အင်မော်တယ်ဧကရီ
Vol. 13 Ch. 1235
သူက ဦးညွှတ်ရာမှ ခေါင်းပြန်မော့လိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွားသည်။ ဤနေရာသို့ သူ စတင်ရောက်ရှိလာခဲ့သည့်အချိန်တွင် ဖရိုဖရဲဖြစ်နေသည့် အချိန်စီဆင်းမှုကြောင့် နေသားမကျ ဖြစ်ခဲ့ရသည်။ သို့သော် ယခုတွင်မူ သူက အချိန်၏အနှစ်သာရကို ထိန်းချုပ်သည့်လမ်းတွင် ပထမဆုံးခြေလှမ်းတစ်လှမ်း လှမ်းလိုက်ပြီဖြစ်ရာ ထိုစီးဆင်းမှုများမှာ သူ့ကို စိတ်ကသိကအောက် မဖြစ်စေတော့ပေ။
အချိန်စီးဆင်းမှုများ မည်ကဲ့သို့ ပြောင်းလဲနေစေကာမူ သူ၏စိတ်ထဲရှိ သဲနာရီအပေါ်တွင် အကျိုးသက်ရောက်မှု မရှိတော့ပေ။ ထိုသဲနာရီမှာ သူ့အသိစိတ်ထဲအထိ အမြစ်တွယ်နေပြီဖြစ်ပြီး ပြင်ပရှိ မည်သည့်အရာမဆို ၎င်းအား လှုပ်ခတ်စေနိုင်တော့မည် မဟုတ်။ ကျောက်ဆောင်ကြီးတစ်ခုကို လေဖြင့်တိုက်နေသကဲ့သို့သာ ဖြစ်နေမည်ဖြစ်သည်။
သူက အပေါ်သို့ပျံတက်သွားပြီးနောက် ဟင်းလင်းပြင်ကြီးထဲသို့ ပြန်ရောက်သွားကာ သူ၏ရတနာယပ်တောင်ကြီးပေါ်သို့ ပြန်ရောက်သွားသည်။
ထိုအခိုက် ပိုင်ရှောင်ချီမှာ တင်ပျဥ်ခွေထိုင်ချလိုက်ပြီး တရားမှတ်ရန် ပြင်နေသည်။ သူက လန့်ဖျပ်သွားသဖြင့် ခုန်ထလာပြီး အော်မေးလိုက်တော့သည်။
" ဘာဖြစ်လို့တုန်း "
သူသည် နတ်ဘုရားအာရုံများကိုပင် ထုတ်လိုက်ပြီး ထိုနေရာတစ်ဝိုက်နှင့် တန်ဖိုးကြီးရတနာဖြစ်သော သဲနာရီကိုပါ စစ်ဆေးကြည့်ရှုလိုက်သည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ သူ့အား တအံ့တသြ ပြန်ကြည့်လိုက်တော့သည်။
ထို့နောက် သူ၏အကြည့်များမှာ စူးရှသွားသည်။ သူထွက်သွားခဲ့သည်မှာ ကြာလှနေပြီဖြစ်၍ ပိုင်ရှောင်ချီက သူ့အား လွမ်းနေလိမ့်မည်ဟု တွေးထားခဲ့သည်။ ထို့နောက် ရုတ်တရက် သူသည် အနည်းငယ်ထူးဆန်းနေသလို ခံစားလိုက်ရတော့သည်။
" မင်းက ဘာတွေ ပျာယာခတ်နေရတာတုန်း " သူကပြန်မေးလိုက်သည်။
" ငါ အဲဒီသဲနာရီကမ္ဘာကြီးထဲမှာ အချိန်ဘယ်လောက်ကြာကြာ ရှိနေခဲ့တာတုန်း "
" ဘယ်လောက်ကြာတုန်း ဟုတ်လား "
ပိုင်ရှောင်ချီက အနည်းငယ် နားမလည်နိုင်သည့် အမူအရာဖြင့် သူ့အားပြန်ကြည့်လိုက်သည်။
" ဟင် … မင်းတကယ် မသိတာလား။ မင်းစောစောကလေးတင် ဝင်သွားတာလေ။ အသက်ရှူကြိမ် လေးကြိမ်၊ ငါးကြိမ်လောက်ပဲ ရှိဦးမှာ ... မင်းအထဲထိဝင်သွားတာ ငါကြည့်နေခဲ့တာပဲ။ ပြီးတော့ ငါထိုင်တောင်မထိုင်ရသေးဘူး မင်းကပြန်ပြီးခုန်ထွက်လာတာ "
ထိုအချိန်တွင် ပိုင်ရှောင်ချီမှာ တစ်စုံတစ်ရာကို နားလည်သွားဟန်တူသည်။ သူသည် မျက်လုံးများပြူးသွားပြီး ပိုင်ရှောင်ချန်းအား လက်ညှိုးထိုး၍ မေးလိုက်တော့သည်။
" နေပါဦး... မဟုတ်မှလွဲရော မင်းဖြတ်သန်းခဲ့ရတဲ့ အချိန်ပမာဏက မတူဘူးမလား "
ပိုင်ရှောင်ချန်းမှာ ချက်ချင်းပင် တုန်လှုပ်သွားတော့သည်။ သူသည် အချိန်၏အနှစ်သာရကို ကျွမ်းကျင်တတ်မြောက်နိုင်မည့် ပထမဆုံးခြေလှမ်းကို ယခုမှ ပထမဆုံးအကြိမ် လှမ်းရသေးသည်ဖြစ်၍ ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်နိုင်မည်မဟုတ်ဟု ယူဆထားခဲ့သည်။
" မဖြစ်နိုင်တာ။ ငါသိသလောက်ဆို ငါ အဲဒီကမ္ဘာထဲမှာ ဆယ်စုနှစ်အများကြီး ရှိနေခဲ့တာ။ ရာစုနှစ်တစ်ခုလောက်တောင် ရှိရင်ရှိနိုင်တယ်။ ဒါပေမဲ့ အပြင်ဘက်မှာက အသက်ရှူကြိမ်နည်းနည်းလေးပဲ ကုန်သွားတာလား "
အကြိမ်အနည်းငယ် ထပ်၍ အပြန်ပြန်အလှန်လှန် စဥ်းစားတွေးတောလိုက်ပြီးနောက် ပိုင်ရှောင်ချီပြောသောအရာမှာ မှန်ကန်နေကြောင်း သူ သေချာသွားတော့သည်။ ထို့ကြောင့် သူသည် ပင့်သက်များရှိုက်၍ သဲနာရီကမ္ဘာကြီးကို ပြန်၍ကြည့်လိုက်၏။
ပိုင်ရှောင်ချီမှာလည်း လုံးစေ့ပတ်စေ့ နားလည်သွားပြီဖြစ်၍ သူ့နည်းတူ တုန်လှုပ်သွားရပြီး သဲနာရီကမ္ဘာကြီးအား လှမ်းကြည့်လိုက်တော့သည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ ပြင်ပကမ္ဘာနှင့်ပတ်သက်၍ သူထားရှိခဲ့သည့် ထင်မြင်ချက်များမှာ မှားယွင်းနေကြောင်း သိလိုက်ရသည်။ ပြင်ပကမ္ဘာနှင့် ယှဥ်လိုက်မည်ဆိုလျှင် သူ သဲနာရီကြီးထဲတွင် ကုန်ဆုံးစေခဲ့သည့် အချိန်ပမာဏမှာ မရှိသလောက်ကို နည်းပါးနေသည်။
ထိုသဲနာရီကမ္ဘာကြီးမှာ ယခု သူ ရှိနေသည့် ဟင်းလင်းပြင်ကြီးနှင့် တူညီသော ပြင်ညီတစ်ခုပေါ်တွင် ရှိမနေပေ။ ထိုအချင်းအရာမှာ လိုက်မမီနိုင်လောက်အောင် မြင့်မားနေပြီး ပိုင်ရှောင်ချန်းမှာ ၎င်းကိုဖော်ပြနိုင်မည့် စကားလုံး တစ်လုံးထဲကိုသာ စဥ်းစားလိုက်နိုင်ပေသည်။
" ထာဝရ "
သူသည် မျှော်လင့်ချက်ရောင်ချည်များ ယှက်သန်းနေသည့် မျက်ဝန်းများဖြင့် ရေရွတ်လိုက်သည်။
" အချိန်ရဲ့အနှစ်သာရက ... တကယ့်ကိုလျှို့ဝှက်ဆန်းကြယ်တာပဲ "
သူသည်နောက်ထပ်တစ်ကြိမ်ထပ်၍ လက်ယှက်လိုက်ပြီး သဲနာရီကမ္ဘာကြီးအား ဦးညွှတ်၍ အရိုအသေပေးလိုက်ပြန်သည်။ အချိန်အတော်အတန် ကြာမြင့်သွားပြီးနောက် သူသည် နောက်သို့လှည့်၍ ယပ်တောင်ကြီးကိုထိန်းချုပ်ကာ အဝေးသို့ ပျံထွက်သွားတော့သည်။
ပိုင်ရှောင်ချီမှာလည်း သူ့နည်းတူ အံ့သြနေရဆဲပင်ဖြစ်သည်။ သို့သော် သူသည် ခရီးဆက်ရန် စိတ်အားထက်သန်နေသဖြင့် ရတနာယပ်တောင်ကြီးအား အမြန်ဆုံးနည်းဖြင့် ဟင်းလင်းပြင်ကြီးတစ်ခွင် ပျံသန်းနိုင်အောင် အစွမ်းကုန် ကြိုးစားနေတော့သည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားသည့်တိုင်အောင် ပိုင်ရှောင်ချန်းမှာ စိတ်ကိုတည်ငြိမ်အောင် မထားနိုင်သေးပေ။ ပိုင်ရှောင်ချီမှာမူ ပိုင်ရှောင်ချန်းက သူ့ကိုပြောပြခဲ့သည့် အံ့သြတုန်လှုပ်ဖွယ်အရာများကို မည်ကဲ့သို့ပြန်လည် မှတ်ချက်ပေးရမှန်း မသိလောက်အောင် ဖြစ်နေသည်။ သူတို့မှာ လပေါင်းများစွာ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ခရီးဆက်လိုက်ကြပြီးနောက် လမ်းခုလတ်တစ်နေရာတွင် ပိုင်ရှောင်ချန်းက တရားမှတ်နေရာမှ မျက်လုံးများပွင့်လာတော့သည်။
သူသည် တွေဝေမနေပဲ ညာလက်ကိုဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ကြီးထဲရှိ အရပ်မျက်နှာတစ်ခုဆီသို့ သူ၏လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။
ပိုင်ရှောင်ချီတစ်ယောက် မည်သည့်အရာမှ မလုပ်နိုင်ခင် ပိုင်ရှောင်ချန်း ညွှန်ပြလိုက်သည့် နေရာတစ်ဝိုက်မှာ တွန့်လိမ်ကွေးကောက်သွားကာ အောက်ဘက်သို့အိကျသွားပြီး တန်ဖိုးကြီးရတနာတစ်ခုဖြစ်သော သဲနာရီကမ္ဘာကြီး၏ အသေးစားပုံစံတစ်ခုအသွင် ပြောင်းလဲသွားသည်။
ပိုင်ရှောင်ချီမှာ ထိုကမ္ဘာကြီးကို မမြင်ရပါသော်လည်း ဆွဲငင်အားများကိုမူ ခံစားနိုင်ပေသည်။ ထိုကဲ့သို့ အောက်ဘက်ကို အိကျနေသည့် နေရာကြီး ကျယ်ပြန့်လာသည်နှင့်အမျှ ထိုဆွဲငင်အားမှာလည်း ပို၍ အားကောင်းလာသည်။
ထိုအခါ ထိုကမ္ဘာထဲရှိ အချိန်စီးဆင်းမှု နှေးကွေးစပြုလာတော့သည်။ ထိုစဥ် ထိုကဲ့သို့ ဆွဲငင်အားပြောင်းလဲသွားသည့် နေရာမှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။ ထူးဆန်းသည်မှာ ထိုအသံမှာ တုန်ခါနေပြီး နဂိုထက်ပို၍ ရှည်ကြာနေသည့်ပုံစံ ပေါ်နေခြင်းပင်။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် စက္ကူအဘွားအိုကြီးမှာ ထိုတွန့်လိမ်ကွေးကောက်နေသောနေရာတွင် ပေါ်လာပြီး သူမ၏မျက်ဝန်းများထဲတွင် အံ့သြတုန်လှုပ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေတော့သည်။
ပိုင်ရှောင်ချီမှာလည်း အံ့အားသင့်သွားရပြီး ပထမဆုံးအကြိမ်အဖြစ် ပိုင်ရှောင်ချန်းအား ရိုသေလေးစားသည့်အမူအရာဖြင့် ကြည့်လိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာ ထိုအဘွားကြီး ချဥ်းကပ်လာနေသည်ကို ကြိုတင်သိရှိခဲ့ရုံတင်မက သဲနာရီကမ္ဘာနှင့် ဆင်တူသော နေရာတစ်ခုကိုပါ ဖန်တီးနိုင်ခဲ့သည်မဟုတ်ပါလော။ သူဖန်တီးခဲ့သည့် အရာမှာ ပုံစံတူတစ်ခုသာဖြစ်သော်လည်း ၎င်းမှာ အနှစ်သာရ တာအိုမှော်အတတ်တစ်ခုဖြစ်ကြောင်း ပိုင်ရှောင်ချီက ချက်ချင်းပင်သိလိုက်သည်။
အခြားတစ်နည်းဖြင့်ဆိုရသော် ၎င်းမှာ မိုးမြေဧကရာဇ်အဆင့် တာအိုမှော်အတတ်တစ်ခုဖြစ်သည်။
" မင်းဘာငေးကြည့်နေတာတုန်း ပိုင်ရှောင်ချီရ။ မိုးမြေဧကရာဇ်လက်ကြီးကို မြန်မြန်သုံးလေကွာ "
ထိုသရဲအဘွားကြီး၏ အဆက်မပြတ်လိုက်ဖမ်းနေခြင်းကို ခံခဲ့ရသည့်အတွက် ပိုင်ရှောင်ချန်း၏ ရင်ထဲတွင် ဒေါသမီးများတောက်လောင်နေရသည်မှာ အချိန်အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။ သူတစ်ယောက်ထဲအားဖြင့် သူမအားတိုက်ခိုက်ရန် ဆန္ဒမရှိပါသော်လည်း ယခုမှာ သူမအားနှေးကွေးအောင်လုပ်၍ ယပ်တောင်ကြီး၏စွမ်းအားကိုအသုံးချကာ သူမကို စိတ်ဒုက္ခအနည်းငယ်ပေးရန် အခွင့်ကောင်းတစ်ခုပင် ဖြစ်သည်။
ထိုသို့ဖြင့် သူသည် နတ်ဘုရားအာရုံအချို့ ထုတ်လွှတ်လိုက်သောအခါ လောကနတ်ဘုရား အလင်းတန်း မြောက်မြားစွာ အဘွားကြီးထံ ဦးတည်သွားကြတော့သည်။ သူသည် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးကိုပင် ဆင့်ခေါ်လိုက်ပြီး ဟင်းလင်းပြင်ကြီးထဲသို့ စေလွှတ်၍ တိုက်ခိုက်ခိုင်းလိုက်သည်။
ထိုကျေးကျွန်ကြီးမှာ ဟင်းလင်းပြင်ကြီးထဲတွင် အချိန်ကြာမြင့်စွာ မနေနိုင်ခဲ့ပါသော်လည်း ယခုတွင်မူ ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံ တိုးတက်လာပြီဖြစ်၍ သူသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လောက်အထိ ရှိနေနိုင်နေပြီဖြစ်သည်။ ထိုစဥ် ပိုင်ရှောင်ချီမှာ မိုးမြေဧကရာဇ်လက်ကြီးအား ထိုအဘွားကြီးထံ အလျင်အမြန် ပစ်လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းက စက္ကူအဘွားအိုကြီးကို မာမာထန်ထန်နှင့် တန်ပြန်တိုက်စစ်ဆင်နေသည်မှာ ယခုက ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုအဘွားကြီးမှာ အော်ဟစ်မြည်တမ်း၍ မီးအိမ်ကိုဝှေ့ယမ်းလိုက်သောအခါ အနက်ရောင်မီးပင်လယ်တစ်စင်း ထွက်ပေါ်လာသည်။
ထိုမီးတောက်များက ပိုင်ရှောင်ချန်း၏ အချိန်လွှမ်းမိုးမှုနယ်မြေကြောင့် ယိုယွင်းပျက်စီးမှု မရှိရသည့်အချက်မှာ သူ၏ နတ်ဘုရားအစွမ်းက အားနည်းနေ၍မဟုတ်ပေ။ ထိုသရဲအဘွားကြီး၏ ကျင့်ကြံခြင်းအခြေခံ မြင့်လွန်းနေ၍သာ ဖြစ်သည်။
သို့သော်ငြား ဆွဲအားဇီဝိန်ခြွေအတတ်၏ လွှမ်းမိုးမှုအောက်ရောက်နေသော နေရာတစ်ဝိုက်မှာ အသက်ရှူကြိမ်များစွာ မပျောက်မပျက် တည်ရှိနေခဲ့သည်ဖြစ်၍ လောကနတ်ဘုရားအလင်းတန်းများစွာ ထိုအဘွားကြီးကို ထိမှန်သွားတော့သည်။ သူမသည် မတူညီသော နယ်ပယ်တွင် ရှိနေသည့်ပုံပေါ်ပြီး အလင်းတန်းများက သူမအားဖြတ်သွားသည့်ပုံ ပေါ်ပါသော်လည်း အချိန်လွှမ်းမိုးမှုနယ်မြေကြောင့် ဒဏ်ရာရသွားဆဲပင် ဖြစ်သည်။
သူမ၏နှုတ်မှ စီခနဲအော်မြည်သံတစ်သံ ပဲ့တင်ထွက်လာစဥ် လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးနှင့် မိုးမြေဧကရာဇ်လက်ကြီးတို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ဆွဲအားဇီဝိန်ခြွေအတတ်၏ နယ်မြေထဲတွင် အနက်ရောင်မီးတောက်များ လောင်ကျွမ်းနေဆဲဖြစ်ပြီး ပိတ်မိနေသည့်အဘွားအိုကြီးက မန္တန်လက်ကွက်တစ်ခု ဖော်လိုက်လေသည်။ ထိုအခါ အနက်ရောင်မီးပင်လယ်ကြီးက အနက်ရောင်မီးအိမ်တစ်လုံးအသွင် ပြောင်းလဲသွားပြီး မိုးမြေဧကရာဇ်လက်ကြီးဆီသို့ ဦးတည်သွားသည်။
ထိုနှစ်ခု တိုက်မိသွားသောအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံ ပေါ်ထွက်လာပြီး ထိုနေရာတစ်ခုလုံး တုန်ရီသွားတော့သည်။ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးမှာ သွေးတစ်ပွက်အန်ထွက်လာပြီး မိုးမြေဧကရာဇ်လက်ကြီးက ယပ်တောင်ကြီးထံ ပြန်၍လွင့်စင်လာပြီး ဒဏ်ရာမရထားပါသော်လည်း ဆက်၍အသုံးမပြုနိုင်တော့ပေ။ လောကနတ်ဘုရားအဆင့် ကျေးကျွန်ကြီးသည်လည်း ယပ်တောင်ကြီးဆီသို့ ပြန်ရောက်လာတော့သည်။
သို့သော် သရဲအဘွားကြီးမှာလည်း အခြေအနေကောင်းနေသည်တော့ မဟုတ်ပေ။ သူမ၏ဆံပင်များမှာ ရှုပ်ပွနေပြီဖြစ်ပြီး သူမသည် အချိန်မရွေးပျောက်ကွယ်သွားတော့မည့်အလား ဖရိုဖရဲ ဖြစ်နေရပြီဖြစ်သည်။ ထို့နောက် သူမသည် ရူးသွပ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည့် မျက်ဝန်းတစ်စုံဖြင့် အော်ဟစ်မြည်တမ်းလိုက်ပြီး အနက်ရောင်မီးတောက်များကို ထပ်၍ထုတ်လွှတ်လိုက်ပြီး နောက်ထပ်မီးပင်လယ်တစ်စင်း ဖန်တီးလိုက်ပြန်သည်။ ထိုမီးပင်လယ်ကြီး အရွယ်အစားကြီးမားလာသည်နှင့်အမျှ ပိုင်ရှောင်ချန်းနှင့် ပိုင်ရှောင်ချီတို့မှာ ကြောက်လန့်သွားကြပြီး ယပ်တောင်ကြီးအား အခြားဘက်သို့လှည့်၍ အမြန်ဆုံး ထွက်ပြေးသွားကြသည်။
သူတို့၏နောက်တွင် မီးပင်လယ်ကြီးမှာ အရွယ်အစားကြီးမားလာနေဆဲဖြစ်ပြီး သရဲအဘွားကြီး၏ အော်ဟစ်သံများကိုလည်း ကြားနေရသည်။ အဆုံးသတ်တွင် တလိပ်လိပ် ပေါ်ထွက်လာနေသည့် မီးတောက်များမှာ များပြားလွန်းလှ၍ အခြားအမျိုးသမီးတစ်ယောက်ကိုပင် မြင်လိုက်ရတော့သည်။
သူမသည် ချောမောလှပပြီး တန်ဖိုးကြီးအဝတ်အစားများကို ဆင်မြန်ထားကာ တုဖက်ကင်းလောက်အောင် ဂုဏ်ကျက်သရေရှိလှသည့် ဖီးနစ်ငှက်ကဲ့သို့သော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည်။ သို့သော် သူမ၏နဖူးတွင် အနက်ရောင်မီးတောက်များက စူးတစ်ခုကဲ့သို့စိုက်ဝင်နေသည်ဖြစ်၍ သူမ၏ဣန္ဒြေသိက္ခာနှင့် ပြည့်စုံသော အလှက အန္တရာယ်ပြုလိုသော ရက်စက်ကြမ်းကြုတ်မှုများအသွင် ပြောင်းလဲသွားရတော့သည်။
ပိုင်ရှောင်ချီမှာ ထိုအမျိုးသမီးကို မြင်လိုက်ရသည်နှင့် အလိုအလျောက် အော်ဟစ်မိလိုက်တော့သည်။
" အင်မော်တယ် ဧကရီ "