စျာပနမိုးရေစက်များ
Vol. 13 Ch. 1236
ပိုင်ရှောင်ချီအား အင်မော်တယ် ဧကရီမှာ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းနေရန် အချိန်မရှိပေ။ သရဲအဘွားကြီး၏ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော လုပ်ရပ်ကြောင့် သူ၏ဦးရေခွံများ ထုံကျဥ်နေရပြီဖြစ်သည်။ သူမသည် စွမ်းအင်အဆင့်ကို မြှင့်တင်လိုက်ပြီး ယခင်က တစ်ခါမှ မသုံးခဲ့ဖူးသော တုန်လှုပ်ခြောက်ခြားဖွယ် အနက်ရောင်မီးတောက်များကို ထုတ်လွှတ်လိုက်သည်မှာ အသိအသာပင်။
ထူးဆန်းသည်မှာ ထိုမီးပင်လယ်ထဲတွင် အပူဓာတ်အနည်းငယ်မျှပင် မပါသော်လည်း သူ၏နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သောအခါ ထိုမီးတောက်များမှာ ၎င်းတို့၏ရှေ့တွင်ရှိသော အရာရာတိုင်းကို ပြာကျသွားစေနိုင်လောက်သည်အထိ အစွမ်းထက်ကြောင်း သိလိုက်ရသည်။
ထိုအချက်ကြောင့်ပင် သူ အသက်လု၍ပြေးနေရခြင်း ဖြစ်သည်။ ကံကောင်းသည့်အချက်မှာ သရဲအဘွားကြီးသည် ထိုပုံစံဖြင့်ရှိနေပါက သူမကိုယ်သူ တည်ငြိမ်အောင် မထိန်းသိမ်းနိုင်သောကြောင့် သူ့ကိုလိုက်မဖမ်းနိုင်တော့ပေ။
သူသည် သုံးလတိတိ တစ်ခဏလေးပင် အရှိန်လျော့ကျမသွားပဲ ထွက်ပြေးလိုက်သည်။ ထိုဖြစ်ရပ်ကြီးကို သူပြန်တွေးမိလိုက်တိုင်း စိတ်ပျက်လက်ပျက်နှင့် အားမလိုအားမရ ဖြစ်သွားရစမြဲပင်။
ထိုသုံးလအတွင်း ပိုင်ရှောင်ချီမှာ စကားသိပ်မပြောပဲ ဝမ်းနည်းကာ မချင့်မရဲဖြစ်နေသည့် အမူအရာဖြင့် နောက်သို့ မကြာခဏဆိုသလို လှည့်၍ ကြည့်နေတော့သည်။
အဆုံးတွင် ပိုင်ရှောင်ချန်းမှာ မနေနိုင်တော့သဖြင့် မေးလိုက်တော့သည်။
" ရှောင်ချီ။ မင်း ပြောနေတဲ့ အင်မော်တယ်ဧကရီဆိုတာ ဘယ်သူတုန်း "
ပိုင်ရှောင်ချီမှာ ဒေါသထွက်လေ့မရှိပါသော်လည်း ယခုတွင်မူ အော်ပြောလိုက်တော့သည်။
" မင်းဆီမှာ အင်မော်တယ်ဧကရီဆိုတဲ့နာမည်ကိုခေါ်ပြီး အဲ့ နာမည်ကို ညှိုးနွမ်းအောင်လုပ်ခွင့် မရှိဘူး "
ပိုင်ရှောင်ချန်းမှာ အံ့အားသင့်သွားပြီး ပိုင်ရှောင်ချီအားလှမ်းကြည့်လိုက်သောအခါ သူသည် ပူဆွေးသောကရောက်နေပြီး နီမြန်းနေသော မျက်ဝန်းများဖြင့် ဟင်းလင်းပြင်ကြီးထဲသို့ ငေးကြည့်နေသည်ကို တွေ့လိုက်ရသည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူက ရေရွတ်လိုက်တော့သည်။
