သံယောဇဥ်မဲ့လူသား
Vol. 13 Ch. 1241
စစ်သင်္ဘောက အနက်ရောင်မြူများအတွင်း မြင်သာလာသည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်း၏အမြင်အာရုံ ပြီးဆုံးသွား၏။
သူ့အမြင်အာရုံများ ပြန်လည်ကြည်လင်လာသောအခါဝယ် သူသည် မိုးမြေဧကရာဇ်၏ ဦးခေါင်းအရှေ့တွင် ကြီးမားသောဖိအားဖြင့် တွန်းထုတ်ခံလိုက်ရသော သူ့ကိုယ်သူကို တွေ့လိုက်ရသည်။ ဤတစ်ကြိမ်တွင် သူသည် ယခင်အခြေအနေထက် များစွာပို၍ ခံစားချက်များ တောက်လောင်လာတော့သည်။ သူသည် သူ၏ကိုယ်ထဲ ဝင်ရောက်နေပြီးဖြစ်သော ချီစီးကြောင်း၏ နောက်ထပ်နှစ်ဆယ်ရာခိုင်နှုန်းကို ရရှိခဲ့ပြီ ဖြစ်သည်။
ပိုင်ရှောင်ချီက မေးခွန်းတစ်စုံတရာ မမေးသော်လည်း မျက်လုံးများ တောက်ပစွာ လင်းလက်နေလေသည်။ မည်သည်တို့ဖြစ်ပျက်နေသည်ကို သူသိသည်။ ပိုင်ရှောင်ချန်းက ယပ်တောင်ထံပြန်လာပြီး ရက်အနည်းငယ်အနားယူပြီးနောက် စိတ်ပိုင်းဖြတ်ထားခြင်းဖြင့် မျက်လုံးများ လင်းလက်နေလျက် မိုးမြေဧကရာဇ်၏ဦးခေါင်းထံ ပြန်ဦးတည်သွားလေသည်။
သူ၏လက်က အရေပြားကို ထိပြီး သူ၏တာအိုမှော်ပညာများကို ထုတ်လိုက်စဥ် တွေဝေငေးမောခြင်းက နောက်တစ်ဖန် လွှမ်းခြုံသွားလေသည်။ ယခုတွင် သူသည် ၄င်းကို အသားကျနေပြီဖြစ်၍ အသာတကြည် ဖွင့်ခွင့်ပေးလိုက်လေ၏။
အချိန်များ ကျော်ဖြတ်သွားပြီးနောက် သူနိုးထလာ၏။ သို့မဟုတ် နိုးထလာသူမှာ ကျိုးချိန်ဖြစ်ကောင်းဖြစ်နိုင်သည်။
ဤသည်မှာ သူ့အတွက် မိုးမြေကရာဇ် မှတ်ဉာဏ်၏ တတိယမြောက် အမြင်အာရုံံဖြစ်သည်။ ဒုတိယအမြင်အာရုံ၏ အဖြစ်အပျက်များမှ အချိန်ပေါင်းများစွာ ကုန်လွန်သွားခဲ့လေပြီ။ ကျိုးချိန်သည် သက်လတ်ပိုင်းအရွယ်နှင့်တူသေးသော်လည်း ယခုတွင် ပို၍ခံ့ညားတည်ကြည်လေသည်။ သူက ဘေးနားရှိ သူ၏တာအိုလက်တွဲဖော်ဖြစ်သော လှပကြော့ရှင်းသည့် အင်မော်တယ်ဧကရီနှင့်အတူ ကြယ်တာရာကောင်းကင်တွင် ရပ်နေ၏။
သူတို့နောက်တွင် စီစဥ်ခင်းကျင်းထားသည်က ကျင့်ကြံသူသိန်းသန်းပေါင်းများစွာဖြင့် စစ်တပ်တစ်တပ်ပင်။
သူတို့နှင့် မျက်နှာချင်းဆိုင်တွင်ကား မကောင်းဆိုးဝါးတစ္ဆေများဖြင့် ပြည့်နှက်နေသော အနက်ရောင်တိမ်တိုက်ထုကြီးတစ်ခု ဖြစ်သည်။ ထိုနေရာတွင် သက်စောင့်အားအစအနေလေးတစ်စမှ မရှိသည်သာမက တိမ်တိုက်များအရှေ့ရပ်နေသော အနက်ရောင်ဝတ်ရုံနှင့်လူအပေါ်တွင်လည်း မည်သည့်သက်စောင့်အားတစ်စုံတရာမှ မတွေ့ရှိရပေ။ ထိုလူသည်ကား ကျိုးဖန်။
သူ၏အနက်ရောင်ဝတ်ရုံသည် ၄င်းလမ်းကြောင်းရှိ အရာရာတိုင်းကို ဝါးမျိုနိုင်စွမ်းရှိပုံရ၏။ ၄င်းက ပတ်ဝန်းကျင်ရှိ အလင်းများကိုပင် သူ့ထံသို့ ကွေးညွတ်လာစေသည်။
သူ့ပတ်လည်တွင် တလွင့်လွင့်ဖြစ်နေသော အနက်ရောင်ဆံပင်ရှည်များက အင်မော်တယ်ကမ္ဘာမှ စစ်တပ်၏ခေါင်းဆောင်နှင့်အတူ သူ့ဘေးရှိ အမျိုးသမီးကို စူးစိုက်ကြည့်နေသော သူ့မျက်လုံးများ၏ ရေခဲတမျှ အေးစက်မှုကို ဖုံးကွယ်ပေးခြင်း မရှိပေ။
ကျိုးဖန်က အမျိုးသမီးကို ကြည့်လိုက်စဥ် ရောထွေးသောခံစားချက်များအား သူ၏မျက်လုံးများထဲတွင် မြင်နိုင်သော်လည်း မကြာခင် ၄င်းတို့ပျောက်ကွယ်သွားပြီး သူ၏အာရုံကို ကျိုးချိန်အပေါ် စူးစိုက်လိုက်သည်။
" ကျိုးချိန် ... မဟုတ်သေးဘူး ငါမင်းကို လောကတာအိုလို့ ခေါ်သင့်တယ်ထင်တယ် “
ပိုင်ရှောင်ချန်းက ထိုနေရာတွင် ရပ်နေချိန် အမျက်ဒေါသနှင့် ပူဆွေးသောကများ သူ၏နှလုံးသားအတွင်း မြင့်တက်လာခြင်းမှ မဟန့်တားနိုင်ပေ။ မဟူရာတိမ်လွှာတောင်ကြားကို သူ့အစ်ကို ဝင်ရောက်သွားပြီးနောက် အရာအားလုံး ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်ကို ပြန်တွေးမိလိုက်သည်။ ကျိုးချိန်မှာ နောက်ဆုံးတွင် အလယ်ပိုင်းကောင်းကင်ဘုံသုံးခုသို့ တက်ရန် ရွေးချယ်လိုက်ပြီး နှစ်ပေါင်းများစွာကြာသော် ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာလေသည်။
ထို့နောက် အတော်လေး ဖြစ်ခဲလှသော အရာတစ်ခုဖြစ်ပျက်သွား၏။ သူသည် အထက်ပိုင်းကောင်းကင်ဘုံသုံးခုသို့ တက်သွားကာ ထိုနေရာတွင် လက်ရှိအုပ်ချုပ်နေသော အင်မော်တယ်ဧကရာဇ်၏ တပည့် ဖြစ်လာသည်။
ထိုအချိန် သူ့ကို တာအိုနာမည်တစ်ခု ပေး၏။ သူသည် ကျိုးချိန်မဟုတ်တော့ဘဲ လောကတာအို ဖြစ်လာသည်။ ထိုအချိန် သူ့အစ်ကိုအရင်းကို အတော်လေးသတိရမိသွားစေသော လူသားတာအိုဟုခေါ်သော ဂိုဏ်းတူအစ်ကိုတစ်ယောက်နှင့် တွေ့ဆုံခဲ့လေသည်။ သူတို့နှစ်ယောက်လုံး သွားအတူ၊ လာအတူနှင့် မကြာခင် အတူတူ လောကနတ်ဘုရားများ ဖြစ်လာကြ၏။ သူတို့နှစ်ယောက်လုံး အင်မော်တယ်ဧကရာဇ်၏သမီးဖြစ်သော သူတို့၏ ပညာသင်ဖက်ညီမလေးကို ချစ်ခင်စုံမက်ကြလေသည်။ နောက်ဆုံးတွင် သူတို့၏ဆရာ၊ မူလအင်မော်တယ်ဧကရာဇ်မှာ အချိန်နှင့်အကွာအဝေးမြစ်၏ အစိတ်အပိုင်းတစ်ခု၊ ကြယ်တာရာကောင်းကင် အချိန်၏အနှစ်သာရ၏သူတို့၏ဆရာဖြစ်သော မူလအင်မော်တယ်ဧကရာဇ်မှာ အာကာသအချိန်မြစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ကြယ်တာရာကောင်းကင်အချိန်အနှစ်သာရ၏ တစ်စိတ်တပိုင်းဖြစ်လာကာ တစတစပျောက်ကွယ်သွားလေသည်။
နှစ်ပေါင်းများစွာကြာသော် လောကတာအိုက အင်မော်တယ်ကမ္ဘာ၏ အသိအမှတ်ပြုမှုကို ရရှိသွားပြီး မိုးမြေဧကရာဇ်တစ်ပါး ဖြစ်လာ၏။ သူသည် အင်မော်တယ်ဧကရာဇ်အသစ်အဖြစ် ရွေးချယ်ခံရပြီး သူ၏ဂိုဏ်းတူညီမလေးက သူ့ကို လက်ထပ်ရန် ရွေးချယ်ပြီး အင်မော်တယ်ဧကရာဇ်မရွေးချယ်ကာ အင်မော်တယ်ဧကရီ ဖြစ်လာလေသည်။
ကံဆိုးစွာပင် တကယ်တမ်း လောကတာအိုထက် ကျင့်ကြံခြင်းအခြေခံ အနည်းငယ်ပိုမြင့်သော လူသားတာအိုမှာ အဆင့်တက်ရန် အားထုတ်ရာတွင် ကျရှုံးပြီးရင်း ကျရှုံးေနကာ အင်မော်တယ်ကမ္ဘာ၏ အသိအမှတ်ပြုမှု မရနိုင်ခဲ့ပေ။
၄င်းမှာ လူတိုင်းအလေးအနက်ထားသော ကိစ္စတစ်ရပ်ဖြစ်ပြီး လူအတော်များများ၌ ထိုအခြေအနေနှင့်ပတ်သက်၍ ထင်မြင်ချက်များရှိကြလေသည်။ ထိုအချိန် အောက်ဘက် အောက်ပိုင်းကောင်းကင်ဘုံသုံးခုရှိ မဟူရာတိမ်လွှာတောင်ကြားအပြင်တွင် အနက်ရောင်ဝတ်ရုံနှင့် ကျိုးဖန် ပေါ်လာ၏။
သူတစ်ယောက်တည်း မဟုတ်ပေ။ မရေမတွက်နိုင်သော မကောင်းဆိုးဝါးတစ္ဆေများက သူနှင့်အတူ တိမ်တိုက်များမှ ထွက်ပေါ်လာပြီး စစ်ပွဲကား အင်မော်တယ်ကမ္ဘာသို့ နောက်ထပ်တစ်ဖန် အလည်ရောက်လာပြန်လေပြီ။
သို့သော် ထိုသည်က အံ့သြတုန်လှုပ်ဖွယ်အကောင်းဆုံဖြစ်ရပ်မဟုတ်သေး။ ကျိုးဖန်နှင့် လူသားတာအိုတွေ့ဆုံသောအခါ သူတို့နှစ်ယောက် တစ်ယောက်တည်းပေါင်းစည်းသွားလေသည်။ ထိုအချိန် မူလအင်မော်တယ်ဧကရာဇ်၏တပည့် လူသားတာအိုမှာ အမှန်စင်စစ် လွန်ခဲ့သော နှစ်များစွာက အောက်ပိုင်းကောင်းကင်ဘုံသုံးခုအတွင်း ပျောက်ကွယ်သွားခဲ့သော ကျိုးဖန်၏ကိုယ်ပွားဖြစ်ကြောင်း လူတိုင်းသိသွားကြတော့သည်။
တစ်နည်းနည်းဖြင့် ကိုယ်ပွားနှင့် ကိုယ်အစစ် အတူတကွပြန်လည်ပေါင်းစည်းသွားပြီးနောက် အင်မော်တယ်ကမ္ဘာ၏စိတ်ဆန္ဒက အသိအမှတ်ပြုရန် ငြင်းဆန်သည့်တိုင် သူက အဆင့်တက်ပြီး မိုးမြေဧကရာဇ်ဖြစ်သွားလေသည်။
ထိုအချိန်တွင် သူက သူ၏မျိုးရိုးနာမည်အစစ် ကျိုးကို ဖယ်ရှားလိုက်၏။ လူသားတာအိုနာမည်မှ တာအို ဆိုသည်ကိုလည်း စွန့်လွှတ်လိုက်သည်။ သူသည် လူသားဆိုသည့်နာမည်ကိုသာ ထားလိုက်ပြီးနောက် သံယောဇဥ်မဲ့စာလုံးကို ထည့်ပေါင်းလိုက်၏။
သူသည် သူ့ကံကြမ္မာကို ပြောင်းလဲရန် ကောင်းကင်ကြီးကို အာခံ၍ ရှေးရိုးကို ပုန်ကန်နေခြင်းဖြစ်သည်။ ထိုအခါ အင်မော်တယ်ကမ္ဘာ၌ မိစ္ဆာသခင် သံယောဇဥ်မဲ့လူသား ပေါ်လာခဲ့ပေသည်။
မိုးမြေဧကရာဇ်တစ်ပါးအတွက် အင်မော်တယ်ကမ္ဘာ၏ အသိအမှတ်ပြုမှုမပါရှိဘဲ တည်ရှိရန်မှာ မိစ္ဆာဒိဋ္ဌိဝါဒကို ယုံကြည်သက်ဝင်ခြင်း ဖြစ်ပါသော်လည်း ၄င်းနှင့်ပတ်သက်၍ လုပ်နိုင်သော အရာမရှိပေ။ သံယောဇဥ်မဲ့လူသားက မိုးမြေဧကရာဇ်တစ်ပါးဖြစ်လာသည်နှင့်တစ်ပြိုင်နက် အင်မော်တယ်ကမ္ဘာကို စစ်ခင်းရန် သူ၏မကောင်းဆိုးဝါးတစ္ဆေတပ်ဖွဲ့ကို ဦးဆောင်လာ၏။
ခါးသီးနာကြည်းသောတိုက်ပွဲပြီးနောက် အဆုံးသတ်တွင် ညီအစ်ကိုနှစ်ယောက်က ပြန်လည်ဆုံစည်းကြလေပြီ။
" သံယောဇဥ်မဲ့လူသား၊ ခင်ဗျား အခု မိုးမြေဧကရာဇ်တစ်ပါးဖြစ်ပြီပဲ။ ဒီတော့ ဘာလို့ အင်မော်တယ်ကမ္ဘာမှာ နေတာလဲ။ အောက်ပိုင်းကောင်းကင်ဘုံသုံးခုမှာတုန်းက ရာဇဒဏ်တောင်ကြားမှာ ကျုပ် တောင်းဆိုခဲ့သမျှအားလုံးက ခင်ဗျား ကျုပ်ဆီ ပြန်လာဖို့ပဲ။ ကျုပ် တစ်ခုခုလုပ်ခဲ့ရမှာ... “
" အခု ကျုပ် ခင်ဗျားထွက်သွားဖို့ပဲ တောင်းဆိုမယ်။ အင်မော်တယ်ကမ္ဘာက ထွက်သွား။ ဘယ်တော့မှ ပြန်မလာနဲ့ "
လောကတာအိုက သူ၏အစ်ကို တဖြစ်လဲ သူစိမ်းကို ကြည့်နေစဥ် သူ၏မျက်လုံးများထဲရှိ နာကျင်မှုကို ဖုံးကွယ်ထားလေသည်။ ဤအချိန်အထိ မည်သည့်အတွက်ကြောင့် ဤအရာများအားလုံး ဖြစ်ပျက်နေသည်ကို သူ နားမလည်သေးပေ။
ထိုအချိန် သံယောဇဥ်မဲ့လူသားက လက်နှစ်ဖက် ကျောနောက်ပစ်လျက် မျက်နှာပေါ်တွင် မထီမဲ့မြင့်အပြုံးတစ်စဖြင့် လောကတာအိုကို ကြည့်၍ ကြယ်တာရာကောင်းကင်တွင် ရပ်နေ၏။
" မင်းသိလား လောကတာအို၊ ဒီကြယ်တာရာကောင်းကင်မှာ ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။ ဒီစကြဝဠာမှာ သက်စောင့်အားတွေအားလုံး၊ သက်ရှိအရာအားလုံး၊ ကမ္ဘာအားလုံးနဲ့ လူသားတွေအားလုံးကင်းမဲ့သွားပြီး ကြယ်တာရာကောင်းကင်ကြီး မည်းမှောင်သွားတဲ့အခါ အမှောင်ထုကြီးစိုးထားတဲ့ ဟင်းလင်းပြင်ကြီးထဲမှာ ထာဝရပန်းတစ်ပွင့် ပွင့်လာလိမ့်မယ် “
" ထာဝရပန်းပွင့်က ကမ္ဘာပေါင်းများစွာ ပျောက်ကွယ်သွားမှ ပွင့်လာမှာ။ တစ်ပွင့်တည်းနော်။ အဲဒီပန်းကို စားလိုက်ရင် မိုးမြေဧကရာဇ်အဆင့်ကနေ စစ်မှန်တဲ့ အမတဘဝကို ရောက်လိမ့်မယ် “
" အဲဒါက အမတဘဝ ရလာဖို့ တစ်ခုတည်းသော နည်းလမ်းပဲ။ တခြားလမ်းကြောင်းမရှိဘူး "
သံယောဇဥ်မဲ့လူသား၏ အသံထဲတွင် ကြားသမျှလူတိုင်းကို နက်နက်ရှိုင်းရှိင်းတုန်လှုပ်သွားစေသည့် ထူးခြားဆန်းကြယ်သောစွမ်းအားတစ်ခု ရှိလေသည်။
" ဒါကြောင့် အေး ငါထွက်သွားမယ်။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာကို ဖယ်ရှားပြီးမှ ထွက်သွားမှာ။ ပြီးရင် ငါ နောက်ကမ္ဘာနဲ့ နောက်လူတွေဆီ သွားမယ်။ အဆုံးသတ်ကျရင် ငါ ကြယ်တာရာကောင်းကင်အားလုံးကို ဖျက်စီးပစ်လိုက်တဲ့အခါ ထာဝရပန်းက ငါ့အတွက် ပွင့်ပေးလိမ့်မယ် "
အမြင်အာရုံအဆုံးသတ်သွားသော်လည်း ပိုင်ရှောင်ချန်း နိုးမလာပေ။ သူသည် တွေဝေငေးမောသည့်စိတ်အလျဥ်ထဲ ထပ်မံနစ်မြုပ်သွားပြီး သူ၏မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ မိုးမြေဧကရာဇ်၏ ခေါင်းထဲတွင် ကျန်ရှိသည့် နောက်ဆုံးမှတ်ဉာဏ်ကို မြင်လိုက်ရလေသည်။
၄င်းတို့ သူ့ထံစီးဝင်လာသဖြင့် သူ တဆတ်ဆတ်တုန်ရီသွားပြီး ဒေါသများဖြင့်ပြည့်နှက်ကာ ပို၍ပင် ပူဆွေးသောက ရောက်နေသော သူ့ကိုယ်သူကို တွေ့လိုက်ရသည်။
သူက ကြယ်တာရာကောင်းကင်တွင် ရှိနေပြီး ဆံပင်များရှုပ်ပွလျက် အားအင်ချည့်နဲ့ပြီး ဒဏ်ရာရနေသည်။ မရေမတွက်နိုင်သော မကောင်းဆိုးဝါး တစ္ဆေများက ကျင့်ကြံသူများအားလုံးကို သတ်ဖြတ်နေသည့် ပျက်စီးနေသော အင်မော်တယ်ကမ္ဘာကို သူ ငုံ့ကြည့်နေရင်း ဇီဝိန်ချုပ်တော့မည်ဖြစ်သည်။ သိသာထင်ရှားစွာပင် အင်မော်တယ်ကမ္ဘာကား ဤရန်သူအတွက် ပြိုင်ဘက် မဟုတ်ပေ။
အင်မော်တယ်ကမ္ဘာကို ဝန်းရံထားသည့် မရေမတွက်နိုင်သော နက္ခတ်တာရာများ အစိတ်စိတ်အမြွှာမြွာ ကွဲကြေနေကြလေပြီ။ သူ၏လက်ထဲတွင်ကား အမျိုးသမီးတစ်ဦး၏ အလောင်း။
သူမသည် သူ၏ အင်မော်တယ်ဧကရီဖြစ်သော်လည်း သူမ၏အရှိန်အဝါမှာ သုတ်သင်ခံလိုက်ရ၏။ သူမ၏နဖူးတွင်ကား အနက်ရောင်အငွေ့များ တဖြေးဖြေးထုတ်လွှတ်နေသော အနက်ရောင်ဆူးချွန်တစ်ခု။
ထိုဆူးချွန်က သူမ၏သက်စောင့်အားကို ဖျက်စီးပစ်ခဲ့ပြီး ရှင်သန်ခြင်းနှင့် သေခြင်းတရားအနှစ်သာရကို တစ်ဖက်ကမ်းခတ်တတ်မြောက်သည့် မိုးမြေဧကရာဇ်တစ်ပါးပင် ဖြစ်လင့်ကစား လောကတာအိုမှာ သူမကို အသက်ပြန်သွင်းနိုင်စွမ်းမရှိပေ။ သူက မျက်နှာတစ်လျှောက် မျက်ရည်များစီးကျနေလျက် သူမကိုသာ ထွေးပွေ့ထားနိုင်ရာ ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။
" သံယောဇဥ်မဲ့လူသား "
တည်ရှိမှုလေးနှင့် ဘေးပတ်လည်တွင် ဝေ့ဝိုက်တည်ရှိနေသည့် ရက်စက်ကြမ်းကြုတ်သော အနက်ရောင်မီးခိုးတို့က အရာအားလုံးကို ပုံပျက်ရှုံ့တွသွားစေသည့် သူ့အရှေ့ရှိ အနက်ရောင်ဝတ်ရုံနှင့်လူကို လောကတာအို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။
သူ့ဘဝမှာ အဆုံးသတ်သို့ ရောက်သွားခဲ့ပြီး သူ၏သက်စောင့်အားမီးတောက်က ငြိမ်းသေတော့မည်ဖြစ်သော်လည်း လောကတာအိုတွင် အော်ဟစ်ရန်အားအင်ရှိသေးသည်။
" ဘာလို့လဲ ခင်ဗျား ဘာလို့ ဒါတွေအားလုံး လုပ်နေတာလဲ “
" ရှန်ရှန်က ကျုပ်ရဲ့ တာအိုလက်တွဲဖော် ၊ ခင်ဗျားရဲ့ ဂိုဏ်းတူညီမလေး။ သူက ကျုပ်တို့ဆရာရဲ့ တစ်ဦးတည်းသော သွေးသား။ ခင်ဗျား ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်တာလဲ “
"အဲဒီ ထာဝရပန်းကြောင့်လို့ မပြောစမ်းနဲ့။ အဲဒါက ဒဏ္ဍာရီလေးသက်သက်ပဲ။ အဲဒါ မှန်နေရင်တောင်မှ ခင်ဗျား ဘာကြောင့်ပြောင်းလဲသွားခဲ့လဲဆိုတာ မရှင်းပြဘူး။ သံယောဇဥ်မဲ့လူသား၊ ကျိုးဖန်၊ အစ်ကိုကြီး။ ပြောစမ်းပါ ... ခင်ဗျားဘာဖြစ်ခဲ့တာတုန်း "