အဲဒီနှစ်က
Vol. 13 Ch. 1239
ပိုင်ရှောင်ချန်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ လှုပ်နှိုးခံလိုက်ရသလို ခံစားလိုက်ရ၏။ သူ၏မျက်လုံးများကို ဖွင့်လိုက်သည်တွင် သူ၏ဝိညာဥ်မှာ ယခင်မှတ်ဉာဏ်များအားလုံး ပျောက်ဆုံးသွားခဲ့သည့်အလားပင်။ သူ မည်သူမည်ဝါဖြစ်ကြောင်းမသိတော့ဘဲ အလွန်အေးသည်ကိုသာ သိတော့သည်။
အဖြူရောင်နှင်းပွင့်များသည် မိုးကောင်းကင်တခွင် ဖွေးဖွေးလှုပ်မျှ ကျဆင်းနေပြီး မြေပြင်ကို ဖုံးလွှမ်းလာရာ အဝေးရှိတောင်တန်းများပင် ဖြူဖျော့ဖျော့အရောင် ဖြစ်နေတော့သည်။
ပိုင်ရှောင်ချန်း ခြောက်သွေ့ညို့နွမ်းနေသောသစ်တောအတွင်း သူ့ကိုယ်သူ တွေ့လိုက်ရ၏။ အမှန်တကယ်ဆိုရလျှင် သစ်ပင်များမှာ အလွန်များပြားသောဆီးနှင်းများဖြင့် ဖုံးလွှမ်းနေ၍ အကိုင်းအခက်များ ကျိုးနေခဲ့ပြီး ဖြစ်လေသည်။ ပကတိအတိုင်းကျန်ရစ်ခဲ့သော ကျိုးတိုးကျဲတဲ အကိုင်းအခက်များသည် ပိုကျယ်ဝန်းသောအဖြူရောင်ကမ္ဘာအတွင်းထဲက အနက်ရောင်အစက်အပြောက်များနှင့် တူလေသည်။
" အိပ်ပျော်မသွားနဲ့ ချိန်လေး" တစ်စုံတယောက်က ပြောသည်။
" နိုးနိုးကြားကြားနေ… "
ပိုင်ရှောင်ချန်းမှာ အိပ်မက်မက်နေခဲ့သည့်အလားခံစားနေရသော်လည်း မည်သည့်အကြောင်း မက်ခဲ့သည်ကို မမှတ်မိပေ။ ယခု သူ နိုးထလာပြီး အရာအားလုံးက ဝေဝါးနေချေသည်။
သူသိသမျှမှာ အေးသည်၊ အလွန်အေးလွန်း၍ ခဲသွားတော့မည့်အလား ခံစားနေရသည်သာဖြစ်သည်။ အေးစက်မှုက သူ၏မှတ်ဉာဏ်များကို ပိတ်လှောင်ထားခြင်း ဖြစ်တန်ရာ၏။
သို့သော်ငြား သူက အကြိမ်အနည်းငယ် တို့ထိခံနေရကြောင်း ခံစားရလိုက်ပြီး နှင်းများဖြင့် ဆွတ်ဆွတ်ဖြူနေသော မျက်နှာတစ်ခု သူ၏အရှေ့တွင် ပေါ်လာသည်။
၄င်းက အသက် ( ၁၃ ) နှစ်၊ ( ၁၄ ) နှစ်ခန့်ရှိ လူငယ်တစ်ဦးဖြစ်သည်။ သူသည် ပိန်လှီနေပြီး သူ၏အဝတ်အစားများ စုတ်ပြဲကာ သွေးများဖြင့် စွန်းထင်းနေသည်ကိုထောက်ချင့်ပါက ဒဏ်ရာရထားပုံ ပေါ်သော်လည်း သူ၏မျက်လုံးများနှင့်ပတ်သက်၍ လုံးဝမေ့ဖျောက်နိုင်မည် မဟုတ်သော အရာတစ်ခုရှိလေသည်။ ၄င်းတို့က ကြယ်များသဖွယ် တလျှပ်လျှပ်တောက်ပနေသော်လည်း တချိန်တည်းမှာပင် သူ၏ငယ်ရွယ်သောအသက်ကို ထင်ယောင်ထင်မှားဖြစ်သွားစေသော အကြင်နာမဲ့ရက်စက်ခြင်းတစ်ခု ပါဝင်နေပေသည်။ သို့သော် ပိုင်ရှောင်ချန်းကို သူ ကြည့်သောအခါ ထိုအကြင်နာမဲ့ရက်စက်ခြင်းများ ပျောက်ကွယ်သွားပြီး နွေးထွေးမှုနှင့် ချစ်ခြင်းမေတ္တာတို့ အစားထိုးဝင်ရောက်လာသည်။