" အင်မော်တယ်ဧကရီဆိုတာ ငါ့သခင်ရဲ့ တာအိုလက်တွဲဖော်ပဲ... "
" သူ့ကို အပြင်မှာတော့ မမြင်ဖူးခဲ့ပါဘူး။ ဒါပေမဲ့ ငါ့သခင်က သူ့ပုံတူပန်းချီကားကို အမြဲလိုလို ကြည့်နေခဲ့တာ။ သူအဲ့လိုကြည့်တဲ့အချိန်တိုင်း သူ့မျက်လုံးထဲက နာကျည်းမှုတွေနဲ့ သူ့လက်တွဲဖော်ကို ဘယ်လောက်လွမ်းနေသလဲဆိုတာကို ငါ အတိုင်းသား မြင်ခဲ့ရတယ်။ ငါလည်း အဲဒီပန်းချီကားကို ခဏခဏကြည့်မိခဲ့လို့ သူ့ ရုပ်ရည်သွင်ပြင်ကို မှတ်မိနေတာ "
" စောစောက ငါတို့မြင်ခဲ့ရတဲ့ အမျိုးသမီးက အင်မော်တယ်ဧကရီပဲ။ ငါ့သခင်ကတော့ အင်မော်တယ်ဧကရာဇ်ပေါ့ "
သူသည် ထိုသို့ပြောရင်းပြောရင်း အသံတဖြည်းဖြည်း တိမ်ဝင်လာတော့သည်။ သို့သော် သူသည် အနက်ရောင်မီးပင်လယ်ကြီးနှင့် အင်မော်တယ်ဧကရီဟု သူခေါ်သော နဖူးတွင် စူးတစ်ခု စိုက်ဝင်နေသည့် အမျိုးသမီးကို မြင်နေရသည့်အလား နောက်သို့လှည့်ကြည့်နေဆဲပင်။
ပိုင်ရှောင်ချန်းမှာ သူပြောခဲ့သည့် ' သခင် ' ဆိုသောသူမှာ သူမဟုတ်ပဲ အင်မော်တယ်ကမ္ဘာမှ မိုးမြေဧကရာဇ်ကြီးကို ရည်ညွှန်းခြင်းဖြစ်ကြောင်း သိသည်။ ထိုသရဲအဘွားကြီးက ယခုကဲ့သို့ အံ့သြဖွယ်ကောင်းသော နောက်ကြောင်းတစ်ခုကို ပိုင်ဆိုင်ထားသည့်အချက်ကြောင့် အလွန်စွမ်းအားကြီးနေရသည်ဖြစ်ကြောင်း သူ ရိပ်မိလိုက်တော့သည်။
" မိုးမြေဧကရာဇ်ရဲ့ တာအိုလက်တွဲဖော် ... သူ့ကိုတစ်ယောက်ယောက်က သတ်ခဲ့ပြီးတော့ မိုးမြေဧကရာဇ်ကြီးကတောင် ပြန်ပြီးအသက်မသွင်းနိုင်ခဲ့ဘူးဆိုတဲ့ တစ်ယောက်လား... ဘယ်သူကများ အဲဒီလိုမျိုးလုပ်နိုင်စွမ်း ရှိတာပါလိမ့် "
သူသည် အတွေးများထဲတွင်နစ်မျောနေကာ ဤဟင်းလင်းပြင်ကြီးထဲတွင် အချိန်ကြာမြင့်စွာ လှည့်ပတ်သွားလာနေခဲ့ပြီး အပျက်အစီးပေါင်း မြောက်မြားစွာ မြင်တွေ့ခဲ့ရပါသော်လည်း အသက်ရှင်နေသည့် လူတစ်ယောက်တစ်လေမျှပင် မတွေ့ခဲ့ရသည့်အချက်ကို စဥ်းစားနေမိတော့သည်။
ယခင်က ကြယ်တာရာစုံလင်သော ကောင်းကင်ကြီးဖြစ်ခဲ့သည့် ဤဟင်းလင်းပြင်ကြီးထဲတွင် ထာဝရအင်မော်တယ်နယ်မြေများသာ ကျန်ရှိတော့သည်။ ထိုတစ်နေရာတည်းသာ သက်ရှိများရှိနေသည်ဖြစ်ပြီး ၎င်းအား ဝန်းရံနေသည့် အရာအားလုံးကား အပျက်အစီးများနှင့် သေဆုံးနေသောအရာများသာ ဖြစ်သည်။
