ခေါ်သံ
Vol. 13 Ch. 1238
ပိုင်ရှောင်ချန်းက မိုးမြေဧကရာဇ်၏ ဦးခေါင်းကို ကြည့်နေစဥ် ပိုင်ရှောင်ချီ၏အသံ သူ၏နားထဲရောက်လာသဖြင့် ထိုထူးဆန်းသောစွမ်းအားမှာ အင်မော်တယ်ကမ္ဘာ၏ နောက်ဆုံးလက်ကျန်ချီစီးကြောင်း အမှန်တကယ်ဖြစ်ကြောင်း သဘောပေါက်လိုက်လေသည်။
ထိုချီစီးကြောင်းက ယပ်တောင်ကို ၄င်းထံ ဆွဲငင်ခဲ့ရာ ချီစီးကြောင်းက ယပ်တောင်ကို ဤနေရာတွင် ဖန်တီးခဲ့သည်ဟု စဥ်းစားကြည့်လျှင် ကျိုးကြောင်းညီညွတ်လေသည်။
သူ၏ကိုယ်ပိုင်တာအိုသစ်စေ့မှာမူ ပိုင်ရှောင်ချီ ပြောခဲ့သော အကြောင်းရင်းအတွက် ထိုစွမ်းအားကို လိုလားတောင့်တနေလေ၏။ အင်မော်တယ်ကမ္ဘာ၏ ချီစီးကြောင်း နောက်ဆုံးလက်ကျန်ကို သူ စုပ်ယူနိုင်လျှင် လောကနတ်ဘုရားအဆင့်သို့ အလွယ်တကူ အဆင့်တက်နိုင်မည်ဖြစ်သည်။
ဤသည်မှာ မည်သည့်ကောင်းကင်ဧကရာဇ်မဆို အရူးအမူးဖြစ်သွားမည့်အခွင့်အရေးတစ်ခု၊ ကြုံတောင့်ကြုံခဲ ကံကြမ္မာကောင်းဖြစ်သည်။ ထာဝရအင်မော်တယ်နယ်မြေများမှအပ ဤဟင်လင်းပြင်တွင် ၄င်းတို့၏ ချီစီးကြောင်းအား ကပ်ဘေးကိုဖြတ်၍ ထိန်းသိမ်းထားနိုင်ခဲ့သော ကမ္ဘာမရှိပေ။
ပိုင်ရှောင်ချန်းက လွဲ၍ အခြားမည်သူမဆို ထိုချီစီးကြောင်းကို ဆွဲထုတ်ပြီး စုပ်ယူရန်အတွက် နည်းလမ်းကို အတော်လေး စဥ်းစားရပေမည်။ ထိုသို့လုပ်ရန် ချီစီးကြောင်းကိုယ်တိုင်၏ အသိအမှတ်ပြုမှုကို လိုအပ်မည် မဟုတ်ပါလော။
သို့သော် ပိုင်ရှောင်ချန်းက ထိုအကြောင်းကို စိုးရိမ်စရာ မလိုအပ်ပေ။ သူသည် ယပ်တောင်၏ပိုင်ရှင်ဖြစ်လာပြီးနောက် မိုးမြေဧကရာဇ်ကိုယ်ပွားပုံရိပ်၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့လေသည်။ အချုပ်အားဖြင့် သူသည် အင်မော်တယ်ကမ္ဘာနှင့် ကြမ္မာမျိုးစေ့ချခဲ့ပြီး ဖြစ်သည်။
၄င်းမှာ အလွန်သေးငယ်သော ဆက်သွယ်မှုလေးတစ်ခုနှင့် တူပုံပေါ်သော်လည်း ချီစီးကြောင်း၏ အသိအမှတ်ပြုမှုကို ရရှိရန် လုံလောက်လေသည်။
သို့သော် ယခုတွင် သူက အဓိကစိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်နေရလေသည်။ ချီစီးကြောင်းကို မည်သို့နုတ်ယူရမည်နည်း။