" အစ်ကိုကြီး… "
ပိုင်ရှောင်ချန်းက နှုတ်ခမ်းများ တုန်ရီနေလျက် ခပ်တိုးတိုးရေရွတ်လိုက်သည်။ ဟုတ်သည်၊ သူ၏မှတ်ဉာဏ်များက ဤလူငယ်ကား အမှန်စင်စစ် တစ်ဖအေ၊ တစ်မအေတည်းမှ ပေါက်ဖွားလာသော သွေးသားရင်းချာအစ်ကိုတစ်ယောက်ဖြစ်လေသည်။
အစ်ကိုကြီးဆိုသော စကားလေးတစ်ခွန်း ပြောလိုက်ခြင်းကပင် ပင်ပန်းခြင်းလှိုင်းတစ်လုံး သူ့ကို ဖြတ်စီးဆင်းသွားစေ၏။ သူ့ရင်ထဲ စိတ်ပျက်ခြင်း၊ ဝမ်းနည်းတို့ဖြင့် ပြည့်နှက်သွားစေသော အရိုးခိုက်မတတ်အေးသောလေပြင်းကို သူ ရင်ဆိုင်နိုင်မည်လား မသေချာသလောက်ပင်။
အချိန်ရာသီကား
တဖွဲဖွဲရွာကျနေသော ဆီးနှင်းများဖြင့် ဆောင်းရာသီ၏ အအေးဆုံးအခါသမယပင်။ သို့သော်ငြား ကောင်းကင်ကိုမော့ကြည့်လိုက်စဥ် ပိုးကောင်များ ပျံသန်းနေလျက်ရှိကြောင်း သဘောပေါက်လိုက်၏။ အဖြူရောင်ဖျော့ဖျော့ကျိုင်းကောင်များပင်။
ကြည့်ရသရွေ့ ၄င်းတို့၏ နှင်းမုန်တိုင်းအတွင်း တည်ရှိနေမှုက မြေပြင်ကို စိုးမိုးချုပ်ကိုင်ထားသော ကပ်ဘေးကြီးအား ဦးတည်စေခဲ့ဟန်တူသည်။ ပတ်ဝန်းကျင်တွင် ပိန်လှီသောခန္ဓာကိုယ်များနှင့် ပင်ပန်းနွမ်းနယ်နေသော အမူအရာများကြောင့် အသက်ပင်ရှိသေးသည်လား ပြောရန် မဖြစ်နိုင်သော လေပြင်းဒဏ်ကို အံတု၍ ကွေးနေကြသည့် ဒုက္ခသည်များလည်း ရှိလေသည်။
သူတို့အားလုံး အေးစက်မှုကို ကြောက်သည့်တိုင် တစ်ဦးတစ်ယောက်မှ မီးစမွှေးလိုဟန် မတူပေ။ သူတို့မလုပ်ချင်၍မဟုတ်၊ မလုပ်ရဲသောကြောင့်ပင်။ ပိုင်ရှောင်ချန်းက နှင်းမုန်တိုင်းထဲရှိ ကျိုင်းကောင်များအား ကြည့်လိုက်သောအခါ သူတို့သည် တစ်နည်းနည်းဖြင့် ထူးခြားနေကြောင်း သူပြောနိုင်လေသည်။ သူတို့သည် ဤရေခဲတမျှ အေးစက်နေသည့်နှင်းစက်များအတွင်း အသက်ရှင်လျက် နေထိုင်နိုင်သည်သာမက မီးက သူတို့၏အာရုံကို ဆွဲဆောင်မည်ဖြစ်ကြောင်းလည်း သိသာလေသည်။ ထို့ပြင် ဆောင်းရာသီ၏ အအေးဆုံးကာလ၊ အစာရေစာရှားပါးနေသည့်အချိန် သူတို့က တွေ့သမျှ အကုန်စားတတ်၏။
ဤအတွေးအားလုံး၏ ဖိအားက သူ့ကို လက်ပင် မြှောက်သည်ဆိုရုံလေးသာ မြှောက်နိုင်တော့သည့်တိုင်အောင် အားနည်းသွားစေဟန်တူသည်။ သို့ပေမည့် သူက တစ်နည်းနည်းဖြင့် မြှောက်လိုက်နိုင်ပြီး ထိုသို့လုပ်လိုက်သောအခါ အသက် ( ၇ ) နှစ်၊ ( ၈ ) နှစ်ရွယ်ကလေးတစ်ယောက်၏ လက်ကို မြင်လိုက်ရ၏။ သူ့လက်မှာ ပြန်ကျသွားပြီး သူ၏မျက်လုံးများကို အားတင်းဖွင့်နေရတော့သည်။