ထိုအချင်းအရာများကြောင့် ဤယပ်တောင်အား လွှဲပြောင်းပေးခဲ့သည့် ရတနာယပ်တောင်ကြီး၏ မူလပိုင်ရှင်ဖြစ်သော အင်မော်တယ်ကမ္ဘာမှ မိုးမြေဧကရာဇ်ကြီး ယခင်က ပြောခဲ့ဖူးသည့် ကြယ်တာရာများစုံလင်နေသော ကောင်းကင်ကြီးထဲတွင် ဆိုက်ရောက်ခဲ့သည့် ကပ်ဘေးကြီးအကြောင်းကို တွေးတောမိသွားတော့သည်။
ထို့နောက် ထာဝရအင်မော်တယ်နယ်မြေများ၏ အပေါ်တွင် အုပ်မိုးနေသည့် ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းသော ဧရာမမိုးမြေဧကရာဇ်ကြီးအကြောင်းကို ထပ်မံတွေးတောမိလိုက်တော့သည်။ ထိုမိုးမြေဧကရာဇ်ကြီးမှာ မသေသေးပဲ အိပ်ပျော်နေခြင်းသာဖြစ်သည်။
" လျှို့ဝှက်ချက်ကြီးတစ်ခုခုတော့ ရှိနေတာ သေချာတယ်။ ငါအစဖြေမိသွားတဲ့ လျှို့ဝှက်ချက် ကြိုးထုံးကြီးတစ်ခုပေါ့... "
ပိုင်ရှောင်ချန်းမှာ ယပ်တောင်ပေါ်တွင် တင်ပျဥ်ခွေထိုင်၍ ဟင်းလင်းပြင်ကြီးထဲသို့ ငေးကြည့်နေပြီး သူတော်စင်ဧကရာဇ်နှင့် မိစ္ဆာဧကရာဇ်တို့နှစ်ယောက် အမှန်တရားကို သိနေမလားဟု တွေးနေတော့သည်။ သူတို့သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယခုအချိန်အထိ သူရှာတွေ့ခဲ့သည့် သဲလွန်စအားလုံးကြောင့် သူ့နည်းသူ့ဟန်ဖြင့် အကြမ်းဖျင်းမျှတော့ နားလည်နေပြီဖြစ်သည်။
ဖော်ပြခြင်းငှာ မတတ်သာလောက်အောင် စွမ်းအား ကြီးမားလှသည့် တန်ခိုးရှင်တစ်ဦးက ကြယ်တာရာများစုံလင်နေသော ကောင်းကင်ယံကြီးထဲရှိ အရာရာတိုင်းကို အစုလိုက် အပြုံလိုက် မျိုးတုံးသတ်ဖြတ်ခဲ့သည်။ လူအားလုံး၊ သက်ရှိအားလုံးနှင့် အခြားသောစွမ်းအားကြီး ကျင့်ကြံသူများအားလုံး အပါအဝင်ဖြစ်သည်။ ထိုလူသည်ကား ထာဝရအင်မော်တယ်နယ်မြေများ၏အထက်တွင် ရှိနေသည့် ဧရာမရုပ်ထုကြီးပင် ဖြစ်သည်။
ထာဝရအင်မော်တယ်နယ်မြေများထဲ၌ ဖြစ်ပွားခဲ့သည့် နောက်ဆုံးတိုက်ပွဲတွင် မိုးမြေဧရာဇ်အဆင့်သို့ ရောက်နေကြပြီဖြစ်သော ဗဟိုအရှင်သခင်၊ သူတော်စင်အရှင်သခင်နှင့် မိစ္ဆာအရှင်သခင်တို့က သူတို့၏ အသက်များကိုစတေး၍ ထိုရန်သူကြီးကို ချုပ်နှောင်ခဲ့ပြီး သူ့အား ယနေ့တိုင် ရှိနေခဲ့သည့်ပုံစံအတိုင်း ဖြစ်သွားေအာင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
ပိုင်ရှောင်ချန်း နားမလည်သည့်အရာများစွာ ရှိနေသေးပေသည်။ ထိုဖော်ပြ၍မရနိုင်လောက်အောင် စွမ်းအားကြီးမားလှသည့် တန်ခိုးရှင်ကား မည်သူနည်း။ အဘယ့်ကြောင့် သူက ရှိရှိသမျှ အရာရာတိုင်းကို မျိုးတုံးပျောက်ကွယ်သွားသည်အထိ သတ်ဖြတ်ရန် ဆန္ဒရှိနေရသနည်း။ အဘယ့်ကြောင့် ထာဝရအင်မော်တယ်နယ်မြေများကို နောက်ဆုံးမှ တိုက်ခိုက်ခဲ့သနည်း။ ထို့ပြင် ထိုကဲ့သို့ စွမ်းအားကြီးမားလှသည့် တန်ခိုးရှင်ကို မိုးမြေဧကရာဇ်သုံးပါးက မည်ကဲ့သို့ ချုပ်နှောင်နိုင်ခဲ့သနည်း။
ကြယ်တာရာကောင်းကင်ရှိ အရာရာတိုင်းသာမက အခြားသောမိုးမြေဧကရာဇ်များနှင့် ၎င်းတို့၏ပြည်သူများကိုပါ သတ်ဖြတ်နိုင်လောက်အောင် စွမ်းအားကြီးမားနေသည့် တန်ခိုးရှင်တစ်ယောက်မှာ မိုးမြေဧကရာဇ်သုံးပါး၏ ချုပ်နှောင်ခြင်းကို ခံရလောက်အောင် အားနည်းနေမည်မဟုတ်ဟု လူတိုင်းတွေးမိမည်သာ ဖြစ်သည်။
လက်တလောတွင်မူ ထိုမေးခွန်းများအတွက် အဖြေမရှိသေးပေ။ သူသည် ဟင်းလင်းပြင်ကြီးအား အချိန်ကြာမြင့်စွာ ငေးကြည့်နေလိုက်ပြီးနောက် နှစ်ဆယ့်ရှစ်ရောင်ခြယ်မီးတောက်ဖန်တီးနည်းကို ပြန်၍ ကြိုးစားလိုက်တော့သည်။ ထိုကာလတလျှောက် လူသူကင်းမဲ့နေသော ဟင်းလင်းပြင်ကြီး၏ ဖိအားမှာ သူ့အပေါ်သို့ သက်ရောက်နေသကဲ့သို့ သူ ခံစားနေရတော့သည်။
သရဲအဘွားကြီးနှင့် ရင်ဆိုင်ရသည့်တိုက်ပွဲမှာ သူမ၏စက္ကူခန္ဓာကိုယ် ပျက်စီးသွားခဲ့သည့်အချိန်ကတည်းက ပြီးဆုံးသွားဟန်တူသည်။ မည်သည့်အကြောင်းကြောင့်တော့မသိ သူမက ထပ်၍ပေါ်မလာတော့သဖြင့် ပိုင်ရှောင်ချန်းမှာ စိတ်အေးလက်အေး သက်ပြင်းချနိုင်တော့သည်။
နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခု ကုန်ဆုံးသွားပြန်သည်။ ထိုအတောအတွင်း သူသည် အခါအားလျော်စွာ ထာဝရအင်မော််နယ်မြေထဲသို့သွား၍ တပေါက်၊ ရှောင်ရှောင်၊ စုန့်ကျင်းဝမ်၊ ကျိုးကျစ်မိုတို့နှင့် အတူ အချိန်များကို ကုန်ဆုံးစေခဲ့သည်။ သူသည် သောကကင်းဝေးကိုးသွယ်ဘုရင်နှင့် ဝိညာဥ်ခရီးဘုရင်တို့အပြင် အရှေ့ပိုင်းနှင့် မြောက်ပိုင်းမှ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများအား ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းရာတွင်လည်း ကူညီပေးခဲ့သည်။
ယခုတွင် ဗဟိုဧကရာဇ်မင်းဆက်၌ ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူ ရှစ်ယောက်ရှိနေပြီဖြစ်၍ ထာဝရအင်မော်တယ်နယ်မြေများထဲတွင် ပို၍ပင် အင်အားကြီးမားလာတော့သည်။ အင်မော်တယ်နယ်မြေများနှင့် ပတ်သက်လာလျှင်မူ သူတို့သည် နယ်မြေအများဆုံးကို မပိုင်ဆိုင်ထားပါသော်လည်း သူတို့၏မင်းဆက်မှာ အင်အားချိန်ခွင်အား အပိုင်းသုံးပိုင်းခွဲနိုင်လောက်အောင် အင်အားကြီးနေပြီဖြစ်သည်။
