြုလုပ်ရာတွင် လွန်စွာ သတိထားရလိမ့်မည်။
သူက မျက်လုံးများပိတ်၍ အချိန်ကုန်ဆုံးမှုအပေါ် အာရုံစိုက်လိုက်သည်။ ပထမတွင် အပြင်ဘက်ရှိ အချိန်စီးဆင်းမှုက မည်ကဲ့သို့ ကွာခြားသည်ကို တွေးေတာရန် ခက်ခဲဟန်တူသည်။ သို့သော်ငြား အချိန်တို့ကုန်လွန်လာသည်နှင့် သူသည် တဖျပ်ဖျပ်လက်နေသော အကြွင်းအကျန်များ ဖြစ်ဟန်တူသည့်အရာကို တဖြေးဖြေး စတင် သတိပြုမိလာ၏။ ကံဆိုးစွာပင် ထိုအကြွင်းအကျန်များက မည်သည့်အရာများဖြစ်ကြောင်း သူ အတိအကျ မသိပေ။
ပို၍ဆိုးဝါးသည်မှာ ၄င်းတို့က အလွန်နည်းပါးလွန်းသည်။ ရက်ပေါင်းများစွာကြာပြီးနောက် သူက မျက်လုံးများကို ဖွင့်လိုက်၏။ ဤကမ္ဘာ၏ သော့ချက်ကို ဆုပ်ကိုင်ရန် များစွာပို၍ နီးကပ်လာနေကြောင်း သူ ခံစားရသော်လည်း အောင်မြင်မှုဆီမှ ဝေးကွာနေသေးသည်။
" အဲဒါ ... အချိန်ရဲ့အကြွင်းအကျန်တွေများလား "
သူက အမြင်အားဖြင့် ပုံရိပ်ယောင်ဖြစ်သော အကြွင်းအကျန်များကို စဥ်းစား၍ ချီတုံချတုံတွေးလိုက်သည်။ မည်သည့်အတွက်ကြောင့်မသိ သူ ၄င်းတို့ကို ကြည့်သည့်အချိန်တိုင်း ကွေးညွတ်နေသည့်လဏ္ခာရပ် သို့မဟုတ် ပုံပျက်နေသည့်ပမာ အာရုံရနေသည်။
ထိုအခိုက် သူ၏သိချင်စိတ်များ ပြင်းထန်လာပြီး ဤကမ္ဘာအတွင်း သူ လာရောက်ရသော ပန်းတိုင်ကား အဖိုးထိုက်ရတနာ၏ ပိုင်ဆိုင်မှုကို ရယူရန် နည်းလမ်းအား ရှာရန်ဖြစ်သည်ကို သူ မေ့လျော့သွားခဲ့ပြီ ဖြစ်သည်။ ခေါင်းထဲတွင် သူမြင်ခဲ့သည့် အကြွင်းအကျန်များ၏အတွေးများဖြင့် ပြည့်နှက်နေလျက် သူက အချိန်ဆယ်ဆကွာခြားသော နောက်ထပ်သဲနာရီတစ်ခု ရှာပြီး တရားထိုင်ရန် ထိုင်ချလိုက်လေသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူ၏မျက်လုံးများပွင့်လာကာ သူ့ပုံစံက အတန်ငယ် ဇဝေဇဝါဖြစ်နေဟန်တူသည်။ ဤနေရာတွင် အကြွင်းအကျန်များ ပိုများသော်လည်း ၄င်းတို့ကို သူ သဲသဲကွဲကွဲ မမြင်ရပေ။ သူက မချင့်မရဲဖြစ်နေလျက် အံကြိတ်လိုက်သည်။
" ငါ မအောင်မြင်ဘူးဆိုတာ မယုံနိုင်ဘူး။ အဲဒီအကြွင်းအကျန်တွေက သေချာပေါက် အချိန်ရဲ့အနှစ်သာရတွေပဲ "
ဤတစ်ကြိမ်တွင် သူသည် ပုံမှန်ထက် အဆတစ်ရာ ပိုမြန်သော အချိန်စီးဆင်းနေသည့် သဲနာရီတစ်လုံးကို ရှာလိုက်သည်။ သူက ထိုင်၍ ၄င်းကို အနီးကပ်ကြည့်ပြီး နောက်တစ်ကြိမ် ဉာဏ်အလင်းရှာဖွေတော့သည်။
ဤဉာဏ်အလင်း၏ အခန်းကဏ္ဍသည် သူတွေ့ကြုံခဲ့ဖူးသမျှထဲ