အတန်ငယ်ခွဲခြမ်းစိတ်ဖြာပြီးနောက် သူ၏မျှော်လင့်ချက်များ မြင့်တက်လာပြီး သူ၏မျက်လုံးများ တောက်ပစွာ လင်းလက်လာတော့သည်။ သူက ကောင်းကင်ဧကရာဇ်အဆင့်၏ မဟာစက်ဝန်းကို မဖောက်ထွက်နိုင်ဘဲ အချိန်အတော်ကြာမြင့်စွာ တစ်နေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် ဤအခွင့်အရေး၊ ဤကံကြမ္မာကောင်းကား သူ၏နှလုံးသားကို စိတ်အားထက်သန်မှုများဖြင့် ဖောင်းကြွလာစေတော့သည်။
သို့သော် ထုံးစံအတိုင်း သူက အလျင်စလို မပြုမူပေ။ အရင်ဆုံး ယပ်တောင်အပေါ်ရှိ နေရာကို ပတ်ပြီး သူ၏လောကနတ်ဘုရားကျွန်များကိုပင် အတန်ငယ်စူးစမ်းရန် လွှတ်၍ ပတ်ဝန်းကျင်ကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ထို့နောက်မှသာ သူသည် ယပ်တောင်မှ ထွက်ခွာပြီး မိုးမြေဧကရာဇ်၏ဦးခေါင်းထံ ချဥ်းကပ်သွား၏။ သူ အနားရောက်သွားသည်နှင့် ဖိအားက မြင့်တက်လာသော််လည်း မကြာမီ ၄င်းထံမှ မီတာသုံးဆယ်သာ ဝေးတော့သည်။
ဤအကွာအဝေးမှပင် ဧရာမဦးခေါင်းကြီး၏ ထိပ်ကို မမြင်ရပေ။ သူမြင်ရသမျှမှာ သူ၏လက်မောင်းတမျှ ရှည်လျားသော အတွန့်အခေါက်များနှင့် မီးခိုးရောင်အရေပြားသာ ဖြစ်သည်။
သူက သက်တောင့်သက်သာမရှိသော ဖိအားကို တောင်ခံ၍ ပိုင်ရှောင်ချီ၏ စိုးရိမ်သောအကြည့်များအောက်တွင် ချီစီးကြောင်းကို ထုတ်ယူရန် ကြိုးစားသည့်အနေဖြင့် သူ၏ညာလက်ဖြင့် မန္တန်လက်ကွက်ဖော်ပြီးနောက် ကျင်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်၍ မိုးမြေဧကရာဇ်၏ဦးခေါင်းထံ ပို့လွှတ်လိုက်သည်။
ကံဆိုးစွာပင် ကျင့်ကြံခြင်းအခြေခံစွမ်းအား ပမာဏမည်မျှဖြစ်စေ ချီစီးကြောင်းထံမှ တုံ့ပြန်ချက်လေးတစ်ခုကိုပင် မလှုံ့ဆော်နိုင်ချေ။ ၄င်းမှာ ပိုင်ရှောင်ချန်း တည်ရှိသည်ကိုပင် မသိသည့်အလားပင်။
သူသည် မှော်အစွမ်းအမျိုးမျိုး၊ မှော်သိုင်းအမျိုးမျိုးစမ်းကြည့်၏။ လျှာကိုကိုက်ပြီး သူ၏သွေးကိုသုံး၍ စမ်းကြည့်သည်။ သို့သော် ချီစီးကြောင်းကား တုတ်တုတ်မှ မလှုပ်ပေ။ ပိုင်ရှောင်ချန်းမှာ အမှန်တကယ် စိတ်လှုပ်ရှားနေပြီဖြစ်သည်။
တခဏတာ တုံ့ဆိုင်းနေပြီးနောက် သူက မိုးမြေဧကရာဇ်၏ဥိီးခေါင်းမှ သက်ရောက်နေသော ဖိအားများ ပျက်ပြယ်စေရန် ဆွဲအားဇီဝိန်ခြွေအတတ်ကို အသုံးပြုပြီး ထာဝရမိုးမြေဧကရာဇ်လက်သီး၏ အရှိန်အဝါအချို့ကိုပင် ထုတ်လွှတ်၍ နောက်ထပ်ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူက ပိုင်ရှောင်ချီထံလည်း အကူအညီတောင်းသည့်စာတစ်စောင် ပို့လိုက်ရာ ပိုင်ရှောင်ချီက သူ့ကိုအစွမ်းထက်လာစေရန် ယပ်တောင်၏စွမ်းအားကို အသုံးပြုလိုက်လေသည်။
သို့နှင့် သူသည် တစ်လှမ်းပြီးတစ်လှမ်း ရှေ့တက်သွား၏။ မီတာ သုံးဆယ် အမှတ်အသားမှ သူက နှစ်ဆယ့်လေးမီတာထံ ရောက်ရှိသွားသည်။ ထို့နောက် ဆယ့်ငါးမီတာ။ ထို့နောက် ကိုးမီတာ။ နောက်ဆုံး၌ သူက ခေါင်းကို လှမ်းထိရန် နီးကပ်သည်အထိ ခြေတစ်လှမ်း ကွာတော့လေသည်။ ထိုအချိန်တွင် သူ တဆတ်ဆတ်တုန်ရီနေပြီး သူ၏မျက်နှာမှာ အားထုတ်မှုကြောင့် ခရမ်းရောင်သမ်းနေတော့သည်။
သူက မိုးမြေဧကရာဇ်ဦးခေါင်း၏ မျက်နှာပြင်ဖြစ်သော အရေပြားအပေါ် လှမ်းထိလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့ခေါင်းမှာ ချာချာလည်လာပြီး တောင်တစ်လုံးက သူ့ကို ဖိနှိပ်ေနသည့်ပမာ ခံစားလာရတော့သည်။
အနည်းငယ်ဖိနှိပ်ခံရခြင်းဖြင့် ချီစီးကြောင်းကို ရရှိခဲ့လျှင် ၄င်းကို သူ လက်ခံနိုင်ခဲ့ဦးမည်။ သို့သော် ခေါင်းကို ထိပြီးနောက်မှာပင် ချီစီးကြောင်းမှ တုံ့ပြန်မှုတစ်စုံတရာမရှိပေ။
သူ နောက်သို့ ယိမ်းယိုင်သွားကာ သွေးတစ်ပွက်အန်၍ ယပ်တောင်ပေါ် ပြန်ရောက်သွားသည်။ အသက်မနည်းရှူရင်း ချီစီးကြောင်းနှင့်ပတ်သက်သော အခြေအနေကြောင့် ခေါင်းရှုပ်သွားကာ မိုးမြေဧကရာဇ်၏ ဦးခေါင်းကို လှမ်းကြည့်လိုက်သည်။
"ငါဘယ်လို ထုတ်ယူရမလဲ...."
သူက တွေးလိုက်သည်။ ဘေးရှိ ပိုင်ရှောင်ချီမှာ ထပ်တူမှင်သက်နေပြီး တွေဝေနေကာ ပေးစရာအကြံမရှိတော့ပေ။
ပိုင်ရှောင်ချန်း တွေးနိုင်သမျှအကုန် စမ်းကြည့်နေသည့်အတောအတွင်း လဝက်ကုန်ဆုံးသွား၏။ အကြိမ်တိုင်း သူက ရှုံးနိမ့်မှုဖြင့်သာ မိတ်ဆက်ပြီး သွေးများအန်ကာ နောက်တစ်ဖန် မကြိုးစားခင် ပြန်လည်သက်သာရန် စောင့်လေသည်။
နောက်ဆုံး၌ သူ မျှော်လင့်ချက်ပျောက်ဆုံးစပြုလာတော့သည်။ ယပ်တောင်ပေါ်တွင် မလှုပ်မယှက်ထိုင်နေရင်း သူသည် ယပ်တောင်၏မျက်နှာအတွင်းထဲ ၄င်းကို ဆွဲယူရန် ဖြစ်နိုင်လောက်မည်လား စဥ်းစားရင်း မိုးမြေဧကရာဇ်ဦးခေါင်းကို စိုက်ကြည့်နေလေသည်။
ချီစီးကြောင်းအား သာမန်နည်းလမ်းများမှတစ်ဆင့် နုတ်ယူရန် ဖြစ်နိုင်သည့်ပုံမပေါ်ပေ။ ခေါင်းကို ဖျက်စီးခြင်းမှာ မဖြစ်နိုင်သည်သာမက အကယ်၍ သူဖျက်စီးနိုင်မည်ဆိုသည့်တိုင်အောင် ထိုကဲ့သို့ အောက်တန်းကျမည် မဟုတ်ပေ။
ထို့ပြင် ပိုင်ရှောင်ချီသည် ထိုကဲ့သို့ အရိုအသေမဲ့သော အပြုအမူတစ်ခုကို သေချာပေါက်သည်းခံမည် မဟုတ်ပေ။
ပိုင်ရှောင်ချန်းမှာ မျက်မှောင်ကြုတ်လျက် စဥ်းစားရင်း ငါးရက်တိတိ မလှုပ်မယှက်ထိုင်နေလေသည်။ နောက်ဆုံး၌ အကြံအသစ်တစ်ခု သူ့ခေါင်းထဲပေါ်လာသဖြင့် သူ၏မျက်ခုံးများကား ပို၍ပင် တွန့်ကွေးသွားတော့သည်။
" ငါ ချီစီးကြောင်းကို မထုတ်ယူနိုင်တာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ခြေနှစ်ခု ရှိပုံပေါ်တယ်။ ငါ့နည်းလမ်းတွေ မှားရင်မှား။ ဒါမှမဟုတ် အရည်အချင်းမပြည့်မီတာပဲ။ ငါ အရည်အချင်းပြည့်မီရင် ချီစီးကြောင်း ငါ့ဆီပျံလာအောင် လက်ယက်ခေါ်လိုက်လို့ရမှာပေါ့ "
" ဒါကြောင့် ငါ့မှာ တကယ် ရွေးချယ်စရာနှစ်ခုပဲ ရှိိတယ်။ ချီစီးကြောင်း ငါ့ကို အင်မော်တယ်ဧကရာဇ်လို့ ထင်အောင်....လှည့်စားရမယ် "
သူ၏မျက်လုံးများသည် အတွေး၏ရဲတင်းမှုကြောင့် တောက်ပစွာ လင်းလက်လာလေသည်။ သို့သော် သူက ထိုအကြောင်းတွေးမိသည်နှင့်အမျှ ၄င်းမှာ သေချာသောဖြစ်နိုင်ခြေတစ်ခုဖြစ်ပုံပေါ်ကြောင်း သဘောပေါက်လာတော့သည်။
" ချီစီးကြောင်းကို လှည့်စားဖို့ဆိုရင် … အင်မော်တယ်ဧကရာဇ်ရဲ့ ကံကြမ္မာကို ငါ့ကံကြမ္မာနဲ့ ဆက်စပ်အောင် အနာဂတ်ပါရမီကျမ်းကို အသုံးပြုနိုင်တယ်… အဲဒါက မလုံလောက်ရင် သူ့ခေါင်းထဲမှာ ဘာပဲကျန်နေကျန်နေ မိုးမြေဧကရာဇ်ရဲ့မှတ်ဉာဏ်တချို့ကို ဝင်ကြည့်ဖို့ အတိတ်ပြန်လည်ဝင်စားခြင်းကျမ်းကို သုံးနိုင်တယ်… "
" သူ့မှတ်ဉာဏ်တွေကို တွေ့ကြုံရင်းနဲ့ သူ့ဘဝကို ငါနားလည်နိုင်ရင် ... ငါက သူဖြစ်ပြီး သူက ငါဖြစ်မယ်… "
အခြေအနေကို အနည်းငယ်ထပ်မံစဥ်းစားပြီးနောက် သူသည် ရိပ်ခနဲလှုပ်ရှားရင်း မိုးမြေဧကရာဇ်၏ဦးခေါင်း၊ အထူးသဖြင့် နဖူးထံ တန်းတန်းမတ်မတ်ဦးတည်လိုက်သည်။ သူ နီးကပ်သွားသည်နှင့် အရေပြားကို လှမ်းထိလိုက်လေသည်။
ထို့နောက် သူက အနာဂတ်ပါရမီကျမ်းကို ထုတ်လွှတ်၍ ဘယ်လက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ဖော်လိုက်သည်။ အနီရောင်အမျှင်များကား ကြက်သွေးရောင်ပါရမီနှင်းပန်းတစ်ပွင့်အသွင်ပြောင်း၍ သူ၏ဘယ်လက်အတွင်းမှ ရစ်ခွေထွက်လာလေသည်။ ပန်းက မိုးမြေဧကရာဇ်၏ခေါင်းထဲ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် ပိုင်ရှောင်ချန်း၏စိတ်အာရုံ ထစ်ခြုန်းသွားပြီး နက်နဲသိမ်မွေ့စွာ ရှေးဆန်သောအရာတစ်ခု သူ့ကို ပြည့်နှက်သွားလေ၏။
တချိန်တည်းမှာပင် သူ၏ပါးစပ်မှ တုန်ယင်နေသော အော်သံတစ်သံ ထွက်လာလေသည်။
" ငါ့ခေါင်း ...ငါ့ခေါင်း.... "
သူ၏ကံကြမ္မာကို မိုးမြေဧကရာဇ်၏ကံကြမ္မာဖြင့် ဆက်သွယ်ပြီးနောက် သူ၏ခေါင်းမှာ ပိုင်းဖြတ်ခံလိုက်ရသည့်အလား ရုတ်တရက် ခံစားလိုက်ရတော့သည်။ နာကျင်မှုနှင့် သေခြင်း၏အတွေ့အထိကား အလွန့်အလွန် စစ်မှန်ေနသည်။
ကံကောင်းထောက်မစွာ ဤကဲ့သို့အရာမျိုးအတွက် သူ ပြင်ဆင်ထားခဲ့၍ အသိစိတ်မလွတ်အောင် ထိန်းလိုက်နိုင်လေသည်။ ထို့နောက် သူ့အတွက် စိတ်လှုပ်ရှားဖွယ်ကောင်းစွာ ချီစီးကြောင်းအစအနလေး နိုးထသွားပြီး သူရှိရာဘက် လှုပ်ရှားလာလေ၏။ ၄င်းက လမ်းတစ်လျှောက်လုံး မလာသော်လည်း အကွာအဝေးတစ်ဝက်နီးပါး ဖုံးလွှမ်းသွားလေသည်။
ချက်ချင်းပင် သူ စိတ်အားတက်ကြွသွားတော့သည်။
" ဒီတော့ အလုပ်ဖြစ်တယ်ပေါ့။ ကောင်းပြီလေ အခု သူ့ရဲ့ မှတ်ဉာဏ်တွေနဲ့ငါ ပေါင်းစပ်နိုင်မလား ကြည့်ဖို့လိုပြီ… "
သူက အတိတ်ပြန်လည်ဝင်စားခြင်းကျမ်းကို ထုတ်လွှတ်လိုက်သဖြင့် သူ၏ဘယ်လက် ထပ်မံဝေဝါးသွားလေသည်။ သူက မိုးမြေဧကရာဇ်၏ခေါင်းကို ထိလိုက်သည့်အခိုက်အတန့်၌ သူ့တစ်ကိုယ်လုံးတုန်တက်သွားပြီး သူ၏မျက်လုံးများ ဗလာကျင်းသွား၏။ ရုတ်တရက် သူ၏ဝိညာဥ်က သူ၏ခန္ဓာကိုယ်ကို စွန့်ခွာပြီး မြူများဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုထဲ ဝင်ရောက်သွားသည့်အလား သူက သူကိုယ်တိုင်နှင့် မတူတော့ဟန်တူသည်။
ဤကမ္ဘာမှာ အလွန်ကြီးမားသဖြင့် ပိုင်ရှောင်ချန်းမှာ အချိန်ကိုမေ့လျော့သွားသလို သူ့ပတ်လည်ရှိ အရာအားလုံးကို မေ့ပျောက်သွားကာ လုံးလုံးလျားလျား ငေးကြောင်ကြောင်ဖြစ်သွားလေသည်။ နောက်ဆုံး၌ တစ်စုံတစ်ယောက်က တွန်းလိုက်၊ တို့လိုက်လုပ်နေသည်ကို သူခံစားလိုက်ရ၏။
" ထတော့ ချိန်လေး… "