တစ်ခုတည်းသော အားနည်းချက်မှာ ကုန်းစွန်းဝမ်အာမှလွဲ၍ အခြားသူများအားလုံးမှာ အစောပိုင်း ကောင်းကင်ဧကရာဇ်အဆင့်တွင်သာ ရှိနေသေးခြင်းဖြစ်သည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ နှောင်းပိုင်း ကောင်းကင်ဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်ပါက ကောင်းကင်ဧကရာဇ်များနှင့် ပတ်သက်လာလျှင် သူတို့က တိုင်းပြည်သုံးခုထဲတွင် စွမ်းအားအကြီးဆုံး ဖြစ်လာမည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ ယပ်တောင်ကြီးအား အလိုအလျောက် ပျံသန်းခွင့်ပေးခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုကုန်ဆုံးသွားခဲ့သည့် နှစ်ခြောက်ဆယ်စက်ဝန်းအတွင်း အပျက်အစီးများကို တစ်ခုပြီးတစ်ခု သူ တွေ့မြင်ခဲ့ရပြီး အဆုံးမရှိလောက်အောင် များပြားလှသော အကျိုးအပဲ့များစွာကိုလည်း ကြုံတွေ့ခဲ့ရသည်။ ဤဟင်းလင်းပြင်ကြီးထဲတွင် အခြားသက်ရှိလုံးဝ ရှိမနေသောကြောင့် သူက ကမ္ဘာကြီးပျက်စီးသွားပြီးနောက် ကျန်ရစ်ခဲ့သည့် အကြွင်းအကျန်များကို မျက်ဝါးထင်ထင် ရှုမြင်နေရသည့် အချိန်ခရီးသွားတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။
သူသည် အတိတ်က ကြယ်တာရာကောင်းကင်ကြီးထဲတွင် ရှိနေခဲ့ကြသည့် ကမ္ဘာပေါင်းများစွာအကြောင်းကို တဖြည်းဖြည်းနှင့် သိနားလည်လာတော့သည်။ ပိုင်ရှောင်ချီကလည်း ပိုင်ရှောင်ချန်း၏ မေးခွန်းများကို အသေးစိတ်ဖြေပေးနေသည်လည်း ဖြစ်သည်။
ထို့အပြင် အဆုံးတွင် ပိုင်ရှောင်ချန်းမှာ နှစ်ဆယ့်ရှစ်ရောင်ခြယ်မီးတောက်တစ်ခုကို ဖန်တီးနိုင်သွားတော့သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ယခုတွင် ကောင်းကင်ဧကရာဇ် မဟာစက်ဝန်းအဆင့်၏ ထိပ်ဆုံးသို့ ရောက်နေပြီဖြစ်၍ လောကနတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် အလွန်နီးစပ်နေပြီဖြစ်သည်။ ထိုနှစ်ခုကြားထဲမှ ကွာဟချက်လေးမှာ အလွန်သေးငယ်သည်ဟုလည်းဆိုနိုင်သလို အလွန်ကြီးမားသည်ဟူ၍လည်း ဆိုနိုင်သည်။ အကယ်၍ သူသာ ကံကောင်းထောက်မစွာဖြင့် မှန်ကန်သော အခွင့်အရေးတစ်ခုကို မရရှိပါက ထိုကွာဟနေမှုကို ချိတ်ဆက်နိုင်မည် မဟုတ်ပေ။