ဘဝပြောင်းလဲစေနိုင်သည့်အရာများအနက် တစ်ခုဖြစ်၏။ သူ အကြွင်းအကျန်များဟု ယုံကြည်ထားသည့်အရာများက ဤသဲနာရီထဲတွင် ပို၍ များပြားစွာ ရှိနေကြောင်း သဘောပေါက်လိုက်သဖြင့် သူ တဆတ်ဆတ်တုန်သွားပြီး အသက်ပင် မနည်းရှူလိုက်ရလေသည်။
ထိုမျှသာမက အကြွင်းအကျန်များကို ဝန်းရံထားသော နေရာသည် နည်းလမ်းတစ်ခုခုကြောင့် ပုံပျက်ရှုံ့တွပြီး ပျက်စီးသွားခဲ့ပုံရကြောင်း သူ သဘောပေါက်လိုက်သည်။ အကြွင်းအကျန်များကိုယ်တိုင်က ပြိုင်ဘက်ကင်းပြီး ထူးဆန်းသောစွမ်းအားအသွင်တစ်ခုခု၏ သက်သေဖြစ်သည့်အလားပင်။
သူ ပြောနိုင်သည်မှာ ထိုစွမ်းအားသည် အစောပိုင်းက သူ အာရုံရခဲ့သော ကွေးညွတ်ခြင်းနှင့် ပုံပျက်ခြင်းကို ဖြစ်စေခဲ့သော စွမ်းအား ဖြစ်လေသည်။
၄င်းသည် အချိန်၏ စွမ်းအားမဟုတ်၊ သူ အလွန်ရင်းနှီးသော အခြားစွမ်းအားတစ်မျိုး ဖြစ်နေသည်။ သူက ထပ်မံစစ်ဆေးကြည့်ပြီး ရင်းနှီးမှုအာရုံ ကြီးထွားလာစဥ် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွား၏။ သူခံစားနေရသောအရာအား မယုံကြည်နိုင်လုနီးပါးပင်။
" ဆွဲငင်အား " သူက အံသြတုန်လှုပ်လျက် လွှတ်ခနဲ ပြောလိုက်၏။
" ဘယ် ...ဘယ်လိုတောင် ... ဖြစ်နိုင်တာတုန်း "
ကျင့်ကြံခြင်းကမ္ဘာတွင် ဆွဲငင်အားနှင့် ဆက်စပ်နေသည်ဟူ၍ သူသိသော ကျင့်စဥ်များ မရှိသော်လည်း ထိုကဲ့သို့ စွမ်းအားကို အသုံးပြုနိုင်သော မှော်ပစ္စည်းများစွာ ရှိလေသည်။
ပိုင်ရှောင်ချန်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဆွဲငင်အားဖြင့် ထိတွေ့ခဲ့ဖူးသည်။ သူသည် တစ်ခါက အလဲအလှယ်အဖြစ် သံလိုက်ဝိညာဥ်တောင်ပံတစ်စုံနှင့် သံလိုက်ပုလဲလုံးတစ်လုံးရယူကာ ဆေးဖော်စပ်နည်းတစ်ခုကို စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မြောက်ခြမ်းထံ ပေးအပ်ခဲ့လေသည်။ ယန်ဝေ့တောင်၏ တောင်ထိပ်သခင်ဖြစ်သော အဘွားအိုက အကယ်၍ သူသာ အကြောင်းတိုက်ဆိုင်ပါက ထိုပစ္စည်းနှစ်ခုမှ သံလိုက်စွမ်းအားကို နားလည်လာကာ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ သံလိုက်စက်ကွင်းမှော်အတတ်အား လေ့လာရာတွင် အသုံးပြုနိုင်ကြောင်း သူ့ကို ပြောခဲ့ဖူး၏။
ထိုအကြောင်းပြချက်အတွက် ပိုင်ရှောင်ချန်းသည် ထိုလေ့လာမှုလမ်းကြောင်းနောက်လိုက်ရင်း အချိန်များစွာ ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် သူ့ပတ်လည်ရှိ လူများ၏အဝတ်အစားများကို အပိုင်းပိုင်းစုတ်ဖြဲပစ်နိုင်သော သံလိုက်စက်ကွင်းစက်လုံးတစ်လုံး ဖန်တီးခဲ့မိလေသည်။
ထိုမျှသာမက နောက်ဆုံး၌ သူ၏မူးယစ်ဆေးလုံး ဖြစ်လာသော အဆိိပ်ငွေ့သည် အစက သူ၏ ဆွဲငင်ခြင်းနှင့် တန်ပြန်သက်ရောက်ခြင်း၏ အသိအမြင်ဖြင့် ထိန်းချုပ်ခံခဲ့ရသည်။
ကံဆိုးစွာပင် သူ၏လေ့လာမှုက တစ်ခါမှ သိပ်ဝေးဝေးမရောက်ခဲ့ဘဲ နောက်ဆုံးတွင် သူ လက်လျှော့လိုက်၏။ ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်ပိုင်း ထာဝရအင်မော်နယ်မြေများမှ အလွန်ဝေးကွာလွန်းသော အပြင်ဘက် ဟင်းလင်းပြင်၏အလယ်တွင် အချိန်၏အနှစ်သာရနှင့်အတူ ဆွဲငင်အား၏ လျှို့ဝှက်ဆန်းကြယ်စွမ်းအား တည်ရှိသည့် မိုးမြေဧကရာဇ်တစ်ပါး၏ အဖိုးထိုက်ရတနာကို ရှာတွေ့လိမ့်မည်ဟု သူမည်ကဲ့သို့ စိတ်ကူးနိုင်ခဲ့မည်နည်း။
အချိန်နှင့် ဆွဲငင်အား အကြား ခြားနားချက်များရှိသော်လည်း ထိုခြားနားချက်များမှာ သေးငယ်သည်။
သူ့ကိုယ်သူ ထိန်းချုပ်ရန် အကြိမ်ရေအနည်းငယ် ဝင်လေ၊ထွက်လေ ရှုမှတ်ပြီးနောက် သူက ဉာဏ်အလင်းရှာဖွေရန် သူ၏မျက်လုံးများအား နောက်တစ်ကြိမ် ပိတ်လိုက်သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများ ပွင့်လာပြီး သူ့ပုံစံက ယခင်ထက်ပင်ပို၍ တုန်လှုပ်နေပုံပေါ်လေသည်။
" တကယ်ပဲ ဆွဲငင်အားဟ။ ငါမမှားဘူး "
သူ အချိန်ဟု ယူဆထားခဲ့သည့်အရာမှာ အမှန်တွင် ဆွဲငင်အားဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ လုံးလုံးလျားလျား တုန်လှုပ်သွားတော့သည်။ သူသည် ယခင်က ဆွဲငင်အားဖြင့် အချိန်ကိုဆက်စပ်ရန် တစ်ခါမှ တွေးပင်မတွေးခဲ့ဖူးသော်လည်း ယခုတွင် ၄င်းတို့နှစ်ခုလုံးမှာ သူ၏အရှေ့တည့်တည့်၌ ထပ်နေကြပုံပေါ်လေသည်။
" ဒီမှာ ဘာတွေ ဖြစ်နေတာတုန်း… "
သူက စိတ်ရှုပ်ထွေးလျက် တွေးလိုက်လေသည်။ နောက်ဆုံး၌ သူက ထရပ်ပြီး အချိန်နှင့် ဆွဲငင်အားအကြားရှိ ဆယ်စပ်မှုကို နားလည်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
အချိန်စီးဆင်းမှု အဆတစ်ရာလေးမျှဖြင့် မလုံလောက်ပေ။ ထို့ကြောင့် သူက နီရဲနေသောမျက်လုံးများဖြင့် ပုံမှန်အမြန်နှုန်းထက် အဆငါးရာ အချိန်စီးဆင်းနေသော သဲနာရီတစ်လုံးကို ရှာလိုက်သည်။ ထို့နောက် အချိန်စီးဆင်းမှု အဆတစ်ထောင်။
သို့နှင့် သူက အဖြေများရှာဖွေရန် ဆက်လက်လှုပ်ရှားလိုက်သည်။ အဆတစ်ထောင်မှ အဆသုံးထောင်သို့ ရွှေ့သည်။ အဆငါးထောင်။ အဆရှစ်ထောင်...
ထိုအချိန် သူက မျက်လုံးများ တလက်လက်တောက်ပလျက် ထရပ်လိုက်သည်။
" ဆွဲငင်အားက အချိန်စိီးဆင်းမှုကို ပြောင်းလဲနိုင်တယ် "
သူ့အသွင်က စိတ်လှုပ်ရှားနေပုံပေါ်သော်လည်း သူ့မျက်လုံးများထဲရှိ စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်များက သိသိသာသာ ပေါ်လွင်နေ၏။ သူက လှည့်ထွက်၍ အချိန်စီးဆင်းမှု ဆယ်ဆရှိသော သဲနာရီတချို့ကို ရှာကာ သူ၏လေ့လာမှုတချို့ကို အတည်ပြုလိုက်လေသည်။ မကြာခင် သူက ဆွဲငင်အားနှင့် အချိန်အကြားရှိ ဆက်စပ်မှု၏ ပြည့်စုံသော အသိအမြင်တစ်ခုရှိလေပြီ။
"ဆွဲငင်အားက အားကောင်းလေလေ၊ အချိန်စီးဆင်းမှုက ပိုနှေးနှေးလေလေပဲ "
၄င်းမှာ စိတ်လှုပ်ရှားဖွယ်ကောင်းသော နားလည်သဘောပေါက်မှုတစ်ခုဖြစ်သည်။ ယခုတွင် ဤနေရာ၏ 'သော့ချက်'ကို ရှာဖွေရန် ကြိုးစားခြင်းနှင့်ပတ်သက်၍ သူ မေ့လျော့သွားခဲ့ပြီဖြစ်ပြီး ဆေးလုံးများအား လေ့လာစူးစမ်းသည့်အခါ မကြာခဏရောက်ရှိသွားတတ်သော အခြေအနေကို ပြန်ဖြစ်သွားလေသည်။ သူ အဖြေရသည့်မေးခွန်းတိုင်းက အသစ်သစ်သောမေးခွန်းများထံ ဦးတည်သွားလေသည်။
"ဒါပေမဲ့ ဆွဲငင်အားက ဘယ်က လာတာလဲ" ပိုင်ရှောင်ချန်းမှာ ထိုမေးခွန်းကြောင့် အမြဲဖိစီးနေခဲ့သော်လည်း ယခုတွင် ဤထူးဆန်းသောကမ္ဘာ၌ အဖြေတစ်ခုရှာဖွေရန် လုံးဝ သန္နိဋ္ဌာန်ချထား၏။ နောက်တစ်ဖန်ထပ်၍ သူသည် သဲနာရီများဖြင့် စတင်အလုပ်လုပ်တော့သည်။
သဲလွန်စများ ရှာဖွေနေစဥ် သူ မည်မျှဆိုသည်ကို မမှတ်မိတော့သည့်တိုင်အောင် နေ့ရက်များ ကုန်လွန်သွား၏။ သူ မောဟိုက်ပင်ပန်းနေပြီး သူ၏မျက်လုံးများ နွမ်းလျနေသော်လည်း သူသည် ဆွဲငင်အား၏ ရင်းမြစ်ကို ဆက်လက်ရှာဖွေသေးလေသည်။
နောက်ဆုံးတွင် သူသည် ပုံမှန်အမြန်နှုန်းထက် အဆတစ်သောင်းဖြင့် အချိန် ရွေ့လျားနေသော မီတာသုံးရာ အမြင့်ရှိ သဲနာရီတစ်လုံးကို လှမ်းကြည့်လိုက်သည်။
ဤကမ္ဘာကို သူ ပထမဆုံး ရောက်ရှိခဲ့တုန်းက ထိုကဲ့သို့ သဲနာရီတစ်လုံးကို လေ့လာရဲခဲ့မည် မဟုတ်ပေ။ သို့သော် ယခု သူ၏စွဲလမ်းနေသောအခြေအနေတွင် သူသည် တခဏလေးပင် တုံ့ဆိုင်းနေခြင်း မရှိချေ။
သူက တင်ပျဥ်ခွေထိုင်ချ၍ သူ့ကို စကားပြောနေသည့်အလား အသံတစ်သံကို ကြားသည်ဆိုရုံလေး ကြားလိုက်ရသဖြင့် တဆတ်ဆတ်တုန်ရီသွားလေသည်။