စောစောက စကားပြောခဲ့သည့် လူငယ်မှာ ပိုင်ရှောင်ချန်း နိုးနေသည်ကို မြင်ရသဖြင့် စိတ်သက်သာရာရသွားပုံပေါ်၏။ သို့သော် သူ မည်မျှအားနည်းနေပြီး မျက်လုံးများ ဖွင့်ထားရန် မည်မျှဒုက္ခရောက်နေသည်ကိုလည်း မြင်နိုင်လေသည်။ သူ၏ညီငယ်လေး အသက်ရှင်ရန် ရုန်းကန်နေရသည့် အချက်ကြောင့် သူက သိသာစွာ ဝမ်းနည်းပူဆွေးလျက် စိုးရိမ်တကြီးဖြင့် အကြိမ်အနည်းငယ် လှုပ်လိုက်လေသည်။ ပြဿနာမှာ ဆာလောင်မှုပင်။ သူသာ စားစရာရှာနိုင်လျှင် သူ၏ညီငယ်လေးမှာ အသက်ဆက်ရှင်ရန် အားအင်ရှိမည်ဖြစ်သည်။
"နည်းနည်းလောက် တောင့်ခံထား ချိန်လေး။ အစ်ကိုကြီး မင်းအတွက် စားစရာသွားယူပေးမယ်။ စောင့်နေဦးနော် အစ်ကိုကြီး ချက်ချင်းပြန်လာခဲ့မယ် "
လူငယ်၏မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားခြင်းများ လင်းလက်သွားပြီး သူ၏ညီဖြစ်သူထံမှ လှည့်လိုက်စဥ် အကြင်နာမဲ့ရက်စက်ခြင်းတို့က သူ၏မျက်နှာအပေါ် ပြန်ရောက်ရှိလာ၏။ အဖော်မဲ့မြေခွေးတစ်ကောင်ပမာ တောထဲသို့ သူ လျှောက်သွားတော့သည်။
သူက သိသာစွာပင် ဆိုးရွားသောအခြေအနေတစ်ခုကို ရောက်နေပါသော်လည်း ကြည့်ရသရွေ့ ပိုင်ရှောင်ချန်း၏ သေရေးရှင်ရေးအခိုက်အတန့်က သူ့ရင်ထဲရှိ ကြောက်ခမန်းလိလိ စိတ်ဓာတ်မာကြောခြင်းကို လမ်းဖွင့်ပေးလိုက်ပုံရလေသည်။ သူက သူ၏ဒဏ်ရာဒဏ်ချက်များ၊ အားနည်းမှူများကို လျစ်လျူရှူ၍ သစ်တောထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
" အစ်ကိုကြီး… "
ပိုင်ရှောင်ချန်းက ရေရွတ်လိုက်သော်လည်း သူ၏အသံမှာ တစ်စုံတစ်ယောက် မကြားနိုင်လောက်သည်အထိ အလွန်တိုးလွန်းေနသည်။ သူ၏အစ်ကိုကြီးက သူ့အတွက် စားစရာသွားရှာကြောင်း သူသိပြီး အဖြူရောင်ကျိုးကောင်ကြီးများ ရောက်လာပြီးနောက်ပိုင်းမှသာ ငတ်မွတ်ခေါင်းပါးမှုစတင်ပြီး ရောဂါများပျံနှံ့လာကြောင်း ဝိုးတိုးဝါးတား မှတ်မိလေသည်။ သူတို့၏ မိဘများ အပါအဝင် ရွာထဲရှိ လူတိုင်း အငတ်ဘေးကြောင့် သေလျှင်သေ၊ သို့မဟုတ် ရောဂါကြောင့်သေကုန်ကြလေသည်။
သူအသက်ရှင်နေရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူ့အစ်ကိုကြောင့်သာ ဖြစ်ကြောင်း သူ သိသည်။ သူ နေမကောင်းဖြစ်လာခဲ့ပြီးနောက် သူ၏အစ်ကိုမှာ သူ့ကိုဂရုစိုက်ခဲ့ပြီး သူတို့၏ခရီးအတောအတွင်း သူ့ကို ကုန်းပင်ပိုးလာခဲ့လေသည်။ လူကြီးများက စားစရာအတွက် တစ်ယောက်နှင့်တစ်ယောက် စတင်တိုက်ခိုက်လာခဲ့ကြသောအခါ သူ့အစ်ကိုသည် သူတို့ပင်ကြောက်ရွံ့သော အကြင်နာမဲ့ရက်စက်သူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ့အစ်ကိုက သူ့ကို စားစရာ အများစုပေးလေသည်။ သူ့အစ်ကိုက ဗိုက် ဆာလောင်မှုကြောင့် တဂွီဂွီမြည်နေချိန်ပင် ဗိုက်ပြည့်ချင်ယောင်ဆောင်ပြီး ' အစ်ကိုကြီးက မင်းအစ်ကိုကြီးလေ မဟုတ်ဘူးလား။ ရော့ စား' ဟူ၍ ပြောတတ်သည်။
ထို့ကြောင့် ပိုင်ရှောင်ချန်း အသက်ဆက်နိုင်ခဲ့သည်။ သူ့နာမည်က ကျိုးချိန်ဖြစ်ပြီး သူ့အစ်ကိုကြီးက ကျိုးဖန်ဖြစ်ကြောင်း သူမှတ်မိ၏။ ထို့ပြင် ဝန်ထုပ်ဝန်ပိုးဖြစ်နေသော သူသာ မရှိလျှင် သူ၏ရက်စက်သောအစ်ကိုက ဤပရမ်းပတာကမ္ဘာကြီးတွင် သေချာပေါက် များစွာပို၍ အဆင်ပြေမည်ဖြစ်ကြောင်းလည်း သူ သေချာသည်။
ကံဆိုးစွာပင် သူ့အစ်ကိုက သူ့ကို မည်မျှပင်ဂရုစိုက်စေကာမူ သူ၏ဖျားနာမှုမှာ သူ့ကို သိပ်ကြာကြာ မတောင့်ခံနိုင်တော့သည်အထိ အားနည်းစေခဲ့လေသည်။
" ငါမရှိရင် ငါ့အစ်ကိုကြီး အများကြီးပိုကောင်းတဲ့ဘဝရမှာ… "
သူက တွေးလိုက်၏။ နောက်ဆုံး၌ သူ မျက်လုံးများကို ပိတ်လိုက်ပြီး ဆီးနှင်းများအား သူ့ကို ဖုံးလွှမ်းခွင့်ပေးလိုက်ရာ သူ၏သက်စောင့်အားမီးတောက်မှာ ငြိမ်းစပြုလာတော့သည်။။ သို့သော်ငြား ထိုသို့ဖြစ်တော့မည့်အချိန်မှာပင် ကြီးမားသာအားတစ်ခုက အဖြူရောင်ကျိုင်းကောင်များကို ပတ်ဝန်းကျင်တွင် ပြန့်ကြဲသွားစေလျက် နှင်းများကို တွန်းထုတ်လိုက်လေသည်။ တချိန်တည်းမှာပင် မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခုဖြင့် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက် အပေါ်ထက်မှ ဆင်းသက်လာသည်။
ပတ်ဝန်းကျင်ရှိ ဒုက္ခသည်များက အဘိုးအိုကို မြင်သည်နှင့်တစ်ပြိုင်နက် တဆတ်ဆတ်တုန်ရီလျက် ဒူးထောက်ဂါဝရပြုလိုက်လေသည်။ သူတို့က အကူအညီတောင်းသည့်အလား ပါးစပ်များဖွင့်လိုက်သော်လည်း ကျိုးကောင်များက သူတို့ပါးစပ်များအတွင်းသို့ တွားသွားဝင်လာကြတော့သည်။
သူတို့ထဲရှိ တစ်ယောက်မှ အော်ရန်ပင် အားမရှိတော့သဖြင့် သေရန်သာ စောင့်နေကြရေတာ့သည်။
အဘိုးအိုက ကပ်ပါးကျိုင်းကောင်များကြောင့် ကူးစက်ခံခဲ့ရပြီးဖြစ်သော ဒုက္ခသည်များအားလုံးကို ကြည့်ပြီး ကရုဏာသက်သောအလင်း သူ၏မျက်လုံးများထဲတွင် ပေါ်လာ၏။ ကံဆိုးစွာပင် ထိုအခြေအနေနှင့်ပတ်သက်၍ သူ ဘာမှမတတ်နိုင်ပေ။ သူက လက်ကိုဝှေ့ရမ်း၍ ဒုက္ခသည်များအား ဝေဒနာဆင်းရဲမခံစားရတော့အောင် သတ်ပေးလိုက်လေသည်။
သိသာထင်ရှားစွာပင် စိတ်ကြည်မလင်ဖြင့် အဘိုးအိုက ပြန်ရန် လှည့်လိုက်ချိန် ပိုင်ရှောင်ချန်းကို သတိထားမိသွား၏။
" အင်း "
သူက တုံ့ခနဲရပ်ပြီး ပို၍နီးကပ်စွာ ကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။ တခဏကြာသော် သူ၏မျက်လုံးများ မယုံကြည်နိုင်မှုများဖြင့် လင်းလက်သွားလေသည်။
" တာအိုခန္ဓာကိုယ် "
သူ ပိုင်ရှောင်ချန်းကို ပို၍နီးကပ်စွာ ကြည့်လိုက်စဥ် သူ၏မျက်လုံးများမှာ ပို၍ပင် တောက်ပလင်းလက်လာတော့သည်။ သူကခေါင်းနောက်လှန်ရင်း အားပါးတရရယ်ကာ သတိလစ်ေနသော ပိုင်ရှောင်ချန်းကို မပြီး သူနှင့်အတူ လေထဲ ပျံတက်လိုက်လေသည်။
အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်ကြာပြီးနောက် ပိန်လှီနေသော ကျိုးဖန်က ဒယိမ်းဒယိုင်ပြန်ရောက်လာ၏။ သူ၏ပခုံးနှစ်ဖက်နှင့် ခေါင်းပေါ်တွင် ဆီးနှင်းများ ပုံနေပြီး သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သွေးစက်များ ဖြူလွသော နှင်းထုကြီးအပေါ် ကျသွားလေသည်။
သူ၏မျက်နှာပေါ်တွင် ဒဏ်ရာအသစ်အနည်းငယ်ရှိပြီး သူ၏ဝမ်းဗိုက်မှ သွေးများထွက်နေလေ၏။ သူက သိသိသာသာ အခြေအနေမကောင်းသည့်တိုင် သူ၏မျက်လုံးများကား စိတ်လှုပ်ရှားမှုများဖြင့် တဖျပ်ဖျပ်လက်နေလေသည်။ သူ၏ဝတ်ရုံထဲ ထိုးထည့်ထားသည်က သူ့အသက်ကိုရင်း၍ တခြားတစ်ယောက်စီမှ လုယူခဲ့သော သွေးများရွှဲနေသည့် ပေါက်စီတစ်လုံးဖြစ်သည်။
" ချိန်လေး အစ်ကိုကြီး စားစရာတွေ့… "
သူ့စကားပင်မဆုံးခင် ပတ်ဝန်းကျင်ရှိအလောင်းအားလုံးကို သတိထားမိလိုက်သဖြင့် မျက်နှာပျက်သွားလေသည်။ ဘေးဘီဝဲယာကို စိုးရိမ်တကြီးကြည့်ရင်း သူက ပိုင်ရှောင်ချန်းအား ထားခဲ့သည့်နေရာကို အပြေးအလွှားသွားလိုက်ရာ မည်သူမှမတွေ့တော့ပေ။ ထိုသည်နှင့် အနီးနားရှိ အလောင်းများကို စားနေသော ကျိုင်းကောင်အားလုံးမြင်ကွင်းကြောင့် သူ့နှလုံးသားလေးလံသွားလေသည်။
" ချိန်လေး " သူက ငိုသံပါကြီးနှင့်အော်ဟစ်လိုက်လေသည်။
" ချိန်လေး "
သူ၏တစ်ဦးသောဆွေမျိုးကို သူ ဆုံးရှုံးခဲ့ရလေပြီ။ သူ အရာအားလုံး ဆုံးရှုံးသွားခဲ့ပြီ။ သူ တဆတ်ဆတ်တုန်ရီနေလျက် ဆက်ရှာသော်လည်း အချည်းနှီးပင်။ အဆုံးသတ်တွင် သူက သွေးများစိုရွှဲနေသော ပေါက်စီကိုကိုင်ရင်း သူ့ညီလေး လဲလျောင်းနေခဲ့သော နေရာတွင် ဒူးထောက်ကျပြီး ငိုကြွေးတော့သည်။
" ချိန်လေး....."
သူ စိတ်ပျက်လက်ပျက်ဖြစ်နေချိန်တွင် သွေးနံ့က ကောင်းကင်မှထိုးဆင်းလာပြီး သူ့အပေါ်အုံခဲလာသော အဖြူရောင်ကျိုင်းကောင်အုပ်ကို ဆွဲဆောင်ခဲ့ကြောင်း သူ သတိမထားမိပေ။