သို့သော်ငြား သူ၏တိုက်ပွဲစွမ်းရည်မှာ ယ ခင်ကထက် အဆင့်မြင့်လာပြီဖြစ်ပြီး ရတနာယပ်တောင်ကြီးကိုလည်း ပို၍ကောင်းမွန်စွာ ထိန်းချုပ်နေနိုင်ပြီဖြစ်သည်။ ယခုတွင် သူသည် လောကနတ်ဘုရားအဆင့် ကျေးကျွန်နှစ်ယောက်ကို ဆင့်ခေါ်နိုင်စွမ်းရှိနေပြီး ထိုနှစ်ယောက်စလုံးမှာလည်း ယပ်တောင်ကြီး၏ အပြင်ဘက်တွင် အမွှေးတိုင်နှစ်တိုင် လောင်ကျွမ်းစာအချိန်အထိ နေနိုင်စွမ်းရှိနေပြီလည်း ဖြစ်သည်။
သူ၏လောကနတ်ဘုရား အလင်းတန်းမှာလည်း တိုးတက်လာပြီဖြစ်သည်။ ယခု သူ၏လက်ဝယ်တွင် အလင်းတန်းငါးဆယ်ကျော်အထိ ရှိနေပြီဖြစ်၍ သူကိုယ်တိုင် လောကနတ်ဘုရားအဆင့်သို့ မရောက်သေးပါသော်လည်း အခြားလောကနတ်ဘုရားအဆင့် ကျင့်ကြံသူများကို တိုက်ပွဲတွင် အနိုင်ယူနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ပိုင်ရှောင်ချန်းမှာမူ ထိုအရာများအပေါ် သာယာမနေပေ။ သူ လောကနတ်ဘုရားအဆင့်သို့ မရောက်သေးသရွေ့ သူ၏လက်အောက်ငယ်သားများကို ပြန်၍ အသက်သွင်းနိုင်စွမ်း မရှိသေးသည်ဖြစ်ရာ သူ၏ကောင်းကင်ဧကရာဇ်အဆင့် ကျင့်ကြံသူများမှာ အမြစ်ကုတ်တွယ်စရာမရှိသည့် သစ်ပင်များကဲ့သို့ ဖြစ်နေဆဲပင်။ မုန်တိုင်းတစ်ခုသာ ကျရောက်လာပါက သူတို့အားလုံး ညတွင်းချင်း ပျက်သုဥ်းပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
လောကနတ်ဘုရားအဆင့် တိုက်ပွဲစွမ်းရည်မှာ တော်ဝင်မင်းဆက်တစ်ခု၏ ကျောထောက်နောက်ခံနှင့်တူပြီး အသက်ပြန်သွင်းနိုင်သည့် နတ်ဘုရားစွမ်းရည်မှာ ထိုမင်းဆက်ကြီးအား ရေရှည်တည်တံ့စေနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
သို့သော် သူမည်မျှပင်ကြိုးစားစေကာမူ ထိုနောက်ဆုံး ကွာဟချက်လေးကို မချိတ်ဆက်နိုင်လောက်အောင် ဖြစ်နေသည်။ ထို့အပြင် ရောင်စုံခြယ်မီးတောက်များကို ဖန်တီးခြင်းသည်လည်း ကျင့်ကြံခြင်းအဆင့်နှင့် သက်ဆိုင်သည် မဟုတ်ပါလော။ သူ့ထံတွင် လောကနတ်ဘုရားအဆင့် ကျင့်ကြံခြင်းအခြေခံ ရှိနေမှသာ နှစ်ဆယ့်ကိုးရောင်ခြယ်မီးတောက်ဖန်တီးနည်းကို ပြီးမြောက်စွာ ဖန်တီးနိုင်မည်ဖြစ်ကြောင်း သိသွားပြီ ဖြစ်သည်။
အဆုံးတွင် သူသည် စမ်းသပ်မှုများနှင့် အစီအစဥ်များအားလုံးကို စွန့်လွှတ်လိုက်ပြီး သူ၏စိတ်နှလုံးကို တည်ငြိမ်အောင်ထားလိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ ခံစားချက်အားလုံးကို ပယ်ရှား၍ ဟင်းလင်းပြင်ကြီးထဲသို့ စိုက်ကြည့်နေပြီး တစ်ရက်ရောက်သော် သူ၏မျက်လုံးများပြူးကျယ်လာကာ မတ်တတ်ထရပ်လိုက်တော့သည်။ ပိုင်ရှောင်ချီမှာ သူ၏ဘေးတွင်ပေါ်လာပြီး အပြင်သို့လှမ်းကြည့်လိုက်သောအခါ ရေရွတ်မိသွားတော့သည်။
" ငါတို့ ထပ်ဆုံပြန်ပြီ။ ဒါနဲ့ဆို ငါသူတို့ကိုတွေ့တာ ကိုးကြိမ်မြောက်ပဲ "
ဟင်းလင်းပြင်ကြီးထဲရှိ အဝေးတစ်နေရာတွင် မရေမတွက်နိုင်လောက်အောင် များပြားသော တလက်လက်တောက်ပနေသည့် အလင်းရောင်များရှိနေသည်။ ၎င်းတို့မှာ ခေါင်းတလားများ၏ အပေါ်တွင် နားခို၍ ထိုခေါင်းတလားများကို ထာဝရအလင်းပေးနေသည့် သလင်းကျောက်မီးအိမ်များပင် ဖြစ်သည်။
ခေါင်းတလားများမှာ သန်းပေါင်းများစွာ ရှိနေသဖြင့် ရေတွက်ရန် မဖြစ်နိုင်ပေ။ ၎င်းတို့မှာ ဟင်းလင်းပြင်ကြီးထဲတွင် မျောလွင့်နေပြီး မိုးရေစက်များနှင့်ပင် ဆင်တူနေသည်။
ရတနာယပ်တောင်ကြီး ရပ်တန့်သွားပြီး ပိုင်ရှောင်ချန်းမှာ အစွန်းပေါ်တွင်ရပ်၍ ထိုခမ်းနားကြီးကျယ်သောမြင်ကွင်းကြီးအား လှမ်း၍ကြည့်နေသည်။ ထိုမရေမတွက်နိုင်သော ခေါင်းတလားများ သူ၏ဘေးမှဖြတ်သွားသောအခါ ၎င်းတို့ထဲတွင် ယောက်ျားနှင့် မိန်းမများ၏ ဆေးစိမ်ထားသော ရုပ်အလောင်းများ ရှိနေသည်ကို မြင်လိုက်ရသည်။
သို့သော် ထိုအလောင်းများမှာ အချိန်ကြာမြင့်လွန်းနေပြီဖြစ်၍ အများစုမှာ ပုပ်ပွနေကြပြီဖြစ်ပြီး ပျောက်ကွယ်ပျက်စီးသွားတော့မည့်ပုံစံ ပေါ်နေကြသည်။ ထိုခေါင်းတလားများမှာ မိုးရေများကဲ့သို့ ကြာမြင့်စွာ မျောလွင့်နေသည်။ နောက်ဆုံးခေါင်းတလားတစ်လုံး သူ၏ဘေးမှဖြတ်သွားချိန်တွင် ၎င်းမှာ အတိတ်က ကြယ်တာရာကောင်းကင်ကြီးထဲတွင် ဖြစ်ပွားခဲ့သော လူမျိုးတုန်းသတ်ဖြတ်မှုများထဲတွင် ပါဝင်ခဲ့ကြသည့် လူပေါင်းများစွာ၏ ခေါင်းတလားများထဲမှ တစ်လုံးဖြစ်ကြောင်း သိထားသဖြင့် ပိုင်ရှောင်ချန်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေတော့သည်။ သူတို့ကား မသေဆုံးခင်အချိန်လေးတွင် ဤမိုးရေနှင့်တူသော ခေါင်းတလားများကို သူတို့၏ အထိန်းအမှတ်ပစ္စည်းများအဖြစ် ဟင်းလင်းပြင်ကြီးထဲဲတွင် ချန်ရစ်ထားခဲ့ြကပေသည်။