← Chapters

ထာဝရဝိညာဥ်

Vol. 13 Ch. 1242

ထာဝရဝိညာဥ်

Vol. 13 Ch. 1242

သံယောဇဥ်မဲ့လူသားသည် လောကတာအို၏ အော်သံကြောင့် နည်းနည်းလေးပင် စိတ်လှုပ်ရှားသွားဟန် မတူပေ။ သူက သေဆုံးသွားခဲ့သည့်အလား လောကတာအိုကို တည်ငြိမ်စွာသာ ပြန်လှည့်ကြည့်လိုက်သည်။ ကြည့်ရသရွေ့ သူသည် သူနှင့်ဆက်နွယ်နေသော သံယောဇဥ်အားလုံးကို ဖြတ်တောက်ခဲ့ပြီးဟန်တူသည်။

လောကတာအို၏အသံ တစတစတိုးသွားပြီးနောက်မှ သူက နောက်ဆုံး စကားပြောတော့သည်။

" ငါ့နှလုံးသားထဲမှာ လူနှစ်ယောက်ရှိတယ်။ မဟာတာအိုကို ငါ ရှာဖွေတဲ့နေရာမှာ ဟန့်တားခဲ့တဲ့သူနှစ်ယောက်။ ပထမက ငါတို့နှစ်ယောက်လုံး ချစ်မိသွားခဲ့တဲ့ မိန်းကလေး။ နောက်တစ်ယောက်က ... မင်း "

ဤသည်မှာ သံယောဇဥ်မဲ့လူသားက သူနှင့် လောကတာအိုအကြားရှိ ပတ်သက်မှုကို အမှန်တကယ် ဝန်ခံခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်သည်။ လောကတာအိုမှာ တုန်ရီသွားပါသော်လည်း သူ့အစ်ကိုအကြောင်း သိထားသောကြောင့် ခါးသက်သက်ရယ်၍ ပြောသည်။

" ကျုပ်နားလည်ပြီ။ ခင်ဗျားက ဂိုဏ်းတူညီမလေးကို သတ်ခဲ့တယ်။ အခု ခင်ဗျား ကျုပ်ကို သတ်မယ် ... အဲဒီနောက် ခင်ဗျားရဲ့ တာအိုရှာဖွေတဲ့လမ်းမှာ ဘယ်အရာကမှ ဟန့်တားမှာ မဟုတ်တော့ဘူး "

သံယောဇဥ်မဲ့လူသားသည် ယခုတွင် အလွန်အားနည်းနေ၍ မည်မျှတိုက်ခိုက်ချင်စေကာမူ မတိုက်ခိုက်နိုင်သော လောကတာအိုကို ပြန်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

" ငါ မင်းကို သတ်ပြီးရင် " သူက ပြောသည်။

" အင်မော်တယ်ကမ္ဘာကို အပြီးတိုင် ဖယ်ရှားပစ်မယ်။ ပြီးရင် ငါ့မှာ အဟန့်အတားတွေ ရှိတော့မှာ မဟုတ်ဘူး။ ထာဝရပန်းက ဒဏ္ဍာရီလေးသက်သက်ဖြစ်ဖြစ်၊ မဖြစ်ဖြစ် … အင်း သေချာလားသိဖို့ နည်းလမ်းတစ်ခုပဲရှိတယ် “

" အစစ်အမှန်မဟုတ်ရင်တောင်မှ .... ဒါတွေအားလုံးက ငါ့တာအိုနဲ့ ကိုက်ညီတယ် "

သူက လောကတာအိုကို တုံ့ပြန်ရန် အခွင့်အရေး မပေးလိုဘဲ မျက်လုံးများ သွေးအေးစွာ လင်းလက်နေလျက် လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ပတ်လည်ရှိ ကြယ်တာရာကောင်းကင်ကြီး ပုံပျက်ရှုံ့တွ့လာတော့သည်။ သဘာဝနိယာမတစ်ခု သက်ဝင်လာကာ မမြင်ရသော၊ မကျော်လွှားနိုင်သော ဓားသွားတစ်ခု ပေါ်ပေါက်လာသည်။ ဓားသွားက လက်ခနဲ ဖြစ်သွားပြီး လောကတာအို၏ခေါင်းမှာ သွေးအမှုန်အမွှားများနှင့်အတူ သူ၏ခန္ဓာကိုယ်မှ လွင့်ထွက်သွားတော့သည်။

အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ဓားသွားကား အလွန်ကြီးမားလှသောကြောင့် လောကတာအို၏အပြင်ခန္ဓာနှင့်အတူ သူ့ဇနီးသည်၏ ခန္ဓာကိုယ်မှာ လေယူရာမျောလွင့်သွားသော ပြာများအသွင် မွစာကြဲသွားတော့သည်။

သူ၏ခေါင်းသာကျန်ရှိတော့ပြီး အမှန်တွင် မသေဆုံးခင် နောက်ဆုံးအခိုက်အတန့်၌ သူ နောက်ထပ်စကားတစ်ခွန်း ပြောသွားခဲ့၏။

" ထာဝရပန်းတစ်ပွင့် တကယ်ရှိတယ်လို့ ဆရာ ကျုပ်ကို တစ်ခါ ပြောခဲ့ဖူးတယ်။ပြီးတော့ အဲဒီပန်းက ဒီကြယ်တာရာကောင်းကင်ကြီးရဲ့ ပျက်စီးခြင်းနဲ့ သေဆုံးခြင်းအားလုံးကို စုပ်ယူခဲ့ပြီးရင် သူ့ကိုယ်ပိုင်ဝိညာဥ်ကို သေချာပေါက် ဖန်တီးလိမ့်မယ်။ ခင်ဗျားက ကျရှုံးဖို့ ကံကြမ္မာပါပြီးသားပဲ သံယောဇဥ်မဲ့လူသား "

သံယောဇဥ်မဲ့လူသား၏ အမူအရာကား ခါတိုင်းနှင့်အတူတူပင်။ သူက မျက်လုံးများကို ပိတ်လိုက်ပြီး သူ ထိုသို့လုပ်လိုက်စဥ် သူ၏အရှိန်အဝါသည် အားကောင်းသည်ထက် အားကောင်းလာတော့သည်။ အင်မော်တယ်ကမ္ဘာ၏ နက္ခတ်တာရာများ ကြေမွပျက်စီးသွားခဲ့ပြီး ကုန်းမြေထုကို ဖြစ်ပေါ်စေသည့် ကောင်းကင်ဘုံကိုးခုကား ပြိုကျပျက်စီးခဲ့လေပြီ။ မကောင်းဆိုးဝါးတစ္ဆေများသာ ကျန်ရစ်ခဲ့ပြီး သက်ရှိသတ္တဝါများအားလုံး တစ်ယောက်မကျန် သုတ်သင်ဖယ်ရှားခံလိုက်ရတော့သည်။

သံယောဇဥ်မဲ့လူသား၏ အရှိန်အဝါက ဖော်ပြ၍ပင်မတတ်နိုင်သောအဆင့်ကို ရောက်ရှိသွားချိန် သူက သူ၏မျက်လုံးများဖွင့်လိုက်ပြီး ချာခနဲလှည့်ကာ အရာအားလုံးကို အမြစ်ဖြုတ်ချေမှုန်းရန် ဒေါသတကြီး သောင်းကျန်နေသော သူ၏ဧရာမစစ်တပ်ကြီးကို ဦးဆောင်ထွက်သွား၏။

ထိုနေရာတွင် အမြင်အာရုံအဆုံးသတ်သွားသည်။ ပိုင်ရှောင်ချန်း၏ မျက်လုံးများ ပွင့်လာပြီး နောက်ဆုံးချီစီးကြောင်းက သူ့ခန္ဓာကိုယ်ထဲ စီးဆင်းသွားလေသည်။

