နောင်တများနှင့် သေဆုံးသွားရပါသော
Vol. 13 Ch. 1237
ပိုင်ရှောင်ချန်းသည် ဝိညာဥ်များစုဆောင်းရင်း နှစ်ပေါင်းများစွာခရီးနှင်နေသည့်အတွင်း သူ့ပတ်လည်ရှိ ဟင်းလင်းပြင်အကြောင်း ကောင်းကောင်းနားလည်လာခဲ့လေသည်။
သို့သော် အပျက်အစီးအားလုံး မြင်ခဲ့ရသည့်တိုင် မည်သည့်အရာကမှ သူ့အရှေ့တွင် လွင့်မျောနေသော ခေါင်းတလားသန်းပေါင်းများစွာကို ကြည့်နေရခြင်းကဲ့သို့ တုန်လှုပ်စရာ မကောင်းပေ။
နောက်ဆုံး၌ သူက ဟင်းလင်းပြင်ကို ကျောပေး၍ လေးလေးနက်နက် ထိုင်စဥ်းစားလိုက်သည်။ ဤအချိန်တွင် ဤဟင်းလင်းပြင်ကား သက်ရှိဆို၍ ထာဝရအင်မော်တယ်နယ်မြေများထဲမှာသာ ကျန်ရှိတော့သော သေမင်းနယ်မြေတစ်ခု ဖြစ်ကြောင်း အခိုင်အမာ ယုံကြည်သွားလေသည်။
" ကျန်ခဲ့တာတွေက ဝိညာဥ်တွေရယ် ရှောင်ချီလို အစောင့်အရှောက်ဝိညာဥ်တွေပဲ "
သူက သက်ပြင်းချရင်း ပိုင်ရှောင်ချီကို လှမ်းကြည့်ကာ ရုတ်တရက် သူ့အတွက် လွန်စွာ စိတ်မကောင်းဖြစ်သွားရသည်။ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူ စိတ်လက်မသာမယာ ဖြစ်ခဲ့ရပါသော်လည်း ထိုအချိန်ကာလမှာ အစောင့်အရှောက်ဝိညာဥ်က ဟင်းလင်းပြင်ကိုဖြတ်လျက် အထီးကျန်အဖော်မဲ့စွာ မျောလွင့်နေခဲ့သော ကာလသက်တမ်းနှင့် နှိုင်းယှဥ်လျှင် မပြောပလောက်ပေ။ သူတို့ပထမဆုံးစတွေ့တုန်းက သူ၏သဘောထား အလွန်ဆိုးရွားခဲ့သည်မှာ အံ့သြစရာမရှိချေ။
အချိန်များ တိတ်တဆိတ် ဆက်လက်ကုန်လွန်သွား၏။ တစ်နှစ်ပြီးတစ်နှစ် အပျက်အစီးတစ်ပုံပြီးတစ်ပုံ။ တစ်နေ့တွင် ယပ်တောင်က ရုတ်တရက် အရှိန်လျော့လာ၏။ ၄င်းမှာ ပိုင်ရှောင်ချန်းသော်လည်းကောင်း၊ ပိုင်ရှောင်ချီသော်လည်းကောင်း၊ မည်သူ၏လုပ်ဆောင်ချက်မှ မဟုတ်ပေ။ ကြည့်ရသရွေ့ ယပ်တောင်မှာ ၄င်း၏နောက်ဆုံးဦးတည်ရာကို ရောက်ရှိသွားပုံရလေသည်။ ဘေးက ပိုင်ရှောင်ချီမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေပြီး သူတို့ချဥ်းကပ်နေသော နေရာနှင့် ရင်းနှီးသော်လည်း တချိန်တည်းမှာပင် မရင်းနှီးသည့်အလား သူ့မျက်ဝန်းများကား ထူးဆန်းစွာ ရိပ်ခနဲဖြစ်သွား၏။
အပေါ်ထက်ရှိ ဒေသသည် အပျက်အစီးများစွာဖြင့် ပြည့်နှက်နေပြီး ၄င်း၏အရွယ်အစားတစ်ခုလုံးက ပိုင်ရှောင်ချန်း ခရီးနှင်နေစဥ်အတောအတွင်း မြင်တွေ့ခဲ့ရသော မည်သည့်အရာမဆိုထက် သာလွန်သည်။ အမှန်တကယ်ဆိုရလျှင် ဤအပျက်အစီးများ မည်သည့်နေရာတွင် အဆုံးသတ်ကြောင်း မြင်ရန် မဖြစ်နိုင်ပေ။
ပျက်စီးနေသော အဆောက်အအုံများ၊ ကွဲကြေသွားသော ကျောက်ဆောင်များနှင့် မရေမတွက်နိုင်သော မှော်ပစ္စည်းအပျက်များ ရှိလေသည်။ ရံဖန်ရံခါ အလွန်ညှိုးနွမ်းခြောက်ကပ်နေသဖြင့် ထိရုံနှင့် ကြွေလွင့်မည်ဖြစ်သော အပင်များကိုပင် မြင်နိုင်လေသည်။
ပတ်ဝန်းကျင်တွင် ပိုင်ရှောင်ချန်း၏အရှိန်အဝါကို မဆိုစလောက် နောက်ဆုတ်သွားစေပြီး သူ၏မျက်လုံးများကို တောက်ပလင်းလက်သွားစေသော အခိုးအငွေ့ အနည်းငယ်လည်း ရှိလေသည်။
" အင်မော်တယ်စွမ်းအင် "
သူက ဖြည်းညင်းစွာ ထရပ်၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ ထိုစွမ်းအင်ကို သူ အာရုံရပြီး ယပ်တောင်က မည်သည့်လမ်းကြောင်း နောက် လိုက်ပါနေသည်ကို ဆုံးဖြတ်ရန် လှမ်းကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် အလွန့်အလွန်ကြီးမားသော ဖြစ်နိုင်ခြေတစ်ခု သူ့ခေါင်းထဲတွင် ပေါ်ပေါက်လာ၏။
" ဒီနေရာက.....ယပ်တောင်ရဲ့ ပိုင်ရှင် မိုးမြေဧကရာဇ် ပြောခဲ့တဲ့ အင်မော်တယ်ကမ္ဘာဆိုတာ သေချာပြောရဲတယ် "
" အတိတ်မှာတုန်းက အဲဒါဟာ ကြယ်တာရာကောင်းကင်မှာ အစည်ကားဆုံးနေရာဖြစ်ပြီး အတိုးတက်ဆုံး လူနေမှုစနစ်ထွန်းကားရာဖြစ်မယ် "
" အဲဒါက .... ဒီယပ်တောင် ဖန်တီးခံခဲ့ရတဲ့ နေရာလဲ ဖြစ်မယ် "
သူသည် ပိုင်ရှောင်ချီကို လှမ်းကြည့်လိုက်ပြီး ဤနေရာကို မှတ်မိသော်လည်း တချိန်တည်းမှာပင် မရင်းနှီးကြောင်း တွေ့လိုက်ရသည့်အလား ဖြစ်နေသော သူ၏မျက်လုံးများထဲရှိ ထူးဆန်းသောအကြည့်ကို မြင်လိုက်ရသည်။ ထိုသည်က သူ၏ထင်မြင်ချက်ကို ပို၍အထောက်ပံ့ပေးလိုက်ပုံသာ ပေါ်လေသည်။ ထို့ပြင် သူက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေစဥ် အစိတ်စိတ်အမြွှာမြွာကွဲထွက်သွားသော ကုန်းမြေထုကြီးတစ်တခုကို ကြည့်နေမိသည် ဖြစ်ကြောင်း သူ လက်ခံယုံကြည်လာတော့သည်။
အတောမသတတ်နိုင်သော အပျက်အစီးများအရ အတိတ်က အင်မော်တယ်ကမ္ဘာမှာ မည်မျှခမ်းနားကြီးကျယ်ခဲ့ကြောင်း ခန့်မှန်းနိုင်လေသည်။ မကြာခင် ထာဝရအင်မော်တယ်နယ်မြေများထက် အရွယ်အစားအရ အဆတစ်ရာနီးပါးသာလွန်သော ကုန်းမြေထုကြီးတစ်ခု၏ ပုံရိပ် ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ပေါ်ပေါက်လာ၏။
ထိုဧရာမကုန်းမြေထုကြီးကို ဝန်းရံထားသော ပတ်ဝန်းကျင်မှာ ရှိနေသည်ကား စက်လုံးသဏ္ဍာန်အရာဝတ္ထုပေါင်းများစွာ ဖြစ်သည်။ ပိုင်ရှောင်ချန်းအတွက် ထိုအရာဝတ္ထုများက မည်သည့်အရာဖြစ်သည်ကို ဆုံးဖြတ်ရန် မဖြစ်နိုင်သော်လည်း ကျန်ရှိနေသည့် အပျက်အစီးအပေါ် အခြေခံ၍ ၄င်းတို့တည်ရှိခဲ့သည်မှာ ထင်ရှားသည်။
" အိမ်....."
ပိုင်ရှောင်ချီက ခပ်ဖွဖွရေရွတ်လိုက်သည်။
ပိုင်ရှောင်ချန်းက တုန်လှုပ်သွားရင်း သူတို့ထံ တဖြေးဖြေးလွင့်မျောလာသော အပျက်အစီးများကို ဝေ့ဝိုက်ကြည့်လိုက်သည်။ ယပ်တောင်သည် သိိသိသာသာ အရှိန်လျှော့သွားသော်လည်း ကောင်းကင်ဧကရာဇ်တစ်ပါးကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသေးလေသည်။
ထိုအမြန်နှုန်းဖြင့် ရွေ့လျားနေသည့်တိုင် နှစ်ပေါင်းများစွာ အဆုံးမရှိဘဲ ကုန်ဆုံးသွားခဲ့၏။ ထိုအချိန်အတောအတွင်း ပိုင်ရှောင်ချန်းသည် သူ့ကိုပင် ကြောက်စိတ်များဖြင့် တုန်ရီသွားစေသော အခိုးအငွေ့များဖြင့် သက်ဝင်လှုပ်ရှားနေသော နေရာပေါင်းများစွာကို ဖြတ်သန်းရင်း သူ့ပတ်လည်ရှိ အပျက်အစီးများကို လေ့လာနေတော့သည်။
ထိုကဲ့သို့နေရာများကို အနီးကပ်ကြည့်ခြင်းကပင် ၄င်းတို့နှင့်ပတ်သက်သော အချက်အလက်တစ်စုံတရာ ထပ်မံမပေးအပ်တော့ပေ။ သို့သော် ပိုင်ရှောင်ချန်းက အချိန်အနှစ်သာရတွင် တိုးတက်ခဲ့သည်ဖြစ်၍ လွန်ခဲ့သော နှစ်အသေင်္ချေပေါင်းများစွာက သေဆုံးသွားခဲ့သည့် အစွမ်းထက်ပညာရှင်များ၏အရှိန်အဝါများဖြစ်ကြောင်း သူ ဆုံးဖြတ်နိုင်လေသည်။
အနည်းဆုံး ထိုအရှိန်အဝါများမှာ လောကနတ်ဘုရားတစ်ပါးအဆင့်ရှိသည်။ ဤအပျက်အစီးများမှ ပိုင်ရှောင်ချန်းသည် အတိတ်က အင်မော်တယ်ကမ္ဘာမှာ မည်သည်နှင့်တူခဲ့ကြောင်း အသိအမြင်တစ်ခု ရလာလေ၏။ ဤနေရာ၏ ဂုဏ်ကျက်သရေနှင့် စွမ်းအားသက်သက်နှင့်ပင် စိတ်ကူးယဥ်နိုင်စွမ်းကို သွေဖယ်နေပြိီဖြစ်သည်။
မည်သည့်စွမ်းအားအဆင့်၊ မည်သည့်ကပ်ဘေးက ဤမြင့်မြတ်ထူးထဲသော အင်မော်တယ်ကမ္ဘာဆီသို့ ပျက်စီးကိန်း ယူဆောင်လာခဲ့ကြောင်း စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်ပေ။
" ကုန်းမြေထုကြီး အစိတ်စိတ်အမြွှာမြွာကွဲထွက်သွားခဲ့တယ်" ပိုင်ရှောင်ချန်းက ခပ်တိုးတိုးရေရွတ်သည်။ "ကမ္ဘာပေါင်းများစွာ ချေမှုန်းခံခဲ့ရ၊ လောကနတ်ဘုရားတွေအားလုံး အမြစ်ဖြုတ်သုတ်သင်ခံခဲ့ရပြီး အင်မော်တယ်ဧကရာဇ်က နာနာကြည်းကြည်းသေဆုံးသွားခဲ့တယ်။ အင်မော်တယ်ဧကရာဇ် လုပ်နိုင်သမျှက ဒီယပ်တောင်ကို ဖန်တီးပြီး သူ့ ကိုယ်ပွားပုံရိပ်တစ်ခုနဲ့အတူ အဝေးပို့လိုက်ဖို့ပဲ။ သူက ... ဒီမှာ သေဆုံးသွားခဲ့တာ… "
လများ ကုန်လွန်သွား၏။ နောက်ဆုံးတွင် ယပ်တောင်က နေရာတစ်နေရာထံ ရောက်ရှိသွားသောအခါ ၄င်းမှာ လျင်မြန်စွာ အရှိန်လျော့လာတော့သည်။
ထိုသို့ဖြစ်ပျက်သွားသောအခါ ပိုင်ရှောင်ချန်းက အပျက်အစီးများအား ဝေ့ဝိုက်ကြည့်လိုက်ရာ ကြီးမားသော အရာဝတ္ထုကြီးတစ်ခုခုက သူ့ကိုဆွဲငင်နေကြောင်း ခံစားလိုက်ရလေသည်။
ထို့ပြင် ထိုအရာဝတ္ထုကား ရတနာယပ်တောင်၏ ဦးတည်ရာက လွဲ၍ တခြားမဟုတ်ပေ။
သို့မဟုတ်.... ထိုဧရာမအရာဝတ္ထုကြီးက ယပ်တောင်ကို ၄င်းထံ ဆင့်ခေါ်နေခြင်း ဖြစ်တန်ရာသည်။
ပိုင်ရှောင်ချန်း ပင့်သက်ရှိုက်မိသွား၏။ ပိုင်ရှောင်ချီမှာမူ အရာဝတ္ထုကို မြင်သည်နှင့်တစ်ပြိုင်နက် သူ၏နှုတ်ခမ်းများမှာ စကားပြောချင်သော်လည်း မည်သည့်စကားလုံးမှ ထွက်မလာသည့်အလား တဆတ်ဆတ်တုန်ရီသွားလေသည်။ သို့သော် သူ၏မျက်လုံးများက ပြင်းစွာသော နာကျင်မှုအရိပ်အငွေ့များကိုသာ ပြသနေ၏။
မကြာခင် ပိုင်ရှောင်ချန်းက ဖြစ်ပျက်နေသသောအရာအား သဘောပေါက်သွားလေသည်။ ယပ်တောင်က အရာဝတ္ထုကို ပတ်၍ တဖြေးဖြေးလည်ပတ်လာပြီး အခြားတစ်ဖက်ကိုရောက်သွားစဥ် ပိုင်ရှောင်ချန်း၏ စိတ်အစဥ်မှာ ချာချာလည်လာတော့သည်။ ဘေးရှိ ပိုင်ရှောင်ချီမှာ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးလိုက်သည်။
"သခင်လေး"
" အင်မော်တယ်ဧကရာဇ် "
ပိုင်ရှောင်ချန်း၏နှုတ်မှ လွှတ်ခနဲထွက်သွား၏။ ဤသည်မှာ ကြုံရာကျပန်း စက်လုံးတစ်လုံးမဟုတ် ဧရာမဦးခေါင်းကြီး ဖြစ်လေသည်။
၄င်း၏ မျက်နှာသွင်ပြင်များ မြင်သာလာစဥ် ၄င်းတို့သည် ရတနာယပ်တောင်၏ အဆင့် ( ၁၀၀ ) မှာတုန်းက သူတွေ့ဆုံခဲ့ရသည့် အင်မော်တယ်ဧကရာဇ်၏ ပုံရိပ်ဖြင့် တထေရာတည်း ဆင်တူကြောင်း ပိုင်ရှောင်ချန်းသဘောပေါက်လိုက်၏။
သူ၏မျက်လုံးများ၊ နားများ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ တောင့်ခဲနေသော သွေးများစီးကျနေ၏။ သူ၏ မျက်လုံးများကား ပွင့်နေဆဲဖြစ်ပြီး သေဆုံးပြီးနောက် ထိုစဥ်ကတည်းက ကုန်လွန်သွားခဲ့ပြီဖြစ်သော နှစ်သိန်းသန်းပေါင်းများစွာပြီးနောက်မှာပင် ၄င်းတို့အတွင်း၌ အလွန်ကြီးမားသော အာခံဖီဆန်မှုကို မြင်နိုင်သေးလေသည်။
ထိုမျက်လုံးများကို ကြည့်လိုက်ရုံလေးနှင့် ပိုင်ရှောင်ချန်းမှာ သူ၏ဝိညာဥ်ထဲထိ တုန်လှုပ်သွားသော ဒေါသတကြိီးဟိန်းဟောက်သံတစ်စံ ကြားလိုက်ရလုနီးပါး ဖြစ်သွားတော့သည်။
သူသည် ရတနာယပ်တောင်မှာ ၄င်းကို ဖန်တီးခဲ့သော မိုးမြေဧကရာဇ်၏ ဆင့်ခေါ်ခြင်းခဲ့ရသည်ဟု စောစောက ခန့်မှန်းခဲ့သော်လည်း သူ၏အယူအဆမှန်ကြောင်း သက်သေပြခံရသည့် အခိုက်အတန့်ရောက်ရှိလာသောအခါ စိတ်ငြိမ်ငြိမ်မထားနိုင်တော့ပေ။ အမှန်တကယ်ဆိုရလျှင် ခေါင်းကြိီးအတွင်းပါရှိသော ပူဆွေးသောကများ၊ အမျက်ဒေါသများက ၄င်းပတ်ဝန်းကျင်ကို လွှမ်းမိုးထားလေရာ အရာအားလုံးအား ဖိအားကြောင့် ပုံပျက်ရှုံ့တွသွားစေလေသည်။
ပိုင်ရှောင်ချန်း၏ အလွန်တရာအစွမ်းထက်သော အပြင်ခန္ဓာကိုယ်နှင့် ယပ်တောင်အပေါ်တွင် ရှိနေသော အချက်ကြောင့်သာမဟုတ်လျှင် သူ အနားပင်ကပ်သွားနိုင်ခဲ့မည် မဟုတ်ပေ။ ထိုအကာအကွယ်များအားလုံးနှင့်ပင် သူ မအီမသာဖြစ်နေသေးပြီး အသက်ရှူရခက်နေတော့သည်။ အချိန်အနည်းငယ်ကုန်လွန်ပြီး အတန်ငယ်နေသားကျသွားပြီးနောက် သူက လက်ယှက်ပြီး အင်မော်တယ်ဧကရာဇ်ထံ လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်သည်။
ယပ်တောင်ဖန်တီးခြင်းအတွက် အင်မော်တယ်ဧကရာဇ်ထံ ကျေးဇူးတင်ကြောင်း ဖော်ပြပြီးနောက် သူက ဦးညွှတ်နေရာမှ မော့ပြီး ခေါင်းကြီးကို ကြည့်လိုက်သည်။
" အီး "
သူက ခပ်တိုးတိုးရေရွတ်လိုက်၏။ နတ်ဘုရားအာရုံတချို့ထုတ်လွှတ်ရင်း ခေါင်းကြီးဖြင့် ဆက်သွယ်ရန် ကြိုးစားလိုက်ပြီး ၄င်းက ခက်ခဲသော်လည်း ယပ်တောင်မှ အကူအညီဖြင့် သူ အောင်မြင်သွားလေသည်။
ထိုအခိုက်အတန့်တွင် သူ တဆတ်ဆတ်တုန်သွားပြီး သူ၏တာအိုသစ်စေ့သည် ပြင်းထန်သော မျှော်လင့်ချက်များ တောက်လောင်လာသည့်ပမာ တုန်ရိီလာတော့သည်။ ပိုင်ရှောင်ချန်းမှာ တုန်လှုပ်သွားလျက် မိုးမြေဧကရာဇ်၏ခေါင်းအတွင်း၌ ငုပ်လျှိုးနေသော စွမ်းအားရှိကြောင်း သဘောပေါက်လိုက်လေသည်။
၄င်းမှာ အင်မော်တယ်စွမ်းအင်လည်းမဟုတ်၊ ကျင့်ကြံခြင်းအခြေခံစွမ်းအားလည်းမဟုတ်ဘဲ ထူးဆန်းသော စွမ်းအားတစ်မျိုးဖြစ်သည်။ ၄င်းက
သူ ကောင်းကင်ဧကရာဇ်ဖြစ်လာတုန်းက ထာဝရမယ်တော် သူ့နားထဲ တီးတိုးပြောခဲ့သည့်အချိန်ကို အမှန်တကယ် သတိရသွားစေလေသည်။
" အဲဒါ ချီစီးကြောင်းပဲ "
ပိုင်ရှောင်ချီက တီးတိုးပြော၏။
" ယပ်တောင် ဘာလို့ ဒိီလာရတာလဲ ငါသိပြီ။ ငါ့ဆရာက ဆင့်ခေါ်တာကြောင့်မဟုတ်ဘူး...... ဆရာ့ခေါင်းထဲမှာရှိတဲ့ဟာကနေဆင့်ခေါ်တာပဲ။ အဲဒါ ... အင်မော်တယ်ကမ္ဘာရဲ့ ချီစီးကြောင်း "
" ပိုင်ရှောင်ချန်း မင်းက သခင်လေးရဲ့ တပည့်ပဲ။ ဒါကြောင့် မင်းမှာ အင်မော်တယ်ကမ္ဘာရဲ့ နောက်ဆုံး ချီစီးကြောင်းကို စုပ်ယူဖို့ အခွင့်အရေးပြည့်မီတယ်။ မင်း စုပ်ယူရင် လောကနတ်ဘုရားအဆင့်ကို ဖောက်ထွက်တာက လက်ကလေးလှန်လိုက်သလို လွယ်လိမ့်မယ် "