ရှေးပဝေသဏီကာလများဆီမှ တန်ခိုးရှင်တစ်ဦး
Vol. 13 Ch. 1233
ထိုအသံသည် မရေမတွက်နိုင်သော နှစ်ပေါင်းကုဋေကုဋာကို ဖြတ်၍ ဤနေရာသို့ မျောလွင့်လာခဲ့သည့်အလား ခပ်ယဲ့ယဲ့သာ အစပြုပြီး ပြတ်ပြတ်သားသားကြားရန် ခက်ခဲလေသည်။ ပိုင်ရှောင်ချန်း မည်မျှအာရုံစိုက်စေကာမူ စကားလုံးများကို တိတိပပ ကြားရန် မဖြစ်နိုင်သည်မှလွဲ၍ လူတစ်ယောက် စကားပြောနေသောအသံ ပေါက်လေသည်။
သို့သော် ထိုအသံလေးကပင် သူ၏ ပဝေသဏီအတွဲကို တစ်ခါမှမကြုံဖူးသော အားမာန်များဖြင့် ခုန်တက်သွားစေ၏။ သူ့ပတ်လည်ရှိ အချိန်စီးဆင်းမှုပင် ပြောင်းလဲသွားပုံရလေသည်။
သတိပြုဖွယ်အကောင်းဆုံးနှင့် အံဩတုန်လှုပ်ဖွယ်အကောင်းဆုံးမှာ အသံကြောင့် ပိုင်ရှောင်ချန်းက ဆွဲငင်အားကို အာရုံရလိုက်ခြင်း ဖြစ်သည်။
သူသည် အသံကို ပြတ်သားအောင် မလုပ်နိုင်သော်လည်း ၄င်းတွင် သူရှာဖွေနေသော အဖြေပါရှိကြောင်း ယုံကြည်ချက်ရှိလေသည်။
သူ၏မျက်လုံးများကို ဖွင့်လိုက်သည်တွင် ၄င်းတို့သည် စိတ်ပိုင်းဖြတ်ခြင်းများ၊ တိကျပြတ်သားခြင်းများဖြင့် ဝင်းလက်တောက်ပနေတော့သည်။ သူက ရိပ်ခနဲ လှုပ်ရှား၍ မီတာ ၆၀၀ အမြင့် သဲနာရီတစ်လုံးထံ ဦးတည်လိုက်သည်။
ဤနေရာရှိ အချိန်စီးဆင်းမှုကား ပုံမှန်အမြန်နှုန်း၏ အဆနှစ်သောင်းပင်။
ဤနေရာတွင် ဆွဲငင်အားဆိုင်ရာ အခိုးအငွေ့များကို မြင်ရန် ပို၍ လွယ်ကူပြီး တချိန်တည်းမှာပင် အသံကို အသေးစိတ်အတိအကျ မကြားရသေးသော်လည်း ပို၍ပြတ်သားလာ၏။ မကြာခင် မီတာ ( ၉၀၀ ) အမြင့် သဲနာရီတစ်လုံးထံ သူရွှေ့လိုက်သည်။ ထို့နောက် မီတာ ( ၁၂၀၀ ) အမြင့်တစ်လုံး၊ ထို့နောက် မီတာ ( ၁၅၀၀ ) အမြင့်တစ်လုံး ....
နောက်ဆုံး သူသည် မီတာ ( ၂၄၀၀ ) အမြင့် သဲနာရီတွင် ဖြစ်ပြီး ထိုအချိန် အသံမှာ ပို၍ ကြည်လင်ပြတ်သားလာ၏။ ပိုင်ရှောင်ချန်းမှာ အရူးအမူး အခြေအနေတစ်ရပ်ကို လုံးလုံးလျားလျား ဆိုက်ရောက်နေပြီး မကြာခင် အချိန်စီးဆင်းမှု ပုံမှန်ထက် အဆတစ်သိန်း ပိုမြန်သော မီတာ ( ၃၀၀၀ ) အမြင့် သဲနာရီကို ရောက်သွားတော့သည်။
တချိန်လုံး အသံက ပိုမိုပြတ်သားလာသော်လည်း သူက မည်သည့်အရာကို ပြောလိုက်ကြောင်း အသေးစိတ် မကြားနိုင်သေးပေ။ သို့သော် အချိန်စီးဆင်းမှု အဆတစ်သိန်းကို ကြုံတွေ့ချိန်တွင် သူသည် ပတ်ဝန်းကျင်ရှိ ဆွဲငင်အားကား တင်းကျပ်စွာ တည်ရှိမနေကြောင်း သဘောပေါက်လိုက်သည်။ အမှန်တကယ်ဆိုရလျှင် ၄င်းမှာ သူ၏တည်ရှိမှုကို တုံ့ပြန်နေဟန်တူပြီး ဤတိကျသော ရှာဖွေမှုလမ်းကြောင်းအပေါ်တွင် ဆက်သွားရန် သူ့ကို လှုံ့ဆော်ပေးေနသော စူးစမ်းရှာဖွေမှုတစ်ခု အလားပင်။
မီတာ ( ၆၀၀၀ ) အမြင့် သဲနာရီ။ မီတာ ( ၉၀၀၀ ) ။ မီတာ ( ၁၂၀၀၀ ) ....
ပိုင်ရှောင်ချန်းမှာ သရဲသဘက်စီးနေသည့်အလား ကြီးသထက် ကြီးသော သဲနာရီများကို အရူးအမူးရွေးချယ်နေသည်။ နောက်ဆုံးတွင် အချိန်စီးဆင်းမှု ပုံမှန်ထက် အဆတစ်သန်း ပိုမြန်သော မီတာ ( ၃၀၀၀၀ ) အမြင့်သဲနာရီတစ်လုံးထံ သူရောက်ရှိသွား၏။ သို့ထိတိုင် သူက အသံပြောနေသောအရာကို မကြားနိုင်သေးပေ။
၄င်းက ဆက်လက်၍ ပိုမိုပြတ်သားလာသော်လည်း ပြောဆိုသူ မည်မျှကျယ်လောင်စွာ ပြောဆိုေနစေကာမူ စကားလုံးများအား ပြတ်ပြတ်သားသားမကြားရစေသော အတားအဆီးတစ်ခု ရှိနေဟန်တူ၏။
အတားအဆီး ဖျက်စီးမခံရသရွေ့ ကြားရမည်မဟုတ်ပေ။ သို့မဟုတ် ၄င်းကို ဖျက်စီးနိုင်သည့် အလားအလာရှိသော သဲနာရီတစ်လုံးထံ ရောက်သည့်အခါမှ ဖြစ်ကောင်းဖြစ်နိုင်သည်။
နားထဲရှိ မပြတ်သားသော အသံအတွက် ပိုင်ရှောင်ချန်းသည် ကြောက်ခမန်းလိလိ လေ့လာခြင်းအဆင့်များထံ ဆက်သွားတော့သည်။ မီတာ ကိုးသောင်း၊ မီတာ တစ်သိန်းရှစ်သောင်း။ နောက်ဆုံး၌ သူသည် မီတာ နှစ်ဆယ့်လေးသိန်း အမြင့်ရှိသော သဲနာရီတစ်လုံးအရှေ့တွင် ဖြစ်သည်။
ဤသဲနာရီရှိ အချိန်စီးဆင်းမှုကား ပုံမှန်ထက် အဆ ရှစ်သန်းကို ရောက်ရှိနေလေပြီ။ သို့ဖြစ်၍ ထိုနေရာတွင် သူ ဉာဏ်အလင်းရှာဖွေရင်း ကုန်ဆုံးသွားသော သုံးလကား အသက်တစ်ရှိုက်ရှူချိန်ထက်ပို၍ နည်းေပသည်။
ကံဆိုးစွာပင် သူ့အတွက် အချိန်သည် သူ၏ ဒေသရှုထောင့်အတိုင်း အမှန်တကယ် ရွေ့လျားနေသည်လား၊ သို့မဟုတ် အပြင်ဘက်ရှုထောင့်မှဖြစ်သည်လား ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
အချိန်ကွာခြားမှု ပြောင်းပြန်ဖြစ်သော သဲနာရီတစ်လုံးကို သူရွေးချယ်မိလျှင်တော့ သူ့အတွက် အသက်တစ်ရှိုက်ကြာချိန်သည် အပြင်ဘက်ကမ္ဘာ၌ သုံးလအဖြစ် ရေတွက်ခံရမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ဆွဲငင်အား၏ စွမ်းအားများကို နားလည်အောင် အားထုတ်မှုတွင် သွပ်သွပ်ခါရူးသွပ်လုနီးပါး ဖြစ်နေလေသည်။ ထို့ကြောင့် သူသည် မီတာ သုံးသောင်းထက် မြင့်သော သဲနာရိီများဖြင့် ဉာဏ်အလင်းရှာဖွေရန် စတင်သည်နှင့် တစ်လုံးစီတွင် အချိန်တခဏသာ သုံးရန် သတိထား၏။ အကယ်၍ အသံ ပြတ်သားမလာလျှင် သူ ချက်ချင်းထွက်သွားမည်ဖြစ်သည်။
၄င်းက အန္တရာယ်များသော်လည်း သူသည် မယုံနိုင်စရာကောင်းလောက်အောင် ခရိီးတွင်နေတော့သည်။ အသံက မပြတ်သားသေးသော်လည်း ယခုတွင် သူ၏ဆွဲအားကို နားလည်သဘောပေါက်ခြင်းကား ယခင်နှင့် ကွာခြားနေပြီဖြစ်သည်။
" ဆွဲငင်အားက နေရာအပိုင်းအခြားမှာရှိတဲ့ အကွာအဝေး ကွေးညွတ်သွားတဲ့အခါ ဖန်တီးခံလိုက်ရတာပဲ။ ပြီးတော့ အကွာအဝေး ကွေးညွတ်သွားတာက ကြိုတင်သတ်မှတ်ထားတဲ့အခြေအနေတွေကြောင့် မဟုတ်ပဲ ငါ့တည်ရှိမှုကြောင့်ပါလား "
" ငါ သဲနာရီတွေအနားကပ်ရင် သူတို့ရဲ့ အချိန်ကွာခြားခြင်းတွေ ပြောင်းလဲသွားတယ်။ ငါ သူတို့အနားမကပ်ရင် ကွာခြားခြင်းက မူသေပဲ "
" အကွာအဝေးကို ကွေးညွတ်ခြင်းနဲ့ ဆွဲငင်အားကို ပုံဖော်ခြင်းအားဖြင့် အချိန်ရဲ့ အမြန်နှုန်းဟာ ပြောင်းလဲခံလိုက်ရတယ် "
" ဟုတ်တယ် ထိပ်ဆုံးအကြောင်းရင်းက ငါ့ကြောင့်မဟုတ်ပဲ သဲနာရီတွေရဲ့ အခြေခံသဘောတရားကြောင့်ဖြစ်တယ်။ သူတို့မှာ မတူညီတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေရှိိပြီး မတူညီတဲ့ နယ်ပယ်တွေအပြင် ထူးခြားတဲ့ ကြယ်တာရာကောင်းကင်တွေတောင် ရှိတယ်။ ဒါကြောင့် သူတို့အထဲက ဆွဲငင်အားနဲ့ အချိန်စီးဆင်းမှုက ကွာခြားတာပဲ "
သူ၏ မဆုတ်မနစ်သော လေ့လာမှုများကြောင့် အဖြေအမျိုးမျိုးကို တွေးမိလိုက်သဖြင့် သူ၏အတွေးများမှာ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ဖြတ်ခနဲ လက်သွားတော့သည်။ ယခုလောလောဆယ်တွင် သူသည် သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို ဝေ့ဝိုက်ကြည့်ရင်း မီတာ နှစ်သိန်းလေးသောင်းအမြင့်ရှိ သဲနာရီတစ်လုံးအပေါ်တွင် မတ်တပ်ရပ်နေလေသည်။ ဤအပေါ်စီးမှ သူရပ်နေသော တစ်လုံးထက် ပို၍ကြီးသော သဲနာရီတစ်လုံးသာရှိတော့ကြောင်း မြင်လိုက်ရသည်။
အတော်ဝေးဝေးတွင်၊ ကမ္ဘာကြိီး၏အလယ်ဗဟို၌ မီတာ သိန်းပေါင်းများစွာ မြင့်မားသော သဲနာရီတစ်လုံးရှိလေ၏။
ပိုင်ရှောင်ချန်းမှာ ထိုသဲနာရီအတွင်း အချိန်မည်မျှလျင်မြန်စွာ စီးဆင်းနေသည်ကိုပင် ဘယ်နည်းနှင့်မှ မပြောနိုင်ပေ။ သို့သော် အသံ၏စကားလုံးများကို ကြားရန်အလို့ငှာ ဤကမ္ဘာတွင် ၎င်းထက် ပိုကောင်းသည့်နေရာ မရှိတော့ကြောင်း သူသိလေသည်။
ကြံရာကျပန်း သဲနာရီများအကြား ဟိုဟိုသည်သည်ကူးပြောင်းနေမည့်အစား အကောင်းဆုံးသာမက အန္တရာယ်အများဆုံးလည်းဖြစ်သော ဆုံးဖြတ်ချက်မှာ ထိုသဲနာရိီသာ ဖြစ်ေပသည်။
အတန်ငယ်တွေးပြီးနောက် သူက မျက်လုံးများနီရဲလျက် ရိပ်ခနဲလှုပ်ရှား၍ ဧရာမသဲနာရီကြီးထံ ဦးတည်လိုက်သည်။ ရောက်လျှင်ရောက်ချင်း သူက ထိုနေရာရှိ အချိန်စီးဆင်းမှုကြောင့် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်သွားရလေသည်။
၄င်းမှာ ဖော်ပြ၍ပင် မတတ်နိုင်လောက်အောင် စွမ်းအားကြီးမားလွန်းသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အံဖွယ်အပြင်အားခန္ဓာအပြင် ထာဝရအတွဲမှ ပြန်လည်ကောင်းမွန်ခြင်းစွမ်းအားများမပါပါက သေချာပေါက် သေသည်အထိ ချက်ချင်းချေမှုန်းခံလိုက်ရမည်ဖြစ်သည်။
သူက နေမထိုင်မထိုင်သာဖြစ်နေခြင်းအား သည်းခံရင်း ဟိန်းဟောက်ကာ သဲနာရီ၏ထိပ်ထံ ထိုးတက်လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မျက်နှာနှင့်လည်ပင်းတို့အပေါ်၌ သွေးကြောများ ထောင်ထနေလျက် တင်ပျဥ်ခွေထိုင်ပြီး မျက်လုံးများပိတ်၍ ဉာဏ်အလင်းရှာဖွေရန် သူ၏နတ်ဘုရားအာရုံကို ထုတ်လွှတ်လိုက်လေသည်။
ချက်ချင်းပင် တီးတိုးပြောသံ ပေါ်ထွက်လာပြီး ဤတစ်ခါတွင် ၄င်းကား ယခင်နှင့်မတူပေ။ လုံးထွေးမနေတော့ဘဲ တစ်စုံတစ်ယောက် သူ့ဘေးတွင် ထိုင်၍ ပြောနေသည့်အလား တိုတိုပြတ်ပြတ်၊ သဲသဲကွဲကွဲ ဖြစ်ေနသည်။
အသံအပေါ် ချက်ချင်း အာရုံစိုက်လိုက်ရာ သူ၏တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏စိတ်အစဥ်မှာ ဧရာမအံ့ဩခြင်းလှိုင်းလုံးများဖြင့် ဝင်ဆောင့်ခံလိုက်ရသည့်အလား ခံစားလိုက်ရတော့သည်။
ပြောသူမှာ အမှန်စင်စစ် အမျိုးသားတစ်ဦးဖြစ်ပြီး သူ၏လေသံက သူ့တပည့်များကို တာအိုအကြောင်း သင်ပြပို့နေသည့်အလား နွေးထွေးပြီး စစ်မှန်လေသည်။
" သံယောဇဥ်မဲ့လူသားတာအိုသခင်၊ လောကတာအိုသခင်။ မင်းတို့နှစ်ဦး ကောင်းကောင်းနားထောင်။ အနှစ်သာရဆိုတာ ဘာလဲ။ အနှစ်သာရတွေအကြောင်း ဆွေးနွေးရမယ်ဆိုရင် မင်းတို့ ပထမဆုံး သဘောဝနိယာမတွေကို နားလည်ရမယ်။ သဘာဝနိယာမတွေဟာ ငါတို့တည်ရှိတဲ့ စကြဝဠာရဲ့ မမြင်နိုင်တဲ့ ဖွဲ့စည်းမှုဆီကနေ ဖြစ်ပေါ်တယ်။ မှော်ကျင့်စဥ်တွေနဲ့ နတ်ဘုရားအတတ်တွေဆိုတာ အထူးသဖြင့် အဲဒီဖွဲ့စည်းမှုကို ခြယ်လှယ်တဲ့ ဒါမှမဟုတ် ဆင့်ခေါ်တဲ့နည်းလမ်းတွေပဲ "
" အဲဒီဖွဲ့စည်းမှုကို ဖြစ်ပေါ်စေတဲ့ အရာတွေကတော့ … အင်း အဲဒါက အနှစ်သာရတွေ ပုံပေါ်လာတဲ့ နေရာ ဖြစ်တယ်။ သူတို့က အရွယ်အစားမရှိ၊ မမြင်နိုင်တဲ့အပြင် ကိုယ်တွယ်စမ်းသပ်လို့လဲ မရဘူး။ ဒါပေမဲ့ သူတို့ရဲ့ လျှို့ဝှက်ဆန်းကြယ်တည်ဆောက်မှုကပဲ မရေမတွက်နိုင်တဲ့ မှော်အတတ်တွေ ၊ နတ်ဘုရားအစွမ်းတွေကို တည်ရှိလာစေတာပဲ "
" အနှစ်သာရတွေက အထူးသဖြင့် အရာအားလုံးရဲ့ အခြေခံပဲ "
" ဒါက နောက်မေးခွန်းတစ်ခုဆီ ဦးတည်သွားတယ်။ အချိန်ရဲ့အနှစ်သာရဆိုတာ ဘာလဲ… "
" အင်း အဲဒါက ရိုးရှင်းတယ်။ အရင်ဆုံး အချိန်နဲ့ ဆွဲငင်အားက ဆက်စပ်နေတယ်ဆိုတာ နားလည်ထား။ အပြင်ဘက်ရှု့ထောင့်တစ်လုံးအရ ဆွဲငင်အားက အားကောင်းတာနဲ့အမျှ အချိန်ပိုနှေးနှေးစီးဆင်းလိမ့်မယ်။ ဒါပေမဲ့ အချိန်ရဲ့အနှစ်သာရနဲ့ပတ်သက်လာရင် သူ့စစ်မှန်တဲ့ သရုပ်သကန်က ဆွဲငင်အားကိုမဟုတ်ပဲ … နှိုင်းရသဘောတရားကို ဖြတ်လာတာပဲ "
" နှိုင်းရသဘောတရားဆိုတာ အချိန်အနှစ်သာရရဲ့ စစ်မှန်တဲ့အခြေခံပဲ။ နှိုင်းရသဘောတရားကိုသာ နားလည်ရင် အချိန်ရဲ့အနှစ်သာရကို မင်းတို့ သဘောပေါက်လာလိမ့်မယ် "
" မှတ်ထား အရာအားလုံးက ... နှိုင်းရသဘောတရားနဲ့ သက်ဆိုင်နေတယ် "
" လူသားတာအိုသခင်၊ ေလာကတာအိုသခင် ၊ မင်းတို့ နားလည်သလား "
အသံသည် ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ကြီးမားသော အံသြခြင်းလှိုင်းလုံးကြီးများအလား ထစ်ခြုန်းသွား၏။ သူက လူသားတာအိုသခင်နှင့် လောကတာအိုသခင် မည်သည်မည်ဝါများဖြစ်ကြောင်း မသိပေ။ သို့သော် တိုတောင်းသောပို့ချမှုလေးတစ်လုံးကို နားထောင်ရုံလေးက သူ့ကို တစ်ခါမှမကြုံဖူးသော အသိအမြင်အဆင့်ဖြင့် ပြည့်နှက်သွားစေတော့သည်။
သူ၏ ခေါင်းထဲရှိ အလင်းတစ်စ ပျောက်ကွယ်သွားသည့်အလား။ ဤအချိန်အထိ သူ စုဆောင်းခဲ့သည့် သဲလွန်စများအားလုံး ဤအသံ၏ကျေးဇူးကြောင့် ရုတ်တရက် အတူတကွဆက်စပ်သွားသည့်အလားပင်။
" နှိုင်းရသဘောတရား။ ဟုတ်သားပဲ။ ဒါက နှိုင်းရသဘောတရားအကြောင်းပဲ... အပြင်ဘက်ကမ္ဘာသာ နှိုင်းယှဥ်ဖို့ မရှိရင် အချိန်စီးဆင်းမှု ကွာခြားချက်တွေကို ဘယ်လိုလုပ် သတိထားမိနိုင်မှာတုန်း"
ပိုင်ရှောင်ချန်းက ခေါင်းနောက်လှန်ပြီး အားပါးတရရယ်မောလိုက်သည်။ သူ သေသေချာချာမသဲကွဲသေးသော နေရာတချို့ရှိသေးသော်လည်း ယခုတွင် စောစောက သူ့ထံ စကားပြောခဲ့သော အသံကို မည်သည့်အတွက်ကြောင့် ကြားနိုင်ကြောင်း လုံးဝသေချာသိလေသည်။
ထိုအသံသည် သူ၏တပည့်များကို အနှစ်သာရများအကြောင်း ပြောပြနေခဲ့သော အတိတ်က မရေမတွက်နိုင်သည့် နှစ်ပေါင်းများစွာမှ ဘုန်းတန်ခိုးအနန္တနှင့်ပြည့်စုံသော ပုဂ္ဂိုလ်တစ်ယောက်နှင့် သက်ဆိုင်လေသည်။ သူ၏အသံကို နှစ်ပေါင်းများစွာဖြတ်၍ ပေးပို့နိုင်သည့်အကြောင်းရင်းမှာ အချိန်၏အနှစ်သာရမှလွဲ၍ တခြားမဟုတ်သော သူ၏တာအိုကြောင့် ဖြစ်လေသည်။ ထို့ပြင် သူသည် သူ့ပတ်လည်က စကြဝဠာကြီးထဲရှိ သဘာဝနိယာမများ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဤနေရာတွင် တိုးမြှင့်ထားသော အချိန်စီးဆင်းမှုက သူ၏အသံကို ဤနေရာတွင် ထာဝရတစ်လျှောက်လုံး ပဲ့တင်ထပ်စေရန် ခွင့်ပြုပေးထားလေသည်။