တချိန်တည်းမှာပင် လောကတာအို၏ခေါင်းသည် ပြာမှုန်များအဖြစ် ကွဲထွက်သွားပြီး ဘေးပတ်ဝန်းကျင်ရှိ အပျက်အစီးများအတွင်း လွင့်မျောသွားတော့သည်။ ယနေ့တွင် အင်မော်တယ်ကမ္ဘာနှင့်အတူ မြှုပ်နှံခံရရန်ဆိုသော သူ၏ သေခါနီးဆုတောင်းကား နောက်ဆုံးတွင် ပြည့်သွားလေပြီ။

ပိုင်ရှောင်ချန်းက ပြာများ လေယူရာမျောလွင့်သွားသည်ကို တိတ်ဆိတ်စွာ ကြည့်ရင်း မလှုပ်မယှက်ရပ်နေ၏။ သူ၏စိတ်အစဥ်က လောကတာအို အင်မော်တယ်ဧကရာဇ်၏ မှတ်ဉာဏ်များဖြင့် အသက်ဝင်နေလျက်ရှိလေသည်။

ယခု သူသည် အင်မော်တယ်ပန်းပွင့်ဟူ၍ အသိများသော ထာဝရအင်မော်တယ်နယ်မြေများနှင့်အတူ ၄င်းတို့၏အပြင်ဘက်တွင် ချုပ်နှောင်ခံထားရသော ဧရာမဘီလူးကြီးအကြောင်းနှင့်ပတ်သက်သည့် အမှန်တရားကို သိသွားလေပြီ။

" သံယောဇဥ်မဲ့လူသား ... "

သူက ခပ်တိုးတိုးရေရွတ်လိုက်သည်။ ယခု သူ အတော်များများသိသွားပြီ ဖြစ်သော်လည်း ပျောက်ဆုံးနေသော အချက်အလက်များစွာလည်း ကျန်ရှိသေးလေသည်။ သို့သော် ထိုအဖြစ်အပျက်များနှင့်ပတ်သက်၍ သူ၏ထင်မြင်ချက်များ၊ ခွဲခြမ်းစိတ်ဖြာမှုများ မှန်ကန်ကြောင်း ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက်ရှိလေသည်။

သံယောဇဥ်မဲ့လူသားသည် သူ၏ညီဖြစ်သူနှင့် သူတို့နှစ်ယောက်လုံး ချစ်မြတ်နိုးသော အမျိုးသမီးကို သတ်ဖြတ်ခဲ့၏။ သူသည် အင်မော်တယ်ကမ္ဘာကို အမြစ်ဖြုတ်ဖယ်ရှားပြီးနောက် သူ၏မကောင်းဆိုးဝါးတစ္ဆေစစ်တပ်ကို သုတ်သင်ခြင်းနှင့် ဖျက်စီးခြင်းလမ်းကြောင်းတစ်ခုကို ဦးဆောင်လာခဲ့သည်။

အဆုံးသတ်တွင် သူက ကြယ်တာရာကောင်းကင်ရှိ လူအားလုံးကို သတ်ဖြတ်ခဲ့ပြီး ၄င်းအတွင်း တည်ရှိသော ကမ္ဘာများအားလုံးကို ဖျက်စီးခဲ့သည်။ သူပြောခဲ့သည့်အတိုင်း သူက ကြယ်တာရာကောင်းကင်ကို အမှောင်အတိဖုံးလွှမ်းစေခဲ့၏။ ထို့ပြင် ဒဏ္ဍာရီများထဲတွင် ဆိုထားခဲ့သည့်အတိုင်း ပျက်စီးခြင်းနှင့်သေဆုံးခြင်းက ထာဝရပန်းကို ပွင့်သွားစေခဲ့သည်။

ထိုကဲ့သို့ ဒဏ္ဍာရီအရ ကျင့်ကြံသူတစ်ယောက်အတွက် မိုးမြေဧကရာဇ်အဆင့်မှ ဖောက်ထွက်ရန် တစ်ခုတည်းသောနည်းလမ်းမှာ ထာဝရပန်းကို အသုံးပြုပြီး ထာဝရအဆင့်ကို ရောက်ရှိရန် ဖြစ်သည်။

သံယောဇဥ်မဲ့လူသားမှာ အောင်မြင်မှုနှင့် တဖြေးဖြေးနီးကပ်လာ၏။ သူသည် ကြယ်တာရာကောင်းကင်ကို အမှောင်ထုထဲ သွပ်သွင်းပြီး တည်ရှိသမျှအရာအားလုံးကို ဖျက်စီးပစ်သည်။ သူယူဆောင်လာသော ပျက်စီးခြင်းက ဒဏ္ဍာရီများမှန်ကန်ကြောင်း သက်သေပြလိုက်လေသည်။ သူကိုယ်တိုင် ထာဝရပန်းပွင့်လာသည်ကို မျက်စိနှင့် တပ်အပ်မြင်လိုက်ရ၏။

အင်မော်တယ်နယ်မြေများ၏အပြင်ဘက်နားလေးတွင် သံယောဇဥ်မဲ့လူသားသည် ဖျက်စီးစုပ်ယူပြီးနောက် ထာဝရအဆင့်သို့ တက်လှမ်းရာတွင် အသုံးပြုမည့် ထာဝရပန်းကို လက်လှမ်းလိုက်သည်။

သို့သော် မမျှော်လင့်ထားသော တစ်စုံတခု ဖြစ်ပျက်သွား၏။

" အဲဒီအချိန်မှာ ... လောကတာအို ပြောခဲ့သည့်အတိုင်း ထာဝရဝိညာဥ် ဖြစ်ပေါ်လာတာပဲ "

ပိုင်ရှောင်ချန်းသည် ထာဝရမယ်တော်နှင့် ထာဝရသားတော်သုံးပါး၏ ဇာတ်လမ်းများအကြောင်း ပြန်တွေးလိုက်သည်။ ထို့ပြင် သူ ကောင်းကင်ဧကရာဇ်တစ်ပါးဖြစ်လာတုန်းက ထာဝရမယ်တော် သူ့အား မည်ကဲ့သို့ စကားပြောခဲ့သည်ကို ပြန်စဥ်းစားလိုက်သည်။

" ဖြစ်ခဲ့တာတွေကို ငါ ခန့်မှန်းနိုင်တာ သေချာတယ်။ သံယောဇဥ်မဲ့လူသားက ပန်းကို လက်လှမ်းလိုက်တဲ့အချိန် ထာဝရမယ်တော်ရဲ့ နောက်ထပ်အခေါ်အဝေါ်ဖြစ်တဲ့ ထာဝရဝိညာဥ်က ဖျက်စီးပြီးစုပ်ယူခံရမှာကို မလိုလားခဲ့ဘူး။ ဒါကြောင့် သူက သူ့နတ်ဘုရားအာရုံရဲ့ အမူအရာသုံးခုဖြစ်တဲ့ လူသုံးယောက်ကို ဖန်ဆင်းခဲ့တယ်။ သူတို့က ဗဟိုဘုရင်၊ သူတော်စင်ဘုရင်နဲ့ မိစ္ဆာဘုရင် ဆိုပြီးဖြစ်လာတယ်။ သူတို့က ထာဝရသားတော်သုံးပါးပဲ “

" ထာဝရသားတော်သုံးပါးက ထာဝရမယ်တော်ရဲ့စွမ်းအား အထောက်အပံ့နဲ့ သံယောဇဥ်မဲ့လူသားကို တိုက်ခိုက်တယ်။ အဆုံးသတ်မှာ ကပ်ဘေးကို ယာယီ ဖြေရှင်းပြီး သူတို့ရန်သူကို ချုပ်နှောင်ဖို့ ခါးခါးသီးသီးပေးဆပ်ခဲ့ရတယ် “

" ဒါပေမဲ့ မဖြေရသေးတဲ့ မေးခွန်းတစ်ခုကျန်သေးတယ်။ ထာဝရအင်မော်တယ်နယ်မြေမှာနေထိုင်တဲ့သူတွေက ဘယ်ကနေ ရောက်လာခဲ့တာလဲ... "

သူက မျက်လုံးများကို ပိတ်၍ အချိန်အနည်းငယ်တွေးပြီး နောက်ဆုံး အဖြေတစ်ခု ခေါင်းထဲပေါ်လာ၏။

" ရှောင်လွှဲလို့မရပဲ ကျရောက်လာမယ့် ကပ်ဘေးကြီးကို ဖြေရှင်းဖို့အတွက် ထာဝရမယ်တော်က သူ့ရဲ့ ထာဝရသားတော်သုံးပါးကို ရုပ်ထုတွေအဖြစ်ပြောင်းပြီးတော့ သူတို့ရဲ့ ကိုယ်ထဲမှာ မရေမတွက်နိုင်တဲ့သက်ရှိတွေ ပြည့်နှက်နေတဲ့ ကမ္ဘာတွေ ဖန်တီးဖို့ သူ့နတ်ဘုရားအာရုံကို အသုံးပြုလိုက်တယ်။ သူ့ရဲ့ မျှော်လင့်ချက်က နှစ်တွေကြာလို့ သံယောဇဥ်မဲ့လူသား လွတ်မြောက်လာခဲ့တဲ့အခါ သူ့လူတွေထဲကတစ်ယောက်က ထာဝရအဆင့်ကို ရောက်ရှိသွားပြီး ကပ်ဘေးကို အပြီးပိုင်ဖယ်ရှားပစ်ဖို့ပဲ “

" အဲဒါ သူတတ်နိူင်တဲ့ တစ်ခုတည်းသောအရာပဲ" ပိုင်ရှောင်ချန်းမှာ သူ၏ထင်မြင်ချက်များ မည်မျှမှန်ကန်ကြောင်း မသေချာနိုင်ပေ။ သို့သော် သူ့တွင် ရှိသည့် သဲလွန်စများအပေါ် အခြေခံ၍ မှန်ကန်နိုင်ခြေများပုံရလေသည်။

တခဏတာ တိတ်ဆိတ်ပြီးနောက် သူက သက်ပြင်းချလိုက်သည်။ အင်မော်တယ်ကမ္ဘာ၏ အပျက်အစီးများနှင့် လောကတာအို၏ ပြန့်ကြဲနေသောပြာမှုန်များကို လှမ်းကြည့်ရင်း သူက လက်ယှက်၍ လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်သည်။ ထို့နောက် သူ၏ရတနာယပ်တောင်ထံ ပြန်သွားလေသည်။

ပိုင်ရှောင်ချီက တစ်ခုခုပြောတော့မည့်ပုံရသော်လည်း မျိုသိပ်လိုက်ပြီး မျက်လုံးများထဲတွင် ပူဆွေးသောကများဖြင့် အရောင်လဲ့နေလျက် လွင့်မျောသွားသော ပြာမှုန်များကိုသာ စိုက်ကြည့်နေလေသည်။

ပိုင်ရှောင်ချန်းက သူ့ကို လှမ်းကြည့်ပြီး တိုးညင်းစွာ ပြောသည်။

" အင်မော်တယ်ဧကရာဇ်ရဲ့ မှတ်ဉာဏ်တွေနဲ့ ပတ်သက်ပြီး မင်းသိချင်တာမှန်သမျှ ငါ အကုန်ပြောပြေပေးမယ်"

ပိုင်ရှောင်ချီက ခေါင်းခါလိုက်သည်။

" မလိုဘူး။ အခု အဲဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ"

ပိုင်ရှောင်ချန်းက ခေါင်းညိတ်ပြီးနောက် ယခု သူ့ခန္ဓာကိုယ်ထဲ တည်ရှိနေသော အင်မော်တယ်ကမ္ဘာ၏ ချီစီးကြောင်းကို လေ့လာဆန်းစစ်ရန် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်း၍ သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ပြီးနောက် လောကနတ်ဘုရားအဆင့်မှ ဖောက်ထွက်ရန် အားထုတ်မှုကို စတင်တော့သည်။

သက်ရှိထင်ရှား မိုးမြေဧကရာဇ်တစ်ပါးမှ မရှိသည်ကို ထောက်ချင့်ပါက လောကနတ်ဘုရားအဆင့်ကား ယခုလောလောဆယ်တွင် ကျင့်ကြံသူတစ်ယောက် ရောက်ရှိနိုင်သည့် အမြင့်ဆုံးအဆင့်တစ်ဆင့်ဖြစ်၏။ သို့သော် ထိုသို့ပြုလုပ်ရန်မှာ အလွန်ခက်ခဲပြီး ထာဝရအင်မော်တယ်နယ်မြေများတွင် လောကနတ်ဘုရားနှစ်ပါးသာရှိသည်ကို စဥ်းစားကြည့်လျှင် သိသာထင်ရှားလေသည်။

ကောင်းကင်ဧကရာဇ်တိုင်း အောင်မြင်ရန် မျှော်မှန်းကြသော်လည်း ဘယ်သူမှ မအောင်မြင်ကြပေ။

အတိတ်တုန်းက ပိုင်ရှောင်ချန်း နားမလည်ခဲ့သော်လည်း ယခု သူနားလည်လေပြီ။ လောကနတ်ဘုရားတစ်ပါးဖြစ်လာရန်အတွက် လူတစ်ယောက်သည် လုံလုံလောက်လောက် စွမ်းအားကြီးရမည်သာမက ကမ္ဘာ၏အသိအမှတ်ပြုမှုကိုလည်း ရရှိရမည်ဖြစ်သည်။

ထိုအသိအမှတ်ပြုမှု မရရှိဘဲ အဆင့်တက်ရန် အားထုတ်မှုတိုင်း ကျရှုံးမည်ဖြစ်သည်။ ထာဝရအင်မော်တယ်နယ်မြေများ၌ တတိယမြောက် လောကနတ်ဘုရားမရှိရသည့် အကြောင်းရင်းအတွက်မူ ပိုင်ရှောင်ချန်းတွင် ထင်မြင်ချက်များရှိ၏။

" အသိအမှတ်ပြုပေးတဲ့ နည်းလမ်းက ကမ္ဘာ့စွမ်းအားရဲ့တစိတ်တပိုင်းကို ဖြန့်ဝေပေးရတာပဲ။ တခြားကမ္ဘာမှာဆို ချီစီးကြောင်းပဲ ... ဒါပေမဲ့ အခု ထာဝရမယ်တော်က လေမုန်တိုင်းထဲမှာ တဖျပ်ဖျပ်လှုပ်နေတဲ့ ဖယောင်းတိုင်တစ်တိုင်လို အရမ်းအားနည်းနေတယ်။ ဒါကြောင့် နှစ်ယောက်ပဲ အားဖြည့်ပေးနိုင်တာ "

သူက မျက်လုံးများ တဖျပ်ဖျပ်လင်းလက်နေလျက် သူ၏ကျင့်ကြံခြင်းအခြေခံကို ဆက်လက်လှည့်ပတ်ပြီး အင်မော်တယ်ကမ္ဘာ၏ ချီစီးကြောင်းကို သူ၏ခန္ဓာကိုယ်ဖြတ်၍ အတားအဆီးအရှိ လှည့်ပတ်စီးဆင်းစေလိုက်သည်။ သူ ထိုသို့လုပ်လိုက်ချိန် ကျရောက်တော့မည့်အဆင့်တက်ခြင်းကား သိသာထင်ရှားလာလေသည်။

သူသည် တစ်ခါက ကြယ်တာရာကောင်းကင်အားလုံးတွင် အစွမ်းထက်ဆုံးလူသားများ ကွန်းခိုရာနေရာ ဖြစ်ခဲ့ဖူးသော အင်မော်တယ်ကမ္ဘာတွင် ရှိနေသည် မဟုတ်ပါလော။ ကမ္ဘာကြီးက အပျက်အစီးများအဖြစ် ဖျက်စီးခံခဲ့ရပြီးသည့်တိုင်အောင် ကျန်ရှိနေသော ချီစီးကြောင်းသည် လူတစ်ယောက်ကို လောကနတ်ဘုရားအဆင့်သို့ တက်စေရန်အထိ လုံလောက်ပေသည်။

All